အခန်း (၂၅) - ဒေါင်... စနစ်ရဲ့ Update ပြီးဆုံးသွားပြီ~
လီချန်အန်းသည် ဖန်ချက်သည့် နည်းလမ်းများကို အကြမ်းဖျင်း စီစဉ်ပေးပြီးနောက် မိမိအခန်းသို့ ပြန်လာခဲ့သည်။ ဖန်ထည်လုပ်ငန်း၏ နောက်ဆက်တွဲ တိုးတက်မှုများအတွက်မူ သူ စိုးရိမ်မနေတော့ပေ။ အမှန်တော့ သူသည် သီအိုရီပိုင်းဆိုင်ရာ အထောက်အပံ့အချို့ကိုသာ ပေးနိုင်ခြင်း ဖြစ်ပြီး၊ သူ့ကိုသာ တကယ်သွားလုပ်ခိုင်းပါက ဖန်ထွက်လာအောင် လုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်သာ အောင်မြင်သွားပါက သူတို့၏ လီမိသားစုသည် တစ်ဟုန်ထိုး တိုးတက်လာပြီး ချီပေါင်ကျောက်မျက်ဂိုဏ်းနှင့် ရင်ဘောင်တန်းနိုင်သည့် ဒေသတွင်း သူဌေးကြီးဂိုဏ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ဘာလဲ... မဖြစ်နိုင်ဘူးလို့ ထင်နေတာလား? ကြည်လင်သော ဖန်ချက်သည့် နည်းပညာကို အပြည့်အဝ တတ်မြောက်သွားသည်နှင့် ထွက်လာသော ပစ္စည်းများမှာ အနည်းဆုံး အဆပေါင်း ရာချီ၊ ထောင်ချီ အမြတ်ရနိုင်ပြီး ပိုက်ဆံရှာရသည်မှာ အလွန်ပင် လွယ်ကူသွားမည်ဖြစ်သည်။ မုန့်ဆိုင်များ၊ ဟိုတယ်များနှင့်အတူ လီမိသားစုအတွက် အခွင့်အလမ်းကောင်းကြီးမှာ ရောက်ရှိလာပြီ ဖြစ်သည်။
အခြားအရာများကို ဆက်မတွေးတော့ဘဲ လီချန်အန်းသည် သူ၏ ရမှတ် များဆီသို့ အာရုံပြောင်းလိုက်သည်။ ကျူးမင်းတောင်တန်းတွင် အမြန်ဆုံး အဆင့်တက်နိုင်ရန်အတွက် သူသည် ဝိညာဉ်စွမ်းအားသီး ကိုးလုံးကို လဲလှယ်ခဲ့ရာ တစ်လုံးလျှင် ဝိညာဉ်စွမ်းအား ၁၀၀ စီ ရရှိခဲ့သည်။ သူ၏ အစွမ်းမှာ အဆင့် (၁၆) သို့ ရောက်ရှိသွားသော်လည်း ရမှတ်များစွာ ကုန်ဆုံးသွားခြင်းက သူ့ကို နာကျင်စေသည်။ အရည်အသွေးမြှင့် ဝိညာဉ်ကွင်းသီးနှင့်ပါ ပေါင်းလိုက်လျှင် လီချန်အန်းသည် ယခုတစ်ခေါက်တွင် စုစုပေါင်း ရမှတ် ၁,၉၀၀ ကျော် အသုံးပြုခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည်လည်း ရမှတ်အများအပြား ပြန်လည်ရရှိခဲ့သဖြင့် အရှုံးအမြတ်မှာ ကာမိသွားသည်ဟု ဆိုရမည်။
ထိုအချိန်မှာပင် စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒေါင်... ပညာရှိ၏အရှိန်အဝါ ထုတ်ဖော်မှုစနစ် တရားဝင် Update ဖြစ်သွားပါပြီ။ ပညာရှိအရှိန်အဝါ ထုတ်ဖော်မှု တာဝန်တွေကို စတင်ပေးအပ်ပါတော့မယ်"
"ဒေါင်... ချန်ရန်ရွှဲရဲ့ ရှေ့မှာ 'ပညာရှိအရှိန်အဝါ' တစ်ကြိမ် ထုတ်ဖော်ပြပါ။ တာဝန်အောင်မြင်ပါက 'ဘယ်သူ ဝမ်းလျှောမလဲ ကြည့်လိုက်' ဆိုတဲ့ စွမ်းရည်ကို ဆုလာဘ်အဖြစ် ရရှိပါမယ်"
လီချန်အန်း : "..........."
