အခန်း (၁၅) - လီချန်အန်း၏ ပါးနပ်သောလှုပ်ရှားမှု
လီချန်အန်း သည် ချန်ရန်ရွှဲ ထံမှ အမြတ်ထုတ်ရန် ကြံစည်ထားသော်လည်း သူ အားနည်းချင်ယောင်ဆောင်ကာ သူမ၏ရင်ခွင်ထဲသို့ လဲကျသွားချိန်တွင် ချန်ရန်ရွှဲ က တွန်းမထုတ်ခဲ့သည်ကို မည်သူက ထင်မှတ်ထားပါမည်နည်း။ ချန်ရန်ရွှဲ ၏ မျက်နှာတွင် စိတ်ပျက်ဟန် ပေါ်နေသော်လည်း လဲကျနေသော လီချန်အန်း ၏ ပုံစံနှင့် သူမနှလုံးသားထဲမှ ကြင်နာတတ်သည့် စရိုက်တို့ကြောင့် နောက်ဆုံးတွင်တော့ သူ့ကို လမ်းဘေး၌ ပစ်မထားခဲ့ရန် ဆုံးဖြတ်လိုက်လေသည်။
သူမသည် လီချန်အန်း ကို လူသူဆိတ်ငြိမ်သော နေရာတစ်ခုသို့ တွဲခေါ်သွားပြီး သူမ၏ ပုခုံးပေါ်၌ မှီထားစေသည်။ သို့သော် သူမ၏ မျက်နှာလေးမှာတော့ စူပုတ်နေဆဲပင်။ ဤတပည့်လေးက သူမထံမှ ဒုတိယအကြိမ်မြောက် ဤမျှမြန်မြန် အမြတ်ထုတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် လီချန်အန်း က အားနည်းနေသဖြင့် မရည်ရွယ်ဘဲ ဖြစ်သွားခြင်းဖြစ်သည်ဟု တွေးမိသောအခါမှ ချန်ရန်ရွှဲ ၏ စိတ်က နည်းနည်း ပြန်ကြည်သွားလေသည်။ အကယ်၍သာ လီချန်အန်း သည် ယခုပင် လမ်းလျှောက်နိုင်နေပြီး အားသိပ်မနည်းတော့ကြောင်း သူမ သိသွားပါက တစ်ခါတည်း ရိုက်လွှတ်လိုက်မည်မှာ အသေအချာပင် ဖြစ်၏။
အမြတ်ထုတ်၍ ဝသွားသောအခါမှ လီချန်အန်း သည် သတိရလာသလိုမျိုးဖြင့် ချန်ရန်ရွှဲ နံဘေးမှ အမြန်ထလိုက်ပြီး သူမကို စော်ကားမိသလိုမျိုး ဟန်ဆောင်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် စီနီယာ... ကျွန်တော်... ကျွန်တော် တကယ် မရည်ရွယ်ပါဘူး။ ခုနက ဝိညာဉ်စွမ်းရည်က ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအား တွေကို အကုန်စုပ်ယူသွားလို့ပါ..."
ချန်ရန်ရွှဲ က လီချန်အန်း ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများက လူကို သတ်နိုင်လောက်သည့် အရှိန်အဝါမျိုး ရှိနေ၏။
"မင်းကို ငါ့ရှေ့မှာ နောက်တစ်ခါ ထပ်မတွေ့ပါရစေနဲ့!"
ပြောပြီးသည်နှင့် သူမသည် ထွက်ခွာရန် ပြင်လိုက်သည်။ သူမသည် မကြာခင်တွင် ရုပ်ဖျက်ပြီး သွားရောက်ကွယ်ဝှက်ရတော့မည်ဖြစ်၍ လေ့လာစရာများစွာ ရှိနေသည်။ လီချန်အန်း နှင့် ဤနေရာ၌ အချိန်ဖြုန်းနေရန် သူမတွင် အချိန်မရှိပေ။
"ခဏစောင့်ဦး စီနီယာ!"
