အခန်း (၁၅) ငါလည်း အဆင့်တစ်ဆယ် ရောက်ပြီပဲ
ငါးလတာအချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။
နော့တန်ကျောင်းတော်၏ နောက်ဘက်တောင်ကုန်း။ နှောင်းဦးနှောင်းပိုင်းကာလသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာပြီး မြက်ပင်သစ်ပင်တို့သည်လည်း ညှိုးရော်ကာ ဝါကျင်လာကြသည်။ သစ်ရွက်ခြောက်များကလည်း တဖွဲဖွဲ ကြွေကျနေ၏။ အထီးကျန်ငှက်ငယ်အချို့မှာမူ ဝမ်းစာရှာဖွေရန်အတွက် မြေပြင်ပေါ်ရှိ မြက်စေ့နှင့် ပိုးမွှားများကို တောက်တောက်တောက်တောက်နှင့် လိုက်လံထိုးဆိတ်နေကြဆဲ ဖြစ်သည်။
ထိုအချိန်တွင် တောအုပ်အတွင်း၌ ယုန်တစ်ကောင်ကဲ့သို့ လျင်မြန်သော လူရိပ်တစ်ခု စဉ်ဆက်မပြတ် ဖြတ်သန်းလှုပ်ရှားနေသည်။ ထိုလူရိပ်သည် အလွန်တရာ ဖျတ်လတ်လှသဖြင့် မြေပြင်တွင် အစာကောက်နေသော ငှက်ငယ်အချို့ကို လန့်ဖျန့်သွားစေ၏။ သို့သော် ထိုငှက်များ ပျံတက်မပြေးနိုင်ကြသေးမီမှာပင် လူရိပ်က မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားပြီး ကောင်းကင်သို့ ပျံတက်သွားသော ငှက်အချို့မှာ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ထိုလူရိပ်က မြေပြင်သို့ ပြန်လည်သက်ဆင်းလာပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ ဖမ်းဆီးခြင်းခံထားရသော ငှက်ခုနစ်ကောင်၊ ရှစ်ကောင်ခန့်မှာ ဘေးရန်ကင်းကွာသွားကြသဖြင့် အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ တကျိကျိနှင့် အလုအယက် ပျံပြေးကြလေသည်။
ထိုလူရိပ်မှာ အခြားသူမဟုတ်၊ ဝမ်လီပင် ဖြစ်၏။
သူသည် ကျောင်းတော်တွင် နေထိုင်ခဲ့သည်မှာ ရှစ်လခန့် ရှိပြီဖြစ်သည်။ လွန်ခဲ့သော ရှစ်လနှင့် နှိုင်းယှဉ်ပါက သူသည် အရပ်အမောင်း များစွာ မြင့်မားလာပြီး ပုခုံးအိုးများ ကျယ်ပြန့်ကာ ဗန္ဓုလကဲ့သို့ ကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ပြီ။ မူလက အနည်းငယ် ပွယောင်းယောင်း ဖြစ်နေခဲ့သော ကျောင်းဝတ်စုံသည် ယခုအခါတွင်မူ သူ၏ သန်မာလှသော ကိုယ်လုံးကိုယ်ထည်နှင့် အံကိုက် ဖြစ်နေတော့သည်။ ကြွက်သားမျှင်များက ထုထည်ကြီးမားပြီး အားအင်ပြည့်ဝနေသလို အရေပြားအောက်ရှိ အဆီပြင်များမှာလည်း သံမဏိကဲ့သို့ မာကျောနေကာ အရေပြားမှာမူ နွားသားရေကဲ့သို့ အကြမ်းခံလှသည်။
