မွန်းလွဲပိုင်းအချိန်တွင် ရှောင်ဟန်သည် ချန်ရန့်ရွှယ်အား လာရောက်ရှာဖွေခဲ့သည်။ ချန်ရန့်ရွှယ်၏ ရုပ်ဖျက်အတတ်ပညာမှာ အလွန်ပင် ထူးချွန်ပြောင်မြောက်လှသည်။ နှစ်နှစ်တာမျှ မတွေ့ဖြစ်ကြပြီးနောက်တွင် ချန်ရန့်ရွှယ် ရုပ်ဖျက်ထားသော ရွှီချင်းဟယ်၏ ရုပ်ရည်မှာ အသက်အရွယ်ရလာသည်နှင့်အမျှ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သူမသည် အသက် နှစ်ဆယ့်ခုနစ်နှစ်၊ နှစ်ဆယ့်ရှစ်နှစ်ဝန်းကျင်ခန့်ရှိသော ပိုမိုရင့်ကျက်သည့် ပုံစံမျိုး ပေါက်နေသည်။ ချန်ရန့်ရွှယ်သည် ရှောင်ဟန်နှင့် ပြန်လည်ဆုံတွေ့ရသဖြင့် အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်ကတည်းက ယခုအချိန်အထိ ရှောင်ဟန်၏ ရုပ်ရည်မှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ကလေးဆန်သော အသွင်အပြင်များ ပျောက်ကွယ်ကာ ယောကျာ်းပီသသော အသွင်သို့ ပိုမိုကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။
"အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်"
"ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး ရှောင်ဟန်ရာ၊ မင်းနဲ့ငါ သိကျွမ်းလာခဲ့တာ နှစ်တွေမနည်းတော့ဘူးလေ။ နောင်ကို ဒီလိုမျိုး စိမ်းစိမ်းကားကား မလုပ်ပါနဲ့။ ငါ့ကို အစ်ကိုရွှီလို့ပဲ ခေါ်ပါ"
"ကောင်းပါပြီ အစ်ကိုရွှီ"
ရွှီချင်းဟယ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက်
"မင်း လာတာ အတော်ပဲ၊ ငါလည်း မင်းကို ရှာမလို့ပဲ ရှိသေးတယ်"
"အစ်ကိုရွှီက ကျွန်တော့်ကို ရှာမလို့ ဟုတ်လား၊ ဘာကိစ္စရှိလို့လဲခင်ဗျာ"
"ဒီနေ့ ဗဟိုတိုက်ပွဲကွင်းမှာ ပြသခဲ့တဲ့ မင်းတို့ ထျန်းရွှေအကယ်ဒမီအဖွဲ့ရဲ့ စွမ်းဆောင်ရည်က ပွဲကြည့်စင်တစ်ခုလုံးက လူတွေကို မှင်တက်သွားစေခဲ့တယ်။ အမှန်အတိုင်းပြောရရင် ငါလည်း အတော်လေး အံ့အားသင့်သွားရတယ်။ သူတို့ အခုလို အစွမ်းထက်လာတာဟာ မင်းကြောင့်ဆိုတာ ငါသိတာပေါ့။ ငါသာ မမှားဘူးဆိုရင် သူတို့အားလုံး မင်းရဲ့ နတ်ဆေးပင်တွေကို သောက်သုံးထားကြတာ မဟုတ်လား"
