အခန်း (၃၅) - မျှတပါစေ...
လီချန်အန်းတစ်ယောက် ဆက်ပြီး "ကားမောင်း" (ညစ်ညမ်းတာတွေမတွေး) ဖို့ မကြိုးစားတော့ပေ။ နောက်ဆုံးတော့ ရှောင်ဝူက ငယ်သေးပြီး ဘာမှနားမလည်သေးဘူးလေ။ သူက စနောက်ကျီစယ်ရုံသာ တတ်နိုင်သော်လည်း ရှောင်ဝူ၏ ခါးလေးကိုတော့ အလွန်သဘောကျမိသည်။ နောက်ပိုင်းကျရင် ရှောင်ဝူကို ဖန်သားဖိနပ်အမြင့်လေးတွေ စီးခိုင်းပြီး ခက်ခဲတဲ့ လှုပ်ရှားမှုတချို့ လုပ်ခိုင်းလိုက်ရင်... ဟင်းဟင်း!
"ဘာဖြစ်နေတာလဲ လီလေးရယ်..." ရှောင်ဝူက လီချန်အန်း၏ ပြုံးစိစိမျက်နှာကိုကြည့်ပြီး တစ်ခုခုမှားနေမှန်း ရိပ်မိကာ ဝေခွဲမရစွာ မေးလိုက်သည်။
"အာ... ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး ရှောင်ဝူ၊ လူသားကမ္ဘာက အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ချင်လား" လီချန်အန်းက စိတ်ကို အတင်းထိန်းလိုက်ပြီး တည်တည်တံ့တံ့ မေးလိုက်သည်။
"မုန်လာဥနီတွေရော ရှိလား၊ ကျွန်မ မုန်လာဥနီ အရမ်းကြိုက်တာ!" ရှောင်ဝူက လီချန်အန်းကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြသည်။
"အင်း... ရှိတာပေါ့" လီချန်အန်းက ရှောင်ဝူ၏ မူလလက္ခဏာကို သတိရသွားပြီး စိတ်ထဲမှာ အစီအစဉ်ဆွဲလိုက်သည်။ ဒီတစ်ခါတော့ အသားတွေထက်စာရင် သက်သက်လွတ် အစားအစာတွေကိုပဲ ပိုပြင်ဆင်ပေးတာ ကောင်းလိမ့်မည်။ အာမင်က အချိန်အနည်းငယ် ကြာဦးမည်ဖြစ်၍ လီချန်အန်းလည်း အချိန်ဖြုန်းနေရမှာကို မကြောက်တော့ပေ။ သူက အကင်ဖိုကို အလွယ်တကူ ဆင်လိုက်ပြီး မှိုတွေ၊ ဟင်းသီးဟင်းရွက် အစုံအလင်ကို အကင်လုပ်ရန် ပြင်လိုက်သည်။
"လီလေး... ကျွန်မ လူသားကမ္ဘာကို သွားရင် အန္တရာယ်ရှိနိုင်မလား" ရှောင်ဝူက လီချန်အန်း အကင် ကင်နေသည်ကို ကြည့်ရင်း သူ့ဘေးသို့ ခုန်ပေါက်ရောက်လာကာ ဝေခွဲမရသော လေသံဖြင့် မေးလိုက်သည်။
လီချန်အန်းက လှည့်မကြည့်ဘဲ အကင်ထဲသို့ ဇီယာမှုန့် အနည်းငယ် ထပ်ထည့်လိုက်ကာ - "ရှောင်ဝူ... စကားတစ်ခွန်းကို မှတ်ထားပါ၊ ဘယ်သူ့ကိုမှ ရာနှုန်းပြည့် မယုံကြည်နဲ့၊ ဘာလို့လဲဆိုတော့ လူတိုင်းက ငါ့လို ကြင်နာတတ်ကြတာ မဟုတ်ဘူး"
ရှောင်ဝူက လျှာလေးထုတ်ပြလိုက်ပြီး - "ကောင်းပါပြီ၊ အဲဒါဆိုရင် ကျွန်မ လူသားကမ္ဘာကို ရောက်တာနဲ့ နင့်နောက်ကိုပဲ တိုက်ရိုက် လိုက်ခဲ့မယ်လေ၊ ဟုတ်ပြီလား"
လီချန်အန်း၏ လက်များ ခဏတာ ရပ်တန့်သွားသော်လည်း အမူအရာမပျက်ဘဲ တည်ငြိမ်စွာဖြင့်ပင် - "အဲဒါတော့ ဖြစ်မယ်မထင်ဘူး၊ ငါ့အိမ်မှာ ဘွဲ့အမည်ရှိဝိညာဉ် တစ်ယောက်ရှိတယ်၊ မင်းရဲ့ ရုပ်အသွင်အပြင် ပေါ်သွားဖို့ အရမ်းလွယ်တယ်၊ မင်းရဲ့ မူလအစီအစဉ်အတိုင်းပဲ လုပ်ပါ၊ အချိန်တန်ရင် ငါ မင်းကို လာရှာပါ့မယ်" ဟု ပြောလိုက်သည်။