ဤသည်မှာ ဝမ်လီတစ်ယောက် သစ်ပင်များကို ခန္ဓာကိုယ်နှင့် အကြိမ်ကြိမ် ဝင်တိုက်ကာ အပတ်တကုတ် လေ့ကျင့်ခဲ့သည့် ရလဒ်ပင် ဖြစ်၏။ လေ့ကျင့်မှုဖြစ်စဉ်က အလွန်ပင် ပင်ပန်းဆင်းရဲလှသော်လည်း ရရှိလာသော ရလဒ်ကမူ စိတ်ကျေနပ်စရာ ကောင်းလှသည်။ ယခုအခါ ဝမ်လီသည် လှုပ်ရှားမှုတိုင်းတွင် မိမိ၏ ခွန်အားအားလုံးကို အပြည့်အဝ ထုတ်သုံးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဤမျှ သန်မာသော ခန္ဓာကိုယ်နှင့်ဆိုလျှင် သူသည် တူညီသောအဆင့်ရှိ တိုက်ခိုက်ရေးဝိညာဉ်သခင်များနှင့် ယှဉ်လျှင်ပင် အားနည်းလိမ့်မည်မဟုတ်ပေ။
ထို့အပြင် တိုက်ခိုက်ရေးဝိညာဉ်သခင်များနှင့် နှိုင်းယှဉ်ပါက ဝမ်လီတွင် အလွန်မြင့်မားသော အရှိန်နှုန်းနှင့် ဖျတ်လတ်မှုလည်း ရှိနေသေးသည်။ မပြတ်မတောက် ကြိုးစားအားထုတ်ခဲ့ပြီးနောက် သူသည် မိမိကိုယ်ပိုင် လှုပ်ရှားမှုဝိညာဉ်စွမ်းရည်ကို ဖန်တီးနိုင်ခဲ့သည်။
ထိုစွမ်းရည်မှာ ‘ပေါက်ကွဲခြေလှမ်း’ ပင် ဖြစ်၏။
ဝိညာဉ်စွမ်းအားအပေါ် အလွန်အမင်း ထိန်းချုပ်နိုင်စွမ်းကို အသုံးချကာ ဝိညာဉ်စွမ်းအားကို ခြေဖဝါးတွင် ဖိသိပ်ထားပြီး ပေါက်ကွဲထွက်မည့် လမ်းကြောင်းကို စိတ်တိုင်းကျ ထိန်းချုပ်ခြင်းဖြင့် မိမိ၏ အရှိန်နှုန်းကို မြှင့်တင်ခြင်းဖြစ်သည်။ ထိုစွမ်းရည်သည် ကောင်းကင်ထက်တွင် အချိန်တိုအတွင်း ရပ်တန့်နေနိုင်ပြီး လေထဲ၌ပင် လမ်းကြောင်းပြောင်းလဲနိုင်စွမ်း ရှိရာ ဝိညာဉ်သခင်အချင်းချင်း တိုက်ခိုက်ရာတွင် အလွန်ပင် အသုံးဝင်လှသည်။ သို့သော် ဝိညာဉ်စွမ်းအား သုံးစွဲမှုကမူ အလွန်တရာ ကြီးမားလှသဖြင့် အဆင့်တစ်ဆယ် ဝိညာဉ်ကျင့်ကြံသူဖြစ်သော ဝမ်လီအဖို့ အကြိမ်အနည်းငယ်သာ အသုံးပြုနိုင်သည်။
ဝမ်လီသည် ဤကိစ္စနှင့်ပတ်သက်၍ များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသဖြင့် နောက်ဆုံးတွင် မွမ်းမံထားသော ဗားရှင်းအသစ်တစ်ခုကို တီထွင်လိုက်တော့သည်။ ဝိညာဉ်စွမ်းအားကို ခြေဖဝါးတွင် ဖိသိပ်ထားသော်လည်း ပေါက်ကွဲမထွက်စေဘဲ စုစည်းထားရုံသာ ပြုလုပ်သည်။ ထိုအချိန်တွင် မြေပြင်ကို ခြေထောက်နှင့် ကန်ကျောက်လိုက်သောအခါ စုစည်းထားသော ဝိညာဉ်စွမ်းအားက လူကို အရှိန်ပြင်းပြင်းနှင့် ရှေ့သို့ တွန်းပို့ပေးလိုက်သည်။ ဖိသိပ်ထားသော ဝိညာဉ်စွမ်းအားသည် စပရိန်တစ်ခုကဲ့သို့ လုပ်ဆောင်ပေးသဖြင့် ဒုတိယမြောက် လှုပ်ရှားမှုဝိညာဉ်စွမ်းရည် ဖြစ်ပေါ်လာတော့သည်။
