အခန်း (၁) တုံလော်ကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းခြင်း
တုံလော်တိုက်၊ ထျန်းတိုအင်ပါယာ၏ အနောက်တောင်ဘက်ခြံဝန်းရှိ ဖာ့စနူအိုပြည်နယ်။
ဝမ်ကျားရွာသည် နော့တန်မြို့အနီးတဝိုက်တွင် တည်ရှိသည့် သာမန်ရွာငယ်လေးတစ်ရွာ ဖြစ်ပေသည်။ နော့တန်မြို့သို့ ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ရောင်းချခြင်းက ထိုရွာသားများ၏ တစ်ဦးတည်းသော ဝင်ငွေရလမ်းဖြစ်ရာ ရွာဘေးပတ်ပတ်လည်တွင် ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီးများကို အတိုင်းသား မြင်တွေ့နိုင်ပေသည်။
ထိုလယ်ကွင်းပြင်ကျယ်ကြီးထဲတွင် အလုပ်လုပ်နေကြသည့် လယ်သမားကြီးများအကြား ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်နေသည်။ သူသည် လက်ထဲမှ ပေါက်တူးကို ကျွမ်းကျင်စွာ ကိုင်တွယ်ရင်း မြက်ပင်များကို ရှင်းလင်းနေခဲ့သည်။ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်ရန်အတွက် ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးမွှားနှိမ်နင်းခြင်းလုပ်ငန်းမှာ မလုပ်မဖြစ် လုပ်ဆောင်ရမည့် အရာများ မဟုတ်ပါလော။
ထိုကလေးငယ်၏ အမည်မှာ ဝမ်လီ ဖြစ်ပြီး ယခုနှစ်တွင် အသက်ခြောက်နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ မွေးဖွားစဉ်က ကိုယ်အလေးချိန် အလွန်ကြီးမားခဲ့သဖြင့် မိခင်ဖြစ်သူမှာ မီးဖွားစဉ် သွေးလွန်ကာ ဆုံးပါးသွားခဲ့ရသည်။ ထို့ပြင် ဖခင်ဖြစ်သူနှင့်လည်း မွေးကတည်းက ကွဲကွာခဲ့ရပြီးနောက် သူသည် ခက်ခဲကြမ်းတမ်းစွာဖြင့်ပင် အသက်ရှင်သန်လာခဲ့ရသဖြင့် သူ့အား ‘လီ’ ဟူသောအမည်ကို ပေးခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က တောတောင်များထဲမှ တောဝက်ရိုင်းများ ရွာထဲသို့ ဆင်းလာကာ စိုက်ခင်းများကို ဖျက်ဆီးခဲ့ကြသည်။ ရွာထဲမှ လူကြီးများ ဝိုင်းဝန်းမောင်းထုတ်ခဲ့ကြသော်လည်း အရေထူပြီး အသားမာလှသည့် တောဝက်ရိုင်းများကို သာမန်အရပ်သားများအနေဖြင့် ယှဉ်ပြိုင်ရန် အလွန်ခဲယဉ်းလှပေသည်။ ထိုတိုက်ပွဲတွင် ရွာသားအများအပြား ထိခိုက်သေဆုံးခဲ့ရပြီး ၎င်းတို့အထဲတွင် ဝမ်လီ၏ ဖခင်လည်း ပါဝင်ခဲ့သည်။ ထို့ကြောင့်ပင် ဝမ်လီသည် ယခုအခါ ဤလောကအလယ်တွင် အမှန်တကယ် တစ်ကိုယ်တည်း အထီးကျန်ဖြစ်ကျန်ရစ်ခဲ့ရသည်။
အသက်ခြောက်နှစ်သာ ရှိသေးသည့် ဝမ်လီသည် လယ်ယာလုပ်ငန်းခွင်တွင် သုံးနှစ်မျှ လုပ်ငန်းအတွေ့အကြုံ ရှိနေပြီ ဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ရွာလူကြီးနှင့် ရွာသားများ၏ ရံဖန်ရံခါ ကူညီစောင့်ရှောက်မှုများကြောင့် သူ၏ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်သွားခြင်း မရှိဘဲ အသက်တူကလေးများထက်ပင် ပိုမိုသန်မာထွားကြိုင်းလာခဲ့သည်။
