အခန်း (၃၇) - မင်းရဲ့ဆံနွယ်တွေကို ငါဖြီးပေးပါရစေ...
ပန်ဂူပုဆိန်ပေါ်တွင် မိုးကြိုးလျှပ်စီးပတ်လမ်းများ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် လီချန်အန်းသည် ပန်ဂူပုဆိန်ကို လက်ဖြင့် မြှောက်ကိုင်ကာ လေထဲသို့ ဝှေ့ယမ်းပစ်လိုက်ရာ ပုဆိန်တစ်ခုမှာ နှစ်ခု၊ နှစ်ခုမှာ လေးခုအဖြစ် ပွားများသွားသည်။ လီချန်အန်း၏ ရှေ့မှောက်တွင် လေးခုစီရှိသော ပန်ဂူပုဆိန်တို့သည် အဆက်မပြတ် လည်ပတ်နေသည့် စက်ဝိုင်းကြီးတစ်ခုအသွင် ဖန်တီးလိုက်ကြသည်။ ထိုစက်ဝိုင်းပုံစံမှာ လပြည့်ဝန်းကြီးတစ်ခုနှင့်ပင် တူနေတော့သည်။
"သွားစမ်း!"
လပြည့်ဝန်းသဏ္ဌာန် ပန်ဂူပုဆိန်၏ အလယ်ဗဟိုမှ မိုးကြိုးလျှပ်စီးများ လက်ကနဲ ဖြစ်သွားပြီး အချင်း နှစ်မီတာခန့်ရှိသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုလပြည့်ဝန်းသည် လျှပ်စီးတန်းများကို သယ်ဆောင်ထားသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဝုန်း..."
"လမင်းဓားကွက်" သည် မယုံနိုင်စရာကောင်းသော အရှိန်နှုန်းဖြင့် ဒါမင်ကို တိုက်ရိုက်ထိမှန်သွားသည်။ လေထုထဲတွင် မိုးခြိမ်းသံများကို ကြားနေရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အပြာရောင် မိုးကြိုးလျှပ်စီးများကြောင့် လင်းထိန်သွားသည်။ ဒါမင်၏ မျက်လုံးထဲတွင် အံ့အားသင့်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက သိပ်ပြီး အလေးအနက်မထားပေ။ သူသည် သူ၏ စွမ်းအားကိုပင် ထုတ်မသုံးဘဲ ဤတိုက်ကွက်ကို ခံယူရန် ကြံရွယ်ထားသည်။
လပြည့်ဝန်းသည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး ဒါမင်သည် မိုးကြိုးလျှပ်စီးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့်နှယ် ရှိသည်။ တောက်ပလွန်းလှသော အလင်းရောင်ကြောင့် ရှောင်ဝူပင် မျက်လုံး မဖွင့်နိုင်တော့ပေ။ ဒါမင်၏ ဘေးပတ်ပတ်လည်ရှိ ပန်းများနှင့် မြက်ပင်အချို့မှာ မိုးကြိုးထိမှန်ကာ မည်းတူးသွားပြီး အသက်ဓာတ် ကင်းမဲ့သွားသည်ကိုလည်း ရှောင်ဝူ သတိပြုမိလိုက်သည်။
"ဟဟ... စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ် စိတ်ဝင်စားဖို့ကောင်းတယ်"
မိုးကြိုးအလင်းတန်းများ၏ အလယ်ဗဟိုမှ ဒါမင်၏ အားရပါးရ ရယ်မောသံ ထွက်ပေါ်လာသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ မိုးကြိုးအလင်းတန်းများသည် ရုတ်တရက် အပိုင်းပိုင်းအစစ ကွဲအက်သွားသလိုပင် တပြိုင်နက် ကွယ်ပျောက်သွားတော့သည်။ ဒါမင်သည် မူလ အင်္ကျီအပြာရောင်ဖြင့်ပင် ရှိနေသော်လည်း အင်္ကျီအနားသတ်များတွင် သိသိသာသာ လောင်ကျွမ်းရာများ ထင်ကျန်နေသည်။ ၎င်းအပြင် ဒါမင်၏ ဆံပင်အနည်းငယ်မှာလည်း ထောင်ထနေပြီး အခြားနေရာများတွင်မူ ပြောင်းလဲမှုမရှိပေ။
