မသိမသာပင် အကြိုပွဲစဉ်များ၏ ပထမဆယ်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းများကြားတွင်လည်း ရမှတ်ကွာဟချက်များ သိသိသာသာ ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်အထိ ထျန်းရွှေ၊ ကမ္ဘာဦးလေပြေ၊ မိုးကြိုး၊ မီးလျှံ နှင့် ရှရက်ခ် အဖွဲ့တို့သည် ဆယ်ပွဲစလုံး အနိုင်ရရှိကာ ရှုံးပွဲမရှိစံချိန်ကို အသီးသီး ထိန်းသိမ်းထားနိုင်ကြသည်။ ဤအကယ်ဒမီငါးခုသည် ယခင်ပွဲစဉ်များတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံခြင်း မရှိခဲ့ကြချေ။
သို့သော်လည်း ယနေ့ကျင်းပမည့် ဆယ့်တစ်ကြိမ်မြောက် ပွဲစဉ်များအပြီးတွင်မူ ထိုငါးဖွဲ့ထဲမှ ထိပ်ဆုံးသုံးသင်းစာရင်းကို အဖြေထုတ်ပေးနိုင်တော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးလေပြေအကယ်ဒမီနှင့် မိုးကြိုးအကယ်ဒမီတို့သည် အနိုင်အရှုံးအတွက် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်ပြီး မီးလျှံအကယ်ဒမီ၏ ပြိုင်ဘက်မှာမူ ရှရက်ခ်အကယ်ဒမီ ဖြစ်နေသောကြောင့်ပင်။ ဤထိပ်တိုက်တွေ့ဆုံမှု နှစ်ခုကြောင့် အဖွဲ့နှစ်ဖွဲ့မှာ ရှုံးနိမ့်ခြင်းနှင့် မလွှဲမသွေ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ထျန်းရွှေအကယ်ဒမီသည် ပြီးခဲ့သည့်ပွဲတွင် ရှန်ကျားအကယ်ဒမီအား အလွယ်တကူ အနိုင်ယူကာ သူတို့၏ ထူးချွန်လှသော တိုက်စစ်စွမ်းအားကို ပြသခဲ့ပြီး ဖြစ်သည်။ ယနေ့ပွဲတွင်မူ သူတို့၏ ပြိုင်ဘက်သည် မဲနှိုက်ရလဒ်ကို သိရှိသွားပြီးနောက်တွင် မိမိအလိုအလျောက် ပွဲမှ နုတ်ထွက်သွားခဲ့သည်။
ပြိုင်ပွဲ စတင်ခဲ့ပြီ ဖြစ်သည်။
ပထမပွဲစဉ်အဖြစ် ကမ္ဘာဦးလေပြေအကယ်ဒမီနှင့် မိုးကြိုးအကယ်ဒမီတို့သည် ဗဟိုတိုက်ပွဲကွင်းထက်တွင် ထိပ်တိုက်ရင်ဆိုင်ကြသည်။ ဤပြင်းထန်လှသော အားပြိုင်မှုသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
မိုးကြိုးအကယ်ဒမီကို ထိပ်တန်းသားရဲဝိညာဉ်ဖြစ်သော ကောင်းကင်ပြာမိုးကြိုးနဂါးကို ပိုင်ဆိုင်ထားသည့် ယူထျန်းရှင်းက ဦးဆောင်ထားသည်။ သူသည် အဆင့် ၄၃ ရှိသော အပြင်းစားတိုက်ခိုက်ရေးစနစ် စစ်ဝိညာဉ်သခင်တစ်ဦး ဖြစ်သည်။ ထို့အပြင် အဖွဲ့ထဲ၌ သိုင်းဝိညာဉ်မှာ မိုးကြိုးပင့်ကူဖြစ်သည့် အဆင့် ၄၃ ထိန်းချုပ်မှုစနစ် ဝိညာဉ်ဂိုဏ်းချုပ် အဖွဲ့ဝင်တစ်ဦးနှင့် အဆင့် ၄၁ ရှိသော ဝိညာဉ်ဂိုဏ်းချုပ် အဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်သည်။ ကျန်ရှိသော သုံးဦးမှာ မဟာဝိညာဉ်သခင်များ ဖြစ်ကြသည်။