သူသည် အသက်ခြောက်နှစ်သာ ရှိသေးသော်လည်း အသက်ဆယ်နှစ်အရွယ်ခန့် ရှိသည့် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပြီး ဂျုံရောင်အသားအရေနှင့် ကျန်းမာကြံ့ခိုင်ကာ ဖျတ်လတ်တက်ကြွနေသည်။ ထို့ပြင် ထင်ရှားပြတ်သားသော မျက်နှာပေါက်၊ ထူထဲသော မျက်ခုံးများနှင့် ဝိုင်းစက်သော မျက်ဝန်းကြီးများကို ပိုင်ဆိုင်ထားသည်။ မြို့ပြတွင်မူ ဤရုပ်ရည်မျိုးက သိပ်ပြီး ထူးခြားမည်မဟုတ်သော်လည်း တောရွာတစ်ခုတွင်မူ ဤကဲ့သို့သော ရုပ်ရည်နှင့် ခန္ဓာကိုယ်မျိုးက အရွယ်ရောက်လာသည့်အခါ တစ်ရွာလုံးက အားကျရသည့် လူချောလူလှလေးတစ်ဦး ဖြစ်လာမည်မှာ သေချာလှပေသည်။
အချိန်သည် မွန်းတည့်ချိန်သို့ ရောက်ရှိလာပြီး နေရောင်ခြည်က လူသားတို့၏ ခန္ဓာကိုယ်အပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျရောက်နေသဖြင့် အလွန်တရာ ပူပြင်းလှပေသည်။ လူကြီးများပင် မခံမရပ်နိုင်ဖြစ်ရသည့် ဤအပူဒဏ်ကို ဝမ်လီကဲ့သို့ ကလေးငယ်တစ်ဦးအတွက် ပို၍ပင် ဆိုးဝါးလှသည်။ သူသည် လယ်ယာသုံးကိရိယာများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ရွာအနောက်ဘက်စွန်းရှိ မိမိ၏ နေအိမ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လာခဲ့သည်။
သို့သော်လည်း အိမ်ရှေ့သို့ ရောက်သောအခါ အိုမင်းလှသော လူရိပ်တစ်ဦး ထိုင်စောင့်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်လီသည် ထိုအဘိုးအိုကို မြင်သည်နှင့် ရိုးသားဖြူစင်စွာ ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ဘိုးဘိုးရွာလူကြီး၊ ဘာလို့ ဒီကို ရောက်နေတာလဲဗျာ”
ဤအဘိုးအိုမှာ ဝမ်ကျားရွာ၏ ရွာလူကြီး ဝမ်ဖင် ဖြစ်သည်။ သူသည် အမည်နှင့်လိုက်အောင်ပင် ကိစ္စရပ်တိုင်းကို မျှတစွာ ဖြေရှင်းပေးတတ်သူ ဖြစ်သည်။ ဝမ်လီသည် မိဘမဲ့ကလေးငယ်တစ်ဦး ဖြစ်သော်လည်း ဝမ်ဖင်၏ အထူးဂရုစိုက်မှုကို ခံခဲ့ရသည်။
ဝမ်ဖင်က ဝမ်လီကို ကြင်နာပြီး ကျေနပ်အားရသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ဝမ်ကျားရွာရှိ ရွာသား ထက်ဝက်ကျော်မှာ ‘ဝမ်’ မျိုးနွယ်စုများ ဖြစ်ကြသဖြင့် ၎င်းတို့အကြား သွေးသားတော်စပ်မှု အနည်းငယ် ရှိနိုင်သော်လည်း ၎င်းက အဓိကမဟုတ်ချေ။ အဓိကအချက်မှာ ဝမ်လီသည် လိမ္မာယဉ်ကျေးပြီး အလုပ်ကြိုးစားသည့် ကလေးတစ်ဦး ဖြစ်သောကြောင့်ပင်။ လယ်ကွင်းထဲတွင် မြေဆီလွှာကို တူးဆွပြီး အလုပ်ကြိုးစားနေသရွေ့ အသက်ရှင်သန်ရန် လမ်းစ အမြဲရှိပေသည်။ အကယ်၍ ထူးခြားမှုတစ်စုံတစ်ရာ မရှိပါက ဝမ်လီသည် အနာဂတ်တွင် ရွာ၏ အားကိုးရသော လူငယ်ကောင်းတစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်။ မည်သည့်ရွာလူကြီးမဆို မိမိရွာမှ အလုပ်ကြိုးစားသည့် လူငယ်တစ်ဦးကို မချစ်ဘဲ မည်သူနေပါအံ့နည်း။ ၎င်းက လက်တွေ့ကျလှသော အမှန်တရား ဖြစ်ပေသည်။
