ဧကရာဇ် ရွှီယဲ့၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ နင်းဖုန်းကျိသည် သူ၏ စိတ်ထဲမှ ကန့်လန့်ကန့်လန့် ဖြစ်သွားမှုကို ဖုံးကွယ်ရန်အတွက် တည်ငြိမ်စွာပင် ပြုံးပြလိုက်ပါသည်...။
သူသည် အစပိုင်းက တောက်ပသော ပါရမီရှင် လူငယ်လေး ထန်ဆန်း ရှိနေသည့် ရှရက်ခ်အဖွဲ့ကို အမျှော်လင့်ဆုံး ဖြစ်ခဲ့ပြီး ထိုအဖွဲ့အနေဖြင့် ခရီးဝေးဝေး သွားနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ အသက် တစ်ဆယ့်လေးနှစ် အရွယ်နှင့် ဝိညာဉ်သခင် အဆင့်သို့ ရောက်ရှိနေခြင်းမှာ အမှန်ပင် ရှားပါးလှပြီး အကန့်အသတ်မဲ့သော အလားအလာများ ရှိနေသည် မဟုတ်ပါလား...။ သို့သော်လည်း ရွှယ်ဘင်းအာနှင့် သူမ၏ အသင်းဖော်များ၏ သိုင်းဝိညာဉ်များနှင့် ဝိညာဉ်ကွင်းများကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ နင်းဖုန်းကျိ၏ နှလုံးသားမှာ တစ်ခုခုနှင့် အဆောင့်ခံလိုက်ရသလို တုန်လှုပ်သွားရုံသာမက အတန်ငယ်လည်း နာကျင်သွားခဲ့ရပါသည်...။
တော်သေးသည်ဟု ဆိုရမည်မှာ မနေ့က ဧကရာဇ် ရွှီယဲ့ကို ရှရက်ခ်အဖွဲ့အပေါ် အမျှော်လင့်ဆုံး ဖြစ်ကြောင်း ထုတ်မပြောခဲ့မိခြင်းပင်၊ သို့မဟုတ်ပါက ယခုအချိန်တွင် မျက်နှာ အဖြတ်ခံလိုက်ရသလို ဖြစ်နေပေလိမ့်မည်...။
"အရှင်မင်းကြီး... ကျွန်တော်မျိုး လျှောက်တင်ခဲ့တဲ့အတိုင်းပါပဲ၊ ဒီတစ်ကြိမ် ဝိညာဉ်သခင် ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ချန်ပီယံဆုဟာ ကျွန်တော်တို့ အင်ပါယာဆီကိုပဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်..."
ဧကရာဇ် ရွှီယဲ့မှာ ပို၍ပင် ဝမ်းမြောက်သွားခဲ့ပြီး...
"ဂိုဏ်းချုပ်နင်း... မင်းက ထျန်းရွှေ အကယ်ဒမီအဖွဲ့ရဲ့ အစွမ်းကို ကြိုတင် သိရှိနေခဲ့တာပဲကိုး၊ ဒီနှစ်ဟာ စတုတ္ထအကြိမ်မြောက် ဝိညာဉ်သခင် ပြိုင်ပွဲကြီး ဖြစ်ပြီး ငါတို့ ထျန်းတူ အင်ပါယာမှာ ‘ဝိညာဉ်ဘုရင်’ အဆင့် ပြိုင်ပွဲဝင်မျိုး တစ်ခါမျှ မရှိခဲ့ဖူးဘူး... ဒါ့အပြင် ထျန်းရွှေအဖွဲ့ရဲ့ အလုံးစုံ အင်အားကလည်း မဆိုးလှဘူး၊ အားလုံးနီးပါး ဝိညာဉ်ဂိုဏ်းချုပ် အဆင့်ထက်မှာ ရှိနေကြတာပဲ... ကောင်းလိုက်တာ၊ တကယ်ကို ကောင်းလှပါတယ်..." ဟု မြွက်ကြားလိုက်၏။
"အရှင်မင်းကြီးအတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်... ကျွန်တော်တို့ ပွဲစဉ်ကို ဆက်လက် စောင့်ကြည့် ခံစားကြရအောင်ပါ..."
