အခန်း (၃၆) လေးဦးအနက်မှ တစ်ဦးကို ရွေးချယ်ခြင်း၊ မိစ္ဆာဝံပုလွေ နေလ်
လီကျားအကယ်ဒမီ၏ ပင်မကွင်းပြင်ကျယ်ကြီးထက်၌ ဖြစ်သည်။
ဝမ်လီသည် ပိုင်ချန်၊ မုန့်တူးနှင့် အခြားသူများကို မြင်တွေ့လိုက်ရသကဲ့သို့ ထိုသူများကလည်း ဝမ်လီ့ကို လှမ်းမြော်ကြည့်နေကြသည်။ သူတို့သည် အသက် ခုနစ်နှစ်အရွယ်နှင့် အဆင့်တစ်ဆယ့်ငါးသို့ ရောက်ရှိနေသော ဝမ်လီ၏ ပါရမီကြောင့် အမှန်တကယ်ပင် အံ့အားသင့်နေကြရသော်လည်း ယခုမျှ ကျောင်းစတက်ခါစ ကလေးတစ်ဦးက ကျောင်းသားများသမဂ္ဂ၏ ဒိန်းကွန်ရာထူးကို စိန်ခေါ်ရန် ကြံရွယ်နေခြင်းအပေါ်တွင်မူ စိတ်ထဲ၌ မသိမသာ ဒေါသထွက်နေမိကြသည်။
သူတို့သည် ဤကျောင်းတော်တွင် ဒိန်းကွန်နှင့် ဒုတိယဥက္ကဋ္ဌ ရာထူးနေရာများ ရရှိရန်အတွက် လွန်ခဲ့သော နှစ်အနည်းငယ်ပတ်လုံး အဆင့်ဆင့် ရုန်းကန်လှုပ်ရှားကာ တက်လှမ်းခဲ့ကြရခြင်း ဖြစ်သည်။ ယခုမူ ကျောင်းဂိတ်ဝကိုပင် ခြေစုံမချရသေးသော ကျောင်းသားသစ်တစ်ဦးက ယနေ့တွင် ဒိန်းကွန်လုပ်မည်ဆိုပါက မနက်ဖြန်၌ ဥက္ကဋ္ဌရာထူးကိုပင် သိမ်းပိုက်ရန် ကြံစည်တော့မည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့သည် မည်သည့်ဒိန်းကွန်ကပင် ထွက်၍ ရင်ဆိုင်ရသည်ဖြစ်စေ ဤကျောင်းသားသစ်အား ကောင်းကောင်းကြီး ပညာပေးကာ လောကကြီး၏ အနိမ့်အမြင့်၊ အတက်အကျကို သိစေရမည်ဟု ကွယ်ရာတွင် တိုင်ပင်ထားကြပြီး ဖြစ်သည်။
ထိုစဉ် ပိုင်ချန်က ဝမ်လီ့ကို ကြည့်ကာ မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် ဆိုလာသည်။
“ညီလေး ဝမ်လီ၊ အစ်ကိုက လက်ရှိ ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ ပိုင်ချန် ပါ။ အစ်ကို့အနေနဲ့ ထပ်ပြီး အတည်ပြုချင်တာက ညီလေးက တို့သမဂ္ဂရဲ့ ဒိန်းကွန်ရာထူးကို တကယ်ပဲ စိန်ခေါ်ချင်တာ သေချာရဲ့လား”
ဝမ်လီက ထိုစကားကို ကြားလျှင် တွေဝေခြင်းမရှိဘဲ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“သေချာပါတယ် အစ်ကို”
စကားအဆုံးတွင် ပိုင်ချန်၏ မျက်ဝန်းအစုံ မှေးစင်းသွားပြီး ခက်ထန်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသော်လည်း ချက်ချင်းပင် မူလအတိုင်း ပြန်လည် ထိန်းချုပ်ကာ မေးမြန်းခဲ့သည်။
“ဒါဆို စိန်ခေါ်ပွဲရဲ့ စည်းမျဉ်းတွေကိုကော သေချာ သိရဲ့လား”
ဝမ်လီက ဆက်လက် ခေါင်းညိတ်ပြလိုက်သည်။ ဤစည်းမျဉ်းများမှာ လျှို့ဝှက်ချက် မဟုတ်သဖြင့် ကျောင်းတော်တွင် နှစ်လတာ နေထိုင်စဉ်အတွင်း သူ ကောင်းစွာ စုံစမ်းသိရှိထားပြီး ဖြစ်သည်။
“လက်ရှိ ဒိန်းကွန်တွေထဲက တစ်ယောက်ကို ရွေးပြီး အမွှေးတိုင်တစ်တိုင်စာ အချိန်အထိ တောင့်ခံပြရမယ်၊ ဒါမှမဟုတ် အဲဒီဒိန်းကွန်ကို တိုက်ရိုက် အနိုင်ယူပြရမယ် မဟုတ်လား”
