ပရိသတ် ရှစ်သောင်းကျော်၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ထျန်းတူ တော်ဝင်အကယ်ဒမီ အသင်းခွဲ (၂) နှင့် ရှရက်ခ်အဖွဲ့တို့မှ စုစုပေါင်း လူတစ်ဆယ့်လေးဦးသည် ပြိုင်ပွဲစင်မြင့်ထက်သို့ လှမ်းတက်လာခဲ့ကြပါသည်...။
ရှရက်ခ်အဖွဲ့သည် ထန်ဆန်း၊ ဒိုင်မုပိုင်၊ ရှောင်ဝူနှင့် လူစားလဲကစားသမား လေးဦးကို ပွဲထုတ်ခဲ့၏။ ထန်ဆန်းနှင့် သူ၏ အပေါင်းအဖော်များသည် ထျန်းတူ တော်ဝင်အကယ်ဒမီတွင် အရှက်ခွဲခြင်းကို ခံခဲ့ရဖူးသဖြင့် ၎င်းတို့အတွက်မူ ယခုပွဲသည် ကောင်းမွန်သော ကလဲ့စားချေခွင့် တစ်ခုပင် ဖြစ်နေခဲ့ပါသည်...။
ဒိုင်လူကြီး၏ ကြေညာချက်နှင့်အတူ ဝိညာဉ်သခင် ပြိုင်ပွဲကြီး၏ ပထမဆုံး အရည်အချင်းစစ် ပွဲစဉ်သည် တရားဝင် စတင်သွားခဲ့ပြီ ဖြစ်၏။ ရှရက်ခ်အဖွဲ့ဘက်မှ ထန်ဆန်းသည် ဦးဆောင်၍ တိုက်ခိုက်မှုကို စတင်လိုက်ပါသည်...။ ထျန်းတူ တော်ဝင်အကယ်ဒမီ အသင်းခွဲ (၂) မှ အဖွဲ့ဝင် အချို့ကို ထန်ဆန်းက ‘လောကပြာမြက်နွယ် ဓားလှောင်အိမ်’ ဖြင့် ပိတ်လှောင်လိုက်ပြီးနောက် ဒိုင်မုပိုင်နှင့် အခြားသူများသည် ပြင်းထန်သော တိုက်ခိုက်မှုများကို တစ်ဆက်တည်း ဆင်နွှဲကြလေတော့သည်...။
ထိုခုနစ်ဦးလုံးသည် ဝိညာဉ်ကွင်းသုံးကွင်းစီ ပိုင်ဆိုင်ထားကြသည့် စစ်ဝိညာဉ်သခင် များသာ ဖြစ်ကြသဖြင့် ရှရက်ခ်အဖွဲ့၏ အကြမ်းပတမ်း တိုက်ခိုက်မှုများကို ဘာမှ မခုခံနိုင်ကြရှာပေ...။ စင်မြင့်ထက်တွင် အော်ဟစ်သံများ ဆူညံသွားပြီး အချို့မှာ အရိုးများ ကျိုးပဲ့ကုန်ကြသလို အချို့မှာလည်း သွေးသံရဲရဲ ဖြစ်ကုန်ကြရပါသည်...။ ဝိညာဉ်သခင် ပြိုင်ပွဲကြီး စတင်ကျင်းပခဲ့သည့် သမိုင်းတစ်လျှောက်တွင် ယခုကဲ့သို့ စင်မြင့်ထက်၌ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသော မြင်ကွင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ...။
ပရိသတ်အားလုံးကို အံ့အားသင့်စေသည်မှာ ရှရက်ခ်အဖွဲ့သည် ထိုတိုက်ပွဲကို တစ်မိနစ်အတွင်း အပြတ်အသတ် အနိုင်ယူသွားခဲ့ခြင်းပင် ဖြစ်ပါသည်...။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရစေမှုတို့က ရောက်ရှိနေသော ပရိသတ်အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့၏။ ရှရက်ခ်အဖွဲ့ကို အစောပိုင်းက လှောင်ပြောင်ခဲ့ကြသော ပရိသတ်များသည်လည်း ထိုအဖွဲ့က သူတို့ ထင်ထားသလောက် မညံ့ဖျင်းကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြတော့သည်...။
ဤဝမ်းနည်းကြေကွဲဖွယ် မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီးနောက် ရွှယ်ဘင်းအာသည် ရှောင်ဟန်၏ ခန့်မှန်းချက်ကို ပိုမို ယုံကြည်သွားခဲ့ပါသည်...။
"ရှောင်ဟန်... နင်းဂိုဏ်းချုပ်က ရှရက်ခ်အဖွဲ့ကို ဘာလို့ မျက်နှာသာပေးလဲဆိုတာ အခုမှ နားလည်တော့တယ်၊ သူတို့မှာ အစွမ်းအစ အတန်အသင့် ရှိတာပဲ... အထူးသဖြင့် ပွဲကို ထိန်းချုပ်နေတဲ့ လောကပြာမြက်နွယ် ဝိညာဉ်သခင်ပေါ့... ဒါပေမဲ့ ဒါက ပဏာမအဆင့်ပဲ ရှိသေးတာကို သူတို့ရဲ့ လက်ချက်တွေက ရက်စက်လွန်းနေတယ်..."