ကိစ္စတွေက များလှချည်လား၊ ခဏလောက် အစာခြေပါဦးရစေ။ ပထမအချက်ကတော့ ဒီစနစ်စုတ်ကြီးက နောက်ဆုံးတော့ သူပြောဖူးတဲ့ 'အရှိန်အဝါ ထုတ်ဖော်မှု' တာဝန်တွေကို စတင်ပေးအပ်လာပြီ ဖြစ်သည်။ ၎င်းက လီချန်အန်း၏ အကြီးမားဆုံး သံသယတစ်ခုကို ဖြေရှင်းပေးလိုက်ခြင်းပင်။ ဒုတိယအချက်ကတော့ ချန်ရန်ရွှဲရှေ့မှာ ကြွားလုံးထုတ်ရမည့် ကိစ္စဖြစ်သည်။ ဤသည်မှာ မခက်ခဲလှပေ၊ မနက်ဖြန် သူကိုယ်တိုင် လုပ်ဆောင်နိုင်သည်။ သို့သော် ဤတာဝန်ရဲ့ ဆုလာဘ်... 'ဘယ်သူ ဝမ်းလျှောမလဲ ကြည့်လိုက်' ဆိုတာက ဘာကြီးလဲ? နောက်ပိုင်း တိုက်ပွဲတွေမှာ မနိုင်တော့ဘူးဆိုရင် ဒီစွမ်းရည်ကို သုံးလိုက်တာနဲ့ တစ်ဖက်လူက ဝမ်းလျှောပြီး အသတ်မခံရတော့ဘူးလား? ဒီပုံရိပ်ကတော့...
လီချန်အန်း တစ်ချက်တုန်တက်သွားပြီး အကျိုးကျေးဇူးကို ချက်ချင်း ခံစားမိသွားသည်။ မနက်ဖြန်ကျလျှင် ကောင်မလေး ချန်ရန်ရွှဲကို သူလျှိုလုပ်ငန်းအကြောင်း ဆက်ပြောရင်း အရှိန်အဝါ တစ်ခုခု ထုတ်ပြကာ ဒီစွမ်းရည်က ဘာလဲဆိုတာ စမ်းကြည့်ရမည်။ အခုတော့ အိပ်လိုက်ဦးမည်!
မနက်ခင်း ယဉ်ကျေးမှု သင်ခန်းစာပြီးနောက် လီချန်အန်းသည် အတန်းထဲမှ မထွက်မီ ချန်ရန်ရွှဲကို အချက်ပြလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ချန်ရန်ရွှဲက ချက်ချင်း နားလည်သွားသည်။ ခေတ္တမျှ တွေဝေပြီးနောက် သူမ နောက်က လိုက်လာခဲ့သည်။ မတတ်နိုင်ပေ၊ လီချန်အန်းကို သူမ မုန်းသော်လည်း လွန်ခဲ့သောတစ်ခေါက် စကားပြောပြီးကတည်းက လီချန်အန်းကို ပို၍ သိလာသလို၊ သူမသည်လည်း မကြာမီ ထွက်ခွာရတော့မည်ဖြစ်ရာ ဗဟုသုတ ပိုရထားခြင်းက အမြဲတမ်း ကောင်းမွန်လှသည်။
လီချန်အန်း အတန်းထဲက ထွက်လိုက်သည်နှင့် အပြင်တွင် စောင့်နေသော ဟူလျဲ့နာကို တွေ့လိုက်ရသည်။ ဟူလျဲ့နာက သူ့ကို ပြုံးလျက် နှုတ်ဆက်သည်။ "မောင်လေး... မနေ့က ငါ့ကို ကယ်ခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီနေ့ အပြင်မှာ ထမင်းလိုက်ကျွေးပါရစေ"
ဟူလျဲ့နာက သူမ၏ ဆံနွယ်များကို သပ်တင်ရင်း စွဲမက်ဖွယ် ပြုံးပြလိုက်သည်။ လီချန်အန်း၏ ရင်ထဲတွင် 'အန္တရာယ်' ဟူသော စကားလုံးကြီး ပေါ်လာသော်လည်း သူ၏ ကိုင်တွယ်ပုံမှာ အလွန် လျင်မြန်လှသည်။
"အစ်မ... ကျွန်တော့်အိမ်မှာ ဒီနေ့ အရေးကြီးကိစ္စ ရှိနေလို့ပါ။ မနက်ဖြန် နေ့လယ်ကျမှ ကျွန်တော် ပြန်ကျွေးပါ့မယ်။ ကျွန်တော် သွားပြီနော်... တာ့တာ"