လီချန်အန်း က လျင်မြန်စွာပင် ချန်ရန်ရွှဲ ၏ လက်ကို ဖမ်းဆွဲလိုက်ပြီး ရင်းနှီးသလိုမျိုး ပြောလိုက်သည်။
"စီနီယာက ကျွန်တော့်ကို ကူညီခဲ့တာဆိုတော့ ကျွန်တော် စီနီယာ့ကို ထမင်းတစ်နပ်လောက် ကျွေးပါရစေ။ ဒါဆိုရင် ကျွန်တော်တို့ ကျေးဇူးကြေသွားတာပေါ့။ နောက်ဆိုရင်လည်း ကျွန်တော် စီနီယာ့ဆီကို မလာတော့ဘူး... ဘယ်လိုလဲ"
ချန်ရန်ရွှဲ သည် လီချန်အန်း ၏ လက်ကို ခါထုတ်လိုက်ပြီး အစကတော့ ငြင်းဆန်ရန် ပြင်သော်လည်း လီချန်အန်း ၏ စကားကို ပြန်စဉ်းစားကြည့်ကာ သူမ၏ သွယ်လျသော လက်ကောက်ဝတ်ကို ပွတ်ရင်း မေးလိုက်သည်။
"တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးကြေသွားမှာနော်၊ ဟုတ်လား"
လီချန်အန်း က လေးနက်စွာ ခေါင်းညိတ်ပြသည်။ "ဒါပေါ့... သေချာတာပေါ့!"
မိန်းကလေးတွေကို ထမင်းဖိတ်ကျွေးတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အထဲက ဒါက တစ်မျိုးပေါ့ ဟု လီချန်အန်း က စိတ်ထဲမှ ကြံစည်နေလေသည်။
"ကောင်းပြီ... သွားကြမယ်!"
ချန်ရန်ရွှဲ က ခေါင်းညိတ်လိုက်ပြီး လီချန်အန်း ၏ ရှေ့မှနေ၍ အေးစက်စက် မျက်နှာပေးနှင့် လျှောက်သွားသည်။ သူမက လီချန်အန်း ကို လမ်းဘေးက လူစိမ်းတစ်ယောက်လိုပင် သဘောထားနေခြင်း ဖြစ်၏။ လီချန်အန်း ကတော့ ဒါကို ဂရုမစိုက်ပါ။ ဤကဲ့သို့ စရိုက်မျိုးရှိသည့် အမျိုးသမီးများသည် အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ်မှာ နွေးထွေးတတ်ကြသည်။ သူတို့၏ နှလုံးသားကိုသာ ထိတွေ့နိုင်ပါက သူတို့က မင်းနောက်ကို အသက်ပေး၍ လိုက်မည့်သူများ ဖြစ်သည်။ ဒါကို လီချန်အန်း ဘယ်လိုသိသနည်းဆိုသော် သူ၏ ယခင်ဘဝက ရည်းစားဟောင်းမှာလည်း ဤကဲ့သို့ လူစားမျိုး ဖြစ်နေသောကြောင့်ပင်။
ထမင်းကျွေးမည်ဟု ပြောထားသဖြင့် ကျောင်းမှ ထမင်းစားဆောင်သို့တော့ သွား၍ မရပေ။ ထိုနေရာမှ အစားအသောက်များက အခမဲ့ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် လီချန်အန်း က ချန်ရန်ရွှဲ ကို ကျောင်းပြင်ပလမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး ဟင်းကောင်းနှစ်ပွဲ မှာလိုက်လေသည်။ ချန်ရန်ရွှဲ ကလည်း ဇီဇာကြောင်တတ်သူ မဟုတ်သဖြင့် လီချန်အန်း မှာသမျှကို စားသည်။ သို့သော် စားနေချိန်တွင်တော့ တစ်ခွန်းမှ စကားမပြောဘဲ နှင်းတောင်ကုန်းပေါ်မှ အလှလေးတစ်ဦးကဲ့သို့ အေးစက်နေဆဲ ဖြစ်၏။
"စီနီယာ... စီနီယာက အတန်းထဲမှာ အမြဲတမ်း ထောင့်မှာပဲ ထိုင်နေပြီး ကျောင်းဆင်းရင်လည်း ချက်ချင်း မပြန်ဘူးနော်။ အဲ့ဒါ ဘာဖြစ်လို့လဲဟင်"
လီချန်အန်း က ဤထမင်းစားပွဲ အခွင့်အရေးကို အလဟဿ အဖြစ်မခံဘဲ စကားစမြည်ပြောရန် သူကပင် အရင် စတင်လိုက်သည်။