ပိုင်ချန်သည် ထပ်မံ ရှင်းပြခြင်း မပြုတော့ဘဲ ဘေးသို့ အသာဖယ်ပေးရင်း ဆိုလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင်တော့ တို့တွေ အချိန်ဖြုန်းမနေတော့ဘူး။ ချင်ယီ၊ နေလ်၊ ချန်းနန်၊ လျိုစစ်၊ မင်းတို့ လေးယောက် ရှေ့ကို ထွက်ခဲ့ကြ။ ညီလေး၊ ကြိုက်တဲ့လူတစ်ယောက်ကို ရွေးချယ်နိုင်တယ်”
ထိုအခါ စီနီယာလေးဦး ရှေ့သို့ လျှောက်လှမ်းလာကြသည်။ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိသော ကောက်ကြောင်းကို ပိုင်ဆိုင်ထားသည့် စီနီယာမလေး ချင်ယီ၏ သိုင်းဝိညာဉ်မှာ မြွေ ဖြစ်သည်။ ဓားသွားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံနှင့် ကြယ်တာရာအလား တောက်ပသော မျက်ဝန်းများဖြင့် နတ်ဆိုးတစ်ပါးကဲ့သို့ ခန့်ညားလွန်းသော စီနီယာ နေလ်၏ သိုင်းဝိညာဉ်မှာမူ ဝံပုလွေ ဖြစ်သည်။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် စူးရှသော မျက်လုံးများ ရှိသည့် စီနီယာ ချန်းနန်၏ သိုင်းဝိညာဉ်မှာ လင်းယုန် ဖြစ်ပြီး၊ ၁.၈၉ မီတာခန့် အရပ်အမောင်းဖြင့် ထွားကျိုင်းလှသော စီနီယာ လျိုစစ်၏ သိုင်းဝိညာဉ်မှာမူ လိပ် ဖြစ်သည်။ ဤသည်မှာ ကျောင်းတော်တစ်ခုလုံး သိရှိထားပြီးသား အချက်အလက်များ ဖြစ်ကြသည်။
အမှန်တကယ်တော့ ဝမ်လီ့အနေဖြင့် မည်သူ့ကိုမဆို ရွေးချယ်နိုင်ပြီး မည်သို့ပင်ဖြစ်စေ အနိုင်ရရှိရန် သေချာနေသော်လည်း ကျောင်းစတက်သည့် နေ့တွင်ပင် အမျိုးသမီးတစ်ဦးကို စတင် တိုက်ခိုက်ပါက ပရိသတ်များ၏ အမြင်မကြည်လင်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ဝမ်လီသည် ဝံပုလွေ သိုင်းဝိညာဉ် ပိုင်ရှင်ဖြစ်သော စီနီယာ နေလ်ကို ကြည့်ကာ လှမ်း၍ ပြောလိုက်သည်။
“စီနီယာ နေလ်၊ ကျွန်တော့်ကို လမ်းညွှန်ပြသပေးဖို့ တောင်းဆိုပါတယ်”
နေလ်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ ခန့်ညားသော သူ၏ မျက်နှာထက်တွင် ရိုင်းစိုင်းခက်ထန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလျက် မောက်မာစွာ ဆိုသည်။
“ညီလေး၊ မင်းသာ ဟိုဘက်က လိပ်သိုင်းဝိညာဉ် ပိုင်ရှင်ကို ရွေးပြီး ခန္ဓာကိုယ်ကို လျင်လျင်မြန်မြန် လှုပ်ရှားမယ်ဆိုရင် အမွှေးတိုင်တစ်တိုင်စာ အချိန်အထိ တောင့်ခံနိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ မင်းက တို့ မိစ္ဆာဝံပုလွေ နေလ်ကို ရွေးချယ်လိုက်တာကတော့ မင်းအတွက် အကြီးမားဆုံး ကံဆိုးမှုပဲ။ မင်းက ပါရမီရှင်တစ်ယောက် ဖြစ်နေရင်တောင် တို့ကတော့ လက်ညှာတာမှာ မဟုတ်ဘူး။ ပါရမီရှင်ဆိုရင်လည်း အခုကစပြီး သေချာ သတိထားပေတော့”
