အခန်း (၁၂) နှစ်ဆင့်ဆင့် ဆက်တိုက် တိုးတက်ခြင်း
ကျင့်ကြံစဥ်အတွင်း ရရှိသည့် အတွေ့အကြုံများသည် မိမိထင်မှတ်ထားသကဲ့သို့ ဝိညာဉ်စွမ်းအားကို တိုက်ရိုက် မြှင့်တင်ပေးခြင်းမျိုး မဟုတ်သည်ကို ဝမ်လီ ရိပ်မိလိုက်သည်။ ထိုအတွေ့အကြုံများသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သော သွေးကြောလမ်းကြောင်းများအတိုင်း ဝိညာဉ်စွမ်းအားကို အရှိန်အဟုန်ပြင်းစွာ လည်ပတ်စီးဆင်းစေခြင်းသာ ဖြစ်သည်။ ဝိညာဉ်စွမ်းအားများ တရဟော လည်ပတ်စီးဆင်းနေသည်နှင့်အမျှ သူ၏ စွမ်းအားပမာဏသည်လည်း တစ်ရက်ထက်တစ်ရက် သိသိသာသာ တိုးပွားလာရာ ၎င်းတိုးတက်မှုကို ဝမ်လီကိုယ်တိုင် အထင်အရှား ခံစားနေရသည်။
ထိုခဏတွင် ဝမ်လီ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ ဂိမ်းမျက်နှာပြင်တစ်ခု ဖြစ်သော်လည်း သူကိုယ်တိုင်မှာမူ ဂိမ်းကမ္ဘာထဲတွင် ရောက်နေခြင်း မဟုတ်ချေ။ ထို့ကြောင့် အတွေ့အကြုံရမှတ်များကို ဝိညာဉ်စွမ်းအားအဖြစ် တိုက်ရိုက်ပြောင်းလဲ၍မရဘဲ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကဲ့သို့သာ ဝိညာဉ်စွမ်းအားကို တိုးပွားစေခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဝမ်လီ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား စီးဆင်းမှုသည် သူ၏ အသိစိတ်ဖြင့် ထိန်းချုပ်ထားခြင်း မဟုတ်ဘဲ တစ်စုံတစ်ဦးက လွှဲပြောင်းမောင်းနှင်နေသည့်နှယ် ရှိနေသည်။ မိမိ၏ ဝိညာဉ်စွမ်းအား တိုးတက်နေသည်မှာ မှန်သော်လည်း သူကိုယ်တိုင် စနစ်တကျ လမ်းညွှန်နေခြင်း မဟုတ်ရာ ဤသည်မှာ အလိုအလျောက် ကျင့်ကြံခြင်းပင် မဟုတ်ပါလော။
နေပါဦး။ ဝမ်လီ၏ စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ယခု သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ဝိညာဉ်စွမ်းအား လမ်းကြောင်းသည် အဆင့်မြင့် တရားထိုင်ခြင်း နည်းစနစ်တစ်ခု ဖြစ်နေပေလိမ့်မည်။ ကျောင်းတွင် သင်ကြားပေးမည့် အခြေခံ တရားထိုင်ခြင်း နည်းလမ်းသည် ဤစနစ်က ပေးထားသည့် နည်းလမ်းထက် ပိုမိုကောင်းမွန်ပြီး မိမိနှင့် ပို၍ ကိုက်ညီနိုင်ပါမည်လော။ ထိုသို့ တွေးမိလိုက်ရုံဖြင့် ဝမ်လီ၏ ရင်ထဲတွင် အပူဒီဂရီ မြင့်တက်သွားခဲ့သည်။ ဤဝိညာဉ်စွမ်းအား စီးဆင်းမှု လမ်းကြောင်းကိုသာ အလွတ်မှတ်မိအောင် လုပ်ဆောင်နိုင်လျှင် သူ၏ဘက်မှ နစ်နာစရာ လုံးဝမရှိသည့်အပြင် အဖိုးတန်လှသော တရားထိုင်ခြင်း နည်းစနစ်တစ်ခုကိုပါ အလကား ရရှိလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဝမ်လီသည် ချက်ချင်းပင် လက်တွေ့အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် စိတ်အာရုံကို