"ဝူး..."
တောဝက်ဘုရင်၏ အုန်းအုန်းခြိမ်းခြိမ်း ဟိန်းဟောက်သံက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခဲသွားစေပြီး လူတို့၏နှလုံးသားကို တိုက်ရိုက်ရိုက်ခတ်သွားသည်။ ဤတောအုပ်အတွင်း၌ သက်တမ်းချင်း မသာလွန်ပါက ကျားနှင့် ဝက်ဝံကဲ့သို့သော သားရဲများပင်လျှင် တောဝက်ဘုရင်ကို အလွယ်တကူ မဆွရဲကြချေ။ ၎င်း၏ အစွမ်းထက်ပုံကို ယင်းကပင် သက်သေပြနေသည်။ ထိုအချိန်တွင် တောဝက်ဘုရင်၏ ခန္ဓာကိုယ်ထက်၌ နွယ်ပင်များ ရစ်ပတ်နေသော်လည်း ၎င်းအတွက်မူ မည်သို့မျှ အဟန့်အတားမဖြစ်ပေ။ ၎င်းသည် ထက်မြက်လှသော အစွယ်တစ်စုံကို အားပြုလျက် လူနှစ်သုံးဦး ဖက်ရုံမျှမကကြီးမားသော ရှေ့မှ သစ်ပင်ကြီးတစ်ပင်ကို အရှိန်အဟုန်ဖြင့် ဝင်ဆောင့်တော့သည်။ ထိုသစ်ပင်ကြီးကို ရစ်ပတ်နှောင်ဖွဲ့ထားသည်မှာ ပန်းကန်လုံးအဝခန့် တုတ်ခိုင်ပြီး သက်တမ်း ရာစုနှစ်ချီနေပြီဖြစ်သော အိုင်ဗွီနွယ်ပင် ဖြစ်သည်။ သို့သော်လည်း ကြမ်းကြုတ်ခက်ထန်သော တောဝက်ဘုရင်နှင့် ထိပ်တိုက်တွေ့ချိန်တွင်မူ ထိုနွယ်ပင်မှာ အကြမ်းပတမ်း ဖျက်ဆီးခြင်းခံနေရသည့် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ရုန်းမရဆတ်မရ ဖြစ်နေရှာသည်။ နွယ်ပင်များမှာ တဖြတ်ဖြတ် ပြတ်တောက်ကုန်ပြီး သစ်စေးရည်များ တသွင်သွင် စီးကျလာတော့သည်။
မီတာငါးဆယ်ခန့်အကွာတွင် ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ကျန်းဝေက မျက်မှောင်ကြုတ်လျက် တွေးတောနေမိသည်။
အိုင်ဗွီနွယ်ပင်ဆိုတာ အပင်မျိုးနွယ် ဝိညာဉ်သားရဲတွေထဲမှာ အေးအေးဆေးဆေးနေတတ်တဲ့ အမျိုးအစားပဲ။ များသောအားဖြင့် သူတို့မှီတွယ်နေထိုင်တဲ့ အပင်တွေနဲ့ အကျိုးတူ အတူယှဉ်တွဲ ရှင်သန်တတ်ပြီး တခြားဝိညာဉ်သားရဲတွေကို အရင်ဘယ်တော့မှ ရန်မစတတ်ဘူး။ တောဝက်ဘုရင်က ရန်လိုပြီး အရမ်းကြမ်းကြုတ်တဲ့ သားရဲဆိုပေမဲ့ အိုင်ဗွီနွယ်ပင်ကို အစာအဖြစ် စားလေ့မရှိဘူး။ သူတို့က ဘာလို့ အသေအလဲ တိုက်ခိုက်နေကြတာလဲ။ ဒါက သားရဲအမဲလိုက်တောအုပ်ရဲ့ အပြင်ဘက် အစွန်အဖျားပဲ ရှိသေးတာကို။
ကျန်းဝေ တစ်ချက် စဉ်းစားရကျပ်သွားသည်။ ထိုစဉ် သူ့ဦးနှောက်ထဲသို့ အတွေးတစ်ခု လျှပ်ခနဲ ဝင်လာသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ဆက်တွေးလိုက်မိသည်။
ဒါဆို တောဝက်ဘုရင်ရဲ့ ပစ်မှတ်က ဒီအိုင်ဗွီနွယ်ပင် မဟုတ်ဘဲ တခြားအရာတစ်ခုခု ဖြစ်ရမယ်။ အဲဒီအရာက အိုင်ဗွီနွယ်ပင်ရဲ့ နယ်မြေထဲမှာ ရှိနေတာပဲ။ တကယ်လို့ ငါထင်သလိုသာ ဆိုရင်တော့ အဲဒါကို တောဝက်ဘုရင် ဖျက်ဆီးပစ်လို့ မဖြစ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အရင်ရအောင် ယူရမယ်။
