အခန်း ၂၁ တိုက်ခိုက်ခံရခြင်း
ဝမ်လီတစ်ယောက် ကျောင်းသားအုပ်စုဆီ ပြန်ရောက်လာချိန်တွင် သူ့ကို ဆီးကြိုနေသည်မှာ အားလုံး၏ မနာလိုဝန်တိုမှု၊ မကျေနပ်မှုနှင့် မုန်းတီးမှုအပြည့်ရှိသော အကြည့်များပင် ဖြစ်သည်။ အနှစ်ရာချီဝိညာဉ်ကွင်း၊ ထိုအရာက အနှစ်ရာချီဝိညာဉ်ကွင်းကြီးတောင် ဖြစ်သည်။ ဘာလို့ သူကမှ အနှစ်ရာချီဝိညာဉ်ကွင်းကို ရနိုင်ရတာလဲ။ ဝမ်လီကတော့ ထိုအရာများကို ဂရုမစိုက်ပါ။ ဝိညာဉ်ကွင်းကို သူကိုယ်တိုင် စုပ်ယူပြီးသွားပြီဖြစ်ရာ ဤလူများ မည်သို့ပင်တွေးတောနေပါစေ ထိုဝိညာဉ်ကွင်းကို ပြန်အန်ထုတ်ပေး၍ မရတော့ပေ။
ထိုစဉ် စူးမော့က လူတိုင်းကို လှမ်းအော်ပြောလိုက်သည်။
“ပစ္စည်းတွေသိမ်းပြီး ချက်ချင်းထွက်ကြမယ်။ မိုးချုပ်တော့မယ်။ လုံးဝမမှောင်ခင် စခန်းချဖို့ မြေကွက်လပ်တစ်ခု အမြန်ရှာရမယ်။ ညဘက် ဝိညာဉ်အမဲလိုက်တောအုပ်က နေ့ဘက်ထက် ပိုအန္တရာယ်များတယ်”
ဆရာများနှင့် ကျောင်းသားများက ထိုစကားကို ကြားသည်နှင့် ချက်ချင်းပြန်ထူးကြသည်။
“ဟုတ်ကဲ့ပါ”
မကြာမီ လူတိုင်း ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် သူတို့သည် ဝိညာဉ်သားရဲကို ရှာဖွေနေခြင်းမဟုတ်ဘဲ စခန်းချမည့်နေရာကို ရှာဖွေနေခြင်းဖြစ်သည်။ အတန်ကြာ အားထုတ်ပြီးနောက် နောက်ဆုံးတွင် မြေပြင်ကျယ်ဝန်းသော နေရာတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ထိုနေရာသည် မြေပြင်မြင့်သဖြင့် မြင်ကွင်းကောင်းမွန်ပြီး ပတ်ပတ်လည်တွင် မြင့်မားသော သစ်ပင်ကြီးများမရှိချေ။ ညဘက်တွင် ဝိညာဉ်သားရဲတစ်ကောင်က တိုက်ခိုက်လိုလျှင်ပင် အချိန်မီ သတိပြုမိနိုင်သည်။
ဆရာများက သူတို့ တာဝန်အသီးသီးကို လုပ်ဆောင်ကြသည်။ အချို့က စခန်းချကြပြီး အချို့က မီးဖိုရန် ထင်းခုတ်ကြသည်၊ အချို့ကမူ မြွေ၊ ပိုးမွှား၊ ကြွက်နှင့် ပုရွက်ဆိတ်များကို မောင်းထုတ်ရန် ပတ်ပတ်လည်တွင် ဆေးမှုန့်များ ဖြန်းနေကြသည်။ သူတို့သည် တောတွင်းရှင်သန်မှု အတွေ့အကြုံ အလွန်ကြွယ်ဝကြောင်း ထင်ရှားသည်။
ညဉ့်နက်လာသည်နှင့်အမျှ လူတိုင်းသည် မီးပုံဘေးတွင် ဝိုင်းဖွဲ့ကာ ယူဆောင်လာသော ရိက္ခာများကို စားသောက်ကြသည်။ ဝမ်လီသည် ရေအနည်းငယ်သောက်ပြီး ပေါက်စီကို စားလိုက်သည်။ ပေါက်စီများကို မီးပေါ်တွင် ဖုတ်ထားခြင်းဖြစ်သည်။ အေးစက်မာကြောနေသော ပေါက်စီများသည် မီးဖုတ်ပြီးနောက် ရွှေဝါရောင်သန်းလာသည်။ ကြွပ်ရွနေပြီး အသားခြောက်အနည်းငယ်နှင့် တွဲဖက်စားရသည်မှာ အလွန်ကျေနပ်စရာကောင်းလှသည်။