ရှောင်ဟန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း...
"ဒါက အောက်တန်းစား လူမိုက်တွေရဲ့ ပုံစံပဲလေ... သူတို့သာ ငါတို့နဲ့ တွေ့ရင်တော့ ချီးထွက်သွားအောင် အရိုက်ခံရမှာ..." ဟု ဆိုလိုက်၏။
၎င်းတို့အနေဖြင့် ရှရက်ခ်အကယ်ဒမီနှင့် တစ်နေ့မဟုတ် တစ်နေ့ ဆုံတွေ့ရမည်ကို ရှောင်ဟန် သိထားပါသည်...။ သို့သော် ယူရှောင်ကန်း၏ ပုံစံအရ ၎င်းတို့၏ အစွမ်းထက်မှုကို သိရှိသွားပြီးနောက် တိုက်ခိုက်မှုကို ရှောင်လွှဲရန် ပွဲစဉ်ကို လက်လွှတ် အရှုံးပေးကောင်း ပေးသွားနိုင်၏။ အဆုံးသတ်တွင်တော့ ထိပ်သီးအဆင့် ငါးနေရာအတွင်း ရလဒ်ကို ထိန်းထားနိုင်သရွေ့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည် ဖြစ်ပေသည်...။ သို့သော် ထိုသူတောင်းစားများမှာ အကြောင်းရင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတတ်ကြသဖြင့် ၎င်းတို့ကို ခြေမှုန်းပစ်ရန် အခွင့်အရေး ရရှိလာဖို့လည်း မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် ကွင်းထဲတွင်တော့ တစ်ယောက်နှင့်တစ်ယောက် သေချာပေါက် တွေ့ကြရမည်သာ ဖြစ်ပါသည်...။
ညစာ စားသောက်ပြီးနောက် လင်းဇိရော့သည် အဖွဲ့ဝင်များကို စုစည်းလိုက်၏။
"မနက်ဖြန်ပွဲမှာ မင်းတို့ရဲ့ပြိုင်ဘက်က ဆန်နန်အကယ်ဒမီ ပဲ... ငါသိသလောက်တော့ သူတို့ရဲ့ အစွမ်းက သိပ်မထက်မြက်လှဘူး၊ အားနည်းတယ်လို့တောင် ပြောလို့ရတယ်... ရှောင်ဟန်နဲ့ ဘင်းအာတို့ ပွဲမထွက်ရင်တောင် မင်းတို့ အလွယ်တကူ အနိုင်ရနိုင်ပါတယ်..."
ရွှယ်ဝုက ဝင်မေးလိုက်သည်...။
"လင်းကျောင်းအုပ်ကြီး... ဒါဆို မနက်ဖြန် ကပ္ပတိန်နဲ့ ရှောင်ဟန်တို့ ပွဲထွက်မှာ မဟုတ်ဘူးလို့ ပြောတာလားဟင်..."
လင်းဇိရော့ မဖြေခင်မှာပင် ရှောင်ဟန်က ကြားဖြတ်၍...
"မေမေ... ကျွန်တော်တို့ရဲ့ အစွမ်းကို ဝှက်ထားဖို့ မလိုဘူးလို့ ထင်တယ်... အားနည်းတဲ့ အဖွဲ့အချို့က ကျွန်တော်တို့ရဲ့ အစွမ်းကို သိသွားရင် သူတို့နဲ့ ဆုံတဲ့အခါ အလိုအလျောက် ပွဲကို လက်လွှတ် အရှုံးပေးသွားကြလိမ့်မယ်... အဲဒီလိုဆိုရင် ကျွန်တော်တို့ တိုက်ခိုက်စရာမလိုဘဲ နိုင်မှာမို့လို့ နားနားနေနေ နေဖို့ အချိန်ပိုရတာပေါ့..." ဟု ပြောလိုက်ပါသည်...။
ရွှယ်ဘင်းအာကလည်း ခေါင်းငြိမ့်ထောက်ခံကာ...
