အခန်း ၂၄ မှတ်ပုံတင်ပြီးသော ဝိညာဉ်သခင်
ဝမ်လီသည် အဆောင်သို့ ပြန်ရောက်သောအခါ အဝတ်အစားနှင့် အိပ်ရာလိပ်များကို သပ်ရပ်စွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် မိမိ၏ နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ကွင်း မည်မျှစွမ်းကြောင်း တက်ကြွစွာ ကြွားဝါနေဆဲဖြစ်သော ဝမ်ဆန်းကို လှမ်း၍ ပြောလိုက်သည်။
“ငါ အရင်သွားနှင့်တော့မယ်။ ဝိညာဉ်နန်းတော်မှာ ဝိညာဉ်သခင်အဖြစ် သွားရောက်မှတ်ပုံတင်ပြီးတာနဲ့ ရွာကို တန်းပြန်တော့မှာ။ မှတ်ပုံတင်ပြီးရင် ထောက်ပံ့ကြေးငွေလည်း ရမှာဆိုတော့ မင်းလည်း စောစောစီးစီး သွားမှတ်ပုံတင်ထားလိုက်ဦး။”
ဝမ်ဆန်းသည် ထိုစကားကို ကြားသောအခါ လက်ဝှေ့ယမ်းပြလိုက်သော်လည်း ဘေးတွင် သူ့ကို အားကိုးတကြီး ဝိုင်းအုံကြည့်နေကြသော ညီနောင်များစွာ ရှိနေသဖြင့် ချက်ချင်း ထွက်မသွားနိုင်သေးချေ။
“သိပြီ၊ သိပြီ၊ မင်း အရင်သွားနှင့်တော့။”
ထို့နောက် ဝမ်ဆန်းသည် ရှေ့တွင်ရှိနေသော လူစုကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့က ငါ့ရဲ့ သိုင်းဝိညာဉ် ပူးကပ်တာကို တကယ်ကြီး ကြည့်ချင်ကြတာလား။”
အားလုံးထံမှ စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ရရှိလိုက်သောအခါ ဝမ်ဆန်း၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ လွှမ်းမိုးသွားပြီး အော်ဟစ်လိုက်တော့သည်။
“ဒါဆိုရင်လည်း ကောင်းကောင်းကြည့်ထားကြ။ သိုင်းဝိညာဉ် ပူးကပ်ခြင်း။”
ယခုအခါ ဝမ်ဆန်းတွင် ဝိညာဉ်ကွင်း ရှိနေပြီဖြစ်ရာ သိုင်းဝိညာဉ် ပူးကပ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ မတ်တတ်ရပ်နေသော ဧရာမကျားကြီးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားသည်။ စူးရှထက်မြက်သော သွားစွယ်များနှင့် လက်သည်းခြေသည်းများ၊ သန်မာထွားကျိုင်းသော ကြွက်သားကြီးများနှင့်အတူ နက်မှောင်ပြီး ဝါဝင်းသော အမွေးအမှင်များက သားရဲတို့၏ ဘုရင်တစ်ဆူကဲ့သို့ ခန့်ညားထည်ဝါမှုကို အပြည့်အဝ ဖော်ဆောင်နေသည်။ ထို့ပြင် အားလုံး၏ အားကျနှစ်သက်မှုကို ခံနေရသော ဝါကျင်ကျင် ဝိညာဉ်ကွင်းကြီးမှာလည်း ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ ထန်ဆန်းနှင့် ရှောင်ဝူတို့ကဲ့သို့ပင် နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ်ကွင်း ဖြစ်၏။
ဝမ်လီသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါယမ်းရင်း အပြင်သို့ လှမ်းထွက်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည်လည်း လူအများ၏ အာရုံစိုက်မှုကို ခံချင်မိသော်လည်း ယခုလက်ရှိ မြင်ကွင်းမှာမူ သူ့အတွက် သေးငယ်လွန်းလှပြီး ကြွားဝါနေသည်မှာလည်း အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားရသောကြောင့်ပင်။ ကျောင်းဝင်းထဲတွင် ရှစ်လကြာ နေထိုင်ခဲ့ပြီးဖြစ်၍ ဝိညာဉ်နန်းတော် တည်ရှိရာနေရာကို သူ ကောင်းစွာ သိရှိထားသည်။
ထိုအချိန်တွင် အဆောင်၏ အမိုးပေါ်၌ သီးသန့်ဆောက်လုပ်ထားသော ထပ်ခိုးလေးတစ်ခုအတွင်း၌ ထန်ဆန်းသည် ယွီရှောင်ကန်းထံသို့ ရောက်ရှိနေပြီး မိမိ၏ စိတ်တွင်းရှိ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟနေခဲ့သည်။
“ဆရာ၊ ဝမ်လီနဲ့ ဝမ်ဆန်းတို့နှစ်ယောက်စလုံးက ဝိညာဉ်သခင်တွေ ဖြစ်သွားကြပြီ။ ပြီးတော့ နှစ်ယောက်စလုံးက နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ကွင်းတွေကို အသီးသီး စုပ်ယူနိုင်ခဲ့ကြတယ်...”
