အခန်း (၁၆) - အပြင်မထွက်မီ ကြိုတင်ပြင်ဆင်ခြင်း
ထို့နောက်တွင်တော့ လီချန်အန်း သည် မုရှီး ၏ ထမင်းပန်းကန်ကို မရမက ဆွဲယူလိုက်ပြီးနောက် ဝင်ထိုင်၍ စားသောက်ပါတော့သည်။ မုရှီး သည် လီချန်အန်း စားပွဲပေါ်တင်ပေးလိုက်သည့် ဈေးကြီးပုံရသော အစားအသောက်များကို တစ်လှည့်၊ ဤလူလည်လေး တစ်ဝက်မက စားပွဲတင်ထားသော သူမ၏ ထမင်းပန်းကန်ကို တစ်လှည့်ကြည့်ကာ သက်ပြင်းသာ အသာချလိုက်မိ၏။ သူမ ထိုင်နေရာမှ ထ၍ ထွက်သွားရန် ပြင်လိုက်သော်လည်း လီချန်အန်း က စားပွဲကို ခေါက်ကာ တားလိုက်သည်။
"မင်းက ငါ့အစားအသောက်ကို အထင်သေးတာလား၊ ဒါမှမဟုတ် ငါ့ကို မနှစ်သက်တာလား"
မုရှီး က လက်ကို အသည်းအသန် ယမ်းပြရင်း အားနည်းသောအသံလေးဖြင့် ပြန်ပြော၏။ "မဟုတ်... မဟုတ်ပါဘူး၊ ကျွန်မ မင်းကို အကြွေးမတင်ချင်လို့ပါ..."
လီချန်အန်း က အစားအသောက်များကို ညွှန်ပြကာ တည်ကြည်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။ "စားစမ်း!"
မုရှီး သည် ယနေ့နံနက်က လီချန်အန်း ၏ ပုဆိန်စွမ်းရည်ကို ပြန်လည်သတိရသွားသည်။ နောက်ဆုံးတွင်တော့ သူမသည် ပြန်ထိုင်လိုက်ရပြီး လီချန်အန်း ဝယ်လာပေးသော အစားအသောက်များကို တိတ်ဆိတ်စွာပင် တစ်လုပ်ချင်း စားသောက်ပါတော့သည်။
"နောင်ကျရင် ကျွန်မအပေါ် အရမ်းကြီး အနိုင်မကျင့်ပါနဲ့လား..."
ခဏကြာ စားသောက်ပြီးနောက် မုရှီး က ခေါင်းမော့၍ လီချန်အန်း ကို တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ ခရမ်းရောင်လိုင်လက်ပန်း ကဲ့သို့ ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံမှာ ယခုအခါ အလွန်နူးညံ့နေပြီး သနားကမားပုံစံလေး ဖြစ်နေ၏။ လီချန်အန်း သည် သူမ၏ မျက်နှာလေးကို ကြည့်ကာ လက်လှမ်း၍ အသာအယာ ဆွဲညှစ်လိုက်ပြီးနောက် ဘာကတိမှ မပေးဘဲ ခေါင်းငုံ့ကာ ဆက်စားနေလေသည်။
စားသောက်ပြီးနောက်တွင်တော့ လီချန်အန်း သည် ပန်းကန်ခွက်ယောက်များကိုပင် မသိမ်းတော့ဘဲ ထမင်းစားဆောင်မှ ထွက်လာခဲ့သည်။ မထွက်ခွာမီ မုရှီး ၏ မျက်နှာလေးကို တစ်ခါထပ်၍ ပွတ်သပ်ကာ ပြုံးပြလျက် ထွက်ခွာသွားသည်ဖြစ်၏။
..................