"ကောင်းပြီ... နောက်ထပ် ပြိုင်ပွဲ နှစ်ကျော့ ကျန်သေးတာဆိုတော့ ပိုပြီး ထူးချွန်တဲ့ ဝိညာဉ်သခင် လူငယ်လေးတွေ ပေါ်လာဦးမလား မသိဘူး..."
နင်းဖုန်းကျိသည် ခေါင်းငြိမ့်ပြုံးပြလိုက်ပြီး နောက်ထပ် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်တော့ချေ။
ဧကရာဇ် ရွှီယဲ့၏ အခြားတစ်ဖက်တွင် ထိုင်နေသော ပလက်တီနမ် ဆရာတော်ကြီး ဆာလတ်စ် ၏ မျက်နှာမှာမူ အကျည်းတန်စွာ ပျက်ယွင်းနေခဲ့ပါသည်...။ ထျန်းရွှေ အကယ်ဒမီအဖွဲ့တွင် ယခုကဲ့သို့ အင်အားမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေ၏။ ‘ဝိညာဉ်ဘုရင်’ တစ်ဦး၊ ‘ဝိညာဉ်ဂိုဏ်းချုပ်’ ငါးဦးနှင့် ‘စစ်ဝိညာဉ်အရှင်’ တစ်ဦး ရှိနေသည့်အပြင် ၎င်းတို့အားလုံးမှာ တူညီသော ဒြပ်စင်သဘာဝ စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား...။ ယခုကဲ့သို့သော လူစာရင်းမျိုးနှင့်ဆိုလျှင် ဗိုလ်လုပွဲ၌ ထိပ်သီး သုံးနေရာအတွင်း ဝင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်ပါသည်...။
သို့သော်လည်း ဤလူစာရင်းသည် ‘စစ်ဝိညာဉ်ဘုရင်’ သုံးဦးနှင့် အဆင့် ၄၅ အထက် ‘စစ်ဝိညာဉ်ဂိုဏ်းချုပ်’ လေးဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သိုင်းဝိညာဉ်ခန်းမ အကယ်ဒမီအဖွဲ့ ၏ လျှံပယ်လှသော လူစာရင်းကို ခြိမ်းခြောက်နိုင်ရန်တော့ မလုံလောက်သေးချေ။
"ဟွန့်... ချန်ပီယံဆုက သိုင်းဝိညာဉ်ခန်းမဆီပဲ သေချာပေါက် ရောက်ရမယ်..." ဟု သူက စိတ်ထဲမှ ကျိန်းဝါးလိုက်ပါသည်...။
အခြားတစ်ဖက်တွင်မူ...
ထန်ဆန်းနှင့် ရှရက်ခ်အဖွဲ့မှ လူများသည် ရွှယ်ဘင်းအာနှင့် ထျန်းရွှေအဖွဲ့၏ သိုင်းဝိညာဉ်များနှင့် ဝိညာဉ်ကွင်းများကို မြင်လိုက်ရသည့်အခါ အားလုံး ဆွံ့အသွားခဲ့ကြရ၏။
အော်စကာမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး...
"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ၊ သူမက ဝိညာဉ်ဘုရင် အဆင့်ကို တကယ်ကြီး ရောက်နေတာလား..."
"ဟုတ်တယ်... ပြီးတော့ အဖွဲ့ထဲမှာ စစ်ဝိညာဉ်ဂိုဏ်းချုပ် အဆင့်က ငါးယောက်တောင် ရှိနေတယ်..." ဟု မာဟုန်ကျွန်းက မျက်လုံးများကို ပွတ်သပ်ကာ သေချာစွာ ပြန်လည် စစ်ဆေးကြည့်ရှုရင်း ရေရွတ်လိုက်မိပါသည်...။ "ဒီ ထျန်းရွှေ အလှနတ်သမီးလေးတွေအဖွဲ့က ဘာလဲဟ၊ ဒါက နည်းနည်းတော့ လွန်လွန်းမက ဖြစ်မနေဘူးလား..."