သို့သော်လည်း အလုံးစုံသော ခွန်အားပိုင်းတွင်မူ ကမ္ဘာဦးလေပြေအကယ်ဒမီက ပိုမိုတောင့်တင်းလှသည်။ ဖုန်းရှောက်ထျန်းသည် မျိုးဗီဇပြောင်းလဲထားသော သားရဲဝိညာဉ်ဖြစ်သည့် ကမ္ဘာဦးလေပြေ ခေါင်းနှစ်လုံးဝံပုလွေကို ပိုင်ဆိုင်ထားသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၄၆ သို့ ရောက်ရှိနေပြီး အဆင့် ၄၇ သို့ပင် နီးကပ်နေပြီ ဖြစ်သည်။ သူသည် လွန်စွာပြင်းထန်လှသော တိုက်စစ်စွမ်းအား ရှိရုံတင်မကဘဲ ပျံသန်းနိုင်စွမ်းလည်း ရှိပြီး လျှင်မြန်မှုအလျင်နှုန်းမှာလည်း ထိပ်တန်းအဆင့်တွင် ရှိသည်။ ဒါ့အပြင် ဖုန်းရှောက်ထျန်းအပြင် အဖွဲ့ထဲ၌ အခြားဝိညာဉ်ဂိုဏ်းချုပ် အဖွဲ့ဝင် သုံးဦးနှင့် မဟာဝိညာဉ်သခင် သုံးဦးတို့ ပါဝင်ကာ အားလုံးမှာ တိုက်ခိုက်ရေးစနစ် ဝိညာဉ်သခင်များ ဖြစ်ကြသည်။
ပြီးခဲ့သည့် ဆယ်ပွဲလုံးတွင် ဖုန်းရှောက်ထျန်းသည် ကွင်းထဲသို့ တစ်ကြိမ်မျှ တက်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း သူ၏ အသင်းဖော်များက ပြိုင်ဘက်များကို အလွယ်တကူ ခြေမှုန်းကာ ဆယ်ပွဲဆက်တိုက် အနိုင်ရလဒ်ကို ဆွတ်ခူးပေးနိုင်ခဲ့ကြသည်။ ယခုမူ မိုးကြိုးအကယ်ဒမီနှင့် ရင်ဆိုင်ရသဖြင့် ဖုန်းရှောက်ထျန်းသည် ပေါ့ဆရဲခြင်းမရှိဘဲ ကိုယ်တိုင် ကွင်းထဲသို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ပြင်းထန်လှသော တိုက်ပွဲအပြီးတွင် ကမ္ဘာဦးလေပြေအဖွဲ့သည် နောက်ဆုံး၌ မိုးကြိုးအဖွဲ့ကို အနိုင်ယူကာ ဆယ့်တစ်ပွဲမြောက် အောင်ပွဲကို ဆွတ်ခူးသွားခဲ့တော့သည်။
မကြာမီတွင် မီးလျှံအကယ်ဒမီ ကွင်းထဲတက်ရမည့် အလှည့်သို့ ရောက်ရှိလာခဲ့သည်။ ဖုန်းရှောက်ထျန်းသည် စင်မြင့်ထက်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဟော်ဝူနှင့် ဟော်ဝူရှောင်တို့ ရှိရာသို့ ချက်ချင်း လာခဲ့သည်။
ရှောင်ဟန်နှင့် ထျန်းရွှေအဖွဲ့မှ မိန်းကလေးများသည်လည်း ထိုနေရာတွင် ရှိနေကြသည်။ သူတို့သည် ယနေ့ပွဲတွင် ယှဉ်ပြိုင်ရန် မလိုသဖြင့် ညီနောင်အကယ်ဒမီအဖွဲ့ကို လာရောက်အားပေးကြခြင်း ဖြစ်သည်။
ဖုန်းရှောက်ထျန်းက "ရှရက်ခ်အဖွဲ့မှာ အတိုင်းအတာတစ်ခုအထိ အစွမ်းရှိတာ မှန်ပေမဲ့ မင်းတို့ အနိုင်ရလိမ့်မယ်လို့ ငါယုံကြည်တယ်" ဟု ဆိုသည်။