ထိုသို့တွေးမိသည်နှင့် ကျန်းဝေ၏ မျက်လုံးများက လောဘဇောကြောင့် အနည်းငယ် ရဲတောက်လာတော့သည်။ သူသည် ဝိညာဉ်သိုင်းကို ပူးကပ်စေပြီး လေးအကြီးစားကို မိုးလျက် အရှိန်အဟုန်ဖြင့် ပြေးထွက်ခဲ့သည်။ သူ၏ အရှိန်မှာ အရိပ်သဏ္ဌာန်မျှသာ ကျန်ရစ်ပြီး မီတာဆယ်ဂဏန်းအတွင်းသို့ ရောက်ရှိသည်နှင့် မြေပြင်မှ ဝဲပျံတက်သွားတော့သည်။ ကျန်းဝေ၏ ပတ်လည်ရှိ ခရမ်းရောင်ဝိညာဉ်ကွင်း နှစ်ကွင်းက တဖျတ်ဖျတ် လင်းလက်သွားပြီး သူ၏ တတိယနှင့် စတုတ္ထမြောက် ဝိညာဉ်ကျွမ်းကျင်မှုများကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ လျှပ်တစ်ပြက်အတွင်း သူ၏ ခန္ဓာကိုယ်ထက်၌ သွေးကဲ့သို့ ရဲရဲနီသော မီးတောက်များ တောက်လောင်လာပြီး ပြင်းထန်လှသော ဝိညာဉ်စွမ်းအားကြောင့် တိုက်ခိုက်နေကြသည့် ဝိညာဉ်သားရဲနှစ်ကောင်လုံး လန့်ဖျန့်သွားကြသည်။
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကျန်းဝေက လေးကြိုးကို အစွမ်းကုန် ဆွဲငင်လိုက်ရာ သူ၏လက်ထဲတွင် ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး သွေးရောင်မီးတောက်များ တောက်လောင်နေသော မြှားတစ်စင် ပေါ်ပေါက်လာသည်။ ကျန်းဝေ၏ အော်ဟစ်ကြုံးဝါးသံနှင့်အတူ ဝိညာဉ်မြှားသည် လေလှိုင်းများကို ဖြတ်သန်းလျက် အမြီးတန်းမီးတောက်ကြီးဖြင့် ပြေးထွက်သွားကာ တောဝက်ဘုရင်၏ တင်ပါးဆုံကို တည့်တည့်မှန်တော့သည်။ ထို့နောက် မီးတောက်များ အုန်းခနဲ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။
"ဝူး..."
တောဝက်ဘုရင်၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံက အလွန်ပင် ရင်နင့်ဖွယ် ကောင်းလှသည်။ ၎င်း၏ အရေပြားက သံချပ်ကာကဲ့သို့ မာကျောလှသည်ဆိုသော်လည်း ကျန်းဝေ၏ သက်တမ်းထောင်ချီ ဝိညာဉ်ကျွမ်းကျင်မှုနှစ်ခု ပေါင်းစပ်တိုက်ခိုက်မှုကိုမူ မခံနိုင်ချေ။ တတိယဝိညာဉ်ကျွမ်းကျင်မှုဖြင့် စွမ်းအားကို မြှင့်တင်ကာ စတုတ္ထဝိညာဉ်ကျွမ်းကျင်မှုဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ တောဝက်ဘုရင်မှာ တစ်ချက်တည်းဖြင့်ပင် အသည်းအသန် ဒဏ်ရာရသွားရသည်။ ထိုသို့ အော်ဟစ်ပြီးနောက် တောဝက်ဘုရင်သည် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ကို ဆွဲလျက် ခြေတစ်ဖက်ထော့နဲ့ထော့နဲ့ဖြင့် အလောတကြီး ထွက်ပြေးသွားတော့သည်။ ၎င်း၏ ကိုယ်ပေါ်မှ ညှီစို့စို့အနံ့များမှာ ကင်ပုပ်နံ့အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ဤနေရာတွင် ဆက်နေပါက အသက်ပျောက်ရုံသာ ရှိတော့သည်။