ဒိုင်မုပိုင်သည် ဘေးနားတွင် တိတ်ဆိတ်နေသော ထန်ဆန်းကို ကြည့်ကာ အသံတိုးတိုးဖြင့်...
"ရှောင်ဆန်း... မင်းရဲ့ အာရုံခံစားမှုက မှန်ကန်ပုံရတယ်၊ ထျန်းရွှေ အကယ်ဒမီအဖွဲ့ရဲ့ အစွမ်းက လျှော့တွက်လို့ မရဘူးပဲ..." ဟု ဆိုလိုက်၏။
ထန်ဆန်းက ခေါင်းကို အသာအယာ ငြိမ့်လိုက်ရင်း တိုက်ပွဲကို စောင့်ကြည့်နေသော ရှောင်ဟန်ကို လှမ်းကြည့်လိုက်ကာ...
"ပိုပြီး ကြောက်ဖို့ကောင်းတာက အဖွဲ့ထဲမှာ အားအကောင်းဆုံးလူက အခုထိ ပွဲမထွက်သေးတာပဲ..."
"ဒါဆိုရင်... သူတို့အဖွဲ့ထဲမှာ စစ်ဝိညာဉ်ဘုရင် အနည်းဆုံး နှစ်ယောက် ရှိနေတာပေါ့ ဟုတ်လား..."
"မှန်တယ်... ဒါ့အပြင် ပံ့ပိုးမှုပေးတဲ့သူကလည်း တိုက်ပွဲထဲ မပါဝင်သေးဘူး၊ သူမရဲ့ ပံ့ပိုးကူညီမှုသာ ပါလာရင် ထျန်းရွှေအဖွဲ့ရဲ့ အလုံးစုံ အင်အားက ပိုပြီးတော့တောင် ထိတ်လန့်စရာ ကောင်းလာလိမ့်မယ်..."
မာဟုန်ကျွန်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း...
"ဒီနှစ် ထျန်းရွှေအဖွဲ့က ဒီလောက်တောင် အားကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး၊ ငါတို့ ချန်ပီယံဆု ရယူမယ့် လမ်းကြောင်းပေါ်မှာ နောက်ထပ် ခလုတ်ကန်သင်းတစ်ခု တိုးလာပြန်ပြီ ထင်တယ်..." ဟု ညည်းတွားလိုက်ပါသည်...။
ထန်ဆန်း၏ မျက်ဝန်းများက ရုတ်ချည်း စူးရှတောက်ပလာခဲ့၏။ ပိုမို အစွမ်းထက်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် ဘာပဲ ဆုံးရှုံး ဆုံးရှုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုတော့ လုံးဝ အပျောက်မခံရပေ။
"ဘယ်အဖွဲ့ကမှ ငါတို့ ချန်ပီယံဆု ရမှာကို တားဆီးလို့ မရစေရဘူး... သိုင်းဝိညာဉ်ခန်းမမှာ စစ်ဝိညာဉ်ဘုရင် သုံးယောက်နဲ့ အဆင့် ၄၅ အထက် စစ်ဝိညာဉ်ဂိုဏ်းချုပ် လေးယောက် ရှိတာတောင် ငါတို့က စိန်ခေါ်မှုကို မကြောက်ခဲ့ဘူး၊ သူတို့လို ဒြပ်စင်တစ်ခုတည်း သုံးတဲ့ ထျန်းရွှေအဖွဲ့ကို ပိုလို့တောင် ကြောက်စရာ မလိုဘူး..."