ဝမ်လီ လူရွေးချယ်ပြီးသည်ကို မြင်လျှင် ပိုင်ချန်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“ကဲ၊ စိန်ခေါ်ပွဲစင်မြင့်ဆီ သွားကြစို့”
ကျောင်းတော်သည် တိုက်ခိုက်ခြင်းကို အားပေးသော်လည်း ယင်းမှာ စင်မြင့်ထက်၌ စနစ်တကျ တိုက်ခိုက်ခြင်းကိုသာ ဆိုလိုပြီး ကွယ်ရာတွင် ပုဂ္ဂိုလ်ရေးအရ ခလုတ်တိုက်ခြင်းကိုမူ တားမြစ်ထားသည်။ ကွယ်ရာတွင် ဒေါသအလျောက် တိုက်ခိုက်ကြပါက ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းများအထိ လွယ်ကူစွာ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ မမြင်တွေ့လိုသော အခြေအနေပင်။ ကလပ်အချင်းချင်း သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း ဖြစ်ပွားသမျှ ပဋိပက္ခများနှင့် တိုက်ပွဲအားလုံးကို စိန်ခေါ်ပွဲစင်မြင့်ထက်၌သာ ဖြေရှင်းကြရသည်။ ကျောင်းသားများသမဂ္ဂသည်လည်း ကွယ်ရာတွင် တိုက်ခိုက်ခြင်းများကို ဖမ်းဆီးအရေးယူရသူများ ဖြစ်သဖြင့် ဤစည်းမျဉ်းကို ချိုးဖောက်လိမ့်မည် မဟုတ်ပေ။
၎င်းတို့သည် အောက်တန်းဝိညာဉ်သခင် အကယ်ဒမီမှ ကလေးငယ်များ မဟုတ်ကြတော့ချေ။ ဝိညာဉ်ကွင်း ရရှိထားကြပြီးဖြစ်သော အဆင့်တစ် ဝိညာဉ်သခင်များ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းမှာ အတိုင်းအဆမရှိ ကြီးမားလှသည်။ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဆိုသည်မှာ ကျောင်းသားများအကြား အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ရုံမက ကလပ်များအကြား ပဋိပက္ခများ ပြင်းထန်လာသည့်အခါ ဆရာများ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်သော အခြေအနေမျိုးတွင်ပင် အခြေအနေကို အမှန်တကယ် ထိန်းချုပ်နိုင်စွမ်း ရှိရမည် ဖြစ်သည်။ အဆုံးစွန်၌ မိဘများက ယုံကြည်၍ အပ်နှံထားသော ကျောင်းတော် ဖြစ်သဖြင့် မိမိတို့၏ သားသမီးများကို မသန်မစွမ်း ခန္ဓာကိုယ် သို့မဟုတ် အလောင်းအဖြစ် ပြန်လည် လက်ခံရရှိစေ၍ မဖြစ်နိုင်ချေ။
မကြာမီပင် စိန်ခေါ်ပွဲစင်မြင့်နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။ လူပင်လယ်ကြီး၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ဝမ်လီနှင့် နေလ်တို့သည် စင်မြင့်ထက်၌ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ ပိုင်ချန်သည်လည်း ဒိုင်လူကြီးအဖြစ် သူတို့၏ ဘေးတွင် ရှိနေခဲ့သည်။ ပိုင်ချန်က နှစ်ဦးလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် တည်ကြည်လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
“နှစ်ယောက်လုံး ပြင်ဆင်ကြ။ သိုင်းဝိညာဉ်တွေကို ထုတ်ဖော်လိုက်ပါ”
နေလ်က အော်ဟစ်လိုက်သည်။
“သိုင်းဝိညာဉ် ပေါင်းစပ်ခြင်း”
ဝမ်လီကလည်း တည်ငြိမ်စွာ ဆိုသည်။