ကျန်းဝေ မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလာချိန်တွင် ဆက်လိုက်မဖမ်းတော့ပေ။ သူသည် အသက်ကို ပြင်းပြင်းရှူနေရသည်။ အရှိန်အဝါ အကောင်းဆုံးအချိန် မဟုတ်တော့သည့် သူ၏အရွယ်အတွက် အစွမ်းထက်ဆုံး ထောင်စုနှစ် ဝိညာဉ်ကျွမ်းကျင်မှု နှစ်ခုကို တစ်ပြိုင်နက် ထုတ်သုံးရခြင်းက ခန္ဓာကိုယ်ကို အတော်လေး ဝန်ပိစေသည်။ သူသည် အိုင်ဗွီနွယ်ပင် ရှိရာသို့ အမြန်လျှောက်သွားလိုက်သည်။ ယခုအချိန်တွင် အိုင်ဗွီနွယ်ပင်မှာလည်း အသက်တစ်ဝက်ခန့် ပျောက်ဆုံးနေပြီး ညှိုးရော်ပိန်ချုံးနေခဲ့ပြီ ဖြစ်သည်။ အပင်မျိုးနွယ် ဝိညာဉ်သားရဲများ၏ ပြင်းထန်လှသော သက်စောင့်စွမ်းအားသာမရှိပါက ယခုလေးတင် ပေါက်ကွဲမှုအတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားလောက်သည်။
ကျန်းဝေက လက်ကို ဝေ့ယမ်းကာ ဝိညာဉ်စွမ်းအားဖြင့် ပေါက်ကွဲမှု၏ အကြွင်းအကျန် အရှိန်အဝါများကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သစ်ပင်အောက်ခြေ မြေပြင်ကို အလျင်အမြန် တူးဆွလိုက်ရာ နောက်ဆုံးတွင် သစ်မြစ်များကြား၌ မည်းမည်းအရာ သုံးခုကို တွေ့ရှိသွားတော့သည်။ ထိုအခါ ကျန်းဝေသည် မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် အော်ဟစ်ရယ်မောလိုက်မိသည်။ ယခုပုံစံက အများကြည်ညိုရသော ကျောင်းအုပ်ကြီးတစ်ဦးနှင့်မတူဘဲ ရက်စက်ကြမ်းကြုတ်သော လူမိုက်တစ်ဦးနှင့် ပို၍ တူနေသည်။
"နွေရာသီ မှိုနက်တွေပဲ... အဖိုးတန်ပစ္စည်းပဲဟေ့၊ ဟီးဟီး..."
ဒါက တောဝက်ဘုရင် အသေအလဲ လိုချင်နေတဲ့အရာပဲ။ ဒီအကောင်က ဒါကိုစားပြီးရင် ၎င်းရဲ့ အနံ့အသက်က ပိုပြင်းလာပြီး တောဝက်မတွေကို မိတ်လိုက်ဖို့ ဆွဲဆောင်နိုင်လိမ့်မယ်။ ယောကျ်ားတွေအတွက်ဆိုရင်လည်း ခွန်အားကို ဖြစ်စေပြီး သွေးသားကို ပြည့်ဖြိုးစေတယ်၊ ပြီးတော့ စွမ်းဆောင်ရည်ကို ကာလရှည် မြှင့်တင်ပေးနိုင်တဲ့အတွက် လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်း ယောကျ်ားတွေအတွက်တော့ နတ်ဆေးတစ်ပါးပဲ။
နော့တင်းကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ ကျန်းဝေက ရာထူး၊ စည်းစိမ်နဲ့ အသရေ အားလုံး ရှိပြီးသားမို့ ကာမဂုဏ်တွေကြားထဲ နစ်မွန်းနေခဲ့တာ ကြာပြီ။ ကာလရှည်ပတ်လုံး အလိုရမ္မတောထဲ ပျော်မွေ့ခဲ့တဲ့အတွက် အခုနောက်ပိုင်း အိုမင်းမစွမ်းဖြစ်ပြီး စိတ်ပါပေမဲ့ လူကမလိုက်နိုင်တဲ့ အခြေအနေမျိုး ကြုံနေရတာ။ ဒါကြောင့်ပဲ သူက ဘာမဆိုပေးဆပ်ပြီး ဒီပစ္စည်းကို ရအောင်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မဟုတ်ရင်တော့ အန္တရာယ်များတဲ့ သားရဲအမဲလိုက်တောအုပ်ထဲမှာ ဘယ်သူက အကြောင်းမဲ့ သက်သက် ရန်ပွဲရှာပါ့မလဲ။
