အခန်း (၃၆) - အဆင့်တက်ခြင်းနှင့် ကဏ္ဍသစ်
သက်ရှိရေကန်အနီးတွင် အာမင်၊ မုရှီးနှင့် ရှောင်ဆွေ့တို့ ရှိနေကြသည်။ အာမင်သည် သူ၏ခန္ဓာကိုယ်ကို ကြားခံအဖြစ်အသုံးပြုကာ ရှောင်ဆွေ့ ကလေးမွေးဖွားနိုင်ရန် သက်ရှိစွမ်းအားများကို အဆက်မပြတ် ထောက်ပံ့ပေးနေပြီး မုရှီးမှာမူ ထိုနေရာတွင်ပင် မျက်စိမှိတ်ကာ တရားထိုင်နေသည်။ လီချန်အန်း ရောက်လာသည်ကို အာမင်တစ်ယောက်သာ သတိထားမိသော်လည်း ဘာမှ အထွေအထူးမပြောဘဲ လက်ရှိအခြေအနေကိုသာ အကျဉ်းချုပ် ရှင်းပြလိုက်သည်။ မုရှီးသည် သက်ရှိရေကန်မှ ရေအနည်းငယ်ကို သောက်သုံးထားပြီးဖြစ်ရာ သူမ၏ သက်ရှိအဆင့်အတန်း မြင့်မားလာစေရန်နှင့် မြကျောက်ငန်း၏ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အားလုံး အဆင်ပြေနေသည်ကို မြင်ရသဖြင့် လီချန်အန်းလည်း ပုခုံးတွန့်ကာ ပြန်ထွက်လာခဲ့သည်။ သို့သော် ဤဖြစ်ရပ်ပြီးနောက် မုရှီး၏ အစွမ်းမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ဝူဟွန်းနန်းတော် အကယ်ဒမီ၏ အကူအညီပေးရေးကဏ္ဍတွင် ကြယ်ပွင့်အသစ်တစ်ပွင့် ဖြစ်လာတော့မည်မှာ အသေအချာပင်။
သူ တည်းခိုရာနေရာသို့ ပြန်ရောက်သည့်အခါ လီချန်အန်းတစ်ယောက် အိပ်စက်အနားယူချင်သော်လည်း ရှောင်ဝူမှာ ဝိညာဉ်သားရဲတစ်ကောင်ကို ခေါ်ဆောင်၍ ရောက်နှင့်နေပြီဖြစ်သည်။ ထိုဝိညာဉ်သားရဲမှာ အလျား (၆) မီတာခန့်ရှိသော ကျားတစ်ကောင်ဖြစ်သည်။ သို့သော် လီချန်အန်း ယခင်က မြင်ဖူးသည့် ပြာလဲ့လဲ့ကျားနှင့်မတူဘဲ ဤကျားမှာ သက်ရှိအငွေ့အသက် ကင်းမဲ့နေသယောင်ရှိပြီး တစ်ကိုယ်လုံး ခရမ်းပြာရောင် သန်းနေကာ ကြည့်ရသည်မှာ အလွန်ထူးဆန်းလှသည်။
"လာလေ လီလေး... ရှောင်ဝူမမက မိတ်ဆက်ပေးမယ်၊ ဒါက ငါ့သူငယ်ချင်း လီချန်အန်း၊ ဒါကတော့ ငါ့မောင်လေး ရှောင်လေး" ရှောင်ဝူက ကျားကြီးကို မှီလိုက်ရင်း လီချန်အန်းနှင့် မိတ်ဆက်ပေးသည်။
"ဝုန်း!" ထိုရှောင်လေးဆိုသော ကျားက လီချန်အန်းကို ကြည့်ကာ အညှိုးတကြီး ဟိန်းဟောက်လိုက်သည်။ ကျားဆိုသည့်အတိုင်း အရှိန်အဝါကတော့ ရှိသားပဲ!