“သိုင်းဝိညာဉ် ထုတ်ဖော်ခြင်း”
နေလ်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပြောင်းလဲသွားပြီး ကြွက်သားများ ထွားကျိုင်းလာကာ အရပ် ပိုမိုမြင့်မားလာခဲ့သည်။ သူသည် လူသားအသွင်မှ ဝံပုလွေလူသားတစ်ဦးအဖြစ်သို့ ကူးပြောင်းသွားပြီး ထက်မြက်သော အစွယ်များနှင့် လက်သည်းများ ပေါ်ထွက်လာကာ မျက်ဝန်းအစုံမှာလည်း နီရဲတောက်သွားခဲ့သည်။ သူ၏ ခြေဖဝါးအောက်မှ ဝါကျင်ကျင် ဝိညာဉ်ကွင်းတစ်ကွင်းသည်လည်း အထက်အောက် လွင့်မျောနေတော့သည်။ သူက ငွေပြာမြက်ပင်များ ဝန်းရံထားသော ဝမ်လီ့ကို ကြည့်ကာ ဆိုလိုက်သည်။
“ညီလေး၊ တို့ရဲ့ သိုင်းဝိညာဉ်က မိစ္ဆာဝံပုလွေ ဖြစ်ပြီး ဝိညာဉ်စွမ်းအားက အဆင့်တစ်ဆယ့်ရှစ်အထိ ရှိတဲ့ တိုက်စစ်ကစားသမား ဝိညာဉ်သခင် ဖြစ်တယ်။ မင်းအနေနဲ့ တောင့်မခံနိုင်တော့ဘူးဆိုရင် အမြန်ဆုံး အရှုံးပေးလိုက်တာက မင်းအတွက် အကောင်းဆုံးပဲ”
နေလ်က မိမိ၏ အားသာချက်ကို တိုက်ရိုက် ထုတ်ဖော်ပြောကြားလာသဖြင့် ဝမ်လီ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် ပြုံး၍ ပြန်ပြောလိုက်သည်။
“စီနီယာ နေလ်၊ ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်က သန္ဓေပြောင်း ငွေပြာမြက်ပင် ဖြစ်ပြီး ဝိညာဉ်စွမ်းအားက အဆင့်တစ်ဆယ့်ငါးပါ။ ကန့်သတ်ထိန်းချုပ်ရေးစနစ် ဝိညာဉ်သခင်လို့ သတ်မှတ်နိုင်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ ယုံကြည်မှု ရှိပါတယ်”
နေလ်က မျက်ခုံးကို ပင့်လိုက်သည်။ ကျောင်းတော်တွင် သင်ကြားပေးထားသော ဗဟုသုတများအရ တိုက်စစ်စနစ် သည် လျင်မြန်တိုက်စစ်စနစ်ကို အနည်းငယ် ဖိနှိပ်နိုင်ပြီး၊ လျင်မြန်တိုက်စစ်စနစ်က ကန့်သတ်ထိန်းချုပ်ရေးစနစ် ကို ဖိနှိပ်နိုင်ကာ၊ ကန့်သတ်ထိန်းချုပ်ရေးစနစ်က တိုက်စစ်စနစ်ကို ပြန်လည် ဖိနှိပ်နိုင်သည်ဟု ဆိုထားသည်။ သို့သော် လက်တွေ့ အခြေအနေတွင်မူ နေလ်၏ ဝံပုလွေသိုင်းဝိညာဉ်သည် လျင်မြန်တိုက်စစ်စနစ်နှင့် တိုက်စစ်စနစ် ပေါင်းစပ်ထားသကဲ့သို့ ဖြစ်ရာ ကန့်သတ်ထိန်းချုပ်မှုကို ဖြတ်ကျော်ရန် မခက်ခဲလှပေ။ သူတို့အကြား ဝိညာဉ်စွမ်းအား သုံးဆင့်မျှ ကွာခြားနေသည် မဟုတ်ပါလော။ သန္ဓေပြောင်း သိုင်းဝိညာဉ် ဖြစ်နေပါစေဦး၊ သူ ခန္ဓာကိုယ်ချင်း နီးကပ်အောင် သွားနိုင်သည်နှင့် တိုက်ပွဲက ချက်ချင်း ပြီးဆုံးသွားမည် ဖြစ်သည်။
“သတိထားပေတော့”
နေလ်က သတိပေးလိုက်ရင်း လက်သည်းများကို ဖြန့်ကာ ရှေ့သို့ အပြင်းအထန် ပြေးဝင်သွားတော့သည်။ သူသည် သာမန် ဝံပုလွေသိုင်းဝိညာဉ် ဖြစ်သော်လည်း မိစ္ဆာဝံပုလွေဟူသော အမည်မှာ သူ၏ အရှိန်အဝါကြောင့် ခေါ်ဆိုကြခြင်း ဖြစ်သည်။ အဆင့်တစ်ဆယ့်ရှစ် ဝိညာဉ်စွမ်းအား၏ ပံ့ပိုးမှုကြောင့် သူ၏ အရှိန်အဝါမှာ လေပြင်းမုန်တိုင်းတစ်ခုအလား လျင်မြန်လွန်းလှသည်။