ဝမ်လီ၏ ဘေးတွင် ဝမ်ဆန်းတစ်ယောက်သာ အဖော်ပြုပေးထားသည်။ အခြား စီနီယာကျောင်းသားများသည် သူ့အပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေပုံရပြီး တမင်တကာ ဝိုင်းပယ်ထားကြသည်။ ဝမ်လီကတော့ ဤကလေးကွက်များကို လှောင်ပြုံးရုံသာ ပြုံးမိသည်။ ဘာပဲဖြစ်ဖြစ် ယခုတစ်ကြိမ် ပြန်ရောက်ပြီးနောက် အားလုံးသည် တစ်ဦးနှင့်တစ်ဦး မည်သည့်ပတ်သက်မှုမျှ ရှိတော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ကျန်းဝေသည် သန့်ရှင်းသောရေဖြင့် လက်ဆေးကာ ရေစိုမနေအောင် သုတ်လိုက်ပြီး စူးမော့ကို လှမ်းခေါ်လိုက်သည်။
“စူးမော့၊ ဒီည ကင်းစောင့်ဖို့ စီစဉ်လိုက်ပါဦး”
စူးမော့က ကြားလျှင်ချင်း ရိုရိုသေသေ ပြန်ထူးလိုက်သည်။
“ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး”
ပြောပြီးနောက် စူးမော့သည် ကျောင်းသားများဘက်သို့ လှည့်ကြည့်ကာ မျက်နှာတည်ဖြင့် လေးလေးနက်နက် ပြောလိုက်သည်။
“ညဘက်က ဝိညာဉ်အမဲလိုက်တောအုပ်ထဲမှာ ရက်စက်တဲ့ ဝိညာဉ်သားရဲအများစု အမဲလိုက်တဲ့ အချိန်ဖြစ်တယ်၊ ဒါကြောင့် ကင်းစောင့်ဖို့က မဖြစ်မနေ လိုအပ်တယ်။ ကျောင်းအုပ်ကြီးက ငါတို့ထဲမှာ အသန်မာဆုံးဆိုတော့ လုံလောက်တဲ့ အနားယူမှု ရှိရမယ်။ ဖီယိုနာက အကူအညီပေးတဲ့ ဝိညာဉ်ဆရာဖြစ်လို့ အရေးပေါ်အခြေအနေနဲ့ ကြုံရင် အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီည ငါ၊ ကောက်အန်း၊ ယွမ်ဖူ၊ ပေါင်ထုံ၊ ဖေးကော့နဲ့ စစ်ဆရာ၊ ယူရီကာဆရာမ အပါအဝင် ဆရာခြောက်ယောက် အလှည့်ကျ ကင်းစောင့်ကြမယ်”
ထိုစဉ် စူးမော့က ကျောင်းသားအများအပြား၏ မျက်နှာများကို လှမ်းကြည့်လိုက်သည်။ လက်ရှိအချိန်အထိ ရှန့်ခိုင်နှင့် ဝမ်လီတို့သာ ဝိညာဉ်ကွင်း ရရှိသေးသော်လည်း ဝိညာဉ်ကွင်းမရှိသူများလည်း ကင်းစောင့်ရာတွင် ပါဝင်နိုင်ပါသေးသည်။