နေ့လယ်ပိုင်း သင်ခန်းစာများကတော့ သိပ်မရှုပ်ထွေးလှပေ။ လီချန်အန်း သည် ဝိညာဉ်ကွင်း ရရှိပြီးနောက် ပထမဆုံးတိုက်ပွဲတွင်ပင် သူ၏အစွမ်းကို သက်သေပြနိုင်ခဲ့ပြီး ဖြစ်ရာ ဆရာများက သူ၏ ကျင့်ကြံမှုနှင့် ဝိညာဉ်စွမ်းအား အသုံးပြုပုံကိုသာ လမ်းညွှန်ပေးကြတော့သည်။ အတန်းဆင်းခါနီးတွင်တော့ ဆရာမ ဆွေ့ယုံချင်း က အတန်းတစ်ခုလုံးကို တစ်ခု ကြေညာလိုက်၏။
"သဘောဘက်ခါမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အပြင်ထွက်လေ့ကျင့်ရေး သင်တန်းကို ပြုလုပ်သွားပါမယ်။ အဲ့ဒီအချိန်မှာ ကျောင်းသားအားလုံးဟာ ဆရာတွေရဲ့ ဦးဆောင်မှုအောက်မှာ တစ်ပတ်ကြာ အပြင်ထွက်ပြီး သတ်မှတ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်ရပါမယ်။ ဒါကြောင့် မနက်ဖြန်ကိုတော့ ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးမှာမို့ အိမ်ပြန်ပြီး ပြင်ဆင်ကြပါ!"
အထူးတန်းသည် သာမန်အတန်းမဟုတ်ဘဲ လေ့ကျင့်မှုတိုင်းမှာ တိကျသော ရည်ရွယ်ချက်များ ရှိသည်။ လီချန်အန်း မှလွဲ၍ ကျန်သူများမှာ ကျောင်းသားဟောင်းများ ဖြစ်ကြသဖြင့် ကျောင်းစတက်ချိန်တွင်ပင် ဤကဲ့သို့ လှုပ်ရှားမှုများ ပြုလုပ်ခြင်းမှာ ထုံးစံပင် ဖြစ်၏။ လူစုခွဲလိုက်ပြီးနောက် ဆရာမ ဆွေ့ယုံချင်း က လီချန်အန်း ကို သီးသန့်ခေါ်၍ မှာကြားစရာများကို မှာကြားလေသည်။ လီချန်အန်း မှာ အထူးဖြစ်ရပ်တစ်ခုအဖြစ် ကျောင်းတက်ကာစ ရက်ပိုင်းမှာပင် အပြင်ထွက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သလို အသက်ကလည်း ခြောက်နှစ်သာ ရှိသေးသောကြောင့်ပင်။ သို့သော် စည်းကမ်းသည် စည်းကမ်းဖြစ်ရာ တစ်စုံတစ်ဦးကြောင့် ပြောင်းလဲမည်မဟုတ်သလို လီချန်အန်း သည်လည်း နံနက်ပိုင်းက သူ၏အစွမ်းကို ပြသထားပြီးဖြစ်၍ ဆရာမက သိပ်တော့ စိုးရိမ်မနေတော့ပေ။ သွားလာရေး သတိထားရမည့် အချက်များကို သေသေချာချာ မှာကြားပြီးမှ လီချန်အန်း ကို အိမ်ပြန်ခွင့်ပြုလိုက်သည်။
အိမ်ပြန်ရောက်သောအခါ လီချန်အန်း သည် အားမနေပေ။ ဤသတင်းမှာ ရုတ်တရက် ရောက်လာခြင်း ဖြစ်၏။ တာဝန်ထမ်းဆောင်ရန် အပြင်ထွက်သည်ဆိုသည်မှာ တကယ်တော့ လက်တွေ့တိုက်ပွဲများပင် ဖြစ်သည်။ ဆရာများ လိုက်ပါမည်ဖြစ်သော်လည်း အန္တရာယ်ကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမြဲပင်။ ထို့ကြောင့် သူ ပစ္စည်းအချို့ ပြင်ဆင်ရမည်ဖြစ်၏။ အဆိပ်နှင့် ဆေးဝါးအချို့ ဝယ်ယူသည့်အပြင် ကုသရေးဆေးလုံးများ၊ အဆိပ်လူးထားသော ဓားမြှောင်များနှင့် လိုအပ်သည်များကို ပြင်ဆင်လိုက်သည်။ ၎င်းတို့သည် ပြင်ပပစ္စည်းများသာ ဖြစ်သော်လည်း အသုံးဝင်သည်မဟုတ်ပါလား။