ရှောင်ဟန်သည် ငြင်းဆန်ခြင်းမပြုဘဲ ခေါင်းညိတ်ဝန်ခံလိုက်သည်။
"အစ်ကိုရွှီ၊ ပြီးခဲ့တဲ့အကြိမ်က ကျွန်တော်ပေးခဲ့တဲ့ ရွှန်ရှန့်ကောင်းကင်တမန်ဖြူ ဆေးပင်ကို သောက်ပြီးနောက်ပိုင်း အစ်ကိုရွှီရဲ့ ဝိညာဉ်စွမ်းအား တိုးတက်မှုရှိရဲ့လားခင်ဗျာ"
"တိုးတက်မှုရှိတာပေါ့၊ အဲဒါကြောင့်လည်း သူတို့တွေ မင်းရဲ့နတ်ဆေးပင်ကို သောက်ထားမှန်း ငါချက်ချင်း သိလိုက်တာပေါ့။ ဒါနဲ့ စကားမစပ် မင်းကိုလည်း ကျေးဇူးတင်ရဦးမယ်။ အဲဒီနတ်ဆေးပင်ကြောင့် ငါ့ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ရုံတင်မကဘဲ ကျင့်ကြံခြင်းအရှိန်အဟုန်လည်း အများကြီး ပိုမြန်လာခဲ့တယ်"
"ဒါဆိုရင်တော့ အဆင်ပြေတာပေါ့"
ချန်ရန့်ရွှယ်က သူမ၏ အဆင့်အတိအကျကို ထုတ်မပြောသော်လည်း သူမ ဆိုလိုသည့် အတားအဆီးမှာ အဆင့် ၆၀ အတားအဆီးဖြစ်လိမ့်မည်ဟု ရှောင်ဟန် ခန့်မှန်းမိလိုက်သည်။ ထျန်းတူနန်းတော်တွင် နှစ်ပေါင်းများစွာ လျှို့ဝှက်ပုန်းအောင်းနေခဲ့ရသဖြင့် ချန်ရန့်ရွှယ်အနေဖြင့် ကျင့်ကြံခြင်းအပေါ်တွင် အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့ချေ။ ရုပ်ဖျက်ထားခြင်းအတွက် စွမ်းအင်အမြောက်အမြား အသုံးချရရုံသာမက ဧကရာဇ်တစ်ပါး၏ အုပ်ချုပ်ပုံနည်းစနစ်များကို လေ့လာဆန်းစစ်ကာ အနာဂတ်အတွက် စီမံကိန်းများ ချမှတ်နေခဲ့ရသည်။ သို့မဟုတ်ပါက မွေးရာပါ အပြည့်အဝရှိတဲ့ ဝိညာဉ်စွမ်းအား အဆင့် ၂၀ ရှိသော သူမ၏ ပါရမီမျိုးနှင့်ဆိုလျှင် ယခုအချိန်၌ အဆင့် ၆၀ သို့သာ ရောက်ရှိဦးမည် မဟုတ်ပေ။
"ညီလေး ရှောင်ဟန်၊ ဒါနဲ့ မင်း ငါ့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ"
"အစ်ကိုရွှီ၊ ကျွန်တော့်မှာ အားနာစရာ တောင်းဆိုချက်တစ်ခု ရှိလို့ပါ"
"ဒီမှာ ဘယ်သူမှမရှိပါဘူး၊ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"
"ကျွန်တော်တို့ ထျန်းရွှေအဖွဲ့ရဲ့ စွမ်းဆောင်ရည်က အရောင်အဝါ တောက်ပလွန်းနေတော့ ဒုကူးဘိုရဲ့ သံသယကို နှိုးဆွမိသွားနိုင်တယ်၊ အဲဒါကြောင့်..."