"အော်... ဟုတ်ကဲ့ပါ" ရှောင်ဝူက အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ သူမ ပထမဆုံး ထိတွေ့ဖူးသည့် လူသားကောင်လေးအပေါ်တွင် ကောင်းသော အထင်အမြင် ရှိနေသော်လည်း လီချန်အန်းက သူမကို ခေါ်မသွားနိုင်ဟု ဆိုသဖြင့် စိတ်မကောင်း ဖြစ်သွားရသည်။
ရှောင်ဝူက ဤကိစ္စကို ဆက်ပြီး အတင်းအကျပ် မပြောတော့သည်ကို မြင်မှ လီချန်အန်း သက်ပြင်းချနိုင်တော့သည်။ နောင်ကျရင် သူ အတော်လေး အလုပ်များရပေလိမ့်မည်။ သူ၏ လက္ခဏာကို ဖုံးကွယ်ရမှာတင်မကဘဲ ရှုပ်ထွေးလှသော ပဋိပက္ခတွေကို ဖြေရှင်းဖို့ကလည်း အလွန်ခက်ခဲမည်။ သို့သော် သူ လက်လျှော့ဖို့တော့ အစီအစဉ်မရှိပေ။ ဘီဘီတုန်း ဖြစ်စေ၊ ရှောင်ဝူ ဖြစ်စေ သူ ဘယ်သူ့ကိုမှ လက်လွှတ်မည် မဟုတ်ပါ။
လီချန်အန်း ထည့်လိုက်သော အမွှေးအကြိုင်များကြောင့် အကင်နံ့မှာ ပိုမိုမွှေးကြိုင်လာရာ ရှောင်ဝူတစ်ယောက် သွားရည်ကျလာသည် - "လီလေး... ဘယ်တော့ စားလို့ရမှာလဲ၊ စားချင်လှပြီ"
"ငါ့ကို လီလေးလို့ မခေါ်ဘဲ 'အစ်ကို' လို့ ခေါ်တဲ့အချိန်ကျရင် မင်းကို ပေးစားမယ်" လီချန်အန်းက မလှုပ်မယှက် ဆက်ကင်နေပြီး ရှောင်ဝူကို မြည်းကြည့်ဖို့တောင် မပေးသေးပေ။ အခုကတည်းက လီလေးလို့ အခေါ်ခံနေရရင် နောင်ကျရင် ဘယ်လိုလုပ်မလဲ။ ဒီနေ့တော့ သူ "အိမ်ထောင်ဦးစီး အရှိန်အဝါ" ထုတ်ပြရမည်!
"အစ်ကိုကြီး~" ရှောင်ဝူက မာနတွေကို ဘေးဖယ်ပြီး အချိုသာဆုံး ခေါ်လိုက်ကာ လီချန်အန်းလက်ထဲက အကင်တွေကိုကြည့်ရင်း လျှာလေးသပ်နေသည်။
"ဟော့ဒီမှာ... ရော့" လီချန်အန်းက ရှောင်ဝူကို အကင်နှစ်ခု ပေးလိုက်ပြီး - "အကင်တွေချည်းပဲ အများကြီးမစားနဲ့၊ ငါ ခေါက်ဆွဲအနည်းငယ် ပါလာတယ်၊ ခဏနေရင် မှိုစွပ်ပြုတ်လုပ်ပြီး ခေါက်ဆွဲပြုတ် ကျွေးမယ်"
"ခေါက်ဆွဲ? အဲဒါက အရသာရှိလား" ရှောင်ဝူက ဤအရာကို တစ်ခါမှ မမြင်ဖူးသဖြင့် ကောင်းမကောင်း မသိပေ။
"အရသာရှိတာပေါ့၊ ငါလုပ်ပေးတဲ့ ခေါက်ဆွဲက စားလို့ကောင်းရုံတင်မကဘူး၊ တခြားအရာတွေကလည်း အရသာရှိဦးမှာပါ၊ နောက်ကျရင် မင်း သိလာပါလိမ့်မယ်၊ အခုတော့ ဒါကို အရင်စားလိုက်ဦး" လီချန်အန်းက တည်တည်တံ့တံ့ ပြောရင်း အကင်ကို သူကိုယ်တိုင်လည်း တစ်လုတ်စားလိုက်သည်။
"ကောင်းပြီ! အစ်ကိုကြီးရဲ့ ခေါက်ဆွဲကို စောင့်နေမယ်နော်..." ရှောင်ဝူက လီချန်အန်း၏ စကားနောက်ကွယ်က အဓိပ္ပာယ်တွေကို ဘာမှနားမလည်ဘဲ အားလုံးက အတူတူပဲဟု ထင်ကာ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
...