မည်မျှပင် အစွမ်းထက်ပါစေ၊ အဝတ်အစားနှင့် ဆံပင်ကို ကာကွယ်ရန်မှာ မလွယ်ကူလှပေ။ ထိုမျှမက ဤသည်မှာ ပြင်းထန်သော မိုးကြိုးစွမ်းအား မဟုတ်ပါလား။ အမှန်စင်စစ် ဒါမင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကို အသုံးမပြုခဲ့သောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ဤတိုက်ကွက်သည် သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။ သို့သော်လည်း လီချန်အန်း၏ စွမ်းအားကို သူ အံ့သြမိသွားသည်မှာ အမှန်ပင်။
ထုံကျင်နေသော သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါရင်း ဒါမင်က ပြောသည်။
"မင်းရဲ့ ဝိညာဉ်စွမ်းရည်မှာ အကြောက်ရဆုံးက တိုက်ခိုက်နိုင်စွမ်း မဟုတ်ဘူး၊ အတူပါလာတဲ့ လျှပ်စီးစွမ်းအားပဲ။ ဒီလိုလျှပ်စီးမျိုးရဲ့ ထိခိုက်မှုနယ်ပယ်က ကျယ်ပြန့်ရုံတင်မကဘဲ တကယ်ကို အစွမ်းထက်တယ်။ အနည်းဆုံးတော့ မင်းတို့ လူသားတွေထဲက ဝိညာဉ်ဘုရင် အဆင့်တွေတောင် ဒီမိုးကြိုးဒဏ်ကို ခံရလိမ့်မယ်။"
[ ဒေါင်! သင်သည် တီယန်ချင်းနွားနဂါး ဒါမင်၏ ရှေ့မှောက်တွင် အစွမ်းပြမှု အောင်မြင်စွာ ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ရမှတ် +၂၈ ]
"အကိုကြီးက တကယ်ကို မျက်စိလျင်တာပဲ။ ကျွန်တော့်ရဲ့ လမင်းဓားကွက်က တကယ်ပဲ နယ်ပယ်အလိုက် ထိခိုက်စေတာဖြစ်ပြီး ပါဝင်တဲ့ လျှပ်စီးစွမ်းအားကလည်း တော်တော်လေး ကောင်းမွန်ပါတယ်" ဟု လီချန်အန်းက မာန်မာနမပါဘဲ ပြောလိုက်သည်။ သူသည် အခွင့်အရေးရလျှင် ဝိညာဉ်ကွင်းကို အမြန်ဆုံး နှစ်တစ်သောင်းအဆင့်အထိ မြှင့်တင်ရန် စိတ်ကူးထားသည်။ ထိုသို့ဆိုလျှင် သူသည် ဝိညာဉ်ဘုရင်တစ်ဦးကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ယုံကြည်ချက်အပြည့် ရှိလာပေလိမ့်မည်။
"ကဲ... မင်းတို့ ဒီမှာပဲ ဆက်ကစားကြဦး။ ရှောင်ဝူ အမမ၊ ငါ အရင် ပြန်နှင့်တော့မယ်"
ဒါမင်သည် ရှောင်ဝူကို နှုတ်ဆက်ပြီးနောက် ဝတ်ရုံစကို ဝှေ့ယမ်းကာ တိမ်တိုက်တစ်စပင် မကျန်ခဲ့စေဘဲ ထိုနေရာမှ ကွယ်ပျောက်သွားတော့သည်။
ရှောင်ဝူသည် လီချန်အန်း၏ ဘေးသို့ ခုန်ဆွခုန်ဆွဖြင့် ရောက်လာပြီး သူမ၏ ကင်းမြီးကောက်ပုံစံ ကျစ်ဆံမြီးကို ခါယမ်းကာ ချစ်စဖွယ်အသံလေးဖြင့် ပြောသည်။
"အစ်ကို... အစ်ကိုက တကယ် တော်တာပဲ။ ဒါမင်ရဲ့ ဆံပင်တွေကိုတောင် ရှုပ်ပွသွားအောင် လုပ်နိုင်တယ်နော်။"
အစ်ကို့ရဲ့ ပစ္စည်းက အစွမ်းထက်တာပေါ့၊ ညီမလေး စမ်းကြည့်ချင်လား?