ယွီရှောင်ကန်းကမူ အရာအားလုံးကို ကြိုတင်သိမြင်နေသည့်အလား တည်ငြိမ်စွာဖြင့် ပြန်ပြောခဲ့သည်။
“ရှောင်ဆန်း၊ ကျောင်းအုပ်ကြီးဆီကနေ အားလုံးကို ဆရာ သိထားပြီးသားပါ။ ဝမ်လီက နှစ်တစ်ရာသက်တမ်းရှိ တက်ကြွနွယ်ပင် ဝိညာဉ်သားရဲရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူခဲ့တာ။ သူ့ရဲ့ ဝိညာဉ်စွမ်းရည်က မင်းလိုပဲ ရစ်ပတ်နှောင်ဖွဲ့ခြင်းပဲ။ ဝမ်ဆန်းကတော့ နှစ်တစ်ရာသက်တမ်းရှိ ကျားသစ်ကြောင် ဝိညာဉ်သားရဲရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူခဲ့တာ။ သူ့ရဲ့ ဝိညာဉ်စွမ်းရည်ကတော့ အလုံးစုံသော အရည်အချင်းတွေကို တိုးမြင့်ပေးတဲ့ အမဲလိုက်ခြင်းနှလုံးသားပဲ။ တကယ်ကို ကံကောင်းတဲ့ ကလေးနှစ်ယောက်ပါပဲ။”
ထန်ဆန်းသည် ခေတ္တမျှ ဝေခွဲမရဖြစ်သွားသည်။ ဆရာဖြစ်သူကို ပြစ်မှားစော်ကားသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်မိသော်လည်း မမေးဘဲ မနေနိုင်တော့ပေ။
“ဆရာ၊ ဝမ်ဆန်းက ကျောင်းပြီးတော့မယ်။ ဝမ်လီတောင်မှ ဘွဲ့ယူဖို့ လျှောက်ထားနေပြီ။ ကျွန်တော်လည်း ဝိညာဉ်သခင် ဖြစ်နေပြီပဲဥစ္စာ။ ဘာဖြစ်လို့ နော့တင်းကျောင်းတော်မှာပဲ ဆက်နေနေရတာလဲဟင်။”
ယွီရှောင်ကန်း၏ မျက်ဝန်းများက နက်ရှိုင်းသွားသည်။ မိမိတပည့် ဖြစ်သူ မမည်သည့်အတွက်ကြောင့် ရောက်ရှိလာသည်ကို သူ ကောင်းစွာ သဘောပေါက်လှသသဖြင့် ထန်ဆန်း၏ ပခုံးနှစ်ဖက်ကို အသာအယာဆုပ်ကိုင်ရင်း ပြောလိုက်သည်။
“ရှောင်ဆန်း၊ မင်းက ဝမ်လီအပေါ်မှာ အရမ်းအာရုံစိုက်နေတာပဲ။ အမှန်တော့ အဲဒီလို လုပ်ဖို့ မလိုပါဘူး။ ဝိညာဉ်ပညာသင်အဆင့်မှာ ပါရမီ အသင့်အတင့် ရှိရုံနဲ့တင် လျင်မြန်စွာ တိုးတက်နိုင်စမြေပဲ။ ဝမ်လီကလည်း အဲဒီလိုအခြေအနေမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ ဝိညာဉ်စွမ်းအား အဆင့်သုံးပဲရှိတဲ့ ငွေပြာမြက် သိုင်းဝိညာဉ်နဲ့ဆိုတော့ သူ့ရဲ့ အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာ သေချာတယ်။ ဝိညာဉ်သခင် ဖြစ်လာပြီးတဲ့နောက်မှာတော့ စစ်မှန်တဲ့ လမ်းခရီးက စတင်ပြီဖြစ်လို့ သူက မကြာခင်မှာပဲ လူအများကြားထဲကနေ ပျောက်ကွယ်သွားလိမ့်မယ်။ မင်းကတော့ ဆရာ့ရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်ပြီး မဟာဒွီပတစ်ခုလုံးမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ သိုင်းဝိညာဉ်ဗဟုသုတတွေနဲ့ ဝိညာဉ်သားရဲဗဟုသုတတွေကို သင်ကြားရမှာ။ ဒါကြောင့် နော့တင်းကျောင်းတော်မှာ ဆက်နေတာဖြစ်ဖြစ်၊ အခြား အလယ်အလတ်ကျောင်းတော်ကို သွားတာဖြစ်ဖြစ် အရေးမကြီးပါဘူး။ အဓိကက မင်းကျောင်းပြီးတဲ့အချိန်ကို စောင့်ဖို့ပဲ။”