“မင်းတို့လည်း ချွင်းချက်မဟုတ်ဘူး။ အရင်က အကယ်ဒမီမှာ မင်းတို့ကို ဘာမှ မသင်ပေးရသေးဘူး။ ဒီဝိညာဉ်သားရဲ အမဲလိုက်ခြင်းက မင်းတို့ရဲ့ နောက်ဆုံးသင်ခန်းစာပဲ။ ကျောင်းသားအားလုံးကို အုပ်စုနှစ်စုခွဲပြီး ဆရာတစ်ယောက်နောက် လိုက်ပြီး ကင်းစောင့်ရမယ်။ ဝိညာဉ်ကွင်းရှိရင် ဝိညာဉ်ဆရာပဲ။ အကယ်ဒမီက ထွက်သွားပြီးရင် မင်းတို့ကိုယ်မင်းတို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရမယ်”
ထိုကျောင်းသားများသည် ကန့်ကွက်ခြင်းမရှိသည့်အပြင် အနည်းငယ်ပင် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် တကယ်တမ်း အန္တရာယ်မျိုးနှင့် တစ်ခါမျှ မကြုံဖူးကြသေးပေ။ ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ပုံရသည်။ အားလုံးက တညီတညွတ်တည်း ပြန်ထူးကြသည်။
“ဟုတ်ကဲ့ပါ”
မျှော်လင့်ထားသည့်အတိုင်း ဝမ်လီနှင့် ဝမ်ဆန်းတို့သည် တစ်ုပ်စုတည်း ကျရောက်ပြီး တတိယအလှည့်တွင် ဆရာယွမ်ဖူနှင့်အတူ ကင်းစောင့်ရမည်ဖြစ်သည်။
“ကဲ.. လှုပ်ရှားချင်တဲ့သူတွေ လှုပ်ရှားနိုင်ပြီ။ မလှုပ်ရှားချင်တဲ့သူတွေလည်း တဲထဲကို ပြန်ပြီး အနားယူနိုင်ပါပြီ”
ဝမ်လီသည် တဲထဲတွင် လှဲလျော်နေသည်။ သူ့ဘေးတွင် ဝမ်ဆန်းက အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောလာသည်။
“ဝမ်လီ.. ငါ မင်းကို တကယ်အားကျတယ်။ မင်းမှာ အနှစ်ရာချီ ဝိညာဉ်ကွင်း ရှိနေပြီ။ ငါကတော့ ဘယ်လိုဝိညာဉ်ကွင်းမျိုး ရမလဲ မသိဘူး”
ဝမ်လီက မည်သို့မျှ နှစ်သိမ့်စကား မပြောနိုင်ပါ။ သူ့အမြင်အရ အကယ်ဒမီသည် ကျောင်းသားများအတွက် သင့်တော်သော ဝိညာဉ်သားရဲကိုသာ အမဲလိုက်ပေးပုံရပြီး အသက်သက်တမ်းကိုမူ ဂရုမစိုက်ပေ။ ကံကောင်းသူများသည် အနှစ်ရာချီဝိညာဉ်ကွင်း ရရှိကြပြီး ကံမကောင်းသူများသည် ဆယ်စုနှစ်ဝိညာဉ်ကွင်းသာ ရရှိကြသည်။ သူက ဤမျှသာ ပြောနိုင်တော့သည်။
“အိပ်တော့.. မင်းနိုးလာတဲ့အချိန်ကျရင် မင်းနဲ့သင့်တော်မယ့် ဝိညာဉ်သားရဲနဲ့ တွေ့နိုင်မလား မသိဘူးလေ”
ဝမ်ဆန်းက ခါးသက်သက် ပြုံးလိုက်သည်။ ဘယ်လိုလုပ် အဲဒီလောက် လွယ်ပါ့မလဲ။ သို့သော် ဝမ်လီက ဤသို့ပြောလာသဖြင့် သူလည်း ဆက်ပြီး အနှောင့်အယှက် မပေးတော့ချေ။
သူ နိုးလာချိန်တွင်၊ မဟုတ်သေးပါ၊ အိပ်ရာမှ နိုးလာခြင်းမဟုတ်ဘဲ ယွမ်ဖူက လာနှိုးခြင်း ဖြစ်သည်။ သူတို့ ကင်းစောင့်ရမည့် အလှည့် ရောက်လာပြီဖြစ်သည်။
တဲအပြင်ဘက်သို့ လှမ်းထွက်လိုက်ရာ ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီဖြစ်သည်။ လူသူကင်းဝေးသော ဤဝိညာဉ်အမဲလိုက်တောအုပ်သည် ညဘက်တွင် ပို၍ပင် ခြောက်ခြားဖွယ် ကောင်းနေတော့သည်။