လီချန်အန်းသည် ရှောင်ဝူ၏ ချစ်စဖွယ် မျက်နှာလေးကို ဆွဲညှစ်ရင်း "ဒါပေါ့... ငါက ဘယ်သူမို့လို့လဲ" ဟု ဆိုလိုက်သည်။
"အစ်ကို... ညီမလေးရဲ့ တခြား သူငယ်ချင်းလေးတွေနဲ့ မိတ်ဆက်ပေးမယ်လေ"
ရှောင်ဝူသည် ပြောပြောဆိုဆိုဖြင့် လီချန်အန်း၏ လက်ကလေးကို ဆွဲကာ အပြင်သို့ ခေါ်သွားသည်။ ဤလုပ်ရပ်ကြောင့် လီချန်အန်း စိတ်လှုပ်ရှားသွားရသည်။ မည်သို့ပင်ဖြစ်စေ စည်းကမ်းမရှိသော ဝိညာဉ်သားရဲလေးမှာ ပွင့်လင်းလွန်းလှသည်။ ရှောင်ဝူ၏ ခါးစွမ်းရည်နှင့် ပေါင်းစပ်လိုက်လျှင် နောင်တွင် ပုံစံအမျိုးမျိုးကို ဖော်ထုတ်နိုင်တော့မည်...။
ထို့ကြောင့် လီချန်အန်းသည် ရှောင်ဝူနှင့်အတူ စိတ်ဝင်စားစရာကောင်းသော ဝိညာဉ်သားရဲများစွာနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ နှစ်ကိုးသောင်းသက်တမ်းရှိ ရွှေရောင်ဝိညာဉ်များ၊ ဆယ်နှစ်သက်တမ်းရှိ ဝါးပင်များ၊ နှစ်တစ်ထောင်သက်တမ်းရှိ ရှဉ့်များနှင့် နှစ်တစ်သောင်းသက်တမ်းရှိ ဝက်ဝံညိုများ...။
ညနေစောင်းတွင် လီချန်အန်းသည် ရှောင်ဝူ ပြင်ဆင်ပေးသော ခေါက်ဆွဲကို တစ်ဖန် ပြန်လည်စားသောက်ပြီး မြက်ခင်းပေါ်တွင် အိပ်စက်အနားယူသည်။ ရှောင်ဝူသည်လည်း မည်သည့်ပုံစံမှ ဂရုမစိုက်ဘဲ လီချန်အန်း၏ ပေါင်ပေါ်တွင် အိပ်ပျော်နေပြီး တံတွေးလေးများပင် အနည်းငယ် ထွက်နေရှာသည်။
နောက်တစ်နေ့ နံနက်စောစော လီချန်အန်း နိုးလာသည့်အခါ ရှောင်ဝူသည် မြက်ခင်းပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဆံနွယ်များကို ဖြန့်ချထားပြီး သစ်သားဘီးလေးဖြင့် ဆံပင်ဖြီးနေသည်။
"ငါ ဖြီးပေးရမလား?"
