သူတို့သုံးဦးသည် ရထားလုံးတစ်စီးဖြင့် နေဝင်ဆည်းဆာ တောအုပ်ဆီသို့ ထွက်ခွာခဲ့ကြရာ လဝက်ကျော် ကြာမြင့်ပြီးနောက်တွင်မူ ရည်မှန်းချက်ပန်းတိုင်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။ လင်းဇိရော့၏ ဦးဆောင်မှုအောက်တွင် ရှောင်ဟန်နှင့် ရွှယ်ဘင်းအာတို့သည် နေဝင်ဆည်းဆာ တောအုပ်အတွင်းသို့ လှမ်းဝင်ခဲ့ကြ၏။
ဤနေရာသည် ထျန်းတူ မြို့တော်၏ အရှေ့ဘက် မိုင်နှစ်ရာခန့်အကွာတွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး နွေဦးကာလကဲ့သို့ ရာသီဥတု မျှတကောင်းမွန်လှသည်။ သစ်ပင်အုပ်ကြီးများ၏ အပေါ်ယံဖျားမှတစ်ဆင့် တိုးဝင်လာသော နေရောင်ခြည်သည် သစ်ရွက်ရိပ်များကို လှပစွာ ဖြာကျစေလျက် ကျယ်ပြောလှသော တောအုပ်ကြီးတစ်ခုလုံးကို ရွှေရောင်ဝတ်ရုံ ခြုံလွှာပေးထားသကဲ့သို့ ရှိနေတော့သည်။ လေထုထဲတွင် ပန်းမန်များနှင့် မြေဆီလွှာတို့၏ သင်းပျံ့သောရနံ့များ လွင့်ပျံနေပြီး တစ်ခါတစ်ရံတွင်မူ အမည်မသိ သားရဲတိရစ္ဆာန်တို့၏ ဟိန်းဟောက်သံများ ရောယှက်ကြားရသဖြင့် လျှို့ဝှက်ဆန်းကြယ်ခြင်းနှင့် ရိုင်းစိုင်းကြမ်းကြုတ်ခြင်းတို့ ပိုမိုသက်ဝင်နေစေသည်။
"ရှောင်ဟန်၊ မင်း ရှာချင်တဲ့ ဆေးပင်တွေကို မြန်မြန်ရှာနော်။ ရတာနဲ့ ငါတို့ ချက်ချင်း ပြန်ကြမယ်"
"ဟုတ်ကဲ့ မေမေ၊ အပြင်ဘက်နားမှာတော့ ဘာမှမရှိဘူး။ ကျွန်တော်တို့ တောအုပ်ရဲ့ အလယ်ဗဟိုဘက်ကို သွားကြည့်ရအောင်"
"မင်းနဲ့တော့ ခက်တော့တာပဲ။ နောက်တစ်ခါကျရင်တော့ မင်းကို လုံးဝ ခေါ်မလာတော့ဘူး"
နေဝင်ဆည်းဆာ တောအုပ်အတွင်းတွင် ဝိညာဉ်သားရဲ အများအပြား ရှိနေသော်လည်း ကျင့်ကြံခြင်းသက်တမ်း နှစ်တစ်သောင်းကျော်သော သားရဲများမှာမူ သိပ်မရှိလှပေ။ လင်းဇိရော့သည် သိုင်းဝိညာဉ် သူတော်စင် အဆင့်ရှိသည့်အပြင် အလွန်လျင်မြန်သော ပျံသန်းနှုန်းကိုလည်း ပိုင်ဆိုင်ထားရာ ကလေးနှစ်ယောက်ကို တောအုပ်အလယ်ဗဟိုသို့ ခေါ်ဆောင်သွားလျှင်ပင် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပါချေ။
သူတို့သုံးဦးသည် တောအုပ်ကို ဖြတ်ကျော်လာခဲ့ကြရာ လမ်းခရီးတစ်လျှောက်တွင် ဝိညာဉ်သားရဲ အများအပြားနှင့် တိုးခဲ့ကြသေးသည်။ သို့သော် လင်းဇိရော့၏ ပြင်းထန်လှသော အရှိန်အဝါကြောင့် ထို သက်တမ်းနှစ်ထောင်ချီရှိသော ဝိညာဉ်သားရဲများသည် အနားသို့ လွယ်လွယ်ကူကူ မချဉ်းကပ်ရဲကြချေ။ အတင်းတိုးဝှေ့လာရန် ကြိုးစားသော ဝိညာဉ်သားရဲ အချို့ကိုမူ သူမက မောင်းထုတ်ပစ်လိုက်လေသည်။
"ရှောင်ဟန်၊ ဆေးပင်တွေ ခူးလို့ မပြီးသေးဘူးလား"
"မေမေကလည်း မလောပါနဲ့။ နောက်တစ်ခါ ဒီကို ဘယ်တော့ ပြန်လာဖြစ်ဦးမလဲ မသိဘူးလေ။ ကျွန်တော့်ကို နောက်ထပ် ဆေးပင်အချို့ ခူးခွင့်ပြုပါဦး"
ရှောင်ဟန်သည် ဆေးပင်အချို့ကို ခူးဆွတ်ပြီးနောက် ဝိညာဉ်သိုလှောင်ပစ္စည်းထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။ ထိုဆေးပင်များသည် အာနိသင်အချို့ ရှိသည်ဆိုသော်လည်း နတ်ဆေးပင်များနှင့် နှိုင်းယှဉ်လျှင်မူ ဘာမှမဟုတ်ပါချေ။
သူတို့သုံးဦးသည် တောအုပ်အလယ်ဗဟိုနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အပူချိန် ပြောင်းလဲလာမှုကို သိသိသာသာ ခံစားလာရသည်။