"ကျောင်းအုပ်ကြီးလင်း... သမီးလည်း ရှောင်ဟန်ရဲ့ အမြင်ကို သဘောတူပါတယ်..."
လင်းဇိရော့ ခဏမျှ စဉ်းစားလိုက်ပြီးနောက်...
"ငါတို့ ထျန်းရွှေ အကယ်ဒမီအနေနဲ့ ပုန်းလျှိုးကွယ်လျှိုး လုပ်မနေတော့တာ ပိုကောင်းမယ် ထင်တယ်... ဒါဆို ဒီလိုလုပ်ကြတာပေါ့... မနက်ဖြန်ပွဲမှာ ရှောင်ဟန်နဲ့ ရွှယ်ဝုတို့ နားပြီး ဘင်းအာပဲ အဖွဲ့ကို ဦးဆောင်လိုက်..."
"ကောင်းပါပြီ..."
ထျန်းရွှေအဖွဲ့၏ ပင်မအင်အားစုများအားလုံးသည် ဝိညာဉ်ဂိုဏ်းချုပ် အဆင့် သို့မဟုတ် ထိုထက်မက အဆင့်များသို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်...။ ဝိညာဉ်ဘုရင် နှစ်ဦးဖြစ်သည့် ရှောင်ဟန်နှင့် ရွှယ်ဝုတို့ မပါဝင်လျှင်ပင် ပရိသတ်တစ်ရပ်လုံးကို တုန်လှုပ်သွားစေရန် ၎င်းတို့ တတ်နိုင်စွမ်း ရှိနေဆဲပင်...။
နောက်တစ်နေ့တွင်...
ရှောင်ဟန်နှင့် သူ၏ အပေါင်းအဖော်များသည် ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့ကြပါသည်...။ ကွင်း၏ ဗဟိုချက်တွင် စင်မြင့်ငါးခုကို တည်ဆောက်ထားပြီး ဗဟိုစင်မြင့်ကြီး တစ်ခုနှင့် အရန်စင်မြင့် လေးခုတို့ ဖြစ်ကြ၏။ ပွဲစဉ်ငါးပွဲကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားစေမည် ဖြစ်ကာ တစ်ရက်လျှင် သုံးကျော့ ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်...။ ဗဟိုစင်မြင့်ထက်တွင် ယှဉ်ပြိုင်ရမည့် အဖွဲ့သည် ပိုမို စိတ်ဝင်စားမှုကို ခံရသည့်အဖွဲ့ ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်...။
ထျန်းရွှေအဖွဲ့သည် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာနှစ်ခု ဖြစ်သည့် ‘အလှနတ်သမီးများအဖွဲ့’ နှင့် ‘ကျောင်းစတင်တည်ထောင်ချိန်မှစ၍ တစ်ဦးတည်းသော အမျိုးသားကျောင်းသား’ ဟူသည့် အချက်များကြောင့် ဗဟိုစင်မြင့်ထက်၌ နေရာပေးခြင်း ခံရသည်မှာ အံ့ဩစရာ မရှိခဲ့ပေ...။ ၎င်းတို့သည် ပထမဆုံးအကျော့တွင်ပင် ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်...။
ရှရက်ခ်အဖွဲ့သည် မနေ့ကမှ သရုပ်ပြပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရသဖြင့် ယနေ့တွင်မူ မည်သည့်ပွဲမျှ မရှိချေ။ သို့သော် ထန်ဆန်းနှင့် သူ၏ အပေါင်းအဖော်များသည် ပြိုင်ပွဲဝင် အကယ်ဒမီအဖွဲ့များအတွက် သတ်မှတ်ထားသော ပွဲကြည့်စင်သို့ ရောက်ရှိလာခဲ့ကြဆဲပင် ဖြစ်၏။ ထန်ဆန်းအနေဖြင့် ရှောင်ဟန်နှင့် ထျန်းရွှေအဖွဲ့ဝင်များ၏ အစွမ်းက မည်မျှအထိ ရှိသလဲဆိုသည်ကို သိရှိလိုနေခဲ့ပါသည်...။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ထန်ဆန်းသည် တစ်ဖက်ခြမ်းရှိ ရှောင်ဟန်ကို လှမ်းမြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိကာ...