"မမေးသင့်တာကို မမေးနဲ့၊ ဒါက ကျောင်းရဲ့ လျှို့ဝှက်ချက်ပဲ!" ချန်ရန်ရွှဲ က လီချန်အန်း ကို အေးစက်စက် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"မပြောလည်း ကျွန်တော် နည်းနည်းတော့ ခန့်မှန်းမိပါတယ်။ ဆရာမက ပြောဖူးတယ်... မကြာခင်မှာ အင်ပါယာနှစ်ခုရဲ့ ထိပ်ပိုင်းဆီကို လူလွှတ်ဖို့ အစီအစဉ် ရှိတယ်တဲ့။ ကျောင်းမှာလည်း အဲ့ဒီအတွက် သင်တန်းတွေ ရှိနေတာပဲ။ ကျွန်တော် ထင်တာ မမှားရင် စီနီယာက ရွေးချယ်ခံရတဲ့သူတွေထဲက တစ်ယောက် ဖြစ်လိမ့်မယ်"
လီချန်အန်း က တိုးတိုးလေး ရေရွတ်လိုက်သည်။ ဇာတ်လမ်းကို သိနေသူတစ်ဦးအနေဖြင့် အဆုံးသတ်ကို မှန်အောင် ပြောနိုင်လျှင် ကြားမှ ဖြစ်စဉ်များကို မည်သို့ပင် ဖန်တီးပြောဆိုပါစေ အဆင်ပြေသည် မဟုတ်ပါလား။
ချန်ရန်ရွှဲ သည် လက်ထဲမှ တူကို ချက်ချင်း ချလိုက်ပြီး လီချန်အန်း ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
"မင်း ဒါကို ဘယ်လို ခန့်မှန်းမိတာလဲ"
လီချန်အန်း က သူ၏ ခေါင်းလေးကို အသာအယာ ညွှန်ပြရင်း ဆက်ပြောသည်။
"စီနီယာ... ကွယ်ဝှက်နေမည့်သူ တစ်ဦးအနေနဲ့ ဒီလိုမျိုး စိတ်ခံစားချက်တွေကို အပြင်ကို မထုတ်ပြသင့်ဘူး။ စီနီယာ့ရဲ့ အရာအားလုံးကို နှလုံးသားထဲမှာပဲ သိမ်းဆည်းထားရမယ်။ အခု စီနီယာ့ရဲ့ စွမ်းရည်က မပြည့်စုံသေးဘူး..."
"ပြီးတော့ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ကွယ်ဝှက်နေမည့်သူတစ်ဦးအတွက် အရေးကြီးဆုံးက အစားထိုးမည့်သူရဲ့ ပုံစံအတိုင်း သရုပ်ဆောင်ဖို့ မဟုတ်ဘဲ အဲ့ဒီလူရဲ့ ဘဝထဲကို လုံးဝ စီးမျောဝင်ရောက်သွားဖို့ပဲ"
ချန်ရန်ရွှဲ သည် လီချန်အန်း ၏ စကားကို ကြားသောအခါ ဤကောင်လေး၌ တစ်ခုခုတော့ ရှိသားပဲဟု ခံစားလိုက်ရပြီး သူမ၏ အေးစက်သော မျက်ဝန်းများမှာ အနည်းငယ် နူးညံ့သွားလေသည်။ သူမက မေးစေ့ကို လက်ဖြင့်ထောက်ကာ လီချန်အန်း ကို ဆက်ပြောရန် အချက်ပြလိုက်၏။
"အဲ့ဒီလူရဲ့ ဘဝထဲကို စီးမျောဝင်ရောက်ဖို့ ဆိုရင် အရင်ဆုံး အဲ့ဒီလူက ဘယ်လိုလူလဲဆိုတာ သိဖို့ လိုပါတယ်။ ဥပမာ - စီနီယာက မှူးမတ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ်ဆိုရင် အရင်ဆုံး စီနီယာ့ရဲ့ အမူအရာက..."
လီချန်အန်း သည် ရုပ်ဖျက်အတတ်ပညာကို တစ်ခါမျှ မသင်ဖူးသော်လည်း သူသည် ဗဟုသုတများ ပေါကြွယ်ဝသည့် ခေတ်မှ လာသူ ဖြစ်သည်။ ထို့ကြောင့် ချန်ရန်ရွှဲ အထင်ကြီးသွားအောင် သူကပင် လမ်းညွှန်ပေးနေခြင်း ဖြစ်၏။ သို့သော် လီချန်အန်း က မအပေ။ အရာအားလုံးကို တစ်ခါတည်း ပြောပြလိုက်လျှင် နောက်တစ်ခါ တွေ့ရန် အကြောင်းပြချက် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် အရေးကြီးသည့် နေရာရောက်သောအခါ သူက စကားကို ရပ်လိုက်လေသည်။
"အော်... တောင်းပန်ပါတယ် စီနီယာ၊ ကျွန်တော် ခဏနေရင် လုပ်စရာလေး ရှိသေးလို့ သွားလိုက်ဦးမယ်။ ဒါဆိုရင် ကျွန်တော်တို့ ကျေးဇူးကြေပြီနော်၊ နှုတ်ဆက်ပါတယ်!"