ထိုစွမ်းရည်ကား ‘ရှုန်းပု’ (မြန်နှုန်းမြင့်ခြေလှမ်း) ပင် တည်း။
ရှုန်းပုသည် ဝိညာဉ်စွမ်းအား သုံးစွဲမှု ပိုမိုနည်းပါးသော်လည်း ထိန်းချုပ်ရန်မူ ထပ်တူထပ်မျှ ခက်ခဲလှသည်။ မြေပြင် သို့မဟုတ် သစ်ပင်များပေါ်တွင် လိုက်လံခုန်ကူးသည့်အခါ ခွန်အားနှင့် လမ်းကြောင်းကို ထိန်းချုပ်နိုင်ရန်မှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်၏။ ထို့အပြင် စိတ်ကို နှစ်ပိုင်းခွဲ၍ ထိန်းချုပ်ရန်လည်း လိုအပ်ပေသည်၊ အကြောင်းမူကား ခြေဖဝါးတွင် စုစည်းထားသော ဝိညာဉ်စွမ်းအားစုများကို ထိန်းသိမ်းထားနိုင်ရန် အမြဲတမ်း အာရုံစိုက်နေရသောကြောင့် ဖြစ်သည်။ တိုက်ပွဲအတွင်း အနည်းငယ်မျှ စိတ်အာရုံလွင့်သွားပြီး ခြေဖဝါးမှ ဝိညာဉ်စွမ်းအားစုများ ပေါက်ကွဲထွက်သွားပါက မိမိ၏ ခြေထောက်သာ အရင်ဆုံး ဒဏ်ရာရသွားမည် ဖြစ်သည်။
ဝမ်လီ၏ ခြေထောက်များသည် အကြိမ်ကြိမ်အဖန်ဖန် ပေါက်ကွဲမှုဒဏ်ကို ခံခဲ့ရဖူးသော်လည်း သူ၏ ထူးကဲသော ဇွဲလုံ့လနှင့် ခံနိုင်ရည်တို့ကြောင့် အချိန်တိုင်းတွင် ပြန်လည်သက်သာလာကာ ပိုမိုသန်မာလာခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ရာရရှိမှု နည်းပါးသွားခဲ့သည်။
ပေါက်ကွဲခြေလှမ်းနှင့် ရှုန်းပု ဟူသော လှုပ်ရှားမှုစွမ်းရည်နှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခြင်းသည် ဝမ်လီအနေဖြင့် တောအုပ်အတွင်း၌ ယုန်ကဲ့သို့ လျင်မြန်စွာနှင့် မျောက်ဝံကဲ့သို့ ဖျတ်လတ်စွာဖြင့် ရှောင်ကွင်းလှုပ်ရှားနိုင်ခြင်း၏ သော့ချက်ပင် ဖြစ်သည်။
ပေါက်ကွဲခြေလှမ်းနှင့် ရှုန်းပုကို တီထွင်နိုင်ခြင်းမှာ အစပျိုးရုံသာ ရှိသေးသည်။ နောင်တွင် သူ၏ ဝိညာဉ်စွမ်းအားက ဆက်လက်မြင့်တက်လာမည်ဖြစ်ပြီး ဝိညာဉ်စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း ပိုမိုအားကောင်းလာပေလိမ့်မည်။ ဤလှုပ်ရှားမှုစွမ်းရည်နှစ်ခုလုံး အမှန်တကယ် ပြည့်စုံဆန်းပြားသွားသည့် အခါတွင်မူ သူသည် ကိုယ်ပိုင်ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သည့် အရည်အချင်းမျိုးကို ပိုင်ဆိုင်ရရှိပေလိမ့်မည်။
ဝမ်လီသည် လွန်ခဲ့သော ငါးလလုံးလုံး သူ ကျင်လည်ခဲ့သော ကျောင်းတော်နောက်ဘက် တောင်ကုန်းကို ပြန်လည်ငေးမောရင်း စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
