အခန်း (၃၁) - ရှောင်ဝူကို သတိရခြင်း
လီချန်အန်းသည် နောက်ဆုံးတွင် နှင်းကိတ်ကို စားလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူသာမစားလျှင် မုရှီး၏ မျက်ဝန်းငယ်လေးများက သူ့ကို အလွတ်ပေးမည်မဟုတ်ကြောင်း သူသိသောကြောင့်ဖြစ်သည်။ ပေါင်မုန့်စားပြီးနောက် လီချန်အန်းနှင့် မုရှီးတို့သည် ဖျော်ရည်တစ်ခွက်ကို အရသာရှိရှိ သောက်သုံးလိုက်ကြသည်။ ထို့နောက် မုရှီးက တင်ပျဉ်ခွေကာ ကျင့်ကြံခြင်း စတင်နေစဉ် လီချန်အန်းမှာမူ မနီးမဝေးရှိ ကြယ်တာရာတောအုပ်ကြီးကို ကြည့်ကာ ခံစားချက်များစွာ ဖြစ်ပေါ်နေမိသည်။
ကြယ်တာရာတောအုပ်ကြီးအတွင်း၌ လျှို့ဝှက်ချက်များစွာ ရှိနေသလို အစွမ်းထက်သည့် ပုဂ္ဂိုလ်များလည်း များစွာရှိနေသည်။ ဝိညာဉ်ကုန်းမြေ၏ အသန်မာဆုံးသူများသည် ဤနေရာ၌ ရှိနေကြသည်ဟု ဆိုနိုင်သော်လည်း နှမြောစရာကောင်းသည်မှာ ထိုသူများအားလုံးမှာ အိပ်မောကျနေကြခြင်းပင်။ သို့သော် ထိုအစွမ်းထက်သူများကို လီချန်အန်း သိပ်စိတ်မဝင်စားပေ။ ယခု သူတွေးနေသည်မှာ ရှောင်ဝူဆိုသည့် မိန်းကလေးအကြောင်းသာ ဖြစ်သည်။
အသက်အရွယ် တွက်ချက်မှုအရ သူသည် ဟူလျဲ့နာထက် လေးနှစ်ငယ်ပြီး ဟူလျဲ့နာသည် ထန်ဆန်းထက် ငါးနှစ်ခန့် ကြီးသဖြင့် သူသည် ထန်ဆန်းတို့ထက် တစ်နှစ်ခန့် ပိုကြီးသင့်သည်။ ဤတစ်နှစ်ကွာဟချက်မှာ အလွန်အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှောင်ဝူသည် လူ့လောကသို့ ရောက်မလာသေးဘဲ ကြယ်တာရာတောအုပ်ထဲတွင် ပျော်ရွှင်စွာ နေထိုင်နေဦးမည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အခွင့်အရေးရလျှင် ရှောင်ဝူကို သိမ်းပိုက်ရန် လီချန်အန်း ဝန်မလေးပေ။ ရှောင်ဝူ အရွယ်ရောက်လာလျှင် သူမ၏ အလှအပမှာ အလွန်ထူးကဲလှသဖြင့် ထိုကဲ့သို့သော မိန်းကလေးကို နောင်တွင် ယဇ်ပူဇော်ခံရမည့် ဘဝမျိုး မရောက်စေလိုတော့ချေ။
သို့သော် ရှောင်ဝူ၏နှလုံးသားကို ရယူရန် အကြီးမားဆုံး ပဋိပက္ခတစ်ခု ရှိနေသည်။ ရှောင်ဝူ၏ မိခင်မှာ သူ၏ဆရာမ (ဘီဘီတုန်း) လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းပင်။ ဤသည်မှာ ဖြေရှင်းရခက်သည့် အကျပ်အတည်းတစ်ခုပင် ဖြစ်တော့သည်။
"ဟူး..."