အပြည့်အဝ စုစည်းကာ အသိစိတ်ဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား စီးဆင်းရာ နောက်သို့ လိုက်ပါသွားခဲ့သည်။ ဝိညာဉ်စွမ်းအား လမ်းကြောင်းကို မှတ်သားနေစဥ်အတွင်း ထိုစွမ်းအားများ ဖြတ်သန်းသွားသည့်အခါ ခန္ဓာကိုယ်နှင့် သွေးကြောများ၌ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကိုပါ အာရုံခံနေမိသည်။
ကျင့်ကြံခြင်း စတင်ပြီးနောက် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ဝမ်လီ မသိရချေ။ ရုတ်တရက် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအား လှည့်ပတ်မှုသည် ထစ်ငေါ့လာပြီး လမ်းကြောင်းတစ်ခုချင်းစီ ဖြတ်သန်းရန်အတွက် စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အား အမြောက်အမြားကို စိုက်ထုတ်လာရသည်။ သို့သော် ဝိညာဉ်စွမ်းအား တိုးပွားလာသည့် ခံစားချက်မှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသဖြင့် ဝမ်လီသည် ကျင့်ကြံခြင်းမှ မနိုးထချင်သေးပေ။ ထို့ကြောင့် သူသည် မိမိ၏ အသိစိတ်ကို အသုံးပြုကာ ဝိညာဉ်စွမ်းအားများကို ဝန်းရံလျက် ဆက်လက် စီးဆင်းနိုင်ရန် ကိုယ်တိုင် ဆွဲခေါ်မောင်းနှင်လိုက်တော့သည်။
ဤဝိညာဉ်စွမ်းအား စီးဆင်းမှု လမ်းကြောင်းသည် အလွန်ပင် ရှုပ်ထွေးဆန်းကြယ်လှသည်။ စောစောပိုင်းက စနစ်၏ အကူအညီဖြင့် အလိုအလျောက် လည်ပတ်နေစဥ်ကမူ သက်သောင့်သက်သာနှင့် စိတ်ကျေနပ်စရာ ကောင်းလှသော်လည်း ယခုအခါ ဝမ်လီသည် မိမိ၏ မှတ်ဉာဏ်နှင့် ခန္ဓာကိုယ်၏ မှတ်သားမှုအပေါ်တွင်သာ အခြေခံ၍ ဝိညာဉ်စွမ်းအားကို ကိုယ်တိုင် ပတ်ရသဖြင့် ခက်ခဲကြမ်းတမ်းမှုများ၊ အတားအဆီးများက ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါက်လာခဲ့သည်။
ပင်ပန်းလှချေကော။ အလွန်အမင်း ပင်ပန်းလှသည်။ ကျောပေါ်တွင် လေးလံသော အထုပ်အပိုးကြီးကို ထမ်းထားရသကဲ့သို့ စိတ်ရောကိုယ်ပါ နုံးချိ လေးလံလာခဲ့သည်။ ဝိညာဉ်စွမ်းအား တိုးတက်လာမှုကြောင့် ထွက်ပေါ်လာသော စိမ့်စမ်းရေကဲ့သို့ ကြည်လင်သည့် စွမ်းအင်များသာ သူ၏ စိတ်အာရုံကို ဆက်လက် အားဖြည့် မပေးနေပါက ဝမ်လီတစ်ယောက် ဤမျှအထိ တောင့်ခံနိုင်မည် မဟုတ်ချေ။
တစ်ပတ်၊ နှစ်ပတ်။ ဝိညာဉ်စွမ်းအား ခန္ဓာကိုယ်ထဲတွင် တစ်ပတ် လှည့်ပတ်မိတိုင်း ရရှိလာသည့် တိုးတက်မှုက ကြီးမားလှသည်။ သုံးပတ်၊ လေးပတ် မြောက်သို့ ရောက်သောအခါ ဝမ်လီတစ်ယောက် အားအင်ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ ငါးပတ်အထိ လှည့်ပတ်ပြီးနောက်တွင်မူ ဝမ်လီသည် ချက်ချင်းပင် ရပ်တန့်လိုက်ရတော့သည်။ ဦးခေါင်းထဲတွင် စတီးအပ်ဖြင့် အထိုးခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဟာလာဟင်းလင်း ဖြစ်သွားသည့် ခံစားချက်ကြီးက လှိုင်းလုံးတစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။ ဤခံစားချက်သည် အလွန်ပင် အနေရခက်လှပေသည်။