ဝမ်လီ၏ မျက်ဝန်းများ မှေးစင်းသွားသည်။ လက်ရှိ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ နေလ်ထက် အနည်းငယ်မျှ မညံ့ဖူးရုံမက ပိုမို သန်မာနေသည်ကို သူ ကောင်းစွာ သိရှိသည်။ သို့သော် မိမိသည် ငွေပြာမြက်ပင် ဝိညာဉ်သခင် ဖြစ်နေသဖြင့် ငွေပြာမြက်ပင်ကိုသာ သုံး၍ ရန်သူကို နှိမ်နင်းရပေမည်။ သူက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
“ငွေပြာမြက်ပင်၊ ကြီးထွားစမ်း”
ခဏမျှအတွင်းမှာပင် သူ၏ပတ်ပတ်လည်ရှိ ငွေပြာမြက်ပင်များသည် လေပြင်းမုန်တိုင်းအလား ထွားကျိုင်းလာပြီး ထူထဲလှသော နွယ်ကြိုးကြီးများသည် ဝမ်လီ၏ ခန္ဓာကိုယ်ကို လုံးဝ ဖုံးအုပ်သွားခဲ့သည်။ ထိုအထဲမှ နွယ်ကြိုး တစ်ဆယ့်နှစ်ချောင်းသည် ဧရာမ မြွေကြီးများအလား ရုန်းကန်လှုပ်ရှားလျက် နေလ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
နေလ်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ နွယ်ကြိုးများအကြား လစ်ဟာသော နေရာများကို ရှာဖွေကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူသည် နွယ်ကြိုးများ၏ အပတ်ခံရခြင်းမှ ကင်းလွတ်အောင် ရှောင်ကွင်းရင်း မိမိ၏ ထက်မြက်သော လက်သည်းများကို ဝှေ့ယမ်းကာ နွယ်ကြိုးများကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် မကြာမီပင် သူ၏ မျက်နှာထက်၌ အံ့သြတုန်လှုပ်မှုများ ကြီးစိုးသွားရသည်။ မည်မျှပင် လွှဲယမ်း ဖြတ်တောက်ပါစေ နွယ်ကြိုးများမှာ ပြတ်တောက်မသွားဘဲ အပေါ်ယံ အရေပြားတွင် အစင်းကြောင်း အနည်းငယ်မျှသာ ထင်ကျန်ရစ်ပြီး ထိုအစင်းကြောင်းများသည်လည်း မျက်စိတစ်မှိတ်အတွင်း မူလအတိုင်း ပြန်လည် ကောင်းမွန်သွားသောကြောင့် ဖြစ်သည်။
ထိုစဉ် ဝမ်လီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ နွယ်ကြိုးများကို စတင် ထုတ်ဖော်ခြင်းနှင့် ပြန်လည် ကုသခြင်းတို့တွင်သာ ဝိညာဉ်စွမ်းအား ကုန်ခမ်းခြင်း ဖြစ်သည်။ သို့သော် နွယ်ကြိုးများကို စိတ်ကြိုက် လှုပ်ရှားစေခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင်မူ ဝိညာဉ်စွမ်းအား ကုန်ခမ်းရန် မလိုအပ်ဘဲ မိမိ၏ လက်မောင်းကို လွှဲယမ်းသကဲ့သို့ ခန္ဓာကိုယ် ခွန်အားကိုသာ အသုံးပြုရခြင်း ဖြစ်သည်။ ဝမ်လီသည် မိမိ၏ လက်မောင်းကို ဝှေ့ယမ်းသကဲ့သို့ နွယ်ကြိုးများကို စိတ်ကြိုက် စေခိုင်းကာ နေလ်ကို ပိတ်ဆို့ တိုက်ခိုက်နေတော့သည်။
ထို့ကြောင့် နေလ်မှာမူ နွယ်ကြိုးကြီးများ၏ အကြားတွင် အသည်းအသန် လူးသာလွန့်သာဖြစ်ကာ ပျာပျာသလဲ ရှောင်တိမ်းနေရတော့သည်။