"ရှောင်လေး... နင် ဘာလုပ်တာလဲ၊ သူက နင့်ကို စုပ်ယူနိုင်တယ်လို့ ငါပြောသားပဲ၊ ငါ့စကားကို သံသယရှိနေတာလား" ရှောင်ဝူက မကျေမနပ်ဖြင့် ရှောင်လေး၏ ခေါင်းကို ပုတ်လိုက်သည်။ ရှောင်ဝူ၏ အငေါက်ခံလိုက်ရပြီးနောက် ရှောင်လေးမှာ ငြိမ်ကျသွားပြီး လီချန်အန်းကို ထပ်မဟောင်တော့ဘဲ ရှောင်ဝူကိုသာ အသာအယာ တိုးဝှေ့နေတော့သည်။
"ရှောင်လေးရဲ့ နာမည်အပြည့်အစုံက မိုးကြိုးမြားကျား တဲ့၊ မိုးကြိုးဓာတ်ရှိတဲ့ ဝိညာဉ်သားရဲတစ်မျိုးပေါ့၊ ဝိညာဉ်သားရဲတွေထဲမှာ အထူးသီးသန့်ဖြစ်ပြီး အစွမ်းထက်တဲ့ အမျိုးအစားပဲ၊ အကယ်၍ နင်သာ သူ့ကို စုပ်ယူနိုင်ရင် မိုးကြိုးဓာတ်ပါတဲ့ ဝိညာဉ်စွမ်းရည်ကို ရနိုင်လိမ့်မယ်" ရှောင်ဝူက အကျဉ်းချုပ် ရှင်းပြပြီးနောက် ဆက်ပြောသည် - "ရှောင်လေးရဲ့ သက်တမ်းက (၉၉၉၉) နှစ် ရှိပြီ၊ တစ်သောင်းသက်တမ်းကို မကူးနိုင်သေးဘူး၊ နင်သာ ရောက်မလာရင် နောက်တစ်နှစ်လောက်ဆို သူ သေသွားရတော့မှာ..." ရှောင်ဝူက ကျားကြီး၏ ခေါင်းကို ပွတ်သပ်ရင်း ဝမ်းနည်းစွာ ပြောရှာသည်။ သေခြင်းတရားကို မြင်ဖူးလှပြီဖြစ်သော်လည်း သူမ စိတ်မကောင်းဖြစ်ရဆဲပင်။
အားလုံး ရှင်းပြပြီးနောက် စုပ်ယူခြင်းလုပ်ငန်းစဉ် စတင်လေသည်။ ဤတစ်ကြိမ်တွင် မိုးကြိုးမြားကျားကိုယ်တိုင်က လိုလိုလားလား အစုပ်ယူခံခြင်း ဖြစ်သောကြောင့် လီချန်အန်း လက်ခံနိုင်သည့် သက်တမ်းထက် အနည်းငယ် မြင့်နေသော်လည်း နာကျင်မှု သိပ်မရှိလှပေ။ ရှောင်ဝူကို ခဏတာ နှစ်သိမ့်ပေးပြီးနောက် လီချန်အန်းသည် မိုးကြိုးမြားကျားကို အရိုအသေပြုလိုက်ကာ သူ၏ ဝိညာဉ်လက်နက်ကို ထုတ်ဖော်လိုက်သည် - အကိုကြီး... ဒါက ကျွန်တော့်ရဲ့ ဝိညာဉ်လက်နက် ပန်ဂူပုဆိန်ပါ၊ အကိုကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်!"
"ဝုန်း!" ပန်ဂူပုဆိန်ကို မြင်လိုက်ရသည့်အခါ မိုးကြိုးမြားကျားမှာ စိတ်လှုပ်ရှားသွားပြီး မိမိ လိုလိုလားလား အညံခံရမည့် ဘုရင်တစ်ပါးကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ရှောင်လေးက ပြောတယ်... သူ နင့်ရဲ့ ဝိညာဉ်လက်နက်ကို အရမ်းသဘောကျလို့ နင့်ရဲ့ ဝိညာဉ်ကွင်း ဖြစ်လာဖို့ လိုလိုလားလား ရှိသတဲ့..." ရှောင်ဝူက ဘာသာပြန်ပေးရင်း စိတ်အေးသွားရသည်။
...
မိုးကြိုးမြားကျားကို ငြိမ်းချမ်းစွာ ပို့ဆောင်ပေးပြီးနောက် လီချန်အန်း၏ ရှေ့တွင် အနက်ရောင်သန်းနေသော ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ခုမှာ တဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ကြီးမားသော ဖိအားကို ပေးစွမ်းနေသည်။ လီချန်အန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ဝိညာဉ်ကွင်းကို မိမိထံသို့ ဆွဲယူကာ အာရုံစိုက် စုပ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် မိုးကြိုးမြားကျားက နှောင့်ယှက်ခြင်းမရှိဘဲ အရာအားလုံး ချောမွေ့နေသည်။ ဆယ်မိနစ်ခန့်အကြာတွင် လီချန်အန်း မျက်လုံးဖွင့်လိုက်ရာ သူ၏ အရှိန်အဝါမှာ သိသိသာသာ ပြောင်းလဲသွားသည်!