ပြောပြီးသည်နှင့် လီချန်အန်းသည် အကယ်ဒမီ တံခါးဝသို့ အမြန်ပြေးတော့သည်။ ချန်ရန်ရွှဲနှင့် ဟူလျဲ့နာတို့ အတူတူရှိနေသည်ကို မြင်သွား၍ မဖြစ်ပေ။ အမှန်တော့ သူသည် သစ္စာရှိပြီး အချစ်ကြီးသော အမျိုးသားတစ်ဦး မဟုတ်ပါလား။
"ဟေး... ယောင်္ကျားလေး တစ်ယောက်ကို ထမင်းကျွေးဖို့ ဖိတ်တာ ဒါပထမဆုံးပဲဟာကို!" ဟူလျဲ့နာက လီချန်အန်း၏ ကျောပြင်ကို ကြည့်ပြီး မကျေမနပ် အော်ပြောလိုက်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်နေကာ တကယ် စိတ်ဆိုးနေပုံ မရပေ။ ဟူလျဲ့နာ ကိုယ်တိုင်ပင် သတိမထားမိသည်မှာ မနေ့ကတည်းက သူမ၏ စိတ်ထဲတွင် လီချန်အန်း၏ အရိပ်များဖြင့် ပြည့်နှက်နေခဲ့ခြင်းပင်။ ယနေ့ လီချန်အန်း၏ ငြင်းပယ်မှုက သူမကို ပို၍ပင် စိတ်ဝင်စားသွားစေသည်။
မူလ စားသောက်ဆိုင်နှင့် မူလ စားပွဲဝိုင်းပင် ဖြစ်သည်။ လီချန်အန်းသည် ချန်ရန်ရွှဲအတွက် ကုလားထိုင် ဆွဲပေးရင်း အသိအကျွမ်း ရှိမလားဟု ပတ်ဝန်းကျင်ကို အမှတ်မထင် ကြည့်လိုက်သည်။ ဤလုပ်ရပ်မှာ သူ၏ အကျင့်တစ်ခု ဖြစ်နေပြီ။ ဤသို့လုပ်ခြင်းက အသိအကျွမ်းများနှင့် ဆုံပြီး ကိစ္စများ ရှုပ်ထွေးသွားခြင်းကို အကြီးအကျယ် ရှောင်လွှဲနိုင်သည်။
"ဘာတွေ ကြည့်နေတာလဲ?" ချန်ရန်ရွှဲက သံသယဖြင့် မေးသည်။
"ဘာမှ မဟုတ်ပါဘူး၊ မင်း ထွက်ခွာရတော့မယ် မဟုတ်လား?" လီချန်အန်းက အေးအေးဆေးဆေး ထိုင်လိုက်ပြီး စကားဝိုင်းကို သူ၏ လက်ထဲသို့ အပိုင် ဆုပ်ကိုင်လိုက်သည်။
"နင်က ဒါကို ဘယ်လို သိပြန်တာလဲ?" ချန်ရန်ရွှဲက သူမ၏ မျက်ခုံးလေးများကို ပင့်လိုက်ပြီး လီချန်အန်းကို ပို၍ နားမလည်နိုင်အောင် ကြည့်လိုက်သည်။ ဒီလူက အရာအားလုံးကို ဘယ်လို သိနေရတာလဲ?
လီချန်အန်းက ခပ်ပြုံးပြုံးဖြင့် "ခန့်မှန်းကြည့်တာပါ၊ ဘယ်တော့လဲဆိုတာ ပြောပြလို့ ရမလား" ဟု မေးလိုက်သည်။
ချန်ရန်ရွှဲ ခေတ္တ စဉ်းစားပြီးနောက် "ရပါတယ်၊ ဒါပေမဲ့ နင် လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားရမယ်နော်။ ငါ နောက်လ အစမှာ ထွက်သွားတော့မယ်" ဟု ပြောလိုက်သည်။ ဤသို့ ပြောလိုက်ပြီးနောက် ချန်ရန်ရွှဲသည် သူမ၏ ရင်ထဲတွင် ဟာတာတာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသော်လည်း ဘာကို ဆုံးရှုံးလိုက်ရမှန်း သူမ မသိပေ။
လီချန်အန်းက သူမ၏ ပန်းကန်ထဲသို့ ဟင်းတစ်ပွဲ ထည့်ပေးလိုက်ပြီး ခေါင်းငြိမ့်ကာ ချစ်ခင်စုံမက်သော မျက်ဝန်းများဖြင့် ကြည့်လျက် "အဲဒီကျရင် ငါ လိုက်ပို့ပေးပါ့မယ်" ဟု ဆိုသည်။