လီချန်အန်းသည် ရှောင်ဝူ၏ အနားသို့ လျှောက်သွားကာ သူမ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးရင်း ရိုးသားကြင်နာသော လေသံဖြင့် မေးလိုက်သည်။ ကောင်မလေးများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူတစ်ဦးအနေဖြင့် လီချန်အန်းသည် သူ၏ ယခင်ဘဝတွင် ဆံပင်ပုံစံအမျိုးမျိုးကို ဖြီးသင်ပေးခဲ့ဖူးသည်။ ကောင်မလေးများနှင့်အတူ အိပ်ရာပေါ်တွင် ကျစ်ဆံမြီးနှစ်ဖက်၊ ဆံပင်ထုံး၊ ဆံပင်လှိုင်းကြီး စသဖြင့် ပုံစံမျိုးစုံဖြင့် ဆော့ကစားခဲ့ဖူးသည် မဟုတ်ပါလား...။
"ရတာပေါ့ အစ်ကို"
ရှောင်ဝူသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားသလို လီချန်အန်းကို နူးညံ့စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ရိုးရှင်းသော သစ်သားဘီးလေးကို ကမ်းပေးသည်။
လီချန်အန်းသည် ဘီးကို ယူလိုက်စဉ် ရှောင်ဝူ၏ လက်ကို မရည်ရွယ်ဘဲ ထိမိသွားသည်။ ထို့နောက် ဘီးဖြင့် ရှောင်ဝူ၏ ဆံနွယ်များကို အရင်ဆုံး ပွတ်သပ်ပြီးမှ ဖြည်းဖြည်းချင်း ဖြီးပေးတော့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ကင်းမြီးကောက်ကျစ်ဆံမြီး ကျစ်ထားသော မိန်းကလေးတစ်ဦးကို မစမ်းသပ်ဖူးသေးပေ။ နောက်ကျောဘက်ကကြည့်လျှင် ကင်းမြီးကောက်ကျစ်ဆံမြီးနှင့် မိန်းကလေးတစ်ဦး၏ ဆံပင်မှာ မည်သို့ ပြောင်းလဲသွားမည်ကို သူ မသိသဖြင့် ရင်ခုန်မိနေသည်။
လီချန်အန်းသည် ရိုးသားသော မျက်လုံးများဖြင့် ရှောင်ဝူ၏ ဆံပင်ကို ဖြီးပေးနေသော်လည်း စိတ်ထဲတွင်မူ ထိုသို့ တွေးတောနေမိသည်။
လီချန်အန်း ဆံပင်ဖြီးပေးနေစဉ်မှာပင် ရှောင်ဝူက ရုတ်တရက် မေးလာသည်။
"အစ်ကို... ညီမလေးရဲ့ ဆံပင်တွေကို တစ်သက်လုံး ဖြီးပေးမှာလားဟင်?"
"ဒါပေါ့... ဖြီးပေးမှာပေါ့။ ဒီဘဝမှာ ရှောင်ဝူရဲ့ ဆံပင်ကိုပဲ ဖြီးပေးမယ်လို့ ငါ ကတိပေးတယ်!"
လီချန်အန်းက မဆိုင်းမတွပင် ကျိန်ဆိုလိုက်သည်။ အဆိုးဆုံးဖြစ်လာလျှင် ဘီဘီတုန်းကို နှိပ်နယ်ပေးမည်၊ ချန်ရန်ရွှဲနှင့် အတူကစားမည်၊ သို့မဟုတ် ဟူလျဲ့နာကို စနောက်မည်ပေါ့။
"ရှောင်ဝူ... တကယ်လို့ နောက်ကျရင် အစ်ကို့မှာ ညီမလေးကို ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေ ရှိနေတယ်ဆိုတာ သိသွားရင်လည်း အစ်ကို့ကို အပြစ်မတင်ပါနဲ့နော်..."