အဆင့် (၂၄)! သက်တမ်း တစ်သောင်းနီးပါးရှိသော ဤမိုးကြိုးမြားကျားသည် သူ၏ ဝိညာဉ်စွမ်းအားကို အဆင့် (၂၀) ကျော်သည်နှင့် တိုက်ရိုက် (၄) ဆင့်မျှ တိုးတက်သွားစေခဲ့ရာ အံ့သြစရာပင် ဖြစ်သည်!
"ဒေါင်! အိမ်ရှင်အနေဖြင့် မဟာဝိညာဉ်ဆရာအဖြစ် တိုးတက်သွားသည့်အတွက် ဂုဏ်ယူပါသည်၊ လဲလှယ်ရေးကဏ္ဍတွင် ပစ္စည်းအသစ်များ ရောက်ရှိလာပါပြီ"
"အလယ်အလတ် ဝိညာဉ်စွမ်းအားသီး - ဝိညာဉ်စွမ်းအား တစ်ထောင် တိုးစေသည်၊ လဲလှယ်မှတ် (၅၀၀)"
"အလယ်အလတ် ဝိညာဉ်ကွင်းသီး - ဝိညာဉ်ကွင်းသက်တမ်းကို နှစ်ပေါင်း တစ်ထောင် တိုးစေသည်၊ လဲလှယ်မှတ် (၅၀၀၀)"
"စိတ်စွမ်းအားသီး (ပစ္စည်းအသစ်) - စိတ်စွမ်းအား (၁၀,၀၀၀) တိုးစေသည်၊ လဲလှယ်မှတ် (၁၀၀,၀၀၀)"
"ကံကောင်းခြင်းသီး (ပစ္စည်းအသစ်) - ကံကောင်းခြင်းတန်ဖိုး အနည်းငယ် တိုးစေသည်၊ လဲလှယ်မှတ် (၁၀,၀၀၀)"
လီချန်အန်း အကျဉ်းချုပ် စစ်ဆေးကြည့်ပြီးနောက် မှင်သက်သွားရသည်။ အလယ်အလတ် အသီးတွေရဲ့ ဈေးနှုန်းက အဆင်ပြေသော်လည်း စိတ်စွမ်းအားသီးက ဘာလို့ ဤမျှ ဈေးကြီးနေရသနည်း၊ မှတ်ပေါင်း တစ်သိန်းဆိုသည်မှာ စနစ်က သူ့ကို သတ်နေသလိုပင်။ သို့သော် သူ ပို၍ နားမလည်သည်မှာ ကံကောင်းခြင်းသီး ဖြစ်သည်။ ကံကောင်းခြင်း တန်ဖိုးအနည်းငယ်အတွက် မှတ်တစ်သောင်းဆိုသည်မှာ သူ့ကို ဓားပြတိုက်နေသလိုပင်! ထို့အပြင် သူ၏ ဝိညာဉ်စွမ်းအား အဆင့်မြှင့်တင်ရန် လိုအပ်ချက်မှာလည်း ရာဂဏန်းမှ ထောင်ဂဏန်းအထိ မြင့်တက်သွားသည်ကို တွေ့လိုက်ရသည်။ ဥပမာအားဖြင့် အဆင့် (၂၄) တွင် (၁၂၃၄/၄၀၀၀) ဖြစ်နေရာ နောင်တွင် ပိုမိုများပြားသော ဝိညာဉ်စွမ်းအား လိုအပ်မည်ဖြစ်သည်။ ၎င်းအပြင် ကိုယ်ရေးအချက်အလက်တွင် စိတ်စွမ်းအား (၄၀၀၀) နှင့် ကံကောင်းခြင်း (၇) ဟူသော ကဏ္ဍနှစ်ခု ထပ်တိုးလာသည်။
"ဘယ်လိုလဲ... အစ်ကိုကြီး?" ရှောင်ဝူက လီချန်အန်းရှေ့တွင် ရပ်ကာ မျက်လုံးဝိုင်းလေးများဖြင့် စိုက်ကြည့်နေသည်။
"အရမ်းကောင်းတယ်၊ ကိုယ် မင်းကို ကိုယ့်ရဲ့ 'ရတနာ' ပြမယ်... မဟုတ်ဘူး၊ ကိုယ့်ရဲ့ အစွမ်းကို ပြမယ်!" လီချန်အန်းက ပြောရင်း ပန်ဂူပုဆိန်ကို ထုတ်လိုက်ရာ သူ၏ ခြေထောက်အောက်မှ ခရမ်းရောင်နှင့် အနက်ရောင်သန်းနေသော ဝိညာဉ်ကွင်းများမှာ တဖြည်းဖြည်း တက်လာသည်။
...