ဟော်ဝူရှောင်က ဖြဲပြုံးလျက်ဖြင့် ကိုယ်ပိုင်ယုံကြည်မှုအပြည့်ဖြင့် "ဒါက ပြောနေဖို့ လိုဦးမလား။ ပြီးခဲ့တဲ့ ဆယ်ပွဲလုံးကို ငါ စောင့်ကြည့်ခဲ့ပြီးပြီ။ သူတို့အဖွဲ့မှာ အသန်ဆုံးဆိုလို့ ဝိညာဉ်ဂိုဏ်းချုပ် အဖွဲ့ဝင် နှစ်ယောက်ပဲ ရှိတာ။ အဲဒီပွဲကို ထိန်းချုပ်တဲ့ကောင်ရဲ့ သိုင်းဝိညာဉ်က မြက်ပြာနုပင်လေ။ ငါတို့ရဲ့ မီးလျှံဝိညာဉ်သခင်တွေနဲ့ တွေ့ရင်တော့ အဲဒီကောင် ဒုက္ခလှလှတွေ့မှာ အသေအချာပဲ။ မကောင်းဆိုးဝါးမျက်ဝန်း ကျားဖြူ ဝိညာဉ်သခင်ကတော့ တိုက်စစ်စွမ်းအား အသင့်အတင့် ရှိပေမဲ့ ငါ့ရဲ့ ဂျိုတစ်ချောင်း မီးလျှံနဂါးရာဇာကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ရှောင်ဟန်က "အစ်ကိုဟော် ပြောတာလည်း ဟုတ္ပါတယ္။ ဒါပေမဲ့ ရှရက်ခ်အဖွဲ့ရဲ့ လမ်းညွှန်ဆရာက သီအိုရီပညာရှင် ယုရှောင်ကန်း ဖြစ်နေတယ်။ ထန်ဆန်းက အစ်ကိုတို့ရဲ့ အနှိမ်နင်းခံဖြစ်နေတော့ သူတို့ပွဲကနေ နုတ်ထွက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်" ဟု သတိပေးလိုက်သည်။
ဟော်ဝူက မာန်ဝင့်စွာဖြင့် "ပွဲကနေ နုတ်ထွက်မယ် ဟုတ်လား။ စိန်ခေါ်မှုအနည်းငယ်ရှိတဲ့ အဖွဲ့နဲ့ နောက်ဆုံးတော့ တွေ့ရပြီဥစ္စာ၊ သူတို့ ပွဲကနေ နုတ်ထွက်သွားမှာမျိုးကိုတော့ ငါ အဖြစ်မခံနိုင်ဘူး" ဟု ဆိုသည်။
ရှောင်ဟန်ကမူ ဟော်ဝူ၏ စကားကို ဂရုမထားဘဲ ကျော်ဖြတ်လိုက်သည်။ ဤပွဲတွင် မီးလျှံအဖွဲ့ အနိုင်ရရှိရန် ရာခိုင်နှုန်း များပြားသည်ကို သူ သိနေသည်။ အဘယ်ကြောင့်ဆိုသော် ယုရှောင်ကန်း၏ စရိုက်အရ ရှရက်ခ်အဖွဲ့၏ အဓိက အင်အားစု အားလုံးကို ကွင်းထဲ လွှတ်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
ထန်ဆန်းသည် နတ်ဆေးပင်ကို သောက်သုံးထားခြင်း မရှိသဖြင့် သူ၏ မြက်ပြာနုပင်သည် မီးဒဏ်ခံနိုင်ရည်ရှိသော စွမ်းရည် မရှိပေ။ မြက်ပြာနုပင် ရစ်ပတ်ခြင်း ဖြစ်စေ၊ မြက်ပြာနုပင် အကျဉ်းထောင် ဖြစ်စေ မီးလျှံစနစ် ဝိညာဉ်သခင်များအတွက် မည်သည့်ခြိမ်းခြောက်မှုမျိုးမှ ပေးစွမ်းနိုင်မည် မဟုတ်ချေ။ ပင့်ကူခြေတံရှစ်ခုမှာ အဆိပ်ပြင်းသော်လည်း ထန်ဆန်းသည် ၎င်းကို အလွယ်တကူ ထုတ်သုံးလိမ့်မည် မဟုတ်သည့်အပြင် မီးလျှံစနစ် ဝိညာဉ်သခင်များသည် အဆိပ်အတောက်များအပေါ် သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိကြသည်။
အခြားတစ်ဖက်ရှိ ရှရက်ခ်အဖွဲ့တွင်မူ