ယွမ်ဖူက သူတို့နှစ်ဦးကို ပြောလိုက်သည်။
“မီးတောက်က ဝိညာဉ်သားရဲအများစုကို မချဉ်းကပ်ရဲအောင် လုပ်နိုင်ပေမယ့် ရက်စက်ပြီး ကောက်ကျစ်တဲ့ ဝိညာဉ်သားရဲအချို့လည်း ရှိသေးတယ်။ သူတို့က မီးတောက်ကို မကြောက်ဘူး။ သားကောင်က ပေါ့ဆနေတာကို သတိထားမိတာနဲ့ ချက်ချင်း တိုက်ခိုက်လိမ့်မယ်။ ဝမ်လီ.. မင်းမှာ ဝိညာဉ်ကွင်းရှိနေရင်တောင် သဘောအတိုင်း သွားလို့မရဘူး။ ဝမ်ဆန်း.. မင်းက ဝိညာဉ်ကွင်း မရှိသေးဘူးဆိုတော့ ပိုသတိထားရမယ်။ စခန်းပတ်ပတ်လည်ကို ကင်းလှည့်တဲ့အခါ တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြား”
ဝမ်လီနှင့် ဝမ်ဆန်းတို့က တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
“နားလည်ပါပြီ ဆရာ”
ထိုအခြင်းအရာကို မြင်သော် ယွမ်ဖူက ခေါင်းညိတ်ပြီး ပြောသည်။
“ငါ အရှေ့ဘက်ကို သွားကြည့်လိုက်မယ်၊ မင်းတို့က အနောက်ဘက်ကို သွားကြည့်လိုက်။ ငါတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်အောင် အတူတူ လှုပ်ရှားကြတာပေါ့။ အကူအညီလိုရင် ငါ့ကို လှမ်းခေါ်လိုက်”
ပြောပြီးနောက် သူသည် စခန်း၏ အရှေ့ဘက်သို့ လျှောက်သွားခဲ့သည်။ ဝမ်လီနှင့် ဝမ်ဆန်းတို့လည်း လှည့်၍ စခန်း၏ အနောက်ဘက်သို့ လျှောက်သွားကြသည်။ ဝမ်ဆန်းသည် ဝိညာဉ်ကွင်း မရသေးသဖြင့် မှောင်မိုက်နေသော တောအုပ်အပြင်ဘက်ကို ကြည့်ကာ စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ကြောက်ရွံ့မှုကို ခံစားနေရသည်။ သူသည် ဘေးနားရှိ ဝမ်လီကို လှမ်းကြည့်လိုက်ရာ ဝမ်လီ၏ တည်ငြိမ်နေသော မျက်နှာထားကို မြင်မှသာ သူ၏ တုန်လှုပ်နေသော စိတ်အနည်းငယ် သက်သာရာရသွားသည်။
ဝမ်လီက တစ်ခုခု မူမမှန်သည်ကို သတိပြုမိလိုက်သည်။ တိတ်ဆိတ်လွန်းနေသည်။ ညဉ့်နက်သဖြင့် လုံးဝတိတ်ဆိတ်နေသည်ဆိုသော်လည်း ယခုမူ သိသိသာသာ ထူးဆန်းနေသည်။
သူတို့နှစ်ဦးသည် စခန်းအနောက်ဘက်သို့ ရောက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။ ဝမ်ဆန်းက ပြောသည်။
“အန္တရာယ်မရှိပုံပဲ။ ငါတို့လူတွေ အများကြီးရှိတာပဲ၊ ပြီးတော့ တုံလော့အဆင့်ရှိတဲ့ ကျောင်းအုပ်ကြီးလည်း ရှိနေတာ။ ဘယ်ဝိညာဉ်သားရဲက မျက်စိမရှိဘဲ လာရှာရဲမှာလဲ”
