အခန်း ၄ နော့တန်ကျောင်းတော်
စိတ်အားထက်သန်နေကြသော ရွာသားအများကို အနိုင်နိုင် ဖျောင်းဖျပြီးနောက် ဝမ်လီသည် နောက်ဆုံးတွင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ သူသည် သိုင်းဝိညာဉ် နိုးထရုံသာ ရှိသေးပြီး ဝိညာဉ်ကွင်း မရရှိသေးသဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။ အကြွင်းမဲ့ကြီး မဟုတ်သော်လည်း ယခုမူ မိမိကဲ့သို့ အားကိုးရာမဲ့ မိဘမဲ့ကလေးတစ်ယောက်သည် ရုတ်တရက် ကျေးရွာတစ်ခုလုံး၏ အသည်းကျော် ဖြစ်သွားခဲ့ရပြီ။
အိမ်သို့ ပြန်ရောက်လျှင် ဝမ်လီသည် ပေါင်းသင်သည့် လယ်ယာသုံး ကိရိယာများကို ကောက်ကိုင်ကာ လယ်ကွင်းများဆီသို့ တစ်ဖန် ပြန်ထွက်လာခဲ့ပြန်သည်။ သိုင်းဝိညာဉ် နိုးထလာခဲ့ပြီ ဖြစ်သော်လည်း စိုက်ပျိုးရမည့် လယ်မြေများကိုမူ ဆက်လက် စိုက်ပျိုးရဦးမည် ဖြစ်ပေသည်။ ဝမ်လီသည် တွေးတောမြော်မြင်သော မျက်နှာထားဖြင့် စိတ်ထဲမှ စဉ်းစားနေမိ၏။
မြို့ထဲကို သွားဖို့ သုံးလတောင် လိုသေးတာပဲ။ နော့တန်ကျောင်းတော်ကို ရောက်သွားရင်တော့ လယ်လုပ်စရာ လိုတော့မှာ မဟုတ်ဘူး။ အလုပ်သင်ကျောင်းသားတွေအတွက် ကျောင်းလခ ကင်းလွတ်ခွင့် ရမယ်ဆိုပေမဲ့ စားသောက်စရိတ်အတွက်တော့ နည်းလမ်းရှာရဦးမယ်။ ဒီနှစ် ရိတ်သိမ်းလို့ရတဲ့ ကောက်ပဲသီးနှံတွေကို အခွန်ဆောင်ပြီးတာနဲ့ အကုန်ရောင်းရမယ်။ အိမ်က လယ်ကွင်းတွေထဲက ရောင်းလို့ရတာ ရောင်းပြီး မရောင်းရတာတွေကိုတော့ သူတပါးကို အငှားချထားရမယ်။ ဝိညာဉ်နန်းတော်ကနေ ထောက်ပံ့ကြေးတွေ ရရှိနိုင်မယ့် စစ်မှန်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာမှသာ ဒီလို ကျပ်တည်းတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်မှာ ဖြစ်တယ်။
သုံးလဟူသော အချိန်သည် ရှည်လျားသည်ဟု ဆိုနိုင်သော်လည်း မကြာမီပင် ကုန်ဆုံးသွားခဲ့သည်။ ဝမ်လီသည် မိမိ စုဆောင်းထားသော ငွေကြေးများကို ထုတ်ယူ၍ စနစ်တကျ ရေတွက်လိုက်၏။ အများစုမှာ ကြေးဝိညာဉ်ဒင်္ဂါးများ ဖြစ်ပြီး ငွေဝိညာဉ်ဒင်္ဂါးအချို့လည်း ရောနှောနေသည်။ သူသည် သေချာစွာ ရေတွက်ပြီးနောက် ရေရွတ်လိုက်၏။
“ငွေဝိညာဉ်ဒင်္ဂါး နှစ်ဆယ့်ငါးပြားနဲ့ ကြေးဝိညာဉ်ဒင်္ဂါး နှစ်ရာ့သုံးဆယ့်လေးပြား ဆိုတော့ အားလုံးပေါင်းလိုက်ရင် ငွေဝိညာဉ်ဒင်္ဂါး နှစ်ဆယ့်ခုနစ်ပြားနဲ့ ကြေးဝိညာဉ်ဒင်္ဂါး သုံးဆယ့်လေးပြား ရှိတာပဲ။ ဒီလောက်ဆိုရင်တော့ မြို့ထဲမှာ အတန်ကြာ ရှင်သန်ဖို့ လုံလောက်မှာပါ”