ယနေ့ပွဲ၏ ပြိုင်ဘက်မှာ မီးလျှံအကယ်ဒမီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယုရှောင်ကန်းသည် လူအားလုံးကို စုစည်းလိုက်သည်။
"ဒီနေ့ မင်းတို့ရဲ့ ပြိုင်ဘက်က မီးလျှံအကယ်ဒမီ ဖြစ်တယ်။ သူတို့က အတော်လေး အစွမ်းထက်ပြီး အကြိုပွဲစဉ်တွေမှာ တစ်ပွဲမှ မရှုံးသေးဘူး။ ငါ့အနေနဲ့ကတော့ မင်းတို့ကို ဒီပွဲကနေ နုတ်ထွက်ဖို့ အကြံပြုချင်တယ်"
"ပွဲကနေ နုတ်ထွက်ရမယ် ဟုတ်လား။ ဆရာ... ကျွန်တော်တို့ နောက်ဆုံးတော့ အဆင့်အတန်းရှိတဲ့ ပြိုင်ဘက်နဲ့ တွေ့တာလေ၊ ဘာလို့ နုတ်ထွက်ရမှာလဲ။ ကျွန်တော်တို့လည်း တစ်ပွဲမှ မရှုံးသေးတာပဲဥစ္စာ"
မာဟုန်ကျွန်းက ပထမဆုံးအကြိမ်အဖြစ် မကျေမနပ် ရေရွတ်လိုက်သည်။ ပြီးခဲ့သည့် ဆယ်ပွဲလုံးတွင် အစွမ်းကို ဝှက်ထားရန်အတွက် မမာဟုန်ကျွန်းနှင့် နင်းရုန်ရုန်တို့သည် ကွင်းထဲသို့ တစ်ကြိမ်မျှ မတက်ခဲ့ရဘဲ အော်စကာသည်လည်း ရှန်ကျားအကယ်ဒမီနှင့် ပွဲစဉ်တွင်သာ တစ်ကြိမ် ပါဝင်ခဲ့ရသည်။ ထိုပွဲအများစုကို ထန်ဆန်း၊ ဒိုင်မုပိုင်၊ ရှောင်ဝူ နှင့် ကျူးကျူးချင်းတို့က လူစားလဲကစားသမား သုံးဦးနှင့်အတူ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
စစ်မှန်သော မီးလျှံစနစ် ဝိညာဉ်သခင်အဖွဲ့နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ မာဟုန်ကျွန်းအနေဖြင့် နောက်ဆုံး၌ မိမိ၏ စွမ်းရည်ကို ထုတ်ပြခွင့် ရတော့မည်ဖြစ်သဖြင့် လွတ်လပ်စွာ လက်လွှတ်မခံလိုသည်မှာ သဘာဝပင်။
"ဆရာ... ကျွန်တော်တို့ ဘာဖြစ်လို့ ပွဲကနေ နုတ်ထွက်ရမှာလဲ"
ယုရှောင်ကန်းက သက်ပြင်းချလိုက်ပြီးနောက် ရှင်းပြခဲ့သည်။
"ငါတို့မှာ အချိန်အများကြီး မရှိတော့ဘူး၊ အဲဒါကြောင့် ငါ လိုရင်းပဲ ပြောမယ်။ ဒြပ်စင်အကယ်ဒမီတစ်ခုဖြစ်တဲ့ ရှန်ကျားအကယ်ဒမီဟာ မင်းတို့အပြင် ကမ္ဘာဦးလေပြေ၊ မိုးကြိုး၊ ထျန်းရွှေနဲ့ မီးလျှံအကယ်ဒမီတွေကို ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာကို မင်းတို့ မြင်ခဲ့ပြီးပြီ။ သူတို့က ပုံသေကားချပ် အစွန်းရောက်လမ်းစဉ်ကို လျှောက်လှမ်းကြပြီး တစ်ခုတည်းသော ခုခံမှုစွမ်းရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ထားကြတာ။ ဒါပေမဲ့ ဒါတစ်ခုတည်းနဲ့တော့ အစွမ်းထက်တဲ့ အဖွဲ့ကို မနိုင်နိုင်ဘူး။