ဝမ်လီက သူ့အား ဘိုးဘိုးဟု ခေါ်ဆိုသော်လည်း ဝမ်လီသည် ဝမ်ဖင်၏ တရားဝင်မြေးရင်းတော့ မဟုတ်ချေ။ ဝမ်ဖင်က ဝမ်လီအား လယ်ယာသုံးကိရိယာများကို ချထားစေပြီးနောက် လေးနက်စွာ ဆိုသည်။
“ရှောင်လီ၊ မင်းလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခဆင်းရဲကို တော်တော်ခံခဲ့ရတာပဲ။ ဒီလောက်ငယ်သေးတဲ့ အသက်နဲ့ နေ့တိုင်း လယ်ထဲ ဆင်းနေရတယ်။ ဒါပေမဲ့ မနက်ဖြန်ကစပြီး မင်း လယ်ထဲ သွားစရာ မလိုတော့ဘူး။ မနက်ဖြန်ကျရင် ဝိညာဉ်နန်းတော်က ဝိညာဉ်သခင်တစ်ယောက် ငါတို့ရွာကို ကြွလာပြီး ရွာက ကလေးတွေကို သိုင်းဝိညာဉ် နှိုးဆွပေးလိမ့်မယ်။ အသက်ခြောက်နှစ်ပြည့်တဲ့ ကလေးတိုင်း ဒီအခွင့်အရေးကို ရမှာပဲ။ အကယ်၍ မင်းသာ အစွမ်းထက်တဲ့ သိုင်းဝိညာဉ်ကို နှိုးဆွနိုင်ပြီး အနာဂတ်မှာ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒါဟာ တကယ့်ကို မြင့်မြတ်တဲ့အဆင့်အတန်း ဖြစ်ပြီး နောက်နောင် လယ်လုပ်ပြီး ပင်ပန်းခံစရာ မလိုတော့ဘူး”
ဤသို့ ပြောနေစဉ် ဝမ်ဖင်၏ မျက်ဝန်းများထဲတွင် အားကျအတောင့်တရိပ်များ ပြည့်နှက်နေခဲ့သည်။ တုံလော်တိုက်တွင် မည်သည့်အလုပ်အကိုင်မဆို နိမ့်ကျသည်ဟု သတ်မှတ်ခံရပြီး ဝိညာဉ်သခင် အဆင့်အတန်းတစ်ခုသာလျှင် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပေသည်။
ဝမ်လီက ထိုစကားကို ကြားရသောအခါ ပြုံးလျက် ပြန်လည်ပြောဆိုလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ ဘိုးဘိုးရွာလူကြီး။ ဝိညာဉ်နန်းတော်က တကယ့်ကို မွန်မြတ်တာပဲ။ ကျွန်တော်တို့လို ရွာငယ်လေးကိုတောင် ဝိညာဉ်သခင်တွေ စေလွှတ်ပြီး သိုင်းဝိညာဉ် နှိုးဆွပေးတယ်နော်”
ဝမ်ဖင်က ထိုစကားကို ကြားသော် သဘောတကျ ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။
“ဟုတ်တယ်… ဒါကြောင့်မလို့ ရှောင်လီ၊ မနက်ဖြန်ကျရင် ရွာလယ်ခေါင်မှာရှိတဲ့ ဝိညာဉ်နန်းတော် အဆောက်အအုံဆီကို စောစောလာခဲ့ပါ။ ငါတို့က ဝိညာဉ်သခင်ကို အကြာကြီး အစောင့်ခိုင်းလို့ မဖြစ်ဘူး။ မင်းမှာ မိဘတွေ မရှိပေမဲ့ မင်းက ငါ့ကို အစိတ်ချရဆုံး ကလေးတစ်ယောက်ပဲ။ မင်း သေချာပေါက် အစွမ်းထက်တဲ့ သိုင်းဝိညာဉ်ကို နှိုးဆွနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”
ဝမ်လီ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီးနောက် ပြန်လည်ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဘိုးဘိုးရွာလူကြီး။ ကျွန်တော် တကယ့်ကို အစွမ်းထက်တဲ့ သိုင်းဝိညာဉ်ကို နှိုးဆွနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့”