ဝမ်လီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဝမ်ဆန်း၏ အနောက်တွင် မည်းမှောင်သော အရိပ်တစ်ခုက မည်သည့်အသံမျှ မထွက်ဘဲ ရုတ်တရက် တိုက်ခိုက်လာသည်ကို သူ မြင်လိုက်ရသည်။ ဝမ်လီက လှမ်းအော်လိုက်သည်။
“ဝမ်ဆန်း.. ဝပ်လိုက်”
ဝမ်ဆန်းသည် တစ်ခဏမျှ ကြောင်အသွားသော်လည်း ဝမ်လီအပေါ် ယုံကြည်မှုကြောင့် ချက်ချင်းပင် ဝပ်လိုက်သည်။
ဝမ်လီသည် မြေပြင်ကို နင်းလိုက်ရာ စပရိန်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ သူသည် ချက်ချင်းပင် ရှေ့သို့ ပစ်ထွက်သွားရာ ဝမ်ဆန်း ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် မြန်ဆန်လှသည်။
ရှန်ပို
ဝမ်လီ နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာက ကျားသစ်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည်။ ကျား သို့မဟုတ် ကျားသစ်ကဲ့သို့ မကြီးမားသော်လည်း ၎င်း၏ နီရဲသော မျက်လုံးများက ရက်စက်သော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသည်။ ၎င်းက အလွန်မြန်ဆန်သော်လည်း ဝမ်လီက ပို၍ပင် မြန်ဆန်နေသည်။ သူက အရင်ရောက်ရှိသွားပြီး ယင်း၏ လက်သည်းများကို ရှောင်ကွင်းကာ မေးစေ့ကို လှမ်းကန်ပြီး အဝေးသို့ ကန်ထုတ်လိုက်သည်။
ဝူး
၎င်းသည် နောက်ဆုံးတွင် နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။ ဝမ်လီ၏ ခန္ဓာကိုယ်သည် လေထဲတွင် ရှိနေဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ ဆင်းကာ အရှိန်ယူခြင်းမရှိဘဲ မယုံကြည်နိုင်လောက်အောင်ပင် ထပ်မံ ပျံသန်းထွက်သွားပြန်သည်။ ကန်ထုတ်လိုက်သော ဝိညာဉ်သားရဲနောက်သို့ ပို၍မြန်သော အရှိန်ဖြင့် လိုက်မီသွားသည်။
ပေါက်ကွဲအားပါသော ခြေလှမ်း
ချက်ချင်းပင် ဝမ်လီသည် ၎င်း၏ ပျော့ပျောင်းသော ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်လိုက်သည်။ ကျား သို့မဟုတ် ကျားသစ်ကဲ့သို့ ကြောင်မျိုးနွယ်ဝင် သားရဲများသည် လေထဲတွင် သူတို့၏ ဟန်ချက်ကို အတင်းအကျပ် ရှာဖွေနိုင်သော်လည်း ဝမ်လီ၏ ကန်ချက်က ၎င်းအား ဟန်ချက် လုံးဝပျက်ပြားသွားစေပြီး ပေါက်ပြဲနေသော အိတ်တစ်လုံးကဲ့သို့ အောက်သို့ ကျဆင်းသွားစေသည်။
ဝူး
ဤအသံသည် စိတ်မကောင်းစရာ အော်ဟစ်သံနှင့် ပြည့်နှက်နေတော့သည်။