မကြာမီမှာပင် နော့တင်းကျောင်းတော်မှ ဆရာများနှင့် ကျောင်းသားများအားလုံး အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့အားလုံး လတ်တလောက ဖြစ်ပွားခဲ့သော ကြီးမားလှသည့် ပေါက်ကွဲသံကြီးကို ကြားခဲ့ကြရသည်။ ယခု မြင်ကွင်းသို့ ရောက်ရှိလာချိန်တွင် မြေပြင်ပေါ်ရှိ နက်ရှိုင်းလှသော ကွဲအက်ကြောင်းများနှင့် ပတ်ပတ်လည်တွင် မီးလောင်ကျွမ်းနေသော သစ်ပင်များကို မြင်တွေ့ရသဖြင့် ကျန်းဝေ၏ အစွမ်းထက်ပုံကို အားလုံးက အံ့ဩချီးကျူးမဆုံး ဖြစ်နေကြသည်။ ကျန်းဝေကမူ ထိုနွေရာသီ မှိုနက်များကို ဆွတ်ခူးပြီး ဝိညာဉ်သိုလှောင်ပစ္စည်းထဲသို့ ထည့်သွင်းပြီးသွားပြီ ဖြစ်ရာ မျက်နှာအမူအရာကလည်း ပုံမှန်အတိုင်း အများခန့်ညားကြည်ညိုရသော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူသည် လူတိုင်းကို မြင်သောအခါ အခြေအနေကို ရှင်းပြလိုက်သည်။
"ခုနတင် တောဝက်ဘုရင်နဲ့ အိုင်ဗွီနွယ်ပင်တို့ တိုက်ခိုက်နေကြတာ။ ငါ အနည်းငယ် လက်စွမ်းပြပြီး တောဝက်ဘုရင်ကို မောင်းထုတ်လိုက်ရတယ်။ အိုင်ဗွီနွယ်ပင်ရဲ့ အမြစ်က ဒီမှာတင် ရှိနေသေးတော့ သူ ထွက်ပြေးလို့မရဘူး။ ဝမ်လီ... ငါမှတ်မိသလောက်ဆိုရင် မင်းရဲ့ ဝိညာဉ်သိုင်းက အရောင်ပြောင်းလဲသွားတဲ့ အပြာရောင်ငွေမြက်ပင်မလား။ အပင်မျိုးနွယ် ဝိညာဉ်သိုင်းက အပင်မျိုးနွယ် ဝိညာဉ်ကွင်းကို စုပ်ယူတာ အကောင်းဆုံးပဲ။ ဒီသက်တမ်းရာစုနှစ် အိုင်ဗွီနွယ်ပင်က မင်းအတွက်ပဲ"
မိုးပေါ်က ကျလာသော လာဘ်ကြီးကြောင့် ဝမ်လီမှာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားရသည်။ လတ်တလောတင် သူက သက်တမ်းရာစုနှစ်ချီသော ဝိညာဉ်ကွင်းကို မည်သို့ရယူရမည်နည်းဟု ပူပန်နေခဲ့ခြင်းဖြစ်ရာ ယခုမူ ထိုဝိညာဉ်ကွင်းက အလိုအလျောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် ဆဋ္ဌမတန်းမှ ကျောင်းသားများသာမက ဆရာအများစုကပင် ဝမ်လီကို အားကျမနာလိုသော မျက်လုံးများဖြင့် ဝိုင်းကြည်နေကြသည်။ ပထမဆုံး ဝိညာဉ်ကွင်းကပင် သက်တမ်းရာစုနှစ်ချီသော ဝိညာဉ်ကွင်း ဖြစ်နေသဖြင့် နောင်တစ်ချိန်တွင် အနာဂတ်က အတိုင်းအဆမရှိ တောက်ပလာမည်မှာ အသေအချာပင် ဖြစ်သည်။
ဝမ်လီသည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ အမြန်လှမ်းတက်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"
ထို့နောက် သူသည် ပန်းဘဲဖိုတွင် ဝယ်ယူခဲ့သော ဓားမြှောင်ကို ထုတ်ယူလျက် ညှိုးရော်နေသော အိုင်ဗွီနွယ်ပင်၏ အမြစ်ကို ရှာဖွေကာ အားပြင်းပြင်းဖြင့် ထိုးစိုက်ပြီး လှည့်မွှေလိုက်တော့သည်။ ၎င်းသည် ချက်ချင်း မသေသေးဘဲ တွန့်လိမ်ရုန်းကန်နေသေးသော်လည်း ခဏအကြာတွင်မူ လုံးဝ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအခါ ဝါကျင်ကျင် စွမ်းအားလှိုင်းများက အရူးအမူး စီးဆင်းလာပြီး နောက်ဆုံးတွင် ဝိညာဉ်ကွင်းတစ်ခုအဖြစ် ပုံပေါ်လာတော့သည်။