ခေါက်ဆွဲစားပြီးနောက် ရှောင်ဝူက ဗိုက်ကလေးကို ပုတ်ကာ မြက်ခင်းပေါ်တွင် လှဲချလိုက်ပြီး မုန်လာဥနီတစ်လုံးကို ခံတွင်းမြိန်စွာ ကိုက်စားနေမိသည်။ ဤသည်မှာ သူမ စားဖူးသမျှ အကောင်းဆုံး အစားအစာဖြစ်သဖြင့် အနည်းငယ် များသွားကာ ဗိုက်ကယ်နေသော်လည်း အလွန်ပျော်နေသည်။ လီချန်အန်းကလည်း ရှောင်ဝူနှင့် ဘေးချင်းယှဉ် လှဲချလိုက်ကာ သူမကို ကြည့်ပြီး နောက်ပြောင်လိုက်သည် - "ရှောင်ဝူ... အစ်ကိုကြီး ကျွေးတဲ့ ခေါက်ဆွဲက စားလို့ကောင်းတယ် မဟုတ်လား"
"အင်း... အစ်ကိုကြီး၊ တကယ် စားလို့ကောင်းတယ်၊ အစ်ကိုကြီးရဲ့ ခေါက်ဆွဲက မှိုစွပ်ပြုတ်နဲ့ဆိုရင် ရှယ်ပဲ!" ရှောင်ဝူက အခုဆိုလျှင် "အစ်ကိုကြီး" ဟု ခေါ်ရသည်မှာ အလွန်ပင် နှုတ်ကျိုးနေပြီဖြစ်သည်။ လီချန်အန်းက စကားပြောကောင်းသည့်အပြင် ရုပ်ရည်ကလည်း ချောမောပြီး လက်ရာကလည်း ကောင်းလှသဖြင့် လောကအကြောင်း မသိသေးသော ရှောင်ဝူလေးမှာ လီချန်အန်းကို လုံးဝ မခုခံနိုင်တော့ပေ။
"အင်း... စားလို့ကောင်းရင် နောက်ကျရင် ဒီထက် ကောင်းတာတွေ ကျွေးဦးမှာပါ" လီချန်အန်းက ရှောင်ဝူ၏ ချစ်စရာ နှုတ်ခမ်းလေးကို ကြည့်ရင်း ပြောလိုက်သည်။
"အစ်ကိုကြီး... နောင်ကျရင် ကျွန်မကို ကာကွယ်ပေးမှာလား" ရှောင်ဝူက ရုတ်တရက် မေးလိုက်သည်။
"ပေးမှာပေါ့၊ မင်းကို မကာကွယ်ရင် ဘယ်သူ့ကို ကာကွယ်ရမှာလဲ" လီချန်အန်းက ခေါင်းညိတ်ပြသည်။
"ဒါပေမဲ့ ကျွန်မက လူအဖြစ် အသွင်ပြောင်းထားတဲ့ ဝိညာဉ်သားရဲလေ၊ အကယ်၍ ဘွဲ့အမည်ရှိဝိညာဉ် တစ်ယောက်ယောက်က ကျွန်မကို သတ်ချင်ရင်ရော?" ရှောင်ဝူက ထပ်မေးပြန်သည်။
လီချန်အန်းက လက်ကို ခေါင်းခုလိုက်ပြီး ကောင်းကင်ပြာကြီးကို ကြည့်ကာ - "အဲဒါဆိုရင် အစ်ကိုကြီးက သူတို့ကို ကျိုးကြောင်းပြ ပြောဆိုမယ်၊ အကယ်၍ ကျိုးကြောင်းပြလို့ မရဘူးဆိုရင်တော့ အစ်ကိုကြီးရဲ့ လက်ထဲက ဝိညာဉ်လက်နက်နဲ့ပဲ စကားပြောရမှာပေါ့!"