ချန်ရန့်ရွှယ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ ရှောင်ဟန် ဘာပြောချင်သည်ကို သူမ သဘောပေါက်လိုက်ပြီ ဖြစ်သည်။
"ငါတို့တွေ စဉ်းစားတာချင်း တထေရာတည်း တူနေတာပဲ။ ငါလည်း မင်းကို ဒီအကြောင်း ပြောမလို့ပဲ"
"ဟုတ်လားခင်ဗျာ"
"အင်း... စိတ်မပူပါနဲ့။ ဒီနေရာက ထျန်းတူမြို့တော်ပဲ။ ဒုကူးဘို သံသယဝင်ရင်တောင် မင်းတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ ဒါ့အပြင် မင်းတို့ကို ကာကွယ်ဖို့အတွက် ငါ လူအချို့ လျှို့ဝှက်စေလွှတ်ထားပြီးသားပါ"
ထိုစကားကို ကြားရမှသာ ရှောင်ဟန် စိတ်အေးသွားတော့သည်။
"အစ်ကိုရွှီ၊ အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဒါက ဘာမှမဟုတ်ပါဘူး။ မင်းတို့က ထျန်းတူအင်ပါယာရဲ့ အတောင့်တင်းဆုံးအဖွဲ့ပဲလေ။ ဝိညာဉ်သခင်ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို ဆွတ်ခူးပြီး အင်ပါယာအတွက် ဂုဏ်ဆောင်ပေးနိုင်မယ့် အခွင့်အရေးတောင် ရှိနေတာ။ အင်ပါယာအနေနဲ့ မင်းတို့ရဲ့ လုံခြုံရေးကို အစွမ်းကုန် တာဝန်ယူပေးရမှာပေါ့"
အင်ပါယာ၏ အမည်နာမအရဖြစ်စေ၊ ချန်ရန့်ရွှယ်၏ ကိုယ်ပိုင်အမြင်အရဖြစ်စေ မြင့်မားသော အလားအလာရှိသည့် ထျန်းရွှေအကယ်ဒမီအား မည်သည့်ထိခိုက်မှုမျိုးမှ အဖြစ်ခံနိုင်မည် မဟုတ်ချေ။
"အစ်ကိုရွှီရဲ့ စကားကို ကြားရတော့ ကျွန်တော် စိတ်အေးသွားပါပြီ"
"ကောင်းပြီ၊ ပြိုင်ပွဲကိုပဲ အာရုံစိုက်ထားလိုက်။ ပိုပြီး အံ့ဩဖို့ကောင်းတဲ့ အကွက်တွေ ကျန်သေးတယ်ဆိုတာ ငါသိတယ်၊ အထူးသဖြင့် မင်း ကွင်းထဲတက်လာမယ့် အချိန်ပေါ့။ ဒါနဲ့ စကားမစပ် မင်း အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ"
"အဆင့် ငါးဆယ့်ငါး ပါ"
ချန်ရန့်ရွှယ်က ချီးကျူးအသိအမှတ်ပြုသည့် မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်ပြီး
"အသက် ၁၆ နှစ်နဲ့တင် အဆင့် ၅၅ ကို ရောက်နေပြီလား။ မင်းက ငါသိသမျှ ဝိညာဉ်သခင်တွေထဲမှာ ဒီလိုစွမ်းဆောင်နိုင်မှုမျိုးကို အမြန်ဆုံး ရရှိခဲ့တဲ့သူပဲ။ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိနိုင်ဘူး။ ဆက်ပြီး ကြိုးစားပါ၊ အနာဂတ်က မင်းအပိုင်ပဲ"
"ဟုတ်ကဲ့၊ ကျွန်တော် ကြိုးစားပါ့မယ်"
ရှောင်ဟန်နှင့် ချန်ရန့်ရွှယ်တို့သည် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် နန်းတော်မှ ထွက်ခွာခဲ့ကြသည်။