လီချန်အန်းသည် တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။ မုရှီး၏ ဘေးတွင်ထိုင်ကာ အခြားမိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့ တွေးနေသည့် သူသည် တကယ်ကို လူကောင်းတစ်ယောက်ပင်...။
လီချန်အန်း သက်ပြင်းချလိုက်သည့်အချိန်မှာပင် အကြီးအကဲဖြစ်သူ စုယွမ်ထောင်းက အဖွဲ့ကို စတင်ခေါ်ယူလိုက်သည်။
"ငါက ရှေ့ဆုံးကနေ ဦးဆောင်မယ်၊ ဒု-အကြီးအကဲက အနောက်ကနေ လိုက်ခဲ့ပါ။ ကြယ်တာရာတောအုပ်ထဲ ဝင်တဲ့အခါ အရမ်းသတိထားကြရမယ်။ မင်းတို့နဲ့ သင့်တော်တဲ့ ဝိညာဉ်သားရဲကို တွေ့ရင် ချက်ချင်းပြောကြ၊ ကဲ... အခု တန်းစီပြီး ထွက်ခွာကြမယ်"
စုယွမ်ထောင်း၏ စကားအဆုံးတွင် လူစုမှာ အလျင်အမြန်ပင် တန်းစီလိုက်ကြသည်။ လီချန်အန်းသည် မုရှီး၏ ရှေ့တွင် ရပ်နေသော်လည်း သူ၏လက်ကမူ အနောက်က မုရှီး၏ လက်ကလေးကို ဆွဲထားဆဲပင်။ မုရှီးသည်လည်း လီချန်အန်း၏ အပြုအမူကို မရုန်းကန်တော့ဘဲ အလိုက်သင့် လွှတ်ထားပေးလိုက်သည်။ သို့သော် သူမ၏ ဦးခေါင်းလေးမှာ ရှက်သွေးဖြာကာ ငုံ့နေပြီး လက်ဖဝါးလေးများမှာလည်း ချွေးစိုနေတော့သည်။
တောအုပ်နှင့် နီးကပ်လာသည်နှင့်အမျှ လီချန်အန်းသည် ရှေ့မှ တိုက်ခတ်လာသော လတ်ဆတ်သည့် လေပြေများကို ခံစားနေရသည်။ သစ်ပင်ပန်းမန်ရနံ့များဖြင့် သင်းပျံ့နေပြီး ဖော်ပြမတတ်အောင် နေလို့ကောင်းလှသည်။ လေထုကို အဝဝရှူသွင်းလိုက်ရာ တစ်ကိုယ်လုံးရှိ ချွေးပေါက်ပေါင်း သုံးသောင်းခြောက်ထောင်လုံး ပွင့်သွားသကဲ့သို့ လန်းဆန်းမှုကို ခံစားလိုက်ရသည်။ ဤလန်းဆန်းမှုမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီးချိန်မှလွဲလျှင် အကောင်းဆုံးသော ခံစားမှုပင်။
စိတ်အာရုံစွမ်းအားကို အနည်းငယ်အသုံးပြုကာ အဝေးသို့ အာရုံခံကြည့်လိုက်ရာ လီချန်အန်း မြင်လိုက်ရသည်မှာ စိမ်းလန်းစိုပြည်နေသည့် သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။ အဆုံးအစမဲ့သော အစိမ်းရောင်ပင်လယ်ကြီးသည် အလွန်ပင် ခန့်ညားထည်ဝါလှပြီး ထိုနေရာမှ လတ်ဆတ်သော အသက်ရှူသံများ လွင့်ပျံ့လာနေသည်။