အခန်းထဲသို့ ပြန်ရောက်သောအခါ လီချန်အန်း သည် သူ၏ စနစ်ကို ဖွင့်၍ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[ ဒင်! အချက်အလက်များ: ]
• အမည် - လီချန်အန်း
• အသက် - ၆ နှစ်၊ ကျား
• ဝိညာဉ်လက်နက် - ပန်ဂူပုဆိန် (မပြည့်စုံသောဗားရှင်း)၊ တုန်းဟွမ်ခေါင်းလောင်း (မပြည့်စုံသောဗားရှင်း)
• ဝိညာဉ်စွမ်းအား - အဆင့် ၁၃ (၁၂၀/၃၀၀)
• ဝိညာဉ်ကွင်း - နီလာမျက်လုံးကျားဖြူ (၉၉၃ နှစ်)
• ရမှတ် - ၃၈၈၆
• သုံးသပ်ချက် - မင်းက ရုပ်ချောတာကလွဲရင် အခုထိ အသုံးမကျသေးဘူး။
သုံးသပ်ချက်ကို လျစ်လျူရှုပြီး လီချန်အန်း သည် ပစ္စည်းလဲလှယ်ရေးကဏ္ဍကို ကြည့်လိုက်သည်။ သူ၏ ရမှတ်များနှင့် တက်ရန်လိုအပ်နေသော ဝိညာဉ်စွမ်းအား ကို တွက်ချက်ပြီးနောက် ဝိညာဉ်စွမ်းအားသီး (အခြေခံ) နှစ်လုံးကို လဲလှယ်လိုက်၏။ ဤအသီးနှစ်လုံးသည် သူ့ကို ဝိညာဉ်စွမ်းအား ၂၀၀ ပေးစွမ်းနိုင်သဖြင့် အဆင့် ၁၄ သို့ ချက်ချင်း တက်လှမ်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤအသီးနှစ်လုံးသည် သူ၏ ကာလရှည်ကြာ ကျင့်ကြံရမည့် အချိန်များကို အစားထိုးပေးလိုက်ခြင်းပင်။ သူ၏ ရမှတ်များဖြင့် အဆင့် ၂၀ ထိ ချက်ချင်းတက်နိုင်သော်လည်း ၎င်းမှာ ရှင်းပြရခက်ခဲမည်ဖြစ်၍ တစ်နေ့လျှင် တစ်ဆင့်တက်ခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
လီချန်အန်း သည် အသီးနှစ်လုံးကို ချက်ချင်းပင် စားလိုက်သည်။ ချိုချဉ်အရသာမှာ ပါးစပ်ထဲ၌ အရည်ပျော်သွားပြီး ဝမ်းဗိုက်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရကာ နောက်တစ်ခဏ၌ သူသည် အဆင့် ၁၄ သို့ ရောက်ရှိသွားတော့၏။ အဆင့် ၁၄ သို့ ရောက်သောအခါ နောက်တစ်ဆင့်တက်ရန် လိုအပ်သော ဝိညာဉ်စွမ်းအား မှာ ၄၀၀ ဖြစ်သွားသည်။ ၎င်းမှာ ပုံမှန်ပင်ဖြစ်၏။