ဝမ်လီ မျက်လုံးများကို ဖွင့်လိုက်သည်။ ဝိညာဉ်စွမ်းအား တိုးတက်လာသည့် ခံစားချက်က ဆန်းကြယ်သော်လည်း ထိုသို့ တိုးတက်ရန်အတွက် ခန္ဓာကိုယ်၏ စွမ်းအင်နှင့် ခွန်အားများကိုလည်း စိုက်ထုတ်ရသည်မှာ အမှန်ပင် ဖြစ်သည်။ ကျင့်ကြံခြင်းဟူသည်မှာလည်း အလုပ်နှင့် နားနေခြင်းကို မျှတစွာ လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ ဤသည်မှာ လူတစ်ဦးက ဇွဲရှိရှိဖြင့် ဆက်တိုက် လုပ်ဆောင်ချင်ရုံနှင့် လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။
သူသည် ဦးခေါင်းကိုက်ခဲမှုကို အောင့်အည်းးသည်းခံကာ စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အိမ်ရှင် - ဝမ်လီ]
[ဝိညာဉ်လက်နက် - အပြာရောင်ငွေမြက်ပင် လယ်ဗယ် ၂ (ဆင့်ကဲပြောင်းလဲနေဆဲ)]
[ဝိညာဉ်စွမ်းအား - အဆင့် ၅ (၉%)+]
[ထူးခြားချက် - သက်စောင့်စွမ်းအား လယ်ဗယ် ၂ (အပြာရောင်ငွေမြက်ပင်ကို တိုက်ကြီး၏ မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်သည်။ အားနည်းပြီး သနားစရာကောင်းသော်လည်း ပြင်းထန်သော သက်စောင့်စွမ်းအား ရှိသဖြင့် ဒဏ်ရာများကို ဖြည်းဖြည်းချင်း ပြန်လည် ကုသပေးနိုင်သည်)]
[အလိုအလျောက် စွမ်းရည် - ကြံ့ခိုင်မှု လယ်ဗယ် ၂ (ငါ့ကို မသေစေနိုင်တဲ့ အရာတွေက ငါ့ကို ပိုပြီး သန်မာစေလိမ့်မယ်။ မည်သည့် ပုံမှန်မဟုတ်သော အခြေအနေနှင့်မဆို ရင်ဆိုင်ရပါစေ၊ ချက်ချင်း သေဆုံးမသွားသရွေ့ ဒဏ်ရာ ပြလည်သက်သာလာပါက ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုမို ကောင်းမွန်လာမည် ဖြစ်သည်)]
[ဝိညာဉ်ကွင်း - မရှိသေးပါ]
[ဝိညာဉ်အရိုး - မရှိသေးပါ]
[အတွေ့အကြုံ - ၀]
သူ၏ အတွေ့အကြုံ ရမှတ်များ သုညသို့ ပြန်ရောက်သွားမည်ကို ဝမ်လီ ကြိုတင်ခန့်မှန်းထားသော်လည်း ဝိညာဉ်စွမ်းအား အဆင့်မှာမူ သူ၏ ထင်မှတ်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။ တစ်ကြိမ်မျှသာ ကျင့်ကြံရုံဖြင့် အဆင့်နှစ်ဆင့် ဆက်တိုက် ရုတ်တရက် တိုးတက်သွားခဲ့ခြင်း ဖြစ်သည်။ ဤရလဒ်သည် အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။