ဒိုင်မုပိုင်ကလည်း ထောက်ခံလိုက်သည်...။
"ရှောင်ဆန်း ပြောတာ မှန်တယ်... ငါတို့ သိုင်းဝိညာဉ်ခန်းမ အကယ်ဒမီအဖွဲ့အကြောင်းကို မဆုံခင်အထိ လေ့လာဖို့ အခွင့်အရေး မရှိပေမဲ့ ထျန်းရွှေ အကယ်ဒမီအဖွဲ့အကြောင်းကိုတော့ ပွဲကြည့်ရင်းနဲ့ လေ့လာနိုင်တာပဲ... သူတို့ အဆင့် ဘယ်လောက်ပဲ မြင့်မြင့် ဘာဖြစ်လဲ၊ အားနည်းတာနဲ့ အားကောင်းတာကို အနိုင်ယူတာက ငါတို့ ရှရက်ခ် ပါရမီရှင် ခုနစ်ဖော်ရဲ့ အသုံးအနှုန်းပဲလေ... သူတို့ရဲ့ အားနည်းချက်နဲ့ ဟာကွက်တွေကို ရှာဖွေနိုင်သရွေ့ ငါတို့ သူတို့ကို သေချာပေါက် အနိုင်ယူနိုင်ပါတယ်..."
"ဘော့စ်ဒိုင် ပြောတာ အမှန်ပဲဟေ့!!"
ရှရက်ခ် ပါရမီရှင် ခုနစ်ဖော်တို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပြန်လည် ပြည့်နှက်လာကြပြီး ၎င်းတို့ အားလုံး လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ပြန်လည် ခံစားလိုက်ရပါသည်...။
ပွဲကြည့်စင်၏ မထင်မရှားသော ထောင့်တစ်နေရာတွင်မူ...
ယူရှောင်ကန်းသည် မျက်မှောင်ကြုတ်လျက် စိတ်ထဲမှ သက်ပြင်းချနေမိ၏။
'ဒီနှစ် ထျန်းရွှေ အကယ်ဒမီအဖွဲ့က ဒီလောက်တောင် အားကောင်းနေတာလား... အဲဒီလူက ပွဲမထွက်သေးဘူး၊ သူတို့နဲ့သာ ဆုံရင်တော့ ဒုက္ခပဲ...'
အချိန်တစ်မိနစ် ကုန်ဆုံးသွားခဲ့သော်လည်း ဗဟိုစင်မြင့်ထက်မှ ထျန်းရွှေအဖွဲ့သည် တိုက်ခိုက်မှုကို စတင်ခြင်း မပြုသေးချေ။ ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သော ဆန်နန် အကယ်ဒမီအဖွဲ့မှ တစ်ဦးမျှ အဆင့် ၄၀ အထက်တွင် မရှိကြသဖြင့် အားလုံးမှာ ချမ်းအေးလွန်း၍ တုန်ယင်နေကြပါသည်...။ ပို၍ မှန်ကန်သည်မှာ ၎င်းတို့ ကြောက်ဒူးတုန်နေကြခြင်း ဖြစ်၏။
ရုတ်တရက် ဆန်နန် အကယ်ဒမီအဖွဲ့ကို ဦးဆောင်လာသော ဆရာက အလံဖြူတစ်ထည်ကို မြှောက်လိုက်ရင်း...
"ဒိုင်လူကြီး... ကျွန်တော်တို့ ဆန်နန် အကယ်ဒမီ အရှုံးပေးပါတယ်..." ဟု လှမ်း၍ အော်ဟစ်လိုက်ပါတော့သည်...။
ပရိသတ်များမှာ ဆူညံပွက်လောရိုက်သွားကြ၏။ ၎င်းတို့အနေဖြင့် ပြင်းထန်ပြီး အပြတ်အသတ် ခြေမှုန်းမည့် ပွဲကောင်းတစ်ပွဲကို ကြည့်ရှုလိုကြခြင်း ဖြစ်သော်လည်း ပြိုင်ဘက်က တိုက်ပွဲပင်မစရသေးမီ အရှုံးပေးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ သို့သော်လည်း ယင်းက အမှန်တကယ်ပင် ပညာရှိသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပါသည်...။ ယခုကဲ့သို့ အားကောင်းလှသော ထျန်းရွှေအဖွဲ့နှင့် ရင်ဆိုင်ရလျှင် ဆန်နန် အကယ်ဒမီအနေဖြင့် အထိနာအောင် အရိုက်မခံရပါမှ ထူးဆန်းပေလိမ့်မည်...။
မနေ့က ရှရက်ခ်အဖွဲ့က ထျန်းတူ တော်ဝင်အကယ်ဒမီ အသင်းခွဲ (၂) ကို ခြေမှုန်းခဲ့သည်နှင့် နှိုင်းယှဉ်ပါက ထျန်းရွှေအဖွဲ့က တိုက်ခိုက်စရာပင် မလိုဘဲ လက်နက်ချခိုင်းလိုက်နိုင်ခြင်းက ပို၍ပင် အထင်ကြီးစရာ ကောင်းနေခဲ့ပါသည်...။
ရှောင်ဟန်သည် လင်းဇိရော့၏ ဘေးတွင် ရပ်နေရင်း ပြုံးလျက်...