"ရှောင်ဟန်၊ ဒီမှာ ပိုပြီးတော့ ပူလာသလိုပဲ။ ဒီနားတင် ရပ်ပြီး ပြန်ကြရအောင်"
"မေမေရာ၊ နောက်ထပ် နည်းနည်းလောက်ပဲ ဆက်သွားကြည့်ရအောင်ပါ၊ ရှေ့မှာ အံ့ဩစရာတစ်ခုခု ရှိနေနိုင်တယ်လေ"
ရှောင်ဟန်သည် ဤနေရာသည် ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်း တည်ရှိရာနေရာနှင့် မဝေးတော့ကြောင်း ပြင်းထန်သော စိတ်အာရုံတစ်ခုကို ခံစားနေရသည်။ လင်းဇိရော့ အနည်းငယ် စိတ်ဆိုးသွားသည်ကို မြင်သောအခါ ရွှယ်ဘင်းအာက ဝင်၍ ပြောပေးရှာသည်။
"ကျောင်းအုပ်ကြီးလင်းရှင့်၊ ကျွန်မတို့လည်း ဒီအထိ ရောက်နေပြီပဲဥစ္စာ၊ ရှောင်ဟန်နဲ့အတူ နောက်ထပ် နည်းနည်းလောက်ပဲ ဆက်သွားကြည့်ကြရအောင်ပါ"
"အင်းလေ၊ သမီးတို့ သဘောအတိုင်းပဲပေါ့"
ရှောင်ဟန်နှင့် ရွှယ်ဘင်းအာတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး ရှောင်ဟန်က သူမကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
သူတို့သုံးဦးသည် တောအုပ်အလယ်ဗဟိုဆီသို့ ဆက်လက် လှမ်းလျှောက်လာခဲ့ကြသည်။ လျှောက်နေရင်းဖြင့် ရုတ်တရက် ရှေ့ဆီမှ စူးရှသော အနံ့ဆိုးတစ်ခု လွင့်ပျံလာ၏။
"ရှောင်ဟန်၊ ရှေ့ကို ဆက်မသွားနဲ့တော့!"
လင်းဇိရော့သည် လက်တစ်ဖက်ဖြင့် ရှောင်ဟန်ကို ဆွဲကာ အခြားလက်တစ်ဖက်ဖြင့် ရွှယ်ဘင်းအာကို ဖမ်းဆွဲလျက် မျက်တောင်တစ်ခတ်အတွင်းမှာပင် မီတာရာချီ အဝေးသို့ ဆုတ်ခွာလိုက်လေသည်။
"စောစောက ထူးဆန်းတဲ့ အနံ့က အဆိပ်အတောက် ဖြစ်ပုံရတယ်"
ရှောင်ဟန်သည်လည်း ထိုထူးဆန်းသော အနံ့ကို ရရှိလိုက်သဖြင့် နှလုံးသားထဲတွင် မကောင်းသော အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဒုကူးဘိုတစ်ယောက် မြစိမ်းရောင် မြွေအဆိပ်ဝင်္ကပါကို ခင်းကျင်းထားပြီးပြီလား။ သူ ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလား။
လင်းဇိရော့သည် တစ်စုံတစ်ခုကို ရိပ်မိသွားသည့်အလား မျက်မှောင်ကြုတ်လိုက်မိပြီး ရုတ်တရက် ပျာယာခတ်သွားတော့သည်။
"ရှောင်ဟန်၊ ဘင်းအာ၊ ဒီနေရာက သိပ်အန္တရာယ်များတယ်။ ငါတို့ အမြန်ပြန်ကြစို့"
သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဒြပ်မဲ့စွမ်းအားတစ်ခုက သူတို့သုံးဦးကို ချက်ချင်း လွှမ်းခြုံပိတ်ဆို့လိုက်လေသည်။ လင်းဇိရော့အနေဖြင့် ခုခံရန် ကြိုးစားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပါချေ။
တောအုပ်နက်ကြီး၏ အမှောင်ထုထဲမှနေ၍ နက်မှောင်သော စိမ်းရောင် ဝတ်စုံဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် ဒြပ်မဲ့စည်းချက်တစ်ခုနှင့်အညီ လှမ်းလာသကဲ့သို့ ရှိနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်နေသော ဝိညာဉ်စွမ်းအားများကြောင့် ဘေးပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် ပုံပျက်ရှုံ့တွလို့ နေသည်။ ထို နက်ရှိုင်းလှသော မျက်ဝန်းအစုံထဲတွင်မူ အေးစက်သော အရောင်အဝါများ လက်ဖျာနေတော့သည်။
"မင်းတို့က ဘယ်သူတွေလဲ။ ငါ့နယ်မြေထဲကို ဘယ်လိုသတ္တိနဲ့ ကျူးကျော်ဝင်ရောက်ရဲတာလဲ!"
