အခန်း (၁၈) တောဝက်ဘုရင်
အန္တရာယ်ကြီးမားလှသော သားရဲအမဲလိုက်တောအုပ်အတွင်း၌ ဆရာအသီးသီး၏ ဝိညာဉ်သိုင်းများ ပူးကပ်လာပြီးနောက် အရောင်အသွေးစုံလင်သော ဝိညာဉ်ကွင်းများ တဖျတ်ဖျတ်တောက်ပလာကြသည်။ ထိုမြင်ကွင်းသည် ကျောင်းတော်အတွင်း၌ ဘယ်သောအခါမှ မမြင်တွေ့နိုင်သော မြင်ကွင်းဖြစ်သဖြင့် ဝိညာဉ်စစ်သည်အဆင့် ကျောင်းသားသစ်များမှာ အလွန်ပင် အားကျစိတ်လှုပ်ရှားရသလို တစ်ဖက်ကလည်း လုံခြုံစိတ်ချမှုကို ခံစားလိုက်ရသည်။ ဝမ်လီသည်လည်း ကျောင်းသားအုပ်စုကြားတွင် ရောနှောလိုက်ပါလာသော်လည်း ရင်ထဲတွင်မူ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်သံများ မြန်ဆန်နေခဲ့ပြီ ဖြစ်သည်။ သူသာဆိုလျှင် ယခုပင် လူအုပ်ကြီးနှင့် လမ်းခွဲကာ မိမိဘာသာ ဝိညာဉ်သားရဲကို ရှာဖွေချင်နေမိသည်။ သို့သော်လည်း ဝိညာဉ်သားရဲကို အမဲလိုက်ခြင်းမှသည် ဝိညာဉ်ကွင်းကို စုပ်ယူသည့် ဖြစ်စဉ်တစ်ခုလုံးတွင် အန္တရာယ်နှင့် မရေရာမှုများလွန်းလှသဖြင့် စိတ်ရှည်လက်ရှည်ဖြင့်သာ အဖွဲ့ကြီးနှင့်အတူ ရှေ့ဆက်လျှောက်လှမ်းလာခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းမှာ ဝိညာဉ်စွမ်းအားရှိကြသည့် ဝိညာဉ်စစ်သည်များဖြစ်ကြသဖြင့် ဝိညာဉ်ကွင်းမရှိသေးသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားနည်းလှသည်မဟုတ်ပေ။ တောအုပ်အတွင်း ဖြတ်သန်းသွားလာရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ငြီးငြူခြင်းမရှိကြဘဲ ခရီးဆက်နှုန်းမှာလည်း မနှေးလှပေ။
ထိုစဉ် အရှေ့ဆုံးမှ ဦးဆောင်လာသော ကုန်းအန်းက ခြေလှမ်းရပ်လိုက်သဖြင့် ကျန်းဝေက အနောက်မှလူများကို ရပ်ရန် လက်ပြအချက်ပေးလိုက်သည်။ ကုန်းအန်းသည် သူ၏ ပထမဆုံး အဖြူရောင်ဝိညာဉ်ကျွမ်းကျင်မှုကို ထုတ်ဖော်လိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် မီတာရာဂဏန်းအတွင်းရှိ အနံ့အသက်အားလုံးနှင့် ထိုအနံ့၏ ပိုင်ရှင်များကို အတိအကျ ခွဲခြားနိုင်သည်။ ထို့နောက် သူက လေးနက်သောလေသံဖြင့် အလျင်အမြန် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး... သွေးညှီနံ့က အရိုးပျော့ယုန်ရဲ့ အနံ့ပဲ။ အမဲလိုက်တဲ့ကောင်ကတော့ သစ်တောပုစဉ်းရင်ခွဲကောင်ပဲ ဖြစ်ရမယ်။ သားရဲသက်တမ်းကိုတော့ အတိအကျမသိရသေးဘူး။ အကွာအဝေးကတော့ အရှေ့ဘက် မီတာသုံးရာလောက်မှာပါ"
ကျန်းဝေက ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း ညွှန်ကြားလိုက်သည်။
"စုမော့... မင်း ကျောင်းသားတွေကို စောင့်ရှောက်ထားလိုက်။ ငါ အရင်သွားပြီး အဲဒီသစ်တောပုစဉ်းရင်ခွဲကောင်ကို ထိန်းချုပ်ထားလိုက်မယ်"
အဖွဲ့၏အနောက်ဆုံးတွင်ရှိနေသော ညွှန်ကြားရေးမှူး စုမော့က ချက်ချင်းပင် ထူးလိုက်သည်။