တုံလော်ကမ္ဘာ၏ ငွေကြေးစနစ်အရ ရွှေဝိညာဉ်ဒင်္ဂါးတစ်ပြားလျှင် ငွေဝိညာဉ်ဒင်္ဂါး တစ်ရာနှင့် ညီမျှပြီး ကြေးဝိညာဉ်ဒင်္ဂါး တစ်သောင်းနှင့် ညီမျှပေသည်။
ဝမ်လီသည် ကောက်ပဲသီးနှံများကို ရောင်းချပြီးနောက် ရွာလူကြီး ဝမ်ဖင်၏ ကူညီပေးမှုဖြင့် မိမိ၏ လယ်ကွင်းများကို အခြားရွာသားများထံ ဈေးနှုန်းအနည်းငယ် လျှော့၍ အငှားချထားလိုက်သည်။ အကယ်၍ ဖြစ်နိုင်ပါက ဝမ်လီသည် ဈေးနှုန်းကို မြှင့်တင်လိုသော်လည်း မိမိတို့ကျေးရွာ၏ စီးပွားရေး အခြေအနေအရ ဈေးနှုန်းကြီးမြင့်ပါက မည်သူမျှ ငှားရမ်းကြမည် မဟုတ်ပေ။ ယခုကဲ့သို့ ဈေးနှုန်းမများသော်လည်း ပုံမှန် ဝင်ငွေရရှိနေခြင်းကိုပင် ဝမ်လီသည် အလွန် ကျေနပ်နေမိပြီ ဖြစ်သည်။
ထိုအချိန်တွင် အိမ်အပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရ၏။
“ရှောင်လီရေ။ အိမ်မှာ ရှိလား။”
ဝမ်လီသည် ထိုအသံကို ကြားသည်နှင့် ရှေ့တွင်ရှိသော ငွေအိတ်အကြီးအသေး နှစ်အိတ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး တံခါးကို ပြေးဖွင့်ပေးလိုက်သည်။ အပြင်ဘက်တွင် ရွာလူကြီး ဝမ်ဖင်သာမက ကျေးရွာသားအချို့ကိုပါ တွေ့လိုက်ရသဖြင့် သူက ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။
“ဘိုးဘိုး ရွာလူကြီးနဲ့ ဦးဦး ဒေါ်ဒေါ်တို့ပါလား။ ဘာလို့ အားလုံး ရောက်လာကြတာလဲ။ အိမ်ထဲကို ကြွကြပါဦး။ ကျွန်တော် ရေနွေးတည်ပေးပါ့မယ်။”
ဝမ်ဖင်သည် သူတို့လူဦးရေ များပြားသဖြင့် ဝမ်လီ၏ အိမ်ငယ်လေးအတွင်း ဆံ့မည်မဟုတ်သည်ကို သိသောကြောင့် အိမ်ထဲသို့ မဝင်တော့ဘဲ ပြုံး၍ ပြောလိုက်သည်။
“ရှောင်လီ။ ငါတို့ အိမ်ထဲမဝင်တော့ပါဘူး။ မနက်ဖြန် မင်း ဘိုးဘိုးနဲ့အတူ မြို့ထဲကို သွားရတော့မယ် မဟုတ်လား။ ပြင်ဆင်စရာ ရှိတာတွေကို သေချာ ပြင်ဆင်ပြီး လိုအပ်တာမှန်သမျှ အကုန်ယူသွားပါ။ နော့တန်ကျောင်းတော်ထဲကို ရောက်သွားရင် တို့လို သာမန် အရပ်သားတွေက ကျောင်းထဲကို ဝင်ပြီး မင်းကို တွေ့ဖို့ဆိုတာ မလွယ်တော့ဘူး။”
ထိုသို့ ပြောပြီးနောက် ဝမ်ဖင်သည် အိတ်တစ်အိတ်ကို ထုတ်ယူကာ ဝမ်လီ၏ လက်ထဲသို့ လေးလေးနက်နက် ကမ်းပေးရင်း တည်ကြည်စွာ ပြောလိုက်၏။