ကမ္ဘာဦးလေပြေ၊ မိုးကြိုး၊ ထျန်းရွှေနဲ့ မီးလျှံအကယ်ဒမီတွေဟာလည်း တစ်ခုတည်းသော ဒြပ်စင်စနစ်ကို အသုံးပြုကြတာ မှန်ပေမဲ့ သူတို့က အစွန်းရောက်လမ်းစဉ်တစ်ခုတည်းတင် မဟုတ်ဘဲ မျှတတဲ့ လမ်းစဉ်နဲ့ပါ ပေါင်းစပ်အသုံးချတတ်ကြလို့ ပိုပြီး ခရီးပေါက်ကြတာ ဖြစ်တယ်။ မင်းတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ မီးလျှံအဖွဲ့မှာ မီးလျှံတိုက်စစ်၊ မီးလျှံထိန်းချုပ်မှု၊ မီးလျှံအလျင်နှုန်းနဲ့ မီးလျှံပံ့ပိုးမှုစနစ်တွေ အစုံအလင် ပါဝင်နေတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ပြိုင်ဘက်က မတောင့်တင်းလို့ သူတို့ရဲ့ အစွမ်းအချို့ကို ဝှက်ထားခဲ့ကြတာ။ ဒီနေ့ မင်းတို့နဲ့ တွေ့တဲ့အခါမှာတော့ သူတို့ ဘာမှဝှက်ထားတော့မှာ မဟုတ်ဘူး။
မိုးကြိုးအကယ်ဒမီလိုပဲ မီးလျှံအကယ်ဒမီဟာလည်း သူတို့ရဲ့ တိုက်စစ်စွမ်းရည်ကြောင့် ကျော်ကြားတယ်။ မုပိုင်၊ ရှောင်ဝူနဲ့ ကျူးချင်းတို့ဟာ တိုက်စစ်စွမ်းအား ကောင်းကြပေမဲ့ သူတို့အားလုံးက မီးတောက်တွေကို ကြောက်ကြတယ်၊ ထန်ဆန်းရဲ့ မြက်ပြာနုပင် သိုင်းဝိညာဉ်အကြောင်းကတော့ ပြောနေဖို့တောင် မလိုတော့ဘူး။ မာဟုန်ကျွန်းကလည်း မီးလျှံဝိညာဉ်သခင်တစ်ယောက် ဖြစ်ပေမဲ့ သူတစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက အဖွဲ့လိုက်တိုက်ပွဲလေ။
ပြိုင်ပွဲက ဆယ်ပွဲပဲ ရှိသေးတာတောင် ရှန်ကျားအကယ်ဒမီက ငါးပွဲအထိ ရှုံးသွားခဲ့ပြီ။ ငါတို့အနေနဲ့ ထျန်းရွှေ၊ ကမ္ဘာဦးလေပြေ၊ မိုးကြိုးနဲ့ မီးလျှံအဖွဲ့တွေကို နောက်ပိုင်းမှာ ရှုံးနိမ့်ခဲ့ရင်တောင် ပဉ္စမနေရာနဲ့ပဲဖြစ်ဖြစ် နောက်တစ်ဆင့်နဲ့ ဗိုလ်လုပွဲတွေကို တက်လှမ်းနိုင်ပါသေးတယ်။ အဲဒါကြောင့် ဒီပွဲကို လက်လွှတ်လိုက်ဖို့ ငါ အကြံပြုတာပါ။ တစ်ခါတရံမှာ အရှုံးပေးလိုက်ခြင်းကလည်း ကောင်းမွန်တဲ့ နည်းဗျူဟာတစ်ခု ဖြစ်တယ်"
ထန်ဆန်းနှင့် အခြားလူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ယုရှောင်ကန်း၏ ဆန်းစစ်ချက်က အဓိပ္ပာယ်ရှိလှသည်ကို သူတို့အားလုံး ကောင်းစွာ သဘောပေါက်ကြသည်။ သို့သော်လည်း ပထမဆုံး တောင့်တင်းသော အဖွဲ့နှင့် တွေ့ဆုံရစဉ်တွင် အလွယ်တကူနှင့် ပွဲကို လက်လွှတ်ရန် မည်သူမျှ မလိုလားကြချေ။
"ဆရာ... ကျွန်တော်တို့ကို တိုက်ခွင့်ပေးပါ။ အစွမ်းထက်တဲ့ အဖွဲ့တွေဆိုတာ ကျွန်တော်တို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့အတွက်ပဲ မဟုတ်ဘူးလား" ထန်ဆန်း၏ လေသံက ပြတ်သားလှသည်။