"သူ ဒီနေ့ ပွဲမထွက်ဘူးလား... ပြိုင်ဘက်က အားနည်းလွန်းလို့များလား..." ဟု စိတ်ထဲမှ တွေးတောနေမိပါသည်...။
ထန်ဆန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အစီအစဉ်တင်ဆက်သူ၏ အသံသည် လော်စပီကာမှတစ်ဆင့် ကွင်းတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့၏။
"ဒီနေ့ရဲ့ ပြိုင်ပွဲကြီး မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်... ပြိုင်ပွဲဝင် အဖွဲ့များအားလုံး စင်မြင့်ထက်သို့ လှမ်းတက်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါတယ်..."
အစီအစဉ်တင်ဆက်သူ၏ စကားအဆုံးတွင် ပရိသတ်များထံမှ မိုးခြိမ်းသံကဲ့သို့သော အားပေးအော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပါသည်...။ မနေ့က သရုပ်ပြပွဲစဉ်သည် အမြည်းမျှသာ ရှိသေးပြီး တစ်မိနစ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သဖြင့် လုံးဝ အားရကျေနပ်မှု မရှိခဲ့ကြချေ။ ယနေ့မှစ၍ ပွဲစဉ်ငါးပွဲကို ကွင်းအတွင်း တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကြတော့မည် ဖြစ်ရာ ယင်းက ဝိညာဉ်ကွင်း ရာပေါင်းများစွာ တစ်ချိန်တည်းတွင် ပွင့်လန်းလာမည်ဟု အဓိပ္ပာယ်ရပေသည်...။ ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းမျိုးသည် ငါးနှစ်မှတစ်ကြိမ်သာ မြင်တွေ့ရတတ်ခြင်း ဖြစ်ပါသည်...။
လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ထျန်းရွှေ အလှနတ်သမီးများအဖွဲ့သည် ဗဟိုစင်မြင့်ထက်သို့ ဖြည်းညှင်းစွာ လှမ်းတက်လာခဲ့ကြ၏။ ပရိသတ်များထံမှလည်း အော်ဟစ်အားပေးသံများ ဆူညံသွားခဲ့ပါသည်...။
"ထျန်းရွှေ အကယ်ဒမီကတော့ အလှပဂေဟတွေ စုဝေးရာနေရာပဲဟေ့... အားလုံးက အရမ်းလှတာပဲ..."
"ဟုတ်ပဗျာ... လှရုံတင်မကဘူး အစွမ်းလည်း ထက်ကြသေးတယ်..."
"ဟေး... မနေ့က အမျိုးသားပြိုင်ပွဲဝင်က ဘာလို့ ပွဲမထွက်တာလဲ..."
"သူ စင်ပေါ်တက်တုန်းက အဖွဲ့ရဲ့ အနောက်ဆုံးမှာ ရပ်နေတာလေ... အစွမ်းအစ သိပ်မရှိတဲ့ လူစားလဲကစားသမား နေမှာပေါ့..."
"ဘယ်သူဂရုစိုက်လဲဗျာ... ကြည့်စရာ အလှနတ်သမီးလေးတွေ ရှိနေရင် ပြီးတာပဲကို..."
"ထျန်းရွှေက အလှလေးတို့ရေ... အားတင်းထားကြနော်!!"
ရွှယ်ယွဲ့အာသည် ၎င်းတို့ကို အားပေးနေကြသော ပရိသတ်များကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် တက်ကြွစွာ လက်ဝေ့ယမ်းပြလိုက်ရာ ပရိသတ်များ၏ အော်ဟစ်အားပေးသံများက ပိုမိုကျယ်လောင်လာခဲ့ပါသည်...။
ထိုမိန်းကလေးတစ်စုကို ကြည့်ရင်း မာဟုန်ကျွန်း၏ မျက်ဝန်းများ တောက်ပလာပြီး သွားရည်များပင် ကျလာခဲ့၏။
အော်စကာက မနေနိုင်ဘဲ စနောက်လိုက်ပါသည်...။
"ဝတုတ်ကြီး... မင်း မိန်းကလေး တစ်ခါမှ မမြင်ဖူးဘူးလား... မင်းပုံစံကိုလည်း ပြန်ကြည့်ဦး..."