"ကောင်းတယ်... ကောင်းတယ်..." ရှောင်ဝူက လက်ခုပ်တီးလိုက်ပြီး တစ်ချိန်တည်းမှာပင် ဘေးသို့ ခပ်လှမ်းလှမ်းအထိ ဆုတ်လိုက်သည်။ လီချန်အန်း ပြသတော့မည့် ဝိညာဉ်စွမ်းရည်မှာ သက်တမ်း တစ်သောင်းနီးပါးရှိသည့် စွမ်းရည်မဟုတ်လား!
"လူငယ်လေး... မင်းနဲ့ ငါနဲ့ လေ့ကျင့်ကြည့်ရင် ဘယ်လိုလဲ?" ရုတ်တရက် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး လီချန်အန်းဘေးတွင် ပေါ်လာပြီး အံ့သြဟန်ဖြင့် ပြောလိုက်သည်။ ထိုသူမှာ အရပ်ရှည်ပြီး သွယ်လျသော်လည်း အာမင်ကဲ့သို့ သန်မာခြင်းမရှိပေ။ သို့သော် လီချန်အန်းအတွက်မူ အာမင်ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ခံစားနေရသည်။ လီချန်အန်းက ရှောင်ဝူကို မေးခွန်းထုတ်သည့်အမူအရာဖြင့် ကြည့်လိုက်ရာ ရှောင်ဝူမှာလည်း အနည်းငယ် အံ့သြနေသည်။ ဒါမင် ပုံမှန်ဆို ရေကန်ထဲမှာပဲ ကျင့်ကြံနေတတ်တာ၊ ဒီနေ့ ဘာလို့ ရုတ်တရက် ထွက်လာရတာလဲ?
"စိတ်မပူပါနဲ့၊ မင်းက ရှောင်ဝူမမရဲ့ သူငယ်ချင်းအသစ်ပဲ၊ ငါ မင်းကို မထိခိုက်စေပါဘူး၊ စပ်စုချင်ရုံသက်သက်ပါ၊ ငါ့နာမည်က ဒါမင်၊ အာမင်က ငါ့ညီပဲ" ဒါမင်က လက်တစ်ဖက်ကို နောက်ပစ်ကာ မိတ်ဆက်လိုက်သည်။
လီချန်အန်းက "သဘောပေါက်ပြီ" ဆိုသည့် အမူအရာဖြင့် - "အကိုကြီး... ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး!" ဟု ဆိုလိုက်သည်။ ဒါမင်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။ သူက ဘာမှမလုပ်ဘဲ ကျောခိုင်းလျက် ရပ်နေခြင်းမှာ စတင်နိုင်ပြီဟု အချက်ပြလိုက်ခြင်းပင်။ လီချန်အန်းလည်း စိတ်မဆိုးပါ။ နောက်ဆုံးတော့ ဒါက ပုဂ္ဂိုလ်ကြီးတစ်ယောက် မဟုတ်လား။ သူ၏ ဒုတိယမြောက် ဝိညာဉ်ကွင်းမှာ ရုတ်တရက် လင်းထိန်လာပြီး ခရမ်းနက်ရောင် အလင်းတန်းများ သူ၏ ကိုယ်ပေါ်တွင် ဖြာထွက်လာသည်...
ဒုတိယဝိညာဉ်စွမ်းရည် - မိုးကြိုးလမင်းဓားချက် !
လီချန်အန်း၏ ပန်ဂူပုဆိန်မှာ မူလ အနက်ရောင်မှ ပြာလဲ့လဲ့ အလင်းတန်းများ ဖုံးလွှမ်းသွားပြီး ပုဆိန်တစ်ခုလုံး မိုးကြိုးလျှပ်စီးများဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်သွားလေတော့သည်။