ဝမ်လီ၏ မျက်ဝန်းထဲတွင် အံ့ဩဝမ်းသာမှုများ ပြည့်နှက်သွားခဲ့သည်။ ဝမ်ဆန်းနှင့် တစ်ကြိမ်မျှ တိုက်ခိုက်ရုံဖြင့် ဝိညာဉ်စွမ်းအား အဆင့်ကို ဤမျှအထိ မြှင့်တင်နိုင်ခဲ့သည်။ နောင်တွင် ဆက်တိုက် တိုက်ခိုက်ပြီး အတွေ့အကြုံများ ရှာဖွေနိုင်လျှင် အဆင့်များ လျင်မြန်စွာ တက်လာပေလိမ့်မည်။ ဤအချက်က သူ့ကို ပျော်ရွှင်စေရုံသာမက အလိုအလျောက် ကျင့်ကြံခြင်းစနစ်က ပေးသော ဝိညာဉ်စွမ်းအား လမ်းကြောင်းကိုယ်တိုင်ကလည်း ထိပ်တန်း တရားထိုင်ခြင်း နည်းစနစ်တစ်ခု ဖြစ်နေသည်။ သာမန် တရားထိုင်ခြင်း နည်းစနစ်တစ်ခုက ငါးပတ်မျှ လည်ပတ်ရုံဖြင့် ခန္ဓာကိုယ်၏ အားအင်နှင့် ခွန်အားများကို ဤမျှအထိ ကုန်ခမ်းစေမည်ဟု သူ မယုံကြည်ချေ။ အဆင့်မြင့် တရားထိုင်ခြင်း နည်းစနစ်တစ်ခု ဖြစ်သောကြောင့်သာ ဤသို့ ဖြစ်ရခြင်း ဖြစ်ပေလိမ့်မည်။
ဝမ်လီ ပြုံးလိုက်မိသည်။ သူသည် အဆင့် (၁၀) သို့ ရောက်ရှိရန် အချိန်အများကြီး လိုတော့မည်မဟုတ်ဘဲ ပထမအဆင့် ဝိညာဉ်သခင်တစ်ဦး ဖြစ်လာရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အိပ်ဆောင်တံခါးဝသို့ လှမ်းကြည့်လိုက်သောအခါ မသိလိုက်ဘာသာဖြင့် ကမ္ဘာကြီးမှာ မှောင်မိုက်နေပြီ ဖြစ်သည်။
ဝမ်လီ နိုးလာ၍ ဖြစ်နိုင်သည်၊ ထန်ဆန်းက သူ့ထံသို့ အလျင်အမြန် လျှောက်လာသည်ကို မြင်လိုက်ရသည်။ ဝမ်လီက ခုတင်ပေါ်တွင် ထိုင်လိုက်စဉ် ထန်ဆန်းက ရှေ့သို့ ရောက်လာပြီး မဆိုင်းမတွဘဲ တိုက်ရိုက် ပြောလိုက်သည်။
“ဝမ်လီ။ မင်းကို အကူအညီတစ်ခု တောင်းချင်လို့။ မနက်ဖြန်ကျရင် ငါ့ရဲ့ ဆရာက ငါ့ကို ဝိညာဉ်ကွင်း သွားရှာပေးမလို့။ ဒါကြောင့် နောက်ရက်တွေမှာ ငါ ကျောင်းမှာ ရှိမှာ မဟုတ်ဘူး။ ကျောင်းက တာဝန်ပေးထားတဲ့ ဥယျာဥ်ခြံ သန့်ရှင်းရေးကိုတော့ မင်းနဲ့ ရှောင်ဝူပဲ လုပ်ထားပေးပါဦး။ ငါ ပြန်လာတဲ့အခါကျရင် ဒီနှစ်အတွက် ကျန်တဲ့ သန့်ရှင်းရေး တာဝန်အားလုံးကို ငါပဲ အကုန် လုပ်ပေးပါ့မယ်။ မင်းလည်း လုပ်ခလစာ ပုံမှန်အတိုင်း ရမှာပါ။ ရှောင်ဝူကတော့ သဘောတူပြီးပြီ။ မင်းကော ဘယ်လိုလဲ”
အကူအညီတောင်းသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ လာရောက် အကြောင်းကြားရုံမျှသာ ဖြစ်သည်။ ဝမ်လီကလည်း ငြင်းပယ်ခြင်း မရှိဘဲ ပြုံးလျက် ပြန်ပြောလိုက်သည်။
“ရတာပေါ့။ ဒီနေ့မှ ကျောင်းစတက်တာကို မနက်ဖြန် ဝိညာဉ်ကွင်း သွားရှာနိုင်ပြီဆိုတော့ တကယ်ကို အားကျစရာကောင်းတဲ့ ပါရမီပဲ”
ထန်ဆန်း၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီးနောက် အားပေးစကား ဆိုသည်လား သို့မဟုတ် ဝတ်ကျေတန်းကျေ ပြောသည်လား မသိရဘဲ ဆိုလာသည်။
“မင်းရဲ့ ပါရမီကလည်း မဆိုးပါဘူး။ မကြာခင် အဆင့် (၁၀) ကို ရောက်မှာပါ”
ထိုစကားကို ကြားသောအခါ ဝမ်လီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသော်လည်း မကြာမီတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
“အဲဒီလိုပဲ မျှော်လင့်ရတာပေါ့”