"မင်းက ဘာသိလို့လဲ... မင်းမှာ နင်းရုန်ရုန် ရှိတယ်၊ ဘော့စ်ဒိုင်မှာ ကျူးကျူးချင်း ရှိတယ်၊ တတိယအစ်ကိုမှာ ရှောင်ဝူ ရှိတယ်... ငါတစ်ယောက်ပဲ လူပျိုကြီး ကျန်နေတာလေ... အဲဒါကို နည်းနည်း အလကားကြည့်တာ ဘာဖြစ်လို့လဲ..."
"ဟူး... မင်းကတော့ လုံးဝကို မမျှော်လင့်နိုင်တော့ဘူးပဲ..."
ထန်ဆန်းကမူ တစ်ခုခုကို လွတ်သွားမည် စိုးရိမ်သည့်အလား ဗဟိုစင်မြင့်ဆီသို့သာ စူးစူးစိုက်စိုက် ကြည့်နေခဲ့ပါသည်...။
အစီအစဉ်တင်ဆက်သူက ကြေညာလိုက်၏။
"ပြိုင်ပွဲဝင် ကစားသမားများအားလုံး... မိမိတို့ရဲ့ သိုင်းဝိညာဉ်တွေနဲ့ ဝိညာဉ်ကွင်းတွေကို ထုတ်ဖော်ပေးကြပါ... ပြိုင်ပွဲကြီးဟာ နောက်တစ်မိနစ်အတွင်း တရားဝင် စတင်ပါတော့မယ်..."
အစီအစဉ်တင်ဆက်သူ၏ ကြေညာချက်အပြီးတွင် စင်မြင့်ငါးခုထက်မှ ဝိညာဉ်သခင် ခုနစ်ဆယ်ခန့်သည် သိုင်းဝိညာဉ်များနှင့် ဝိညာဉ်ကွင်းများကို တစ်ချိန်တည်း၌ ထုတ်ဖော်လိုက်ကြပါသည်...။ ရောင်စုံအလင်းတန်းများ ယှက်နွှယ်ဖြာထွက်သွားပြီး ကောင်းကင်ယံကြီးတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေခဲ့၏။
ကွင်းတစ်ခုလုံးတွင် ထျန်းရွှေ အကယ်ဒမီမှ ရွှယ်ဘင်းအာသည် သံသယဖြစ်ဖွယ်မရှိဘဲ အတောက်ပဆုံးသော တည်ရှိမှု ဖြစ်နေခဲ့ပါသည်...။ သူမသည် အဖွဲ့၏ အရှေ့ဆုံးတွင် မတ်မတ်ရပ်နေပြီး အေးစက်ကာ မြင့်မြတ်လှသော အရှိန်အဝါတို့ ရှိနေခဲ့၏။ ကြီးမားလှသော ရေခဲဖီးနစ် (Ice Phoenix) ငှက်ကြီးသည် သူမ၏ နောက်ကျောဘက်မှ ပျံတက်လာခဲ့ပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာ ရုတ်ချည်း ကျဆင်းသွားကာ ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များပင် မသိစိတ်ကြောင့် တုန်တုန်ရီရီ ဖြစ်သွားကြရပါသည်...။
ထို့ထက် ပို၍ တုန်လှုပ်စရာကောင်းသည်မှာ ရွှယ်ဘင်းအာ၏ ပတ်လည်တွင် ဝန်းရံနေသော ဝိညာဉ်ကွင်းများပင် ဖြစ်၏။ အဝါ၊ အဝါ၊ အခရမ်း၊ အခရမ်းနှင့် အနက် ဟူသော ဝိညာဉ်ကွင်းငါးကွင်းသည် အစီအစဉ်တကျ စီတန်းပေါ်ထွက်လာခဲ့ပါသည်...။ အနက်ရောင်အလင်း ဖြာထွက်နေသည့် ‘နှစ်တစ်သောင်း ဝိညာဉ်ကွင်း’ သည် ရွှယ်ဘင်းအာ၏ ‘ဝိညာဉ်ဘုရင်’ အဆင့် အဆင့်အတန်းကို သက်သေပြနေခဲ့ပြီ ဖြစ်ပါသည်...။ ဝိညာဉ်သခင် ပြိုင်ပွဲကြီး ကျင်းပခဲ့သည့် သမိုင်းတစ်လျှောက်တွင် ထျန်းတူ ပြိုင်ပွဲနယ်မြေ၌ နှစ်တစ်သောင်း ဝိညာဉ်ကွင်းမျိုး တစ်ခါမျှ ပေါ်ထွက်ခဲ့ဖူးခြင်း မရှိချေ။
ရောက်ရှိနေသူအားလုံးသည် ဤမြင်ကွင်းကြောင့် အလွန်အမင်း တုန်လှုပ် အံ့ဩသွားကြရပါသည်...။ ပွဲကြည့်စင်ပေါ်ရှိ အတွေ့အကြုံရင့် ဝိညာဉ်သခင်ကြီးများပင်လျှင် ယခုကဲ့သို့ နုပျိုလှသော ဝိညာဉ်ဘုရင်တစ်ဦးကို တစ်ခါမျှ မမြင်ဖူးကြချေ။ ရွှယ်ဘင်းအာ၏ တည်ရှိမှုသည် ‘ပါရမီရှင်’ ဟူသော စကားလုံးအတွက် အပြည့်စုံဆုံး သရုပ်ဖော်ချက်တစ်ခု ဖြစ်ပုံရပေသည်...။ သူမတွင် အစွမ်းရော အလှအပပါ ပြည့်စုံနေသဖြင့် ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်သွားခဲ့ပါတော့သည်...။
"ကြည့်စပ်စမ်း... အဲဒါ ဒဏ္ဍာရီလာ ထိပ်တန်း သားရဲဝိညာဉ် ဖြစ်တဲ့ ရေခဲဖီးနစ်ပဲ..."