“အဲဒီအချိန်ကျရင် မင်းက စစ်မှန်တဲ့ ရွှီးလိုင်ခဲ ကျောင်းတော်ကို သွားရမယ်။ အဲဒီနေရာက သာမန်လူတွေ ဝင်နိုင်တဲ့နေရာ မဟုတ်ဘူး။ အထဲကို ဝင်ခွင့်ရတဲ့သူတွေက ပါရမီရှင်တွေထဲက ပါရမီရှင်တွေ၊ မကောင်းဆိုးဝါးတွေလို့တောင် တင်စားရမယ့်သူတွေပဲ။ စိတ်အေးအေးထားပြီး မင်းလုပ်စရာရှိတာကိုပဲ လုပ်ပါ။ မင်းရဲ့နာမည်က မဟာဒွီပတစ်ခုလုံးမှာ ပျံ့လွင့်လာတဲ့နေ့ကျရင် ဝမ်လီနဲ့ ဝမ်ဆန်းတို့က မင်းကို မော့ကြည့်ဖို့ပဲ အရည်အချင်းရှိတော့မှာပါ။”
ယွီရှောင်ကန်း၏ စိတ်ဓာတ်မြှင့်တင်ပေးမှုကို ကြားရပြီးနောက် ထန်ဆန်းသည် မိမိကိုယ်မိမိ ယုံကြည်မှုကို ပြန်လည်ခိုင်မာစေခဲ့သည်။ သူသည် အမွှာသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦးဖြစ်ရာ မဟာဒွီပ၏ ထိပ်ဆုံးသို့ ရောက်ရှိရန် ရေစက်ပါလာပြီးသားဖြစ်၏။ ဝမ်လီနှင့် ဝမ်ဆန်းတို့သည် သူ၏ ဘေးရံဖော်များအဖြစ် ရပ်တည်ရန်ပင် အရည်အချင်းမပြည့်စုံပေ။ ထန်ဆန်းက ထိုသို့တွေးတောရင်း ရိုသေစွာ ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ တပည့်တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်သင့်ပါဘူး။”
ယွီရှောင်ကန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ ဝမ်လီ မည်သို့ပင် ထွက်ခွာသွားပါစေ၊ သူ၏ ထူးဆန်းသော ငွေပြာမြက် သိုင်းဝိညာဉ်က သူ၏ သုတေသနပြုချက်များ မှန်ကန်မှုကို အမြဲတမ်း စိန်ခေါ်နေသကဲ့သို့ ခံစားရသောကြောင့်ပင်။ ငွေပြာမြက်ကဲ့သို့ အသုံးမကျသော သိုင်းဝိညာဉ်မျိုးက မည်သို့ဖြစ်၍ ဗီဇပြောင်းလဲနိုင်ရသနည်း။
ချက်ချင်းပင် ယွီရှောင်ကန်းသည် ထန်ဆန်းကို ကြည့်ကာ ခိုင်မာသော မျက်နှာပေးဖြင့် နွေးထွေးစွာ ပြုံးပြလိုက်သည်။
“ရှောင်ဆန်း၊ ဆရာ့ကို ယုံကြည်ပါ။ မင်းက ဆရာ့ရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်လို့ ဆရာက မင်းကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး။”
ထန်ဆန်းသည် ထိုစကားကို ကြားသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