ထိုလူ၏ အသံသည် အောရှာရှာနိုင်လှပြီး ငြင်းဆန်ရန်မရဲသော အရှိန်အဝါ အပြည့် ရှိနေသည်။ ရှောင်ဟန်သည် သူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ဤသူသည် ဒုကူးဘို ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။ ဒုကူးဘိုတစ်ယောက် ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်းကို ယခုမျှ စောစီးစွာ ရှာတွေ့လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။
လင်းဇိရော့၏ မျက်နှာသည် တည်တံ့လေးနက်သွားပြီး ရှေ့တွင် ရှိနေသူမှာ အဆိပ်ဒိုလော် ဒုကူးဘို ဖြစ်ကြောင်း မှတ်မိသွားသည်။ ဒုကူးဘို၏ စွမ်းအားသည် အတိုင်းအဆမရှိ နက်ရှိုင်းလှပြီး သူ၏ မြစိမ်းရောင် မြွေနဂါးမင်း အဆိပ်သည်လည်း တစ်လောကလုံးတွင် အဆိပ်အတောက် အပြင်းဆုံး ဖြစ်ကြောင်း သူမ သိရှိထားသည်။ အကယ်၍ သူမသာ အနည်းငယ် အမှားအယွင်း ရှိခဲ့ပါက အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလား။
လင်းဇိရော့သည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားပြီး စကားလုံးများဖြင့် ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေဖျောက်ရန် ကြိုးစားလိုက်သည်။
"စီနီယာ ဒုကူးရှင့်၊ ကျွန်မက ထျန်းရွှေ အကယ်ဒမီရဲ့ ဒုတိယကျောင်းအုပ် လင်းဇိရော့ ပါ။ ကျွန်မတို့ စီနီယာ့ကို စော်ကားလိုတဲ့ စိတ်ရည်ရွယ်ချက် လုံးဝမရှိပါဘူး၊ လမ်းမှားပြီး ဒီနေရာကို ရောက်လာခဲ့မိတာပါ။ စီနီယာအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ရှင်"
"ထျန်းရွှေ အကယ်ဒမီ ဟုတ်လား။"
ဒုကူးဘိုသည် လင်းဇိရော့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ အေးစက်သော အငွေ့အသက်များကို ခံစားမိသဖြင့် သူမ လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒုကူးဘိုသည် ထျန်းရွှေ အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ကျောက်နှင့် ဆုံတွေ့ခဲ့ဖူးသော်လည်း ရင်းနှီးကျွမ်းဝင်မှုတော့ မရှိခဲ့ချေ။
"ဒါဆို မင်းတို့ ဒီမှာ ဘာလာလုပ်တာလဲ"
"ကျွန်တော်တို့ ဝိညာဉ်သားရဲ လာရှာတာပါ"
လင်းဇိရော့ မဖြေခင်မှာပင် ရှောင်ဟန်က ဦးအောင် ဝင်ဖြေလိုက်သည်။ ဒုကူးဘိုသည် သံသယစိတ် အလွန်များသူဖြစ်ကြောင်း သူ သိထားရာ အကယ်၍ သူတို့ ဤနေရာသို့ ဆေးပင်လာရှာသည်ကို ဒုကူးဘို သိသွားပါက ရလဒ်မှာ တွေးဝံ့စရာပင် မရှိနိုင်တော့ချေ။
"ဟုတ်ပါတယ်၊ ကျွန်မတို့ ဝိညာဉ်သားရဲ လာရှာတာပါ"
လင်းဇိရော့သည်လည်း ရှောင်ဟန်သည် အမြဲတမ်း ထက်မြက်သူဖြစ်ပြီး ယခုကဲ့သို့ ပြောဆိုခြင်းတွင် အကြောင်းပြချက် တစ်ခုခု ရှိရမည်ကို နားလည်သောကြောင့် သူ့စကားကိုပင် ထောက်ခံလိုက်လေသည်။