“မြို့ပြဆိုတာ တို့တောရွာလို မဟုတ်ဘူး။ မင်း သွားရမှာက ဝေးလံတဲ့နေရာ ဖြစ်လို့ တစ်နှစ်ခွဲလောက်အထိ အိမ်ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဒီငွေတွေက ရွာထဲက လူတွေအားလုံးရဲ့ စေတနာမို့လို့ ယူထားလိုက်ပါ။ ဟိုရောက်ရင် သေချာ ကြိုးစားပြီး ပညာသင်ယူပါ။ နောင်အနာဂတ်မှာ မင်း သေချာပေါက် အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာရမယ်။”
ဝမ်လီသည် ထိုငွေအိတ်ကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ လှမ်းယူလိုက်သည်။ အိတ်ထဲတွင် ငွေမည်မျှ ပါဝင်သည်ကို သူ မသိသော်လည်း ဝမ်ဖင်နှင့် ရွာသားများ၏ မျှော်လင့်ချက်အပြည့် ရှိနေသည့် မျက်နှာများကို ကြည့်ရင်း သူက အသံကျယ်ကျယ်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဘိုးဘိုး ရွာလူကြီး။ ဦးဦး ဒေါ်ဒေါ်တို့အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ကျွန်တော် သေချာပေါက် အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်။”
ဤခံစားချက်သည် ခေတ်နောက်ကျသော တောရွာလေးတစ်ခုမှ တက္ကသိုလ်ကျောင်းသားတစ်ယောက် ပေါ်ထွက်လာပြီး ရွာလုံးကျွတ်၏ မျှော်လင့်ချက်များကို ရင်ဝယ်ပိုက်ကာ မြို့ပြသို့ ပညာသင်သွားရသကဲ့သို့ ရှိပေသည်။ ဝမ်လီသည် ထိုစေတနာကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။ နောင်တွင် မိမိ၏ အစွမ်းသတ္တိများ တိုးတက်လာခဲ့လျှင် ဤကျေးရွာလေးကို ပြန်လည် ကျေးဇူးဆပ်ရန်မှာ အလွန်ပင် လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပါလော။
ဝမ်ဖင်သည် ထိုစကားကို ကြားသောအခါ အလွန်ပင် ဝမ်းမြောက်သွားခဲ့ရသည်။ ဤကျေးရွာလေးတွင် နှစ်ပေါင်းများစွာကြာမှ ဝိညာဉ်စွမ်းအား ပါရှိသော ဝမ်လီတစ်ယောက်သာ ထွက်ပေါ်လာခဲ့သဖြင့် သူ၏ မျှော်လင့်ချက်အားလုံးကို ဝမ်လီအပေါ်၌သာ ပုံအောထားရခြင်း ဖြစ်၏။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဝမ်းသာအားရ ရေရွတ်လိုက်သည်။
“လိမ္မာတဲ့ မြေးလေးပဲ။ တကယ် လိမ္မာတဲ့ မြေးလေးပဲ။”
ဝမ်ဖင်သာမက အခြားရွာသားများကလည်း စိတ်အားထက်သန်စွာဖြင့် သူတို့ ယူဆောင်လာသော ရိက္ခာခြောက်များနှင့် သစ်သီးဝလံများကို ဝမ်လီထံသို့ ပေးအပ်ကြရာ ဝမ်လီကလည်း ပြုံးရွှင်စွာဖြင့် အားလုံးကို လက်ခံရယူလိုက်သည်။
ဝမ်ဖင်နှင့် ရွာသားအားလုံး ထွက်ခွာသွားပြီးနောက် ဝမ်လီ၏ ပြုံးရယ်နေသော မျက်နှာလေးမှာ အနည်းငယ် တောင့်တင်းသွားခဲ့ရသည်။ သူသည် အိမ်ထဲသို့ ပြန်ဝင်ကာ ရိက္ခာခြောက်များနှင့် သစ်သီးများကို စနစ်တကျ စီစဉ်ပြီးနောက် ဝမ်ဖင် ပေးခဲ့သော ငွေအိတ်ကို ဖွင့်လှစ်၍ အသေအချာ ရေတွက်ကြည့်လိုက်၏။ ရေတွက်ပြီးသောအခါ ငွေဝိညာဉ်ဒင်္ဂါး စုစုပေါင်း သုံးဆယ် ရှိနေသည်။