လီချန်အန်းက အခွင့်အရေးကို အသုံးချကာ နွေးထွေးစွာ ပြောလိုက်သည်။
"ကောင်းပါပြီ... အစ်ကို့ကို ညီမလေး ယုံကြည်ပါတယ်" ဟု ရှောင်ဝူက အပြစ်ကင်းစင်စွာ ခေါင်းညိတ်ပြသည်။
လီချန်အန်း ဆံပင်ဖြီးပေးနေသည့် အချိန်မှာပင် အဝေးမှ အားမင်တို့ဆီမှ လှုပ်ရှားမှုအချို့ကို ကြားလိုက်ရသည်။ မြကျောက်ငန်းလေး တစ်ကောင်ကို အားမင်၏ ဝိညာဉ်စွမ်းအားဖြင့် အသာအယာ ထွေးပွေ့ထားပြီးနောက် အသက်ဇီဝအိုင်၏ ကမ်းနားသို့ လွှတ်ပေးလိုက်သည်။
မုရှီး၏ ရှေ့မှောက်တွင် တောက်ပသော အဝါရောင် ဝိညာဉ်ကွင်းတစ်ခုမှာ ဝဲပျံနေသည်။ ထိုအချိန်တွင် မုရှီး၏ မျက်ခုံးလေးများမှာ တွန့်ချိုးနေပြီး ဤနှစ်ငါးရာသက်တမ်းရှိ ဝိညာဉ်ကွင်းကို စုပ်ယူရန် ကြိုးစားနေသည်။
ရှောင်ဝူသည် အိုင်နားတွင် ကြီးပြင်းလာသော မြကျောက်ငန်းလေးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်ပေ။
"တကယ် ကောင်းတာပဲ။ ရှောင်ဆွေ့က သူမရဲ့ နောက်မျိုးဆက်ကို ချန်ထားရစ်နိုင်ခဲ့ပြီ။ အရမ်းအားနည်းနေသေးပေမယ့် ဘာပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တာပဲလေ။"
တန်ဖိုးရှိသော ဝိညာဉ်သားရဲတိုင်း သေဆုံးခြင်းသည် ကြယ်တာရာတောအုပ်အတွက် ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်။ ထိုသို့သော အဖိုးတန် ဝိညာဉ်သားရဲများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် တားဆီးရန်မှာ ရှောင်ဝူနှင့် အဆင့်မြင့် ဝိညာဉ်သားရဲများ၏ တာဝန်သာ ဖြစ်သည်။
လီချန်အန်းသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောသော်လည်း ရှောင်ဝူ၏ အပြုံးကို ကြည့်ပြီးနောက် ဝိညာဉ်သားရဲများ မျိုးသုဉ်းမည့် ပြဿနာကို သူ အသေအချာ ဖြေရှင်းပေးရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ အသေအချာပင်!
မုရှီး၏ ကိုယ်ခန္ဓာမှာ လီချန်အန်းနှင့် ယှဉ်လျှင် များစွာ အားနည်းလှသည်။ နာရီဝက်ခန့် ကြာမြင့်သွားသော်လည်း သူမသည် ဆက်လက် စုပ်ယူနေဆဲပင် ဖြစ်သည်။ သူမ၏ မျက်နှာလေးမှာ များစွာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူမ၏ ရိုးတွင်းခြင်ဆီထဲမှ ခေါင်းမာမှုကြောင့် ဆက်လက် ကြိုးစားအားထုတ်နေသည်။
မုရှီးသည် အသက်ဇီဝအိုင်မှ ရေစက်တစ်ခုကို ခံယူခဲ့ဖူးသော်လည်း အချိန်မှာ တိုတောင်းလွန်းလှသည်။ ဟင်း... နောင်တစ်ချိန်မှာ ဂန္ဓမာပန်းဝိညာဉ် ကိုခေါ်ပြီး ရေခဲနှင့်မီးပေါင်းစပ်ရာကန် ဆီကို သွားဖို့ အခွင့်အရေး ရှာရမယ်။ အဆိပ်ဘွဲ့ခံဝိညာဉ် ရဲ့ သဘောထားက ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအိုင်ကိုတော့ ဝူဟွန်းနန်းတော်ကပဲ ပိုင်ဆိုင်ရမယ်၊ ဒါ အသေအချာပဲ!
ခေတ္တကြာပြီးနောက် မုရှီးသည် သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးလေးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထို့နောက် သူမ၏ ရှေ့တွင် ရပ်နေသော လီချန်အန်းကို မြင်လိုက်ရသည့်အခါမှ စိတ်အေးသွားတော့သည်။