နောက်ဆုံးတွင် သူတို့သည် ကြယ်တာရာတောအုပ်ကြီးအတွင်းသို့ ခြေချနိုင်ခဲ့ကြပြီ ဖြစ်သည်။ သူတို့မြင်တွေ့ရသည်မှာ မီတာ ၂၀ ကျော်မြင့်သည့် သစ်ပင်ကြီးများနှင့် ထူထပ်လှသော မြက်ခင်းများပင်။ ဤသည်မှာ အပြင်ဘက်ဆုံးအပိုင်းသာ ရှိသေးသော်လည်း တောအုပ်မှာ အလွန်ပင် သိပ်သည်းလွန်းလှသည်။ သစ်ပင်ရိပ်များက ထပ်ဆင့်နေသဖြင့် ရှေ့တွင် ဘာရှိသည်ကို အတပ်မသိနိုင်ချေ။
တောအုပ်ထဲ ရောက်လာသည်နှင့် လေထုမှာ ပို၍ သက်သောင့်သက်သာရှိလာပြီး အပူချိန်မှာလည်း အနည်းငယ် ကျဆင်းသွားသလို ခံစားရသည်။ စိုစွတ်နေသော မြေဆီလွှာရနံ့များက လူတိုင်း၏ အာရုံကို နှိုးဆွပေးနေသည်။
ဒါ! ဒါဟာ ကြယ်တာရာတောအုပ်ကြီးပဲ။ ဒါဟာ ဝိညာဉ်ကုန်းမြေရဲ့ ဝိညာဉ်သားရဲတွေအတွက် နိဗ္ဗာန်ဘုံပဲ။ ပြီးတော့ ဒါဟာ သူ... လီချန်အန်း မိန်းကလေးတွေကို စွဲဆောင်မယ့် နေရာလည်း ဖြစ်တယ်!
တောထဲသို့ ရောက်ပြီးနောက် လီချန်အန်းနှင့် အခြားသူများ၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားပြီး လူတိုင်း သတိကြီးစွာ ထားလာကြသည်။ မုရှီး၏ လက်ကလေးကို လီချန်အန်းက အနည်းငယ် ပိုတင်းအောင် ဆုပ်ကိုင်လိုက်ရင်း -
"စိတ်မပူနဲ့... ငါ ရှိတယ်" ဟု မုရှီး၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
ထူးဆန်းသည်မှာ လီချန်အန်း ထိုသို့ပြောလိုက်သောအခါ မုရှီး၏ စိုးရိမ်စိတ်များမှာ ချက်ချင်း ပြေလျော့သွားသလို ခံစားလိုက်ရပြီး ခေါင်းမော့ကာ လီချန်အန်းကို ပြုံးပြလိုက်သည်။ ပြုံးလိုက်သောအခါ လခြမ်းကွေးပုံစံ ဖြစ်သွားသည့် မုရှီး၏ မျက်ဝန်းလေးများကို ကြည့်ကာ လီချန်အန်းမှာ အချိန်အခါသာ မမှားခဲ့လျှင် သူမကို တစ်မျိုးမျိုး ကျီစယ်လိုက်မိမည်မှာ အမှန်ပင်။ သူမ၏ အလှက တကယ်ကို ရင်ခုန်စရာ ကောင်းလွန်းလှသည်။
ထိုအချိန်တွင် ရှေ့မှအဖွဲ့မှာ ရုတ်တရက် ရပ်တန့်သွားသည်။ အကြီးအကဲ စုယွမ်ထောင်း၏ အသံကို လူတိုင်း ကြားလိုက်ရသည်။
"ရှေ့မှာ ဟာရီကိန်းဝံပုလွေအုပ်ကို တွေ့တယ်၊ အားလုံးက နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်သားရဲတွေပဲ။ အရှိန်က အရမ်းမြန်တယ်၊ မင်းတို့ဘာသာ မင်းတို့ ဖြေရှင်းကြ"