ဝမ်လီ၏ မျက်ဝန်းများက အရောင်တောက်သွားခဲ့ရ၏။ နော့တန်ကျောင်းတော်သို့ ရောက်ရှိလျှင် မိမိအနေဖြင့် ဝဝလင်လင် စားသောက်နိုင်ရုံသာမက ကောင်းမွန်စွာပင် နေထိုင်နိုင်တော့မည် ဖြစ်သည်။ အနည်းဆုံးတော့ အစားအစာထဲတွင် ကြက်ပေါင်တစ်ခုကို တိုး၍ စားသောက်နိုင်ပြီ မဟုတ်ပါလော။ သူသည် ငွေများကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။
ဝမ်ဖင် ပြောခဲ့သည့်အတိုင်း ဝမ်လီသည် အဝတ်အစား နှစ်စုံ၊ ဖိနပ်၊ ခြေအိတ်၊ အိပ်ရာလိပ်နှင့် ရိက္ခာခြောက်များ စသည်ဖြင့် အသုံးအဆောင် ပစ္စည်းများစွာကို အိတ်ထဲသို့ စနစ်တကျ ထုပ်ပိုး ပြင်ဆင်လိုက်ရသဖြင့် တက္ကသိုလ်တက်မည့် ကျောင်းသားတစ်ယောက်ကဲ့သို့ ခံစားနေရတော့သည်။
နောက်တစ်နေ့ နံနက်ခင်း။
မိုးမလင်းမီအချိန်၌ ဝမ်လီ နိုးလာခဲ့သည်။ သူသည် အစားအစာ အသစ်ချက်ပြုတ်ခြင်း မပြုတော့ဘဲ ရေနွေးတစ်အိုး တည်ကာ ရှိပြီးသား ရိက္ခာခြောက်များဖြင့်သာ ဝမ်းဖြည့်လိုက်၏။ ထို့နောက် သူသည် အိတ်အကြီးအသေးများကို ဆွဲယူကာ တံခါးပြင်ပသို့ ထွက်လာခဲ့ပြီး မိမိ ခြောက်နှစ်တိုင်တိုင် နေထိုင်ခဲ့သော အိမ်လေးကို နောက်သို့ ပြန်လည် ငေးကြည့်လိုက်သည်။ ထို့နောက် တံခါးကို ပိတ်ကာ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာမည့် လမ်းခရီးဆီသို့ ပြတ်သားစွာ ခြေလှမ်းလှမ်းခဲ့တော့သည်။
သိုင်းဝိညာဉ်၊ ဝိညာဉ်ကွင်းနှင့် ဝိညာဉ်အရိုးများ။ တုံလော်တိုက်သည် အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
ရွာထိပ်တွင် ဝမ်ဖင်နှင့် သူ၏သား ဝမ်ရွှန့်တို့သည် နွားလှည်းတစ်စီးနှင့်အတူ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ဝမ်လီသည် အနားသို့ အလျင်အမြန် လျှောက်လှမ်းသွားပြီး နှုတ်ဆက်လိုက်၏။
“ဘိုးဘိုး ရွာလူကြီးနဲ့ ဦးဦး ဝမ်ရွှန့်။”
ဝမ်ဖင်၏ အိုမင်းရင့်ရော်သော မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေပြီး ဝမ်လီကို လှမ်း၍ ခေါ်လိုက်သည်။
“ရှောင်လီ ရောက်လာပြီပဲ။ လှည်းပေါ်ကို အမြန်တက်။ တို့တွေ စောစောထွက်မှ ကျောင်းအပ်တာ နောက်မကျမှာ။”