"အစ်ကိုကြီးက ကျွန်မအပေါ် သိပ်ကောင်းတာပဲ!" ရှောင်ဝူက ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းလေးများမှာ လဆန်းသဏ္ဌာန် ကွေးညွတ်သွားပြီး လီချန်အန်း၏ ခေါင်းပေါ်သို့ တည့်တည့် မှီချလိုက်သည်။
"ဒါပေါ့... မင်းက အစ်ကိုကြီး အချစ်ဆုံး ဝိညာဉ်သားရဲပဲ၊ ဘယ်သူမှ မယှဉ်နိုင်ဘူး!" လီချန်အန်းက သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ ဟုတ်ပါသည်၊ လူသားထဲမှာတော့ မဟုတ်သော်လည်း ရှောင်ဝူမှာ ယခုအချိန်အထိ သူ အချစ်ဆုံး ဝိညာဉ်သားရဲ ဖြစ်သည်!
"ဒါနဲ့ ရှောင်ဝူ... ငါ့ကို သက်တမ်း တစ်သောင်း မပြည့်သေးတဲ့ ဝိညာဉ်သားရဲတစ်ကောင် ရှာပေးနိုင်မလား၊ ငါ့ရဲ့ ဝိညာဉ်ကွင်းက မရသေးလို့" လီချန်အန်းက အလုပ်ကိစ္စကို ရုတ်တရက် သတိရသွားသည်။ မိန်းကလေးနဲ့ပဲ အချိန်ဖြုန်းနေမိပြီး ဝိညာဉ်ကွင်းကို မေ့နေခဲ့သည်။ ဝိညာဉ်သားရဲတိုင်းက သက်တမ်း တစ်သောင်းကို ကျော်ဖြတ်နိုင်သည် မဟုတ်ပေ။ အမှန်တကယ်တော့ အများစုမှာ ဤအဆင့်မှာပင် သေဆုံးသွားကြရသည်။ ရှောင်ဝူမှာ ဝိညာဉ်သားရဲ ဖြစ်သော်လည်း သားရဲများကြား တိုက်ခိုက်မှုကို မြင်ဖူးသဖြင့် လီချန်အန်း၏ တောင်းဆိုချက်ကို လက်ခံနိုင်စွမ်း ရှိသည်။
"ရတာပေါ့၊ ဒါပေမဲ့ အစ်ကိုကြီး... အစ်ကိုကြီးက အဲဒါကို စုပ်ယူနိုင်ပါ့မလား" ရှောင်ဝူက လီချန်အန်းကို သံသယဖြင့် ကြည့်လိုက်သည်။
"ဒါပေါ့၊ မင်း အစ်ကိုကြီးကို မယုံဘူးလား" လီချန်အန်းက ရှောင်ဝူ၏ ပါးကို ဆွဲညှစ်လိုက်သည်။
"အို... ပါးကို လာမညှစ်နဲ့၊ ရှာပေးပါ့မယ်၊ အစ်ကိုကြီးက ဘယ်လို အမျိုးအစားကို လိုချင်တာလဲ" ရှောင်ဝူက မြေပြင်က ထလိုက်ပြီး သူမ၏ ကျစ်ဆံမြီးလေးကို ခါယမ်းကာ လီချန်အန်းကို ကြည့်လိုက်သည်။
"တိုက်ခိုက်ရေး အမျိုးအစားဆိုရင် ပိုကောင်းမယ်" လီချန်အန်းက ခဏစဉ်းစားပြီးနောက် တိုက်ခိုက်ရေး အမျိုးအစားကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ပန်ဂူပုဆိန်မှာ တိုက်ခိုက်ရေးတွင် အကောင်းဆုံး ဖြစ်သည်။ တခြားအမျိုးအစားတွေကိုမူ နောင်တွင် တုန်းဟွမ်ခေါင်းလောင်းအတွက် ထားလိုက်မည်။
"ကောင်းပြီ... ခဏစောင့်နော်" ရှောင်ဝူက ပြောပြီးသည်နှင့် သူမ၏ ခြေထောက်လေးကို အားပြုကာ မလှမ်းမကမ်းရှိ သစ်ပင်ပေါ်သို့ ခုန်တက်သွားပြီး တောအုပ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
လီချန်အန်းက ရှောင်ဝူ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူ၏ အဝတ်အစားများကို ပုတ်ခါကာ မုရှီးရှိရာသို့ လျှောက်သွားခဲ့သည်။ အားနည်းတဲ့ မိန်းကလေးလေးလည်း အခုဆိုရင် အစပြုနေလောက်ပြီ။ ရှက်တတ်တဲ့ ညီမလေး ဘယ်လိုနေမလဲဆိုတာ သွားကြည့်ရမည်။ ယောင်္ကျားတစ်ယောက်ဆိုတာ မျှတမှု ရှိရမယ် မဟုတ်လား! (ရှောင်ဝူကို ဂရုစိုက်သလို မုရှီးကိုလည်း ဂရုစိုက်ရမယ်)