"မေမေ... ကျွန်တော် ပြောတာ မှန်တယ်မလား... ဒီလိုမျိုးဆိုရင် အားနည်းတဲ့ အဖွဲ့တွေက ကျွန်တော်တို့ကို မြင်တာနဲ့ ဆန်နန် အကယ်ဒမီလိုမျိုး အရှုံးပေးသွားကြလိမ့်မယ်... ကျွန်တော်တို့ကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ အဖွဲ့က သိပ်ပြီး အများကြီး ရှိတော့မှာ မဟုတ်ဘူး..."
"အရမ်းလည်း ဂုဏ်မောက်မနေနဲ့ဦး... ငါ ဘာလို့ မင်းကို ပွဲမထုတ်လဲဆိုတာ မင်း သိရဲ့လား..."
"ကျွန်တော် အရမ်း တောက်ပသွားပြီး ဒုကူးဘို ရဲ့ အာရုံစိုက်မှုကို ခံရမှာ စိုးလို့ နေမှာပေါ့..."
"အင်း... မင်း သိတယ်ဆိုရင်လည်း ကောင်းတာပေါ့..."
ရှောင်ဟန်ကတော့ သိပ်ပြီး ဂရုမစိုက်သည့်အလား ပြုံးလိုက်ရင်း...
"မေမေ... အမှန်တရားဆိုတာ တစ်နေ့မဟုတ် တစ်နေ့တော့ ပေါ်လာမှာပဲလေ... ကျွန်တော် ပဏာမအဆင့်မှာ ပွဲမထွက်ရင်တောင် အရည်အချင်းစစ်ပွဲတွေနဲ့ ဗိုလ်လုပွဲတွေမှာ ပွဲထွက်ရမှာပဲ... သူ ကျွန်တော့်အစွမ်းကို တစ်နေ့နေ့တော့ သိသွားမှာပါပဲ... ဒါပေမဲ့ ဒါက နတ်ဆေးပင်တွေကို စုပ်ယူထားတာနဲ့ ဆက်စပ်နေတယ်ဆိုတာ သူ ဘယ်လိုလုပ် သိနိုင်မှာလဲ၊ သူက နတ်ဆေးပင်တွေအကြောင်းကို လုံးဝ နားလည်တာမှ မဟုတ်တာ..."
"မင်းပြောတာက အကြောင်းပြချက် ရှိသလိုလိုတော့ ရှိသားပဲ၊ ဒါပေမဲ့ သတိထားတာ အကောင်းဆုံးပါပဲ..."
"မေမေ... မေမေ ဒီလောက်တောင် စိုးရိမ်နေမှတော့ ကျွန်တော် အကူအညီပေးမယ့်လူတစ်ယောက် သွားရှာလိုက်တာ ပိုကောင်းမယ် တူတယ်..."
"ဘယ်လို အကူအညီလဲ... မင်းပြောတာ မင်းသားကို ပြောတာလား..."
"ဟုတ်တယ်... သူက ထျန်းတူမြို့တော်မှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အဆက်အသွယ်ပဲလေ..."