ဝမ်ဖင်က ခေါင်းခါလျက် ပြုံးလိုက်မိသည်။ ရွာလူကြီးတစ်ဦးအနေဖြင့် သူသည် ကလေးငယ်အများအပြား၏ သိုင်းဝိညာဉ် နှိုးဆွခြင်း အခမ်းအနားကို မြင်တွေ့ခဲ့ဖူးသော်လည်း အစွမ်းထက်သည့် သိုင်းဝိညာဉ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသဖြင့် စိတ်ပျက်ခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။ မိမိတို့ရွာမှ အစွမ်းထက်သည့် ဝိညာဉ်သခင်တစ်ဦး ထွက်ပေါ်လာရန် သူ မျှော်လင့်နေမိသော်လည်း သူ၏ စိတ်နှလုံးမှာ ကြာမြင့်စွာကပင် ရိုးအီနေခဲ့ပြီ ဖြစ်သည်။
ဝမ်ဖင်သည် နေရာမှ ထရပ်လိုက်ပြီး အားပေးစကား ဆိုသည်။
“ကဲ… အဲဒီလိုဆိုရင်တော့ ငါတို့ရွာကနေ အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက် ထွက်ပေါ်လာတာကို မြင်ရမှာပေါ့။ ငါ အခု တခြားအိမ်တွေကို သွားပြီး သတင်းပေးရဦးမယ်၊ သွားဦးမယ်နော်”
ဝမ်လီက ပြုံးလျက် လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
“ဘိုးဘိုး… ကောင်းကောင်းသွားပါဗျာ”
ထွက်ခွာသွားသော ဝမ်ဖင်၏ နောက်ကျောကို ကြည့်ရင်း ဝမ်လီက စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်နေမိသည်။
‘နောက်ဆုံးတော့ စတင်တော့မှာပဲ။ သိုင်းဝိညာဉ် နှိုးဆွခြင်း အခမ်းအနား… ငါက ဘယ်လို သိုင်းဝိညာဉ်မျိုးနဲ့ ဝိညာဉ်သခင် လမ်းစဉ်ပေါ်ကို ခြေလှမ်းစတင်ရမှာလဲ…’
ဝမ်လီ ဤမျှအထိ ယုံကြည်မှု ရှိနေရခြင်းမှာ သူသည် ဤကမ္ဘာမြေမှ လူသားတစ်ဦး မဟုတ်ဘဲ အခြားကမ္ဘာတစ်ခုမှ ကူးပြောင်းလာသူ ဖြစ်သောကြောင့်ပင်။ သူ၏ ယခင်ကမ္ဘာတွင် တုံလော်တိုက်ဟူသည် စာအုပ်တစ်အုပ်သာ ဖြစ်ပြီး သူသည် ထိုစာအုပ်ထဲမှ အကြောင်းအရာများကို အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
သူသည် အသက်သုံးနှစ်အရွယ်တွင် ယခင်ဘဝမှ အမှတ်သညာများ ပြန်လည်နိုးထလာခဲ့ခြင်း ဖြစ်သည်။ အသက်သုံးနှစ်မတိုင်မီက မှတ်ဉာဏ်များမှာ လျင်မြန်စွာပင် ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး ယခင်ဘဝမှ အကြောင်းအရာများကသာ သူ၏ ဦးနှောက်ထဲတွင် အစားထိုး နေရာယူလာခဲ့သည်။ ဤအခြေအနေနှင့် ပတ်သက်၍ ဝမ်လီက ၎င်းသည် ဦးနှောက်၏ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်ပြီး ကလေးဘဝ မှတ်ဉာဏ်များကို ပိတ်ဆို့ထားခြင်း ဖြစ်နိုင်သည်ဟု တွေးတောမိသည်။ အသက်သုံးနှစ်အရွယ်သို့ ရောက်ရှိလာသည့်အခါမှသာ ခန္ဓာကိုယ်က ကြီးထွားလာပြီး ထိုမှတ်ဉာဏ်များကို လက်ခံနိုင်စွမ်း ရှိလာခဲ့သဖြင့် ပြန်လည်ပွင့်လင်းလာခြင်း ဖြစ်ပေလိမ့်မည်။ လူသားအများစုသည် အသက်သုံးနှစ်မတိုင်မီက အကြောင်းအရာများကို မမှတ်မိကြချေ။ မှတ်မိလျှင်ပင် ရှုပ်ထွေးပွေလီလှပေသည်။ အသက်သုံးနှစ် ကျော်လွန်မှသာလျှင် အရာရာကို အသေအချာ မှတ်မိလာကြခြင်း ဖြစ်သည်။