ဒုကူးဘိုသည် ရှောင်ဟန်ကို တစ်ချက် ကြည့်လိုက်ပြီး ဤကလေးငယ်သည် သူ့ကို လိမ်ရဲလိမ့်မည်မဟုတ်ဟု တွေးလိုက်မိသည်။ သို့သော် ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်က သူ၏ ဆေးဥယျာဉ်ကို မျက်စိကျနေလိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မှတ်ထားမည် မဟုတ်ပေ။
"ငါ ရှေ့မှာ အဆိပ်ဝင်္ကပါတစ်ခု ခင်းကျင်းထားတယ်။ ကျင့်ကြံခြင်း သက်တမ်း နှစ်တစ်သောင်းရှိတဲ့ ဝိညာဉ်သားရဲတွေတောင် အနားကို လွယ်လွယ်နဲ့ မကပ်ရဲကြဘူး။ အကယ်၍ ဒီကလေးနှစ်ယောက်သာ အဆိပ်ဝင်္ကပါထဲကို ခြေလှမ်းမိရင် ဧကန်အမှန် သေရလိမ့်မယ်။ ဒီနေရာက မင်းတို့လာရမယ့် နေရာမဟုတ်ဘူး။ အမြန်ပြန်ကြတော့"
"သတိပေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျွန်မတို့ အခုပဲ ထွက်သွားပါ့မယ်"
လင်းဇိရော့၏ စကားအဆုံးတွင်မူ ဒုကူးဘိုသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူ၏ အလျင်နှုန်းသည် မြန်ဆန်လွန်းလှသဖြင့် ကြည့်ရုံမျှဖြင့် မမှီနိုင်ပါချေ။
"ရှောင်ဟန်၊ ဘင်းအာ၊ ငါတို့ သွားကြစို့!"
လင်းဇိရော့သည် ရှောင်ဟန်နှင့် ရွှယ်ဘင်းအာတို့ကို ခေါ်ဆောင်ကာ နေဝင်ဆည်းဆာ တောအုပ်အပြင်ဘက်သို့ တိုက်ရိုက် ပျံသန်းထွက်ခွာခဲ့တော့သည်။
သူတို့သုံးဦး မြေပြင်သို့ ပြန်လည်သက်ဆင်းမိသောအခါတွင်မူ ထိတ်လန့်တုန်လှုပ်မှုများ မပြယ်သေးချေ။ ရွှယ်ဘင်းအာက မေးလိုက်သည်။
"ကျောင်းအုပ်ကြီးလင်းရှင့်၊ စောစောက အဖိုးအိုက ဘယ်သူလဲဟင်"
"သူက အဆိပ်ဒိုလော် ဒုကူးဘို ပဲ သမီး"
"သူက ဒိုလော်ဘွဲ့ခံ တစ်ယောက် ဖြစ်နေတာကိုး၊ ဒါကြောင့်မို့လည်း ဒီလောက်တောင် အစွမ်းထက်နေရတာပဲ"
"ဒုကူးဘိုက တစ်ယောက်တည်း နေတတ်ပြီး အထီးကျန်ဆန်တာကို နှစ်သက်တဲ့သူမျိုးလေ။ သူက တစ်လောကလုံးမှာ အဆိပ်အတောက် အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ပဲ။ ငါကြားဖူးသလောက်တော့ သူက ရက်စက်ကြမ်းကြုတ်ပြီး အဲဒီအတွက်ကြောင့်လည်း ရန်သူတွေ အများကြီး ရှိတယ်လို့ သိရတယ်"
စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသောအခါ ရှောင်ဟန်သည် ထိတ်လန့်နေဆဲဖြစ်ပြီး အနည်းငယ်လည်း အားနာမိသွားသည်။
"မေမေ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကြောင့် မေမေတို့ အန္တရာယ်ထဲ ရောက်ကုန်ရတယ်"
"ရှောင်ဟန်၊ မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါပဲ။ ငါတို့နဲ့ ဒုကူးဘိုကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘူးလေ။ ပြီးတော့ ကျောင်းအုပ်ကြီးကျောက်က ငါ့ကို ခေါ်ပြီး သူ့ဆီ သွားတွေ့ဖူးတယ်။ သူ ငါ့ကို မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဆိုပေမဲ့ ငါတို့က ထျန်းရွှေ အကယ်ဒမီကဆိုတာ သိရင်တော့ ငါတို့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး"