တစ်ဖက်တွင် ဆရာနှင့် တပည့်ကြား၌ စစ်မှန်သော သံယောဇဉ်များ ဖြစ်ထွန်းနေချိန်တွင် အခြားတစ်ဖက်၌မူ ဝမ်လီသည် နော့တန်မြို့ရှိ ဝိညာဉ်နန်းတော်ခွဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ယခုအခါ သူသည် နော့တင်းကျောင်းတော်၏ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မပြတ်မတောက် လေ့ကျင့်ခန်းလုပ်ဆောင်မှုများနှင့် နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ကွင်းကို စုပ်ယူထားမှုကြောင့် အရပ်အမောင်းနှင့် ခန္ဓာကိုယ်ထွားကျိုင်းမှုမှာ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်မတူဘဲ တစ်ဆယ့်တစ်နှစ်၊ တစ်ဆယ့်နှစ်နှစ်အရွယ် လူငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ဝိညာဉ်နန်းတော်ခွဲ၏ တံခါးဝတွင်ရှိသော အစောင့်နှစ်ဦးက ယဉ်ကျေးစွာ မေးမြန်းလာခဲ့သည်။
“မောင်ရင်လေး၊ ဝိညာဉ်နန်းတော်ကို ဘာကိစ္စများ ရှိလို့လဲခင်ဗျာ။”
ဝမ်လီက တည်ငြိမ်အေးဆေးသော အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော် ကျောင်းက ဆရာတွေရဲ့ ကူညီမှုနဲ့ ပထမဆုံး ဝိညာဉ်ကွင်းကို ရရှိခဲ့လို့ပါ။ ဒီနေ့ ဝိညာဉ်သခင်အဖြစ် လာရောက်မှတ်ပုံတင်တာပါ။”
အစောင့်နှစ်ဦးသည် ချက်ချင်းပင် နားလည်သွားကြပြီး လမ်းဖယ်ပေးရင်း ရိုသေစွာ ပြောလိုက်ကြသည်။
“အတွင်းကို ကြွပါခင်ဗျာ။ ဒီနေ့ ကျောင်းက ကျောင်းသားအတော်များများလည်း ဝိညာဉ်သခင်အဖြစ် လာရောက်မှတ်ပုံတင်ကြပါတယ်။ နော့တင်းကျောင်းတော်ကတော့ တကယ့်ကို ငါတို့နော့တန်မြို့ရဲ့ ဝိညာဉ်သခင် မွေးထုတ်ရာနေရာပါပဲ။ နှစ်တိုင်း ဒီလောက်များပြားတဲ့ ဝိညာဉ်သခင်တွေကို လေ့ကျင့်ပေးနိုင်တာ ဂုဏ်ယူစရာပါပဲ။”
နော့တန်မြို့ရှိ ဝိညာဉ်နန်းတော်ခွဲမှာ တံခါးစောင့်အဖြစ် ဝိညာဉ်သခင်များကို ငှားရမ်းနိုင်ခြင်းမရှိသေးသဖြင့် ထိုအစောင့်နှစ်ဦးမှာ ဝိညာဉ်စွမ်းအား အနည်းငယ်သာရှိသော သာမန်လူများသာ ဖြစ်ကြသည်။ အကယ်၍ နောင်တစ်ချိန်တွင် ဝိညာဉ်စွမ်းအား အဆင့်တစ်ဆယ်အထိ လေ့ကျင့်နိုင်ခဲ့ပါက ဝိညာဉ်နန်းတော်တွင် အကူအညီပေးနိုင်သည့်အပြင် ဝိညာဉ်ကွင်းကိုလည်း ရရှိနိုင်မည်ဖြစ်ရာ ယင်းကပင် ၎င်းတို့အား တံခါးစောင့်အဖြစ် လုပ်ကိုင်ရန် ဆွဲဆောင်နေခြင်း ဖြစ်သည်။
ဝမ်လီသည် နန်းတော်ခွဲအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဝိညာဉ်သခင်အဖြစ် မှတ်ပုံတင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ရာ ဝန်ထမ်းတစ်ဦးက ချက်ချင်းပင် ရှေ့သို့တိုးလာပြီး နန်းတော်ခွဲ၏ တာဝန်ခံဖြစ်သူ မာသီယူနို၏ အခန်းသို့ ရိုသေစွာ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
အခန်းထဲသို့ ရောက်သောအခါ ဝမ်လီသည် မာသီယူနိုကို တွေ့လိုက်ရသည်။ သူသည် ကြင်နာတတ်ပြီး ပြုံးရွှင်သော မျက်နှာပေးရှိသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်၏။ ဆံပင်များ ဖြူဖွေးနေသော်လည်း သပ်ရပ်စွာ ဖြီးသင်ထားပြီး အဝတ်အစားများမှာလည်း သန့်ရှင်းစင်ကြယ်နေသဖြင့် ကြည့်လိုက်သည်နှင့် ရိုသေလေးစားဖွယ်ကောင်းလှသည်။