ဝူဟွန်းနန်းတော် အကယ်ဒမီသည် အရည်အချင်းမရှိသူများကို မွေးထုတ်ပေးခြင်း မရှိချေ။ စုယွမ်ထောင်းကဲ့သို့သော သူများသည် လီချန်အန်းတို့အား လေ့ကျင့်ပေးရန်အတွက် ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် လုံးဝ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့အပြင် စုယွမ်ထောင်းတို့သည် ကြယ်တာရာတောအုပ်အတွင်း၌ သူတို့၏ အရှိန်အဝါကို အမြဲထုတ်ဖော်မထားရဲကြပေ။ ထိုသို့လုပ်ခြင်းမှာ ဝိညာဉ်သားရဲများကို ရန်စလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထိုစဉ် ဝိညာဉ်ဘုရင်အဆင့်ရှိ စုယွမ်ထောင်းသည်လည်း မျက်လုံးမှိတ်ထားသည်ကို လီချန်အန်း တွေ့လိုက်ရသည်။ သူနှင့် မဆိုင်သကဲ့သို့ပင်။ လီချန်အန်း အပါအဝင် ကျောင်းသား စုစုပေါင်း ခုနစ်ယောက် ရှိသည်။ ခေါင်းဆောင် စုယွမ်ထောင်းကို ဖယ်လိုက်လျှင် မုရှီးမှာ အကူအညီပေးရေး အမျိုးအစားဖြစ်သဖြင့် တိုက်ခိုက်ရေးအတွက် မသင့်တော်ပေ။ ထို့ကြောင့် တကယ့် တိုက်ခိုက်ရေးသမား ငါးယောက်သာ ရှိသည်။ ဤငါးယောက်ထဲတွင် လီချန်အန်းအပြင် နှစ်ကွင်းမှ သုံးကွင်းသို့ ကူးပြောင်းမည့်သူ နှစ်ယောက်နှင့် သုံးကွင်းမှ လေးကွင်းသို့ ကူးပြောင်းမည့်သူ နှစ်ယောက် ပါဝင်သည်။ အားလုံးက တိုက်ခိုက်ရေး အမျိုးအစား ဝိညာဉ်ဆရာများ ဖြစ်ကြသဖြင့် ဟာရီကိန်းဝံပုလွေအုပ်ကို မယှဉ်နိုင်စရာ အကြောင်းမရှိပေ။
လီချန်အန်း အတွေးဝင်နေစဉ်မှာပင် "ရှဲရှဲ" ဟူသော အသံများ ကြားလိုက်ရပြီး မီးခိုးရောင် ခန္ဓာကိုယ်ရှိကာ နှစ်မီတာခန့် အရှည်ရှိသော ဝံပုလွေအုပ်ကြီးမှာ ဖြည်းညှင်းစွာ ပေါ်လာသည်။ ထိုဝံပုလွေအုပ်သည် သူတို့ကို ဝိုင်းထားကာ သစ်ပင်များအနောက်မှ တိတ်တဆိတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ငါတို့ တစ်ယောက်ကို တစ်ဖက်စီ တာဝန်ယူမယ်၊ လီချန်အန်း... မင်းက ဘေးက ညီမလေးကိုပဲ ကာကွယ်ပေးထား!" ဟု ဝိညာဉ်ဂိုဏ်းချုပ် (အဆင့် ၄၀ ကျော်) အဆင့်သို့ တက်လှမ်းတော့မည့် ဝိညာဉ်ဆရာတစ်ဦးက လီချန်အန်းကို လှမ်းပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်၌ အဝါရောင် နှစ်ကွင်းနှင့် ခရမ်းရောင် တစ်ကွင်း၊ စုစုပေါင်း ဝိညာဉ်ကွင်း သုံးကွင်း ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းသွားသည်။ ဤသည်မှာ အနက်ရောင်နဂါး ဝိညာဉ်လက်နက်ပင် ဖြစ်၏။ လီချန်အန်း မှတ်မိသလောက်ဆိုလျှင် ထိုသူသည် ရထားပေါ်ကတည်းက အလွန်ဩဇာရှိသူဖြစ်ပြီး နာမည်မှာ ကျန်းယီ ဖြစ်သည်။ စီနီယာကျောင်းသားဖြစ်သလို အရည်အချင်းလည်း ရှိသူဖြစ်သည်။ ယခုမှပင် ကျန်းယီ မိမိကိုယ်ကိုယ် မိတ်ဆက်စဉ်က အခြားသူများ ဘာကြောင့် ထူးထူးခြားခြား ကြည့်ခဲ့ကြသည်ကို လီချန်အန်း နားလည်သွားတော့သည်။ သူ၏ ဝိညာဉ်လက်နက်မှာ နဂါးအမျိုးအစား ဖြစ်နေသောကြောင့်ပင်။
ဟိန်းသံတစ်ချက်နှင့်အတူ ကျန်းယီ၏ ဘယ်ဘက်လက်မှာ အနက်ရောင် နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေအုပ်ထဲသို့ တိုးဝင်သွားတော့သည်။ ကျန်းယီ စတင်လိုက်သည်နှင့် အခြားကျောင်းသားများလည်း အသီးသီး စတင်တိုက်ခိုက်ကြသည်။ နောက်ထပ် လေးကွင်းအဆင့်သို့ တက်လှမ်းမည့်သူမှာ ဘယ်ဘက်ခြမ်းကို တာဝန်ယူပြီး၊ ကျန်သည့် သုံးကွင်းအဆင့်သို့ တက်လှမ်းမည့်သူ နှစ်ယောက်က ကျန်သည့်ဘက်များကို တာဝန်ယူကြသည်။ ခဏအတွင်းမှာပင် ပတ်ဝန်းကျင်၌ ဝိညာဉ်ကွင်းများ လင်းလက်လာပြီး ဝံပုလွေများ၏ အူသံများနှင့်အတူ ဝိညာဉ်စွမ်းရည် သုံးစွဲသံများ ဆူညံသွားတော့သည်။
သို့သော် ဟာရီကိန်းဝံပုလွေများသည် အရှိန်အဟုန်ကြောင့် နာမည်ကျော်သည် ဖြစ်ရာ ကျန်းယီ၏ ဘက်မှလွဲလျှင် ကျန်သုံးနေရာစလုံး၌ ဝံပုလွေ သုံးလေးကောင်၏ နှောင့်ယှက်မှုကြောင့် တိုက်ပွဲမှာ အခြေအတင် ဖြစ်နေသည်။
ထိုစဉ် ဟာရီကိန်းဝံပုလွေတစ်ကောင်သည် သူတို့၏ တိုက်စစ်ကို ဖောက်ထွက်ကာ အလယ်ဗဟိုသို့ တိုက်ရိုက် ပြေးဝင်လာသည်။
"ဝူး..."
နှစ်မီတာခန့်ရှိသော မီးခိုးရောင်ဝံပုလွေသည် လီချန်အန်းနှင့် မုရှီးတို့၏ ရှေ့သို့ တိုက်ရိုက်ခုန်ဝင်လာသည်။ ထို့နောက် ၎င်း၏ လက်သည်းများကို လျှက်လိုက်ပြီး လီချန်အန်းထံသို့ အရှိန်ပြင်းစွာ ကပ်ဖြဲရန် ကြိုးစားလိုက်သည်။
"ဟင်း... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
လီချန်အန်းသည် မုရှီးကို အနောက်သို့ တွန်းထုတ်လိုက်ပြီးနောက် ပန်ဂူပုဆိန် ကို အလျင်အမြန် ထုတ်လိုက်သည်။ ဝိညာဉ်စွမ်းရည်များကိုပင် အသုံးမပြုဘဲ ထိတ်လန့်ဖွယ်ကောင်းသော ပုဆိန်ချက်ဖြင့် ဝံပုလွေ၏ လက်သည်းများကို ရိုက်ချေလိုက်တော့သည်။
"အူး......"