"ဟုတ်ကဲ့ပါ" ရှောင်ဟန်သည် ထိုအခါမှ စိတ်သက်သာရာ ရသွားတော့သည်။ သို့သော် ယခုအတွေ့အကြုံက နတ်ဆေးပင်ကို ခူးဆွတ်လိုသော သူ၏ အလိုဆန္ဒကို ပိုမိုပြင်းထန်လာစေခဲ့သည်။
"ဒါနဲ့ ရှောင်ဟန်၊ စောစောက မင်း ဘာဖြစ်လို့ ဝိညာဉ်သားရဲ လာရှာတာပါလို့ လိမ်ပြောလိုက်ရတာလဲ"
"မေမေ မထူးဆန်းဘူးလားဟင်။ ဒုကူးဘိုက တောအုပ်အလယ်ဗဟိုမှာ အဆိပ်ဝင်္ကပါတစ်ခုကို တကူးတက ခင်းကျင်းထားတယ်ဆိုတာ တစ်ခုခုကို တမင်တကာ စောင့်ရှောက်နေတဲ့ ပုံစံမျိုးပဲ။ လူပဲဖြစ်ဖြစ်၊ ဝိညာဉ်သားရဲပဲဖြစ်ဖြစ် အဲဒီအဆိပ်ဝင်္ကပါနားကို မကပ်နိုင်ကြဘူး။ ကျွန်တော် ထင်တာကတော့ အထဲမှာ အလွန်တန်ဖိုးကြီးတဲ့ အရာတစ်ခုခု၊ ဖြစ်နိုင်ရင်တော့ ထူးဆန်းတဲ့ ပန်းမန်တွေနဲ့ ဆေးပင်တွေ ရှိနေလိမ့်မယ်။ အကယ်၍ ငါတို့ ဒီကို ဆေးပင်ခူးဖို့ လာတာသာ သူသိသွားရင် ငါတို့ကို အသေသတ်ပစ်လိမ့်မယ် မေမေ"
ရှောင်ဟန်၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မူ လင်းဇိရော့သည် ကျောချမ်းသွားတော့သည်။
"ရှောင်ဟန်၊ မင်းက ငယ်ငယ်လေးရှိသေးတာကို ဒီလောက်အထိ အစစအရာရာ တွေးခေါ်မြော်မြင်နိုင်တာပဲ။ မင်းရဲ့ ဒီဉာဏ်ပညာကို ကျင့်ကြံခြင်းအပိုင်းမှာပဲ အသုံးချပါ၊ နောက်တစ်ခါ ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုးတွေကို လုံးဝ မလုပ်ပါနဲ့တော့"
"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ"
ရက်အနည်းငယ် ကြာပြီးနောက်တွင် သူတို့သုံးဦးသည် ထျန်းရွှေ အကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ လင်းဇိရော့သည် နှင်းခဲတောအုပ်နှင့် နေဝင်ဆည်းဆာ တောအုပ်အတွင်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို ကျောင်းအုပ်ကြီးကျောက်အား ပြောပြခဲ့လေသည်။
ထိုစကားများကို ကြားပြီးနောက်တွင် ကျောင်းအုပ်ကြီးကျောက်သည် သက်ပြင်းချရင်း ကံကောင်းသည်ဟု မှတ်ချက်ပြုလိုက်သည်။
"မင်းတို့ ဒုကူးဘိုနဲ့ ဆုံခဲ့လိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး။ တော်သေးတာပေါ့၊ အန္တရာယ် ကင်းကင်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့လို့။ ရှောင်ဟန်နဲ့ ဘင်းအာတို့က ငါတို့ ထျန်းရွှေ အကယ်ဒမီရဲ့ အနာဂတ် မျှော်လင့်ချက်တွေပဲ။ သူတို့ဟာ နောက်ထပ် ဆယ်နှစ်အကြာမှာ ကျင်းပမယ့် ဝိညာဉ်သခင် ပြိုင်ပွဲကြီးမှာ ဧကန်မလွဲ ထူးချွန်တောက်ပပြီး အစွမ်းပြနိုင်ကြလိမ့်မယ်"