အချိန်တွေ ကုန်ဆုံးသွားတာ တကယ် မြန်လှချည်ရဲ့၊ ငါ နောက်တစ်ခါ ပြန်လာဖြစ်တော့မယ် မထင်ဘူး။
ပြောပြီးသည်နှင့် ဝမ်လီသည် တောင်အောက်သို့ ခြေလှမ်းကျဲကျဲဖြင့် ဆင်းလာခဲ့တော့သည်။
နော့တန်ကျောင်းတော်တွင် စာသင်နှစ်တစ်နှစ်လျှင် တစ်နှစ်၊ အတိအကျပြောရလျှင် တစ်ဆယ်လ ကြာမြင့်သည်။ ယခုမူ ရှစ်လသာ ရှိသေးသဖြင့် ပထမတန်း ကျောင်းသားများ ကျောင်းပိတ်ရက် မရောက်သေးသော်လည်း ဆဋ္ဌမတန်း ကျောင်းသားများအတွက်မူ ကျောင်းဆင်းရမည့် အလှည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကြောင်းမူကား ဝိညာဉ်သားရဲများကို လိုက်လံရှာဖွေ သတ်ဖြတ်ရခြင်းသည် အန္တရာယ်များလှပြီး အချိန်နှင့် လူအင်အား များစွာ ပေးဆပ်ရသဖြင့် နှစ်လကြိုတင်၍ ပြင်ဆင်ကြရခြင်း ဖြစ်သည်။
မနက်ဖြန်သည် ဆဋ္ဌမတန်း ကျောင်းသားများ၏ အရည်အချင်းစစ်ဆေးမှု ပြုလုပ်မည့်နေ့ ဖြစ်ပြီး ဝမ်လီသည်လည်း ထိုစစ်ဆေးမှုတွင် ပါဝင်ကာ ကျောင်းတော်မှ ဆရာများနှင့်အတူ ဝိညာဉ်သားရဲများကို လိုက်လံရှာဖွေပြီး ဝိညာဉ်ကွင်းကို ဆွတ်ခူးရန် ရည်ရွယ်ထားသည်။
နောက်တစ်နေ့တွင်။
ဝမ်လီသည် နံနက်ခင်းအတန်းကို အသာလစ်ခဲ့ပြီး ဆဋ္ဌမတန်း စာသင်ခန်းအပြင်ဘက်သို့ ပြေးလာခဲ့သည်။ ဤနေရာတွင် ကျောင်းသားအမြောက်အမြား စုရုံးရောက်ရှိနေကြသော်လည်း သူတို့သည် ဆဋ္ဌမတန်း ကျောင်းသားများမဟုတ်ကြဘဲ အခြားအတန်းများမှ ကျောင်းသားများ ဖြစ်ကြသည်။ ဆဋ္ဌမတန်း ကျောင်းသားများမှာမူ စာသင်ခန်းအတွင်း၌ အရည်အချင်းစစ်ဆေးမှု ခံယူနေကြပြီ ဖြစ်၏။ သိသာသည်မှာ ကျောင်းသားအများအပြားသည် ဆဋ္ဌမတန်း၏ စစ်ဆေးမှုကို လာရောက်ကြည့်ရှုရန်အတွက် အတန်းလစ်ခဲ့ကြခြင်းပင်။ အဆုံးတွင် ဤသည်မှာ သူတို့အားလုံး နောင်တစ်ချိန်တွင် ဖြတ်သန်းရမည့် လုပ်ငန်းစဉ်တစ်ခု မဟုတ်ပါလော။
ဝမ်လီသည် လူအုပ်ကြားထဲသို့ တိုးဝှေ့ဝင်ရောက်ကာ စာသင်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ ပညာရေးဌာနမှ ညွှန်ကြားရေးမှူး ဆူ ဦးဆောင်သော ဆရာငါးဦးနှင့် ကျောင်းသား လေးဆယ်ကျော် ရှိနေ၏။ ဝိညာဉ်ကွင်းကို ရရှိထားပြီး ဝိညာဉ်သခင် ဖြစ်နေပြီဖြစ်သော ရှောင်ချန်ယွီမှလွဲ၍ ကျန်ရှိသော သူများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ အပြန်အလှန် ယှက်သန်းနေကြသည်။