မာသီယူနိုသည်လည်း ဝမ်လီကို မြင်တွေ့လိုက်ရသည်။ သူသည် ဝမ်လီ၏ လာရင်းအကြောင်းကို သိရှိပြီးဖြစ်သော်လည်း ပြုံးရွှင်စွာဖြင့် ထပ်လောင်းအတည်ပြုလိုက်သည်။
“ကလေးလေး၊ မင်းလည်း ဝိညာဉ်သခင်အဖြစ် မှတ်ပုံတင်ဖို့ လာတာမလား။”
ဝမ်လီက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ၊ ဆရာကြီး မာသီယူနို။”
မာသီယူနိုသည် မတ်တတ်ရပ်လိုက်ပြီး ဘေးနားရှိ မှတ်တမ်းခန်းဆီသို့ လျှောက်လှမ်းရင်း ပြောလိုက်သည်။
“ကလေးလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ။ မြို့ထဲမှာ မွေးတာလား၊ ဒါမှမဟုတ် မြို့ပြင်က ရွာတွေမှာ မွေးတာလား။”
ဝမ်လီက တစ်ခုချင်းစီ ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်တော့်နာမည်က ဝမ်လီပါ။ နော့တန်မြို့အနီးက ဝမ်ကျာရွာမှာ မွေးဖွားခဲ့တာပါ။ ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်ကိုတော့ ဆရာကြီး စူးယွန်းထောင်းက ကူညီနှိုးဆွပေးခဲ့တာပါ။”
ထိုစကားကို ကြားလိုက်ရသောအခါ မာသီယူနိုသည် စိတ်ထဲတွင် အနည်းငယ် သဘောပေါက်သွားပြီး သက်ဆိုင်ရာ မှတ်တမ်းတွဲကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။ ဝိညာဉ်နန်းတော်သည် သိုင်းဝိညာဉ် နှိုးဆွပေးခဲ့သော ကလေးငယ်များ၏ အသေးစိတ်မှတ်တမ်းများကို သေချာစွာ ထိန်းသိမ်းထားလေ့ရှိသည်။ ဝိညာဉ်သခင်များကို ထိန်းချုပ်ကွပ်ကဲသည့် အပိုင်းတွင် အင်ပါယာကြီးနှစ်ခုစလုံးသည် ဝိညာဉ်နန်းတော်ကို လုံးဝ မယှဉ်နိုင်ကြပေ။ ဝိညာဉ်နန်းတော်က ပိုမိုစည်ပင်ဝပြောလာပြီး အင်ပါယာကြီးနှစ်ခုမှာ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာရခြင်းတွင် ဤကဲ့သို့သော အကြောင်းရင်းများ ရှိနေသောကြောင့်ပင်။
ထိုစဉ် မာသီယူနိုသည် ဝမ်လီ၏ မှတ်တမ်းတွဲကို ဖွင့်လှစ်လိုက်ပြီး ရုတ်တရက် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။
“ဝမ်လီ... သိုင်းဝိညာဉ်က ဗီဇပြောင်းလဲထားတဲ့ ငွေပြာမြက်၊ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်သုံး၊ သိုင်းဝိညာဉ် နှိုးဆွပြီးတာ တစ်နှစ်တောင် မပြည့်သေးဘူး...”
မာသီယူနိုသည် ခေါင်းကို မော့ကာ ဝမ်လီကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအစုံတွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ထင်ဟပ်နေခဲ့တော့သည်။