"အာ... မဟုတ်တာ၊ မလိုပါဘူး။ ငါ့ဘာသာငါ သွားပါ့မယ်" ချန်ရန်ရွှဲ၏ မျက်နှာမှာ ရှားရှားပါးပါး နီမြန်းသွားသည်။ သူမသည် ခေါင်းငုံ့ထားပြီး လီချန်အန်း၏ မျက်ဝန်းများကို ရင်မဆိုင်ရဲပေ။ သို့သော် တစ်စုံတစ်ခုကြောင့် လီချန်အန်း ဤသို့ပြောသည်ကို ကြားရသည်မှာ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
"ပြောပြီးရင် ပို့ကို ပို့ရမယ်။ ခြေထောက်က ငါ့ခြေထောက်ပဲ၊ မင်း တားလို့ မရဘူး" လီချန်အန်းက ပြုံးရင်း ချန်ရန်ရွှဲကို ဟင်းတစ်ဇွန်း ထပ်ထည့်ပေးပြန်သည်။ ချန်ရန်ရွှဲ မထွက်ခွာမီ သူမ၏ စိတ်နှလုံး တစ်ဝက်ကို ရယူထားရမည်၊ မဟုတ်ပါက သူမ ထွက်ခွာသွားချိန်တွင် ယခုရက်ပိုင်း သူ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ချန်ရန်ရွှဲ ထပ်မံ မငြင်းတော့ပေ။ သူမ၏ ဦးနှောက်မှာ ဝေဝါးနေပြီး လီချန်အန်း ဟင်းထည့်ပေးသည်ကိုလည်း မတားမိဘဲ ခေါင်းငုံ့ကာ ထမင်းစားရင်း "ပြီးခဲ့တဲ့ တစ်ခေါက်က နင်ပြောတဲ့အကြောင်း ဆက်ပြောဦးလေ" ဟု ဆိုသည်။
လီချန်အန်းသည် ထမင်းကို မြန်မြန်စားလိုက်ပြီး လည်ချောင်းကို ရှင်းကာ "သူလျှိုတစ်ယောက်ရဲ့ စိတ်ဓာတ်အကြောင်း ဆက်ပြောရအောင်။ တကယ်တော့ လူတစ်ယောက်က သူလျှိုလုပ်တော့မယ်ဆိုရင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အရေးကြီးဆုံးပဲ။ သူ့ရဲ့ စိတ်က..."
"ဒေါင်... သင်ဟာ ချန်ရန်ရွှဲ ရှေ့မှာ အရှိန်အဝါ ထုတ်ဖော်ပြသရာမှာ အောင်မြင်ခဲ့ပါတယ်။ 'ဘယ်သူ ဝမ်းလျှောမလဲ ကြည့်လိုက်' ဆိုတဲ့ စွမ်းရည်ကို ရရှိပါပြီ"
"ဘယ်သူ ဝမ်းလျှောမလဲ ကြည့်လိုက် စွမ်းရည်ကို သင်ထက် အဆင့် ၅၀ ထက်မပိုတဲ့ ဝိညာဉ်ဆရာတွေအပေါ် သုံးနိုင်ပါတယ်။ အသုံးပြုခံရသူဟာ ၃ စက္ကန့်အတွင်းမှာ ဗိုက်အောင့် ဗိုက်ရစ်ပြီး ဝမ်းသွားချင်စိတ် ဖြစ်ပေါ်လာမှာဖြစ်ပြီး မိနစ်ဝက်အတွင်းမှာ အမှန်တကယ် ဝမ်းလျှောပါလိမ့်မယ်။ တစ်နေ့ကို ၃ ကြိမ်သာ အသုံးပြုနိုင်ပါတယ်"
လီချန်အန်း : "အမလေး... ဒါက တကယ့်ကို နတ်ဘုရားစွမ်းရည် ပဲ! အဆင့် ၅၀ အတွင်းဆိုတော့ အခု ငါဟာ အဆင့် ၆၆ ရှိတဲ့ ဝိညာဉ်ဧကရာဇ် တစ်ယောက်ကိုတောင် တိုက်ပွဲထဲမှာ ဝမ်းလျှောအောင် လုပ်လို့ရပြီပေါ့။ ဝိညာဉ်ဧကရာဇ်က ဝမ်းသွားတာကို အောင့်ထားနိုင်မလား? အဖြေကတော့ မဟုတ်ဘူးပေါ့! ဒါနဲ့... အခု ဘာလို့ စမ်းကြည့်ချင်စိတ် ပေါက်နေတာလဲ မသိဘူး"
"မင်းက လီချန်အန်းလား? ငါက ဟူယန်လီရဲ့ အစ်ကို ဟူယန်ကျော့ပဲ!"
......................