"ကောင်းပါပြီ ကျောင်းအုပ်ကြီး"
ကျန်းဝေက ခေါင်းညိတ်ပြလိုက်ပြီးနောက် အသံတိုးတိုးဖြင့် ကြွေးကြော်လိုက်သည်။
"ဝိညာဉ်သိုင်း... ပူးကပ်စေ"
ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှ ဝါကျင်ကျင် စွမ်းအားလှိုင်းများ စီးဆင်းလာပြီး လက်ဖဝါးထံသို့ တဖြည်းဖြူး စုစည်းသွားကာ နောက်ဆုံးတွင် ရှေးဆန်သော လေးအကြီးစားတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။ အဝါနှစ်ကွင်း၊ အခရမ်းနှစ်ကွင်းဟူသော ဝိညာဉ်ကွင်းလေးကွင်းက သူ၏ပတ်လည်တွင် အထက်အောက် ဝဲပျံနေကြသည်။ ဝိညာဉ်ဂိုဏ်းချုပ်အဆင့်အထိ ကျင့်ကြံနိုင်ပြီး ဝိညာဉ်သခင်ကျောင်းတော်တစ်ခုကိုပါ တည်ထောင်နိုင်သူဖြစ်သဖြင့် ကျန်းဝေ၏ ဝိညာဉ်ကွင်းအချိုးအစားမှာ အကောင်းဆုံးအဆင့်တွင် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုဝိညာဉ်ကွင်းလေးကွင်း၏ အရှိန်အဝါအောက်တွင် လတ်တလော လူလတ်ပိုင်းအရွယ်ရောက်၍ အနည်းငယ် ဝဖြိုးနေသော ကျန်းဝေ၏ ပုံရိပ်သည်ပင် အလွန်ထည်ဝါခန့်ညားပြီး မြင့်မားကျယ်ပြန့်လှသည်ဟု ထင်မှတ်ရစေသည်။ သူသည် ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်ကန်ကာ လျှပ်တစ်ပြက်အတွင်း ရှေ့သို့ ပြေးထွက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာအနည်းငယ်မျှ အကွာသို့ ရောက်ရှိသွားတော့သည်။
ကျောင်းအုပ်ကြီး ထွက်ခွာသွားပြီးနောက်တွင် ညွှန်ကြားရေးမှူးက အာဏာအရှိဆုံး ဖြစ်လာသည်။ စုမော့က လူတိုင်းကို လှမ်းအော်ပြောလိုက်သည်။
"ငါတို့ ရှေ့ကို ဆက်သွားကြမယ်။ ကျောင်းအုပ်ကြီးနောက်ကို အတင်းလိုက်စရာမလိုဘူး။ ပုံမှန်အရှိန်နဲ့ပဲ ရှေ့ဆက်သွားပြီး ပတ်ဝန်းကျင်ကို အမြဲတစေ သတိထားကြ"
ဆရာများနှင့် ကျောင်းသားများအားလုံးက သံပြိုင်ထူးကြပြီးနောက် ရှေ့သို့ ဆက်လက်ချီတက်ကြသည်။ အချိန်အနည်းငယ် ဖြတ်သန်းပြီးနောက်တွင် ကျန်းဝေရှိရာနေရာသို့ လိုက်မှီသွားကြတော့သည်။ ထိုအချိန်တွင် ကျန်းဝေသည် နက်ပြာရောင်ရှိပြီး အရှည် သုံးပေခွဲခန့်ရှိသော ပုစဉ်းရင်ခွဲကောင်တစ်ကောင်ကို ဖမ်းဆီးထိန်းချုပ်ထားပြီး ဖြစ်သည်။ ၎င်း၏ မူလက ထက်မြက်လှသော ဓားသွားကဲ့သို့ လက်တစ်စုံကို အဆစ်မှ ဖြတ်တောက်ကာ ဘေးသို့ လွှင့်ပစ်ထားပြီး ဖြစ်သည်။ ထိုစိမ်းဖန့်ဖန့် သစ်တောပုစဉ်းရင်ခွဲကောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများထဲတွင်မူ နာကျည်းမုန်းတီးမှုများ အထင်အသား ပေါ်လွင်နေသည်။