မာဟုန်ကျွန်းကလည်း စိတ်လှုပ်ရှားစွာဖြင့် "ဆရာ... အခု ကျွန်တော့်အလှည့် ရောက်ပြီ မဟုတ်လား" ဟု ဆိုသည်။
ယုရှောင်ကန်းက ခေါင်းညိတ်လိုက်သည်။ ထန်ဆန်းအနေဖြင့် အလွယ်တကူ လက်လျှော့မည်မဟုတ်သည်ကို သူ သိထားပြီးသား ဖြစ်သည်။
"ထန်ဆန်း၊ မုပိုင်၊ ရှောင်ဝူ၊ မာဟုန်ကျွန်း၊ ထိုင်လုံ၊ ဟွမ်ယွမ်၊ ကျင်းလင်... မင်းတို့ ခုနစ်ယောက် ကွင်းထဲတက်ကြ။ သတိထားရမှာက အခြေအနေကို ကြည့်ပြီး လုပ်ဆောင်ကြပါ၊ ဇွတ်မတိုးကြနဲ့"
"အမိန့်အတိုင်းပါ"
ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ယုရှောင်ကန်းသည် မိမိအဖွဲ့၏ အစွမ်းကို တမင်တကာ ဝှက်ထားခဲ့သည်။ ဒိုင်မုပိုင်နှင့် ကျူးကျူးချင်းတို့၏ ဝိညာဉ်ပေါင်းစပ်မှုစွမ်းရည် ဖြစ်သော နဂိုကျားဖြူ၊ မာဟုန်ကျွန်း၏ မိစ္ဆာမီးလျှံ နှင့် နင်းရုန်ရုန်၏ ပံ့ပိုးမှုစွမ်းရည်များကို တစ်ကြိမ်မျှ ထုတ်မပြခဲ့ချေ။ ယခုတစ်ကြိမ်တွင်မူ မီးလျှံအကယ်ဒမီအား တုံ့ပြန်ရန်အတွက် မာဟုန်ကျွန်းကို ကွင်းထဲသို့ စေလွှတ်ရန် မလွှဲမရှောင်သာ ဖြစ်ခဲ့ရသည်။
မကြာမီတွင် အဖွဲ့နှစ်ဖွဲ့မှ စုစုပေါင်း တစ်ဆယ့်လေးယောက်သည် ဗဟိုတိုက်ပွဲကွင်းထက်သို့ ရောက်ရှိလာခဲ့ကြသည်။
မီးလျှံအကယ်ဒမီအဖွဲ့တွင် ဟော်ဝူသည် ထိန်းချုပ်မှုစနစ်၌ အဆင့်အမြင့်ဆုံးဖြစ်ပြီး သူမ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၄၃ သို့ ရောက်ရှိနေသည်။ ဟော်ဝူရှောင်မှာ အဆင့် ၄၂ ဖြစ်ပြီး ပေါက်ကွဲအားပြင်းလှသော လမ်းစဉ်ကို လျှောက်လှမ်းထားသူ ဖြစ်သည်။ သူသည် ဤအကြိုပွဲစဉ်တွင် ကွင်းထဲတက်ခဲ့ဖူးသမျှ ဝိညာဉ်သခင်များထဲ၌ အတောင့်တင်းဆုံးအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။
၎င်းတို့အပြင် အဆင့် ၃၈ ရှိသော တိုက်ခိုက်ရေးစနစ် မီးလျှံသစ်ကျားသစ် သိုင်းဝိညာဉ်သခင်တစ်ဦး၊ အဆင့် ၃၉ ရှိသော အလျင်နှုန်းစနစ် မီးလျှံဗျိုင်းဖြူ သိုင်းဝိညာဉ်သခင် နှစ်ဦး နှင့် တိုက်စစ်စွမ်းရည် အသင့်အတင့်ရှိသော ပံ့ပိုးမှုစနစ် မီးင်္ဂါဂြိုဟ် သိုင်းဝိညာဉ်သခင် နှစ်ဦးတို့ ပါဝင်သည်။
ရှရက်ခ်အဖွဲ့ဘက်တွင်မူ
ထန်ဆန်းနှင့် ဒိုင်မုပိုင်တို့သည် အဆင့် ၄၂ ရှိကြပြီး ရှောင်ဝူက အဆင့် ၃၉၊ ထိုင်လုံနှင့် မာဟုန်ကျွန်းတို့က အဆင့် ၃၈ ရှိကြကာ ဟွမ်ယွမ်နှင့် ကျင်းလင်တို့မှာမူ အဆင့် ၃၅ ရှိကြသည်။