ဆရာက နာမည်တစ်ခုကို ခေါ်လိုက်တိုင်း ကျောင်းသားတစ်ယောက်က ရှေ့သို့ လှမ်းထွက်လာပြီး ဝိညာဉ်စွမ်းအားကို စစ်ဆေးသည့် သလင်းလုံးပေါ်သို့ လက်တင်ရသည်။ အကယ်၍ ဝိညာဉ်စွမ်းအားက အဆင့်တစ်ဆယ်သို့ ရောက်ရှိနေပါက ထိုကျောင်းသားမှာ အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်သွားတတ်ပြီး၊ အဆင့်တစ်ဆယ်သို့ မပြည့်ပါကမူ စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်သွားရရှာသည်။
ဤသည်မှာ သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ဆေးမှုပင် ဖြစ်၏။ ယခုအခါ အဆင့်တစ်ဆယ်သို့ ရောက်ရှိပါက ကျောင်းတော်မှ ဆရာများက သူတို့ကို ဝိညာဉ်သားရဲများ လိုက်လံဖမ်းဆီးရန်အတွက် အခမဲ့ ခေါ်ဆောင်သွားပေးမည် ဖြစ်သည်။ အကယ်၍ အဆင့်တစ်ဆယ် မပြည့်ပါက ကျောင်းထုတ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ပုံမှန် ကျောင်းဆင်းနိုင်မည်မဟုတ်ပေ။ နောင်တစ်ချိန်တွင် အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားလျှင်ပင် ဝိညာဉ်ကွင်းကို ရရှိလိုပါက မိမိတို့၏ မိဘများက ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ဝိညာဉ်သခင်များကို ငှားရမ်း၍ ဝိညာဉ်သားရဲများကို လိုက်လံသတ်ဖြတ်ခိုင်းရပေလိမ့်မည်။
ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးထွက်လာကြပြီး အချို့က တက်ကြွရွှင်လန်းနေကြကာ အချို့ကမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
မကြာမီ ဝမ်လီသည် အသိတစ်ယောက်ကို တွေ့လိုက်ရ၏။
ဝမ်စိန့်သည် သလင်းလုံးပေါ်သို့ လက်တင်လိုက်ရာ သလင်းလုံးက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ဝိညာဉ်စွမ်းအား အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားသည့် လက္ခဏာပင် ဖြစ်၏။ ဝမ်စိန့်သည် စိတ်လှုပ်ရှားလွန်းသဖြင့် လေထဲသို့ပင် ခုန်တက်မတတ် ဖြစ်သွားရသည်။
ဝမ်လီ ဤသည်ကို မြင်သောအခါ ပြုံးမိလိုက်သည်။ မနေ့ကနေ့သည် ဝမ်စိန့်အတွက် လေ့ကျင့်ရာတွင် အပင်ပန်းဆုံးနေ့ဖြစ်ခဲ့သည်ဟု အသေအချာ ပြောနိုင်သည်။ သူသည် စစ်ဆေးမှုတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို အလွန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