နောက်ရက်များတွင် ထျန်းရွှေအကယ်ဒမီအဖွဲ့နှင့် ရင်ဆိုင်ရသည့် အဖွဲ့တိုင်းသည် ပြိုင်ပွဲမစတင်မီကတည်းက အလံဖြူထောင်ကာ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ကြသည်။ ထို့ကြောင့် ရှောင်ဟန်သာမက ရွှယ်ဘင်းအာနှင့် အခြားမိန်းကလေးများသည်လည်း မိမိတို့၏ အစွမ်းကို ပြသခွင့် မရခဲ့ကြချေ။
သို့သော်လည်း ယနေ့တွင်မူ သူတို့သည် ဇွတ်တရွတ်နိုင်လှသော ပြိုင်ဘက်တစ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရတော့သည်၊ ထိုအဖွဲ့မှာ ရှန်ကျား (ဆင်ချပ်ဝတ်) အကယ်ဒမီ ဖြစ်သည်။
လင်းဇိရော့က "ရှန်ကျားအကယ်ဒမီအဖွဲ့က ငါတို့ အခုထိ ရင်ဆိုင်ခဲ့ရသမျှထဲမှာ အတောင့်တင်းဆုံးအဖွဲ့ပဲ။ သူတို့က ရှရက်ခ်၊ မိုးကြိုးနဲ့ ကမ္ဘာဦးလေပြေ အဖွဲ့တွေကို ရှုံးနိမ့်ထားခဲ့ပြီးပြီ။ အကယ်၍ နောက်ထပ်ပွဲတွေသာ ထပ်ရှုံးမယ်ဆိုရင် သူတို့ ထိပ်ဆုံးငါးသင်းစာရင်းထဲ ဝင်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် သူတို့ ငါတို့ကို အသေအလဲ ရင်ဆိုင်လိမ့်မယ်" ဟု ပြောလိုက်သည်။
ရွှယ်ယွဲ့အာက စိတ်လှုပ်ရှားစွာဖြင့် "ဒါဆို ပိုကောင်းတာပေါ့။ ငါတို့လည်း ငါတို့ရဲ့ အရည်အချင်းကို ထုတ်ပြခွင့် ရတော့မှာပေါ့" ဟု ဆိုသည်။
လင်းဇိရော့က ခေါင်းညိတ်ပြပြီး သတိပေးစကား ပြောကြားခဲ့သည်။
"ရှန်ကျားအကယ်ဒမီရဲ့ အစွမ်းက သေးသေးဖွဲဖွဲတော့ မဟုတ်ဘူး။ သူတို့ရဲ့ နောက်ခံဖြစ်တဲ့ ရှန်ကျားဂိုဏ်းက ကြီးမားတဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှာ အဆင့်ခြောက် ရှိတယ်။ အဓိက အင်အားစု ခုနစ်ယောက်လုံးက ရှန်ကျားဂိုဏ်းရဲ့ တိုက်ရိုက်မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့ သိုင်းဝိညာဉ်တွေက အတောင့်တင်းဆုံး ခုခံကာကွယ်မှုစွမ်းရည်ရှိတဲ့ စိန်စီမာမတ်ဆင်ကြီးတွေ ဖြစ်ကြတယ်။ သူတို့ထဲက သုံးယောက်က အဆင့် ၄၀ နဲ့ အထက်ကို ရောက်နေကြပြီဖြစ်ပြီး ကျန်တဲ့လေးယောက်ကလည်း အဆင့် ၄၀ နားကို ကပ်နေပြီ။ သူတို့ကို ရှန်ကျားဂိုဏ်းရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေလို့ ပြောလို့ရတယ်"
ရွှယ်ဘင်းအာက ပြတ်သားသော အကြည့်များဖြင့် "ကျောင်းအုပ်ကြီးလင်း၊ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ ကျွန်မတို့ အနိုင်ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူတို့က အတောင့်တင်းဆုံး ခုခံမှု ရှိတယ်လို့ ကျော်ကြားကြတယ်မလား၊ ဒါဟာ ကျွန်မတို့ရဲ့ အစွမ်းကို စမ်းသပ်ဖို့ အခွင့်အရေးပဲပေါ့" ဟု ပြောကြားလိုက်သည်။