ဒုကူးဘိုအနေဖြင့် ထိုဆန်းပြားသော နတ်ဆေးပင်များကို မမှတ်မိနိုင်သော်လည်း ထန်ဆန်းကမူ မှတ်မိလိမ့်မည်ကို ရှောင်ဟန် သိထားပါသည်...။ သို့သော်လည်း ထိုနတ်ဆေးပင်များကို ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူထားပြီးဖြစ်ရာ ထန်ဆန်းတွင်လည်း ယွဲ့ကွမ်း (Yue Guan) ကဲ့သို့သော စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်း မရှိသဖြင့် ခံစားမိနိုင်မည် မဟုတ်ချေ။
သို့သော် ထျန်းရွှေအဖွဲ့တွင် ယခုကဲ့သို့ အားကောင်းလှသော အလုံးစုံအင်အား ရှိနေခြင်းက ထန်ဆန်း၏ သံသယကို သေချာပေါက် နှိုးဆွပေးလိမ့်မည် ဖြစ်ပါသည်...။ ထန်ဆန်းသည် မိမိရည်မှန်းချက် အောင်မြင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ဝံ့သည့် အောက်တန်းစား လူယုတ်မာတစ်ဦး ဖြစ်၏။ သူသည် ဒုကူးဘိုအား သူ၏ သံသယများကို သွားရောက် ပြောပြကောင်း ပြောပြနိုင်ပါသည်...။ ဒုကူးဘိုသည် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သဖြင့် ခိုင်လုံသော သက်သေ အထောက်အထား မရှိလျှင်ပင် လူသတ်ဝံ့သူ ဖြစ်၏။ ထို့ကြောင့် ဘေးကင်းလုံခြုံစေရန်အတွက် ၎င်းတို့အနေဖြင့် ချန်ရန့်ရွှယ် ကို သွားရောက် ရှာဖွေပြီး ၎င်းတို့ကို လျှို့ဝှက် စောင့်ရှောက်ပေးရန် လူလွှတ်ခိုင်းရမည် ဖြစ်ပါသည်...။
ပွဲစဉ်အပြီးတွင် ဖုန်းရှောက်ထျန်း နှင့် ဟော်ဝူရှောင် တို့သည် ရှောင်ဟန်ကို လာရောက် ရှာဖွေခဲ့ကြ၏။
ဖုန်းရှောက်ထျန်းက သက်ပြင်းချရင်း...
"မင်းတို့ ထျန်းရွှေအဖွဲ့က အရမ်း အားကောင်းလွန်းတယ်ဗျာ... ဒီနေ့အထိ စစ်ဝိညာဉ်ဘုရင် နှစ်ယောက်တောင် ပွဲမထွက်ရသေးဘူး... ငါတို့နဲ့ မီးလျှံ အကယ်ဒမီ တို့အနေနဲ့ အရှုံးပေးဖို့ပဲ လမ်းရှိတော့တယ် ထင်တယ်..." ဟု ဆိုလိုက်ပါသည်...။
ရှောင်ဟန်က ပြုံးလျက်...
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့ရာ..."
ဟော်ဝူရှောင်ကလည်း...
"မင်းတို့ ဒီလောက်တောင် အားကောင်းနေမှတော့ ချန်ပီယံဆုကိုသာ သွားပြီး ယူလိုက်စမ်းပါ၊ ငါတို့ ဒြပ်စင် အကယ်ဒမီ တွေရဲ့ အစွမ်းကို သူတို့ကို ပြလိုက်စမ်း..." ဟု တိုက်တွန်းလိုက်၏။
"ကောင်းပါပြီ... မိတ်ဖက်ကျောင်းတွေရဲ့ ထောက်ပံ့မှု ရှိနေမှတော့ ကျွန်တော်တို့ နောက်ဆုံးမှာ သေချာပေါက် အနိုင်ရရမှာပေါ့..."
ကမ္ဘာဦးလေပြေ အကယ်ဒမီ နှင့် မီးလျှံ အကယ်ဒမီ (တို့သည် ပြိုင်ပွဲမှ အလိုအလျောက် နှုတ်ထွက်သွားခဲ့ကြပြီ ဖြစ်ပါသည်...။ ကျန်ရှိနေသော အားကောင်းသည့် အဖွဲ့များထဲတွင် ထျန်းရွှေ အကယ်ဒမီကို စိန်ခေါ်ရဲသည့် အဖွဲ့ဟူ၍ မိုးကြိုး အကယ်ဒမီ နှင့် ရှရက်ခ် အကယ်ဒမီ တို့သာ ကျန်ရှိပါတော့သည်...။