ချန်ရန်ရွှဲ သည် စိတ်ဝင်တစား နားထောင်နေရင်းမှ စကားပြတ်သွားသောကြောင့် ဒေါသထွက်သွားသည်။
"မင်းက ဘယ်လိုလူလဲ၊ စကားကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားတာလား။ ဒါက လူကို အာသာမပြေဖြစ်အောင် လုပ်တာပဲ!"
လီချန်အန်း က လက်ကို ဘာမှမတတ်နိုင်သလို ခါယမ်းပြလိုက်ပြီး ပြန်မချေပတော့ပေ။
"ဒါဆိုရင် ကျောင်းမှာ တွေ့ရင် နောက်တစ်ခါ ပြန်ဆွေးနွေးကြတာပေါ့။ ဒါက ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုသက်သက်ပါပဲ။ ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ စီနီယာက ကျွန်တော့်ကို ထမင်းပြန်ကျွေးရမယ်နော်"
ချန်ရန်ရွှဲ ခဏ စဉ်းစားပြီး သဘောတူလိုက်သည်။ လီချန်အန်း ပြောသော စကားများက တကယ်ပင် အနှစ်သာရ ရှိသလို သူမကိုလည်း ပို၍ သိချင်အောင် ဆွဲဆောင်နေသောကြောင့်ပင်။
"ဒါဆိုရင် မနက်ဖြန်... ဒါမှမဟုတ် ဒီနေရာမှာပဲ ငါ မင်းကို ထမင်းပြန်ကျွေးမယ်"
လီချန်အန်း က ခေါင်းခါပြသည်။ "မရဘူး... ဒီရက်ပိုင်း ကျွန်တော် အလုပ်များနေတယ်။ သုံးရက်နေမှ တွေ့ကြတာပေါ့"
ငါ့ရဲ့ အချိန်တွေက တန်ဖိုးရှိတာပေါ့၊ မင်းတစ်ယောက်တည်းနဲ့ပဲ ဘယ်အချိန်ဖြုန်းနိုင်မှာလဲ ဟု သူ စိတ်ထဲမှ တွေးနေသည်။ သူက ဆရာမနှင့်လည်း ထမင်းအတူစားချင်သေးသလို၊ ဟူလျဲနာ ၊ မုရှီး တို့နှင့်လည်း အချိန်ဖြုန်းချင်သေးသောကြောင့် ဖြစ်၏။
ချန်ရန်ရွှဲ က ထပ်ပြောချင်သေးသော်လည်း သူမက အကူအညီတောင်းနေရသူ ဖြစ်သဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်ရလေသည်။ လီချန်အန်း က ထွက်ခွာရန် ပြင်လိုက်ရင်းဖြင့် ချန်ရန်ရွှဲ ကို ထမင်းထုတ်တစ်ထုတ် ဝယ်ခိုင်းလိုက်ပါသေးသည်။ အကြောင်းပြချက်မှာ သူ ဗိုက်မဝသေးသဖြင့် အတန်းမတက်မီ ထပ်စားချင်သောကြောင့် ဖြစ်၏။
ချန်ရန်ရွှဲ ဝယ်ပေးလိုက်သည့် ထမင်းထုတ်ကို ကိုင်ပြီး လီချန်အန်း သည် ကျောင်းမှ ထမင်းစားဆောင်ဆီသို့ အပြေးသွားလေသည်။ ထိုအချိန်မှာ ထမင်းစားချိန်ဖြစ်သဖြင့် အလှလေး မုရှီး ကို ရှာတွေ့နိုင်မှာ သေချာပါသည်။
သူ ထင်သည့်အတိုင်းပင် ထမင်းစားဆောင်၏ ထောင့်တစ်နေရာ၌ ခေါင်းငုံ့၍ ထမင်းစားနေသော မုရှီး ကို တွေ့လိုက်ရသည်။ လီချန်အန်း သည် သူမအနားသို့ အေးဆေးစွာ လျှောက်သွားပြီး ထမင်းထုတ်ကို စားပွဲပေါ် တင်လိုက်သည်။
"ဒီမှာ... ငါ မင်းအတွက် အာဟာရပြည့်ဝတဲ့ ဟင်းတွေ ဝယ်လာပေးတယ်။ ငါကတော့ မင်းရဲ့ ဟင်းတွေကိုပဲ စားမယ်!"