ကျန်းဝေသည် လူတိုင်း ရောက်ရှိလာသည်ကို မြင်သောအခါ အချိန်ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဒါက သက်တမ်း နှစ်ငါးဆယ်ကနေ ရှစ်ဆယ်ကြားရှိတဲ့ သစ်တောပုစဉ်းရင်ခွဲကောင်ပဲ။ ထက်မြက်လှတဲ့ ဓားသွားလက်တစ်စုံ ရှိပြီးတော့ အဆင့်နိမ့်ဝိညာဉ်သားရဲတွေထဲမှာ ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးတယ်။ ရှန့်ခိုင်... မင်းရဲ့ ဝိညာဉ်သိုင်းက ဓားမလား။ ဒီဝိညာဉ်သားရဲက မင်းနဲ့ အလွန်ပဲ ကိုက်ညီတယ်။ ဒီကိုလာပြီး သူ့ကို သတ်လိုက်၊ ပြီးရင် ဝိညာဉ်ကွင်းကို စုပ်ယူ"
ထိုစကားကို ကြားရသောအခါ ရှန့်ခိုင်ဟုခေါ်သော ကျောင်းသားသည် ရန်ငြိုးဖွဲ့နေသော ပုစဉ်းရင်ခွဲကောင်၏ မျက်လုံးများကို ကြည့်ကာ တံတွေးတစ်ချက် မြိုချလိုက်မိသည်။ သူသည် အနည်းငယ် ကြောက်ရွံ့နေမိသော်လည်း ယခုကဲ့သို့ အခွင့်အရေး ရောက်ရှိလာပြီဖြစ်ရာ နောက်ဆုတ်သွားရန် စိတ်မကူးချေ။ သူသည် မိမိ၏ ဓားဝိညာဉ်သိုင်းကို ဆင့်ခေါ်လိုက်ပြီး ရှေ့သို့ လှမ်းတက်ကာ ပုစဉ်းရင်ခွဲကောင်ကို လွှဲခုတ်လိုက်တော့သည်။ သို့သော် သူက မျက်စိမှိတ်၍ ခုတ်မိသဖြင့် အရေးကြီးသော အချက်အချာနေရာကို တစ်ချက်မျှ မထိမှန်ဘဲ အကြိမ်ကြိမ် ခုတ်နှက်ပြီးမှသာ သစ်တောပုစဉ်းရင်ခွဲကောင်ကို အသက်ပျောက်အောင် သတ်နိုင်ခဲ့သည်။
ထိုဖြစ်စဉ်တစ်ခုလုံးကို ကျန်းဝေက တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေခဲ့သည်။ ဤကျောင်းသားများမှာ ငယ်ရွယ်လွန်းသေးသဖြင့် ဝိညာဉ်သားရဲတစ်ကောင်၏ ဝိညာဉ်ကွင်းကို စုပ်ယူလိုပါက မိမိကိုယ်တိုင် လက်ရဲဇက်ရဲ သတ်ဖြတ်ရမည်ဖြစ်ရာ ဤသည်မှာလည်း သူတို့အတွက် အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။
"သေချာကြည့်ထားကြ... ဝိညာဉ်ကွင်း ထွက်လာတော့မယ်။ ဝိညာဉ်ကွင်း ထွက်လာတာနဲ့ တင်ပလ္လင်ခွေထိုင်၊ မိမိရဲ့ ဝိညာဉ်သိုင်းကို သုံးပြီး ဝိညာဉ်ကွင်းကို ဆင့်ခေါ်၊ ပြီးရင် တရားမှတ်တဲ့နည်းလမ်းအတိုင်း ဝိညာဉ်ကွင်းထဲက စွမ်းအားတွေကို အပြည့်အဝ စုပ်ယူရမယ်။ မင်းတို့အားလုံးလည်း နောက်ဆိုရင် ဒီဖြစ်စဉ်အတိုင်း ဖြတ်သန်းရမှာပဲ။ ဝိညာဉ်သားရဲတွေကို အမဲလိုက်တာနဲ့ ဝိညာဉ်ကွင်းစုပ်ယူတာတွေက မင်းတို့ရဲ့ ဝိညာဉ်သခင် သက်တမ်းတစ်လျှောက်လုံးမှာ အမြဲတမ်း ကြုံတွေ့ရမယ့်အရာတွေပဲ"
သူ စကားပြောနေစဉ်မှာပင် သေဆုံးသွားသော သစ်တောပုစဉ်းရင်ခွဲကောင်ထံမှ ဖြူဖွေးသော အလင်းတန်းများ စီးထွက်လာပြီး နောက်ဆုံးတွင် ၎င်း၏ ခန္ဓာကိုယ်အထက်၌ အဖြူရောင် ဝိညာဉ်ကွင်းတစ်ခု အဖြစ် ပုံပေါ်လာတော့သည်။ ရှန့်ခိုင်သည် ဝမ်းသာအားရဖြစ်သွားပြီး ရွံရှာဖွယ် အလောင်းကောင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပုစဉ်းရင်ခွဲကောင်၏ ဘေးတွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ကာ ဝိညာဉ်သိုင်းကို ကိုင်စွဲထားသည့် သူ၏ ညာဘက်လက်ကို ဆန့်တန်းလိုက်သည်။ အဖြူရောင် ဝိညာဉ်ကွင်းသည်လည်း