ထို့နောက် သူသည် ဝိညာဉ်ကွင်းသီး ကို ကြည့်လိုက်သည်။ အခြေခံ ဝိညာဉ်ကွင်းသီး တစ်လုံးလျှင် ရမှတ် ၁၀၀၀ ပေးရသဖြင့် အလွန်ဈေးကြီးသော်လည်း သူ၏ ဝိညာဉ်ကွင်း သက်တမ်းကို နှစ်တစ်ရာ တိုးပေးနိုင်သည်မှာ ကြီးမားသော အကျိုးကျေးဇူးပင်။ သူ၏ ဝိညာဉ်ကွင်း မှာ နှစ်တစ်ထောင်ပြည့်ရန် အနည်းငယ်သာ လိုတော့ခြင်း ဖြစ်၏။ သာမန် နှစ်တစ်ထောင်နီးပါးကွင်းနှင့် တကယ့် နှစ်တစ်ထောင်ကွင်းမှာ ပေးစွမ်းသည့် စွမ်းအားချင်း လုံးဝ မတူညီပါပေ။ အခုဆိုလျှင် သူ၏ ခန္ဓာကိုယ်မှာလည်း နှစ်တစ်ထောင်ကွင်းကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။
လီချန်အန်း သည် ရမှတ် ၁၀၀၀ အသုံးပြု၍ ဝိညာဉ်ကွင်းသီး ကို လဲလှယ်လိုက်ပြီး မျက်ရည်လည်ရွဲဖြင့် စားလိုက်ရသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအားသီး ကဲ့သို့ ချိုချဉ်အရသာမဟုတ်ဘဲ အလွန်ခါးသက်သဖြင့် အော့အန်ချင်စရာ ကောင်းလှ၏။ သို့သော် ဈေးနှုန်းကို တွေးပြီး သူ ဆက်စားလိုက်သည်။ အသီးက ဝမ်းဗိုက်ထဲသို့ ရောက်သွားသောအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်ကို လီချန်အန်း ခံစားလိုက်ရသည်။ သူ ပို၍ သန်မာလာသလို ခံစားရ၏။ ယခုဆိုလျှင် သူသည် ဟူယန်လီ ၏ ခုခံမှုကို အင်အားအပြည့် သုံးစရာမလိုဘဲ ဖောက်ထွက်နိုင်ပြီ ဖြစ်သည်။
ရမှတ်များ ၃၈၈၆ မှ ၂၆၈၆ သို့ ကျဆင်းသွားသည်ကို ကြည့်ပြီး လီချန်အန်း ရင်နာမိသည်။ ရှေးလူကြီးများ ပြောသလိုပင် ငွေကုန်ကြေးကျများလှပါပေသည်။ နောင်ကျရင် ပိုပြီး ဟန်ဆောင်ရမည်၊ ရမှတ်တွေ ပိုစုရမည်ဟု သူ ဆုံးဖြတ်လိုက်၏။
ကျင့်ကြံမှုကို အနည်းငယ် ထိန်းညှိပြီးနောက် လီချန်အန်း သည် ကုတင်ပေါ်မှထ၍ မီးဖိုချောင်သို့ သွားလေသည်။ တစ်ပတ်ခန့် အပြင်ထွက်ရမည်ဖြစ်ရာ ဆရာမနှင့် ဆက်ဆံရေး မပြတ်စေရန် သူ ပစ္စည်းများ ပြင်ဆင်ရဦးမည်။ သူသည် ဆရာမကို ချစ်သော တပည့်ကောင်းတစ်ဦး မဟုတ်ပါလား။
"ဦးလေးဝမ်... ကျွန်တော့်ကို ကူပြီး ပစ္စည်းတွေ ပြင်ပေးပါဦး။ ကျွန်တော် ကိတ်မုန့်တွေ၊ ကြက်ဥလိပ် တွေ၊ ကွတ်ကီးတွေ၊ ဒိန်ခဲတွေ လုပ်မလို့..."
ဟုတ်ပါသည်။ ဤတစ်ခါတွင် လီချန်အန်း သည် ခုနစ်ရက်စာကို တစ်ခါတည်း လုပ်ရန် ပြင်ဆင်ခြင်းဖြစ်ပြီး မုရှီး အတွက်ပါ ဝေစုတစ်ခု ထည့်သွင်းထားလေသည်။ ပင်လယ်ဘုရင် ဆိုသည်မှာ သူ့ကို ချစ်သော အမျိုးသမီးတိုင်းကို ပြန်လည် ချစ်ပြရမည် ဖြစ်သော်လည်း နတ်သမီးလေး (ဘီဘီတုန်း) အတွက်ကိုတော့ အကောင်းဆုံးနှင့် အများဆုံး ပြင်ဆင်ပေးမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။