ထန်ဆန်း ထွက်သွားပြီးနောက် ဝမ်လီသည် မျက်လုံးများကို မှိတ်ကာ ခေတ္တမျှ အနားယူလိုက်သည်။ ယခုအချိန်တွင် သူ၏ ဦးခေါင်းမှာ အပ်ဖြင့် အထိုးခံရသကဲ့သို့ ကိုက်ခဲနေသဖြင့် အမြန်ဆုံး အိပ်စက်ရန် အချက်ပြနေသော်လည်း ခန္ဓာကိုယ်အတွင်းရှိ ဟာလာဟင်းလင်း ဖြစ်မှုကမူ ဗိုက်ဖြည့်ရန် တောင်းဆိုနေပြန်သည်။ လောလောဆယ် ကမ္ဘာကြီးက မှောင်နေပြီ ဖြစ်ရာ ထမင်းစားဆောင်တွင် အစားအသောက် ရှိ၊ မရှိ ဝမ်လီ မသေချာချေ။ ထို့ကြောင့် ရိက္ခာခြောက်နှင့် သစ်သီးအချို့ကိုသာ ထုတ်ယူကာ ဗိုက်ဖြည့်လိုက်ပြီးနောက် ခုတင်ပေါ်သို့ တိုက်ရိုက် လှဲချကာ အိပ်ပျော်သွားခဲ့တော့သည်။
နောက်တစ်နေ့ မနက်။
ဝမ်လီသည် ဝမ်ဆန်း၏ နှိုးမှုကြောင့် နိုးလာခဲ့သည်။ တစ်ညလုံး အိပ်စက်ခဲ့သော်လည်း သူသည် အလွန်ပင် အိပ်ချင်ငိုက်မြည်းနေဆဲ ဖြစ်သည်။ ခေါင်းကို အပြင်းအထန် ခါယမ်းရင်း ဤတရားထိုင်ခြင်း နည်းစနစ်၏ နောက်ဆက်တွဲဒဏ်မှာ အမှန်တကယ်ပင် ပြင်းထန်လှကြောင်း ဝမ်လီ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။ ခန္ဓာကိုယ်တစ်ခုလုံး အရည်ညှစ်ထုတ်ခံထားရသကဲ့သို့ ပင်ပန်းနေသည်။ သို့သော် ယခုအချိန်တွင် ဆက်လက် အိပ်စက်၍ မရတော့သဖြင့် ထကာ ကျောင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ဝမ်လီသည် အင်္ကျီစကို ကိုင်ကြည့်ကာ ဤအထည်သည် သူ ယခင်က ဝတ်ဆင်ခဲ့ဖူးသော အဝတ်အစားများထက် များစွာ ပိုမိုကောင်းမွန်ကြောင်း ခံစားလိုက်ရသည်။ အိမ်သာတက်၊ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် အားလုံးနှင့်အတူ ထမင်းစားဆောင်သို့ သွားကာ ဗိုက်ကို အရင်ဆုံး ဖြည့်လိုက်ကြသည်။
ကျောင်းသားလုပ်သား အားလုံးသည်လည်း မိမိတို့၏ အတန်းအလိုက် သက်ဆိုင်ရာ စာသင်ခန်းများသို့ သွားကြရသည်။ နောက်ဆက်တွဲ ပြုလုပ်မည့် ကျောင်းဖွင့်ပွဲ အခမ်းအနားကို အတန်းပိုင်ဆရာက စီစဥ်ပေးမည် ဖြစ်သည်။ နှစ်စဥ်နှစ်တိုင်းမှာမူ ထူးမခြားနားပင် ရှိတတ်သည်။ ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောကြားပြီး ဝိညာဉ်သခင်များ၏ သမိုင်းကြောင်းကို ရှင်းလင်းမည် ဖြစ်ကာ ကျောင်းတွင်း ညွှန်ကြားရေးမှူးကမူ ကျောင်းတော်၏ တိုးတက်မှု၊ လွန်ခဲ့သော နှစ်က အခြေအနေများနှင့် နှစ်သစ်အတွက် စီမံကိန်းများကို အနှစ်ချုပ် တင်ပြပေလိမ့်မည်။ ထို့နောက် အားလုံးကို ကြိုးစား ကျင့်ကြံကြရန် တိုက်တွန်းပြီး ထူးချွန်သော ကျောင်းဆင်းများကို မည်သည့် နာမည်ကြီး အလယ်အလတ် ဝိညာဉ်သခင် ကျောင်းတော်များသို့ ထောက်ခံချက်ပေးကာ ပို့ဆောင်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပေလိမ့်မည်။