ဝမ်ဖင်၏ သားဖြစ်သူ အရပ်ရှည်ရှည်နှင့် ဝမ်ရွှန့်က ရှေ့သို့ လှမ်းလာပြီး ဝမ်လီ၏ အထုပ်အပိုးများကို လှည်းပေါ်သို့ တင်ဆောင်ပေးလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင်မူ အားကျရိပ်များဖြင့် ပြည့်နှက်နေ၏။ အဘယ်ကြောင့်ဆိုသော် နောင်အနာဂတ်တွင် ဝမ်လီသည် သူတို့ကျေးရွာ၏ တစ်ဦးတည်းသော ဝိညာဉ်သခင် ဖြစ်လာတော့မည် မဟုတ်ပါလော။
အရာအားလုံး အဆင်သင့် ဖြစ်သောအခါ ဝမ်ဖင်နှင့် ဝမ်လီတို့သည် နွားလှည်းပေါ်တွင် ထိုင်လိုက်ကြပြီး ဝမ်ရွှန့်က နွားလှည်းကို မောင်းနှင်၍ စတင် ထွက်ခွာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် ဝမ်ဖင်သည် မိမိ သိရှိထားသော ဝိညာဉ်သခင်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဝမ်လီအား အသံကျယ်ကျယ်ဖြင့် ပြောပြခဲ့၏။ အချို့မှာ ဖြစ်ရပ်မှန်များ ဖြစ်ပြီး အချို့မှာ ဒဏ္ဍာရီ ပုံပြင်များ မျှသာ ဖြစ်သော်လည်း သူ၏ စကားလုံးတိုင်းတွင် ဝိညာဉ်သခင်များ၏ ကမ္ဘာအပေါ် အလွန် တောင့်တနေသည့် အရိပ်အယောင်များ ပါရှိနေသည်။
တုံလော်တိုက်တွင် ဝိညာဉ်သခင်များသည် မင်းစိုးရာဇာများနှင့် အဆင့်အတန်း တူညီကြသည်။ မင်းစိုးရာဇာများ၏ အဆင့်အတန်းမှာ မွေးရာပါ ဖြစ်သော်လည်း ဝိညာဉ်သခင် အဆင့်အတန်းကမူ သာမန် အရပ်သားများအတွက် သေးငယ်သော မျှော်လင့်ချက်တစ်ခုကို ပေးစွမ်းနိုင်ခြင်း ဖြစ်၏။ ဤအချက်ကပင် ဝိညာဉ်သခင်များ၏ အဆင့်အတန်း မည်မျှ ထူးခြားသည်ကို ဖော်ပြနေပေသည်။
သူတို့သည် နော့တန်မြို့ ပြင်ပသို့ ရောက်ရှိသောအခါ ဝမ်ရွှန့်က နွားလှည်းကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ပြီး ဝမ်ဖင်က ဝမ်လီကို ခေါ်၍ မြို့ထဲသို့ ဝင်လာခဲ့သည်။ လမ်းခရီးတွင် အနည်းငယ် စုံစမ်းမေးမြန်းကြည့်ပြီးနောက် နော့တန်ကျောင်းတော် တည်ရှိရာနေရာကို သူတို့ ရှာဖွေတွေ့ရှိခဲ့ကြ၏။
နော့တန်ကျောင်းတော်သို့ ရောက်ရှိသောအခါ ၎င်းသည် အလွန်ကြီးမားသော အဆောက်အအုံကြီး ဖြစ်သည်ကို တွေ့ရသည်။ ကျောင်းတံခါးဝတစ်ခုတည်းတင် အလျား မီတာနှစ်ဆယ်နှင့် အမြင့် လေးမီတာခန့် ရှိပြီး အဆင့်မြင့် သံမဏိများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ထိုအချိန်တွင် ကျောင်းတံခါးဝ၏ ရှေ့၌ သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ကိုလည်း တွေ့လိုက်ရသည်။ သူတို့သည် ကျောင်းထဲသို့ ဝင်ရောက်၍ ကျောင်းအပ်ရန် ပြင်ဆင်နေကြပုံရသော်လည်း ကျောင်းတံခါးစောင့်က သူတို့ကို တားဆီးထားခဲ့သည်။