"အင်းလေ၊ ငါလည်း မင်းတို့ကို ယုံကြည်ပြီးသားပါ။ ဒီနေ့ပွဲမှာ ရွှယ်ဝုလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်လို့ မင်းတို့အားလုံး အဓိက အင်အားစုအနေနဲ့ ကစားရမယ်"
"ကောင်းပါပြီ"
မိန်းကလေးများအားလုံးက ရှောင်ဟန်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ ယူဟိုင်ရိုက "ရှန်ကျားဂိုဏ်းအဆင့်လောက်ရှိတဲ့ ပြိုင်ဘက်ကို နှိမ်နင်းဖို့ ညီလေး အလှည့် မရောက်သေးပါဘူး။ ရှောင်ဟန်၊ စိတ်မလောပါနဲ့ဦး" ဟု စနောက်လိုက်သည်။
"ကျွန်တော်လည်း အစ်မတို့နဲ့အတူ ကွင်းထဲ တက်ချင်တာပေါ့၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးလင်းရဲ့ စီစဉ်မှုအတိုင်း လိုက်နာတာက ပိုကောင်းပါတယ်"
လင်းဇိရော့က ရှောင်ဟန်ကို ကြည့်ကာ "ရှောင်ဟန်၊ မိုးကြိုးအကယ်ဒမီက ငါတို့ရဲ့ ကလန်ကလား ပြိုင်ဘက်ပဲ။ သူတို့နဲ့ တွေ့တဲ့အခါကျရင် မင်းကို ကွင်းထဲ လွှတ်မယ်" ဟု ဆိုသည်။
"ဟုတ်ကဲ့"
"ကဲ... အားလုံး အဆင်သင့်ပြင်ထားကြတော့။ ကွင်းထဲတက်ဖို့ အချိန်နီးပြီ။ ဘင်းအာ၊ တကယ် မလွှဲမရှောင်သာတဲ့ အခြေအနေမျိုးကလွဲလို့ မင်းတို့ရဲ့ ဝိညာဉ်ပေါင်းစပ်မှုစွမ်းရည်ကို အလွယ်တကူ မထုတ်သုံးနဲ့ဦး"
"ဟုတ်ကဲ့၊ သိပါပြီ"
မကြာမီတွင် ပြိုင်ပွဲ စတင်ခဲ့သည်။ လူအများစု စိတ်အဝင်စားဆုံး အဖွဲ့ဖြစ်သည့်အတွက် ထျန်းရွှေအကယ်ဒမီအဖွဲ့ကို ထုံးစံအတိုင်း ဗဟိုတိုက်ပွဲကွင်းတွင် ယှဉ်ပြိုင်ရန် စီစဉ်ပေးထားသည်။
မိန်းကလေးများ တိုက်ပွဲစင်မြင့်ထက်သို့ လှမ်းတက်လိုက်သည်နှင့် တစ်ပြိုင်နက် ပွဲကြည့်စင်တစ်ခုလုံးမှ သူတို့ကို အားပေးသည့် မိုးခြိမ်းသံကဲ့သို့သော ဟစ်အော်သံများ လျှံထွက်လာခဲ့သည်။
"ထျန်းရွှေအကယ်ဒမီအဖွဲ့က နောက်ဆုံးတော့ အဆင့်အတန်းတစ်ခုရှိတဲ့ ပြိုင်ဘက်နဲ့ တွေ့ပြီဟေ့။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို တကယ် မျှော်လင့်မိတယ်"
"ရှန်ကျားအကယ်ဒမီအဖွဲ့က သုံးပွဲတောင် ရှုံးထားပြီးပြီ။ ဒီတစ်ကြိမ်မှာ ပိုပြီး အစွမ်းထက်တဲ့ ထျန်းရွှေအဖွဲ့နဲ့ ရင်ဆိုင်ရမှာဆိုတော့ သူတို့ အရှုံးပေးရလိမ့်မယ် ထင်တယ်"