ယခင်ဘဝက အလုပ်ကြမ်းသမားတစ်ဦး ဖြစ်ခဲ့ဖူးသည့် ဝမ်လီသည် အမှတ်သညာများ နိုးထလာပြီးနောက် ရွာသားများ၏ မိမိအပေါ် ထားရှိသော သဘောထား အပြောင်းအလဲများကို အတိအကျ သိရှိနားလည်ခဲ့သည်။ အခြားကလေးငယ်များ ငိုယိုဆော့ကစားနေကြချိန်တွင် သူကမူ မိမိ၏ သေးငယ်သော ခန္ဓာကိုယ်ဖြင့် လယ်ယာသုံးကိရိယာများကို ထမ်းပိုးကာ လယ်ကွင်းထဲသို့ ဆင်း၍ အလုပ်လုပ်ခဲ့သည်။ အလုပ်ကို များများလုပ်နိုင်သည်ဖြစ်စေ၊ နည်းနည်းလုပ်နိုင်သည်ဖြစ်စေ မိမိ၏ စိတ်နေသဘောထားကသာ အဓိက ဖြစ်ပေသည်။ လူသားဟူသည် သနားကရုဏာသက်ရုံမျှဖြင့် သူတစ်ပါးကို အလကား ကျွေးမွေးလိုကြသည် မဟုတ်ချေ။ အကယ်၍ ကလေးငယ်တစ်ဦးက လိမ္မာယဉ်ကျေးပြီး အလုပ်ကြိုးစားကာ မိမိကိုယ်ကိုယ် အားကိုးလိုစိတ် ရှိနေပါက မည်သူမျှ ဝန်ထုပ်ဝန်ပိုးအဖြစ် သတ်မှတ်ကြမည်မဟုတ်ဘဲ အိမ်နီးနားချင်းများကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ကူညီစောင့်ရှောက်ကြမည် ဖြစ်သည်။ သို့မဟုတ်ပါက အားလုံး ကျပ်တည်းနေသည့် ဤခေတ်ကာလတွင် မည်သူကမျှ အပိုလူတစ်ယောက်ကို ခေါ်ယူကျွေးမွေးထားလိုကြမည် မဟုတ်ချေ။
ဝမ်လီသည် လယ်ယာမြေများကို သုံးနှစ်တိုင်တိုင် ပြုစုပျိုးထောင်ခဲ့ပြီးနောက် ယခုအခါတွင်မူ သူ၏ ရှေ့မှောက်၌ ကမ္ဘာသစ်ကြီးတစ်ခု ပွင့်လင်းလာတော့မည် ဖြစ်သည်။
ဝမ်လီသည် ပျော်ရွှင်တက်ကြွသော စိတ်အဟုန်ဖြင့် တံခါးကို ဖွင့်ကာ အိမ်ထဲသို့ ဝင်ခဲ့သည်။ သူသည် မီးဖိုချောင်ဆီသို့ လျှောက်လှမ်းသွားပြီး အိုးအဖုံးကို ဖွင့်လိုက်ရာ အိုးထဲတွင် အေးစက်နေသည့် ဆန်ပြုတ်တစ်ဝက်ခန့် ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဝမ်လီသည် ဆန်ပြုတ်ကို အလျင်အမြန် ခတ်ယူလိုက်ပြီး ချဉ်ဖတ်အချို့နှင့်အတူ မီးဖိုဘေးတွင် ထိုင်၍ မြိန်ရှက်စွာ စားသောက်လိုက်သည်။
၎င်းတို့မှာ သူ၏ အဓိက အစားအစာများ ဖြစ်ကြသည်။ သူသည်လည်း အသားဟင်းကို စားသောက်လိုသော်လည်း လက်ရှိအခြေအနေအရ မတတ်နိုင်သေးချေ။ ဆန်ပြုတ်က ကာဗိုဟိုက်ဒရိတ်ကို ပေးစွမ်းနိုင်ပြီး ချဉ်ဖတ်ကမူ ဆားဓာတ်ကို ဖြည့်ဆည်းပေးသည်။ ထို့ပြင် နေ့စဉ် အလုပ်ကြမ်းလုပ်ဆောင်မှုများကြောင့် ဝမ်လီသည် မိမိကိုယ်ကိုယ် ကျေနပ်မိသော သန်မာထွားကြိုင်းသည့် ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။ ဤသန်မာမှုသည် နိုးထလာမည့် သိုင်းဝိညာဉ် သို့မဟုတ် ဝိညာဉ်စွမ်းအားများနှင့် သက်ဆိုင်မှု ရှိမရှိကို သူ မသေချာသော်လည်း ပိန်လှီမည်းညှောက်နေခြင်းထက်စာလျှင် အရပ်ရှည်ရှည်နှင့် ထွားကြိုင်းနေခြင်းက ပိုမိုကောင်းမွန်သည် မဟုတ်ပါလော။