ဆင့်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဓားသွားထံသို့ ဝဲပျံလာပြီးနောက် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။ ဤသည်ကပင် ဝိညာဉ်ကွင်းကို စတင်စုပ်ယူခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို ကျောင်းသားအားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ အခြားသူများမှာ အားကျနှစ်ခြိုက်ပြီး ထိုသို့ဖြစ်ချင်နေကြသော်လည်း ဝမ်လီကမူ ရင်ပူနေမိသည်။ ကျန်းဝေနှင့် စုမော့ ဦးဆောင်သော ဆရာအဖွဲ့မှာ သံသယဖြစ်ဖွယ်မရှိ အစွမ်းထက်ပြီး စုံလင်လှသော်လည်း ကျောင်းသားများအတွက် အမဲလိုက်ပေးသော ဝိညာဉ်သားရဲများမှာ သက်တမ်းဆယ်စုနှစ်မျှသာရှိသော သားရဲများနှင့် အဖြူရောင်ဝိညာဉ်ကွင်းများသာ ဖြစ်နေသည်။ ဤမျှနှင့် မည်သို့ အဆင်ပြေနိုင်ပါမည်နည်း။ ဝမ်လီသည် ကန့်သတ်ချက်ကျော်လွန်သော ဝိညာဉ်ကွင်းကို မစုပ်ယူနိုင်လျှင်ပင် သက်တမ်း ရာစုနှစ်ချီသော ဝိညာဉ်ကွင်းကိုသာ စုပ်ယူရန် ရည်ရွယ်ထားသူ ဖြစ်သည်။ ခက်တော့ခက်နေပြီဟု တွေးမိရင်း ဝမ်လီသည် မျက်မှောင်ကြုတ်လိုက်မိသည်။
ဝမ်လီ တစ်ယောက်တည်း စဉ်းစားနေစဉ်မှာပင် ရှန့်ခိုင်သည် ဆယ်မိနစ်ခန့်အတွင်း ဝိညာဉ်ကွင်းစုပ်ယူခြင်းကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းမှာ ဆယ်စုနှစ်သက်တမ်းရှိ ဝိညာဉ်ကွင်းမျှသာဖြစ်သဖြင့် အန္တရာယ်ကြီးကြီးမားမား မရှိလှပေ။ ကျန်းဝေက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသော ရှန့်ခိုင်ကို ကြည့်ကာ တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"သိပ်ပြီး ဘဝင်မမြင့်သွားနဲ့ဦး။ မင်းမှာ ဝိညာဉ်ကွင်းရှိလို့ ဝိညာဉ်ကျွမ်းကျင်မှုကို ထုတ်ဖော်နိုင်ပြီဆိုရင်တောင် အဖွဲ့ရဲ့ အစီအစဉ်အတိုင်း ဆက်ပြီး လိုက်နာရမယ်။ သားရဲအမဲလိုက်တောအုပ်ထဲမှာတော့ ကွင်းတစ်ကွင်း ဝိညာဉ်သခင်ဆိုတာ အနိမ့်ဆုံးအဆင့်ပဲ ရှိသေးတာ။ ဒါနဲ့... ခံစားချက်က ဘယ်လိုလဲ။ ဘယ်လို ဝိညာဉ်ကျွမ်းကျင်မှုမျိုး ရခဲ့လဲ"
ရှန့်ခိုင်သည် ကျန်းဝေနှင့် ရင်ဆိုင်ရသောအခါ သစ်တောပုစဉ်းရင်ခွဲကောင်၏ ဖမ်းဆီးခြင်းကို ခံရသော ယုန်ငယ်လေးကဲ့သို့ပင် အလွန် လိမ္မာယဉ်ကျေးသွားပြီး ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည်။
"ခံစားချက်က အရမ်းကောင်းပါတယ် ဆရာ။ တစ်ကိုယ်လုံးမှာ စွမ်းအားတွေ ပြည့်နှက်နေသလိုပဲ။ ကျွန်တော်ရခဲ့တဲ့ ဝိညာဉ်ကျွမ်းကျင်မှုကတော့ 'ကြက်ခြေခတ်ကွပ်မျက်ခြင်း' လို့ ခေါ်ပါတယ်။ တိုက်ခိုက်မှုစွမ်းရည်နဲ့ တိုက်ခိုက်တဲ့အရှိန်ကို တစ်ဆယ်ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ပါတယ်"