"ဟိုမှာကြည့်စမ်း၊ ထျန်းရွှေအဖွဲ့က လူစာရင်း ပြောင်းသွားသလိုပဲ။ ဆံပင်နက်အရှည်နဲ့ မိန်းကလေးကို အရင်က မတွေ့ဖူးဘူး။ သူမက ပိုပြီး အစွမ်းထက်တဲ့ ဝှက်ဖဲ ဖြစ်နိုင်တယ်"
ဗဟိုတိုက်ပွဲကွင်းထက်တွင်မူ
ထျန်းရွှေအဖွဲ့သည် ၁-၅-၁ ကစားကွက် ပုံစံဖြင့် နေရာယူထားပြီး ရွှယ်ဘင်းအာက အဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေကာ ရွှယ်ဝုကမူ နောက်ဆုံးတွင် ရပ်နေသည်။
ရှန်ကျားအကယ်ဒမီအဖွဲ့ကမူ ရိုးရှင်းသော ရေပြင်ညီ မျဉ်းဖြောင့်ပုံစံဖြင့် အားလုံး တစ်တန်းတည်း ရပ်နေကြသည်။ ထိုအမျိုးသား ခုနစ်ယောက်လုံးသည် အလွန် ထွားကျိုင်းလှသည်။ အရပ်အပုဆုံးသူသည်ပင် နှစ်မီတာကျော် မြင့်မားပြီး အမြင့်ဆုံးသူမှာ နှစ်မီတာခွဲကျော်အထိ ရှိသည်။ သူတို့၏ ကိုယ်အလေးချိန်မှာလည်း ထပ်တူပင် အံ့ဩစရာကောင်းလှရာ အပေါ့ဆုံးသူသည် ကီလိုဂရမ် ၃၀၀ ကျော် လေးလံပြီး အလေးဆုံးသူမှာ ကီလိုဂရမ် ၅၀၀ ကျော်အထိ ရှိသည်။
ပြီးခဲ့သည့် ပွဲစဉ်များတွင် ရှန်ကျားအကယ်ဒမီအဖွဲ့၏ နည်းဗျူဟာမှာ လွန်စွာ တောင့်တင်းလှသော ခုခံမှုကို အခြေခံ၍ ပြိုင်ဘက်၏ ဝိညာဉ်စွမ်းအားကို ကုန်ခမ်းစေပြီးနောက် သိုင်းဝိညာဉ်၏ ကြီးမားလှသော အင်အားဖြင့် ပြိုင်ဘက်ကို တိုက်ပွဲကွင်းပြင်ပသို့ တွန်းထုတ်သည့် နည်းလမ်း ဖြစ်သည်။ ထျန်းရွှေအကယ်ဒမီအဖွဲ့သည် အလွန် အစွမ်းထက်မှန်း သိကြသော်လည်း သူတို့ အရှုံးမပေးခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲကွင်း၏ အချင်းမှာ မီတာ ၃၀ သာ ရှိသဖြင့် ယင်းကွင်းအကျယ်အဝန်းသည် သူတို့အတွက် အားသာချက် ဖြစ်နေသောကြောင့်ပင်။
သူတို့အနေဖြင့် ရှရက်ခ်၊ ကမ္ဘာဦးလေပြေနှင့် မိုးကြိုးအဖွဲ့တို့ကို ရှုံးနိမ့်ခဲ့ရခြင်းမှာ ထိုအဖွဲ့များ၏ တိုက်စစ်က ပြင်းထန်လွန်းသဖြင့် မခုခံနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခင်ပွဲစဉ်များတွင် ထျန်းရွှေအကယ်ဒမီအဖွဲ့နှင့် ရင်ဆိုင်ရသည့် ပြိုင်ဘက်များသည် မိမိတို့အလိုအလျောက် အရှုံးပေးခဲ့ကြသဖြင့် မိန်းကလေးများသည် မိမိတို့၏ သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းများကိုသာ ထုတ်ပြခဲ့ရပြီး တိုက်စစ်စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်ပြသခြင်း မရှိသေးချေ။ သို့ဖြစ်ရာ သူတို့အနေဖြင့် ထိုထျန်းရွှေ မိန်းကလေးအဖွဲ့နှင့် ယှဉ်ပြိုင်ကစားနိုင်စွမ်း ရှိသည်ဟု ယုံကြည်နေကြခြင်း ဖြစ်တော့သည်။