"အို... ဘုရားသခင်၊ သူမက ဝိညာဉ်ဘုရင်အဆင့်ကို ရောက်နေပြီလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ဆန်နန် အကယ်ဒမီကတော့ ဒုက္ခလှလှတွေ့ပြီ ထင်တယ်... ယခုလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရရင် သူတို့အတွက် အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိနိုင်တော့ဘူး..."
ပရိသတ်များ၏ ဆွေးနွေးသံများသည် အံ့ဩချီးမွမ်းသံများနှင့် ခန့်ညားထိတ်လန့်သံများဖြင့် ပြည့်နှက်နေခဲ့ပါသည်...။ ရွှယ်ဘင်းအာ၏ သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းများကို မြင်တွေ့လိုက်ရပြီးနောက် ဆန်နန် အကယ်ဒမီမှ အဖွဲ့ဝင်များ၏ မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုများ အရိပ်ထင်သွားကြရ၏။ ရွှယ်ဘင်းအာက သူမ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည့် အချိန်ကတည်းက ဤပွဲ၏ အရှုံးအနိုင် ရလဒ်သည် ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ကြောင်း ၎င်းတို့ သိလိုက်ကြပါသည်...။
ရွှယ်ဘင်းအာ၏ ပွဲထွက်လာမှုသည် အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသဖြင့် လူတိုင်းက သူမ၏ အသင်းဖော်များ တည်ရှိမှုကိုပါ မေ့လျော့သွားကြရ၏။ လူများ သတိ ပြန်ဝင်လာသည့် အခါတွင်မူ ပို၍ပင် အံ့အားသင့်သွားကြရပြန်ပါသည်...။ အကြောင်းမှာ ရွှယ်ဘင်းအာအပြင် ထျန်းရွှေအဖွဲ့၏ အခြားအဖွဲ့ဝင် ခြောက်ဦးအနက် ငါးဦးသည် ဝိညာဉ်ကွင်း လေးကွင်းစီဖြင့် ‘စစ်ဝိညာဉ်ဂိုဏ်းချုပ်’ အဆင့်သို့ ရောက်ရှိနေကြပြီး တစ်ဦးတည်းသာ ဝိညာဉ်ကွင်း သုံးကွင်းရှိသည့် ‘မဟာဝိညာဉ်သခင်’ ဖြစ်နေသောကြောင့်ပင်...။ ထို့အပြင် ၎င်းတို့ ခုနစ်ဦးစလုံးသည် အကောင်းမွန်ဆုံးသော ဝိညာဉ်ကွင်း ပေါင်းစပ်မှု ပုံစံများကို ပိုင်ဆိုင်ထားကြပါသည်...။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဧကရာဇ် ရွှီယဲ့ သည် အံ့အားသင့်သွားပြီး ဝမ်းသာအားရ ဖြစ်သွားခဲ့၏။ သူသည် ဘေးနားရှိ နင်းဖုန်းကျိ ကို ကြည့်ကာ ပြုံးလျက်...
"ဂိုဏ်းချုပ်နင်း... ဒါ မင်း အမျှော်လင့်ဆုံး ဖြစ်နေတဲ့ အဖွဲ့ မဟုတ်လား..." ဟု မေးမြန်းလိုက်ပါတော့သည်...။