ကျန်းဝေက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"အတော်လေး ကောင်းမွန်တဲ့ ဝိညာဉ်ကျွမ်းကျင်မှုပဲ။ အဖွဲ့ထဲကို အရင်ပြန်ဝင်လိုက်ဦး။ ငါတို့ မကြာခင် ပြန်ထွက်ကြမယ်"
ထိုစဉ် ကုန်းအန်းက ပျာပျာသလဲဖြင့် ပြန်ရောက်လာပြီး အလောတကြီး ပြောလိုက်သည်။
"ကျောင်းအုပ်ကြီး... ကျွန်တော် ဟိုဘက်ကို သွား စူးစမ်းရင်းနဲ့ အလွန်ပြင်းထန်တဲ့ ညှီစို့စို့အနံ့တစ်ခုကို ရခဲ့တယ်။ အဲဒါ တောဝက်ဘုရင် ဖြစ်ရမယ်။ သက်တမ်းကလည်း သိပ်မငယ်ဘူး။ ရာစုနှစ်ချီ သားရဲတစ်ကောင် ဖြစ်ဖို့များတယ်။ အနောက်မြောက်ဘက် မီတာရှစ်ရာလောက် အကွာမှာပါ"
ကျန်းဝေ၏ မျက်နှာအမူအရာက ချက်ချင်းပင် လေးနက်တည်ကြည်သွားသည်။ ရာစုနှစ်ချီ ဝိညာဉ်သားရဲဟူသမျှကို ပေါ့ဆ၍မရပေ။ သူကိုယ်တိုင်ကမူ မကြောက်သော်လည်း အနောက်တွင် ဝိညာဉ်စစ်သည်အဆင့် ကျောင်းသားများစွာ ပါလာသဖြင့် အလွန်အမင်း သတိထားရမည် ဖြစ်သည်။
"ငါ အရင်သွားကြည့်လိုက်မယ်။ မင်းတို့ကတော့ သတိထားပြီး အနောက်က လိုက်ခဲ့ကြ။ အန္တရာယ်မဖြစ်အောင် သိပ်ပြီး နီးနီးကပ်ကပ်ကြီးတော့ မလာကြနဲ့"
ပြောပြီးသည်နှင့် ကျန်းဝေသည် လျှပ်တစ်ပြက်အတွင်း ရှေ့သို့ ပြေးထွက်သွားတော့သည်။ မကြာမီမှာပင် သူသည် ကုန်းအန်းပြောသော တောဝက်ဘုရင်ကို လှမ်းမြင်လိုက်ရသည်။ ၎င်းသည် အလျား ဆယ်ပေမှ တဆယ့်နှစ်ပေခန့်ရှိပြီး အမြင့်မှာ ခြောက်ပေနီးပါး ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှံ့မြေနှင့် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော သံချပ်ကာအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားပြီး အစွယ်များက ထက်မြက်ကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသည်။ ကျန်းဝေမှာ မျက်လုံးများ ပြူးကျယ်သွားရပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီလို သားရဲမျိုးက တောအုပ်ရဲ့ အပြင်ဘက်အစွန်အဖျားမှာ ဘာလို့ ပေါ်လာရတာလဲ"
အနည်းဆုံး သက်တမ်း ခုနစ်ရာ၊ ရှစ်ရာခန့်ရှိမည့် ထိုတောင်ကုန်းတောဝက်ဘုရင်ကို ကြည့်ရသည်မှာ သက်တမ်းထောင်ချီရှိသော ဝိညာဉ်သားရဲများပင်လျှင် ထိပ်တိုက်ရင်ဆိုင်ရန် ဝံ့ရဲမည်မဟုတ်ချေ။ ထိုအချိန်တွင် တောဝက်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နွယ်ပင်များဖြင့် ရစ်ပတ်နှောင်ဖွဲ့ခြင်း ခံထားရသော်လည်း ၎င်း၏ ကြမ်းကြုတ်လှသော ခွန်အားကြောင့် ထိုနွယ်ပင်များမှာ ရေရှည် ထိန်းထားနိုင်ခြင်း မရှိပေ။ ၎င်း၏ အဆက်မပြတ် ရုန်းကန်ဆွဲဖြဲမှုနှင့် နင်းချေမှုများအောက်တွင် နွယ်ပင်များ၏ အကြွင်းအကျန် သစ်ကိုင်းသစ်ခက်များမှာ မြေပြင်ပေါ်သို့ တဖွဲဖွဲ လျှောကျနေပြီး မြင်ကွင်းတစ်ခုလုံးမှာ ကြည့်မကောင်းအောင် ပျက်စီးယိုယွင်းနေတော့သည်။