မိမိဘာသာ ကျောင်းလခပေးရသော ကျောင်းသားများသည် မိသားစုနောက်ခံ အသင့်အတင့် ကောင်းမွန်ကြသဖြင့် ဤစစ်ဆေးမှုကို ရှုံးနိမ့်ခဲ့လျှင်ပင် သူတို့၏ မိဘများက နောင်တွင် သွားကြိတ်ကာ ငွေပေး၍ ဝိညာဉ်သခင်များကို ငှားရမ်းပြီး ဝိညာဉ်သားရဲများကို သတ်ဖြတ်ခိုင်းနိုင်ကြသည်။ သို့သော် ဝမ်စိန့်ကဲ့သို့ အလုပ်လုပ်ရင်း ပညာသင်ရသော ကျောင်းသားများအဖို့မူ မိမိကိုယ်ကို အခြားသူထံ ကျွန်ခံရောင်းချခြင်းမပြုပါက မည်သည့်အမျိုးအဆွေ၊ မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ဝိညာဉ်သားရဲကို ဖမ်းဆီးပေးမည့် ဝိညာဉ်သခင်မျိုး ရှိလာလိမ့်မည်မဟုတ်ပေ။
မကြာမီ စာသင်ခန်းထဲရှိ ကျောင်းသား လေးဆယ်ကျော်လုံး စစ်ဆေးမှုကို ပြီးဆုံးသွားကြသည်။ ထိုအထဲတွင် တွက်ကြည့်လျှင် တစ်ဆယ်နှစ်ယောက်သာ ဝိညာဉ်စွမ်းအား အဆင့်တစ်ဆယ်သို့ ရောက်ရှိကြ၏။ ဤသည်ကို ကြည့်ခြင်းဖြင့် နော့တန်မြို့ကဲ့သို့ ဝေးလံသီခေါင်သော မြို့ငယ်လေးတွင် ဝိညာဉ်သခင်တစ်ယောက် ပေါ်ထွက်လာရန် မည်မျှအထိ ခက်ခဲကြောင်း သိသာထင်ရှားလှသည်။
ထိုအခိုက်တွင် ဝမ်လီသည် စာသင်ခန်းထဲသို့ တိုက်ရိုက် ခြေလှမ်းလှမ်းဝင်သွားပြီး အခြားသူများ၏ အံ့အားသင့်နေသော မျက်ဝန်းများအောက်တွင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဆရာတို့ခင်ဗျာ၊ ကျွန်တော်လည်း အကဲဖြတ်စစ်ဆေးမှုကို ခံယူချင်ပါတယ်။ အခု ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားကလည်း အဆင့်တစ်ဆယ်ကို ရောက်နေပါပြီ။"
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသားအားလုံး ဆွံ့အသွားကြတော့သည်။
နောက်ဆုံးတွင် ညွှန်ကြားရေးမှူး ဆူကပင် စတင်မေးမြန်းလိုက်၏။
"မင်းနာမည် ဘယ်သူလဲ။ ဘယ်အတန်းကလဲ။ မင်းရဲ့ ဝိညာဉ်စွမ်းအားက အဆင့်တစ်ဆယ် ရောက်နေပြီဆိုရင်လည်း ရှေ့ကို လာပြီး စစ်ဆေးကြည့်လိုက်ဦး။"
ဝမ်လီသည် ခြေလှမ်းခပ်သွက်သွက်ဖြင့် ရှေ့သို့ လှမ်းတိုးသွားရင်း ပြောလိုက်သည်။
"ကျွန်တော့်နာမည် ဝမ်လီပါ၊ ပထမတန်းက ကျောင်းသားပါ။"
သလင်းလုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာသောအခါ သူ၏မျက်နှာတွင် လန့်ဖျန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးဆေးမှုသာ ရှိနေသည်။
ဝမ်လီသည် သလင်းလုံးပေါ်သို့ လက်ကို အသာအယာ တင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် စူးရှတောက်ပသော အလင်းရောင်စုံများက ဝင်းကနဲ ထိန်ထိန်လင်းသွားတော့သည်။