ဝမ်လီသည် ထိုဝိညာဉ်ကွင်းကို စိုက်ကြည့်လိုက်သည်။ ဤသည်က လူလှည့်စားတတ်သော ဆယ်စုနှစ်သက်တမ်း ဝိညာဉ်ကွင်းမျိုးမဟုတ်ဘဲ စစ်မှန်သော ရာစုနှစ်သက်တမ်း ဝိညာဉ်ကွင်း ဖြစ်သည်။ သူ၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ အနည်းငယ် ဖြစ်ပေါ်လာရသည်။ ထို့နောက် သူသည် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး မိမိ၏ အပြာရောင်ငွေမြက်ပင် ဝိညာဉ်သိုင်းကို ဆင့်ခေါ်ကာ ဝါကျင်ကျင် ဝိညာဉ်ကွင်းကို ဖိတ်ခေါ်လိုက်သည်။ တစ်စုံတစ်ခုကို အာရုံရသွားသည့်အလား ထိုအဝါရောင် ဝိညာဉ်ကွင်းသည် ဝမ်လီထံသို့ ဝဲပျံလာပြီးနောက် အပြာရောင်ငွေမြက်ပင် ဝိညာဉ်သိုင်းထက်၌ လာရောက်ရစ်ပတ် ပေါင်းစည်းသွားတော့သည်။
ထိုအချိန်တွင်ပင် ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများက ဝမ်လီ၏ ခန္ဓာကိုယ်အတွင်းသို့ အဟုန်ပြင်းစွာ စီးဝင်လာသည်။
သက်တမ်းရာစုနှစ် ဝိညာဉ်သားရဲဖြစ်တဲ့အပြင် ငါနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ နွယ်ပင်အမျိုးအစားလည်း ဖြစ်နေပြန်တော့ ဒီတစ်ခေါက်တော့ ငါ တကယ်မြတ်တာပဲ။
ထိုသို့တွေးမိရင်း ဝမ်လီသည် မျက်လုံးများကို မှိတ်လိုက်ပြီး စနစ်မျက်နှာပြင်မှ ရရှိထားသော တရားမှတ်နည်းလမ်းကို စတင်ထုတ်ဖော်လိုက်သည်။ သူ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားများက နဂါးနှင့် မြွေကဲ့သို့ လှုပ်ရှားရုန်းကန်လျက် လျှပ်တစ်ပြက်အတွင်းမှာပင် သက်တမ်းရာစုနှစ် ဝိညာဉ်ကွင်းမှ စွမ်းအားများကို စတင်ဝါမြိုတော့သည်။ ထိုဝိညာဉ်ကွင်း၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားများမှာ ဝမ်လီအပေါ် မည်သည့်ဖိအားမျှ မပေးနိုင်ဘဲ လုံးဝ နှိမ်နင်းခြင်း ခံလိုက်ရသည်။ ယင်းကို ကြည့်ခြင်းဖြင့် ဤတရားမှတ်နည်းလမ်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း သိသာလှသည်။
ထိုအချိန်တွင် ကျန်းဝေသည်လည်း ရင်ထဲ၌ ဝမ်းသာပီတိဖြစ်နေသည်။ ယခုတစ်ခေါက်တွင် သူသည် ကံကောင်းထောက်မစွာဖြင့် နွေရာသီ မှိုနက် သုံးခုကို ရရှိခဲ့သဖြင့် အမြတ်ကြီး မြတ်ခဲ့သည်။ ဝမ်လီနှင့် ကျန်းဝေ နှစ်ဦးစလုံးက မိမိတို့ကိုယ်မိမိ အမြတ်အစွန်းများစွာ ရရှိခဲ့သည်ဟု ခံစားနေကြရသော်လည်း မည်သူက ပို၍ မြတ်စွန်းသွားသည်ကိုမူ အတိအကျ ပြောနိုင်ရန် ခက်ခဲလှပေတော့သည်။