ရှရက်ခ်အဖွဲ့၏ ကျောင်းဝတ်စုံမှာ ထူးဆန်းလွန်းလှသဖြင့် ကွင်းအတွင်းသို့ လှမ်းဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အထင်သေးကဲ့ရဲ့သော အကြည့်များကို ဆွဲဆောင်မိလျက်သား ဖြစ်သွားရကား သူတို့မှာ မထင်မရှား ထောင့်တစ်နေရာ၌သာ ပုန်းကွယ်နေကြရသည်။
ထန်ဆန်း၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေရင်း နောက်ဆုံးတွင် ထျန်းရွှေ မိန်းကလေးအဖွဲ့ထံ၌ ရပ်တန့်သွားသည်။
ရှောင်ဝူက ဝင်မေးသည်။ "အစ်ကို... ဘာကို ကြည့်နေတာလဲဟင်"
မာဟုန်ကျွန်းကမူ လူမိုက်အပြုံး ပြုံးလိုက်ရင်း နောက်ပြောင်ကျီစယ်ကာ ဆိုသည်။ "ဘာကို ကြည့်ဦးမှာလဲ... လှပတဲ့ မိန်းကလေးတွေကို ကြည့်နေတာပေါ့။ တတိယအစ်ကိုလည်း ယောကျာ်းတစ်ယောက်ပဲလေ၊ ဒါမျိုးကို မနှစ်သက်ဘဲ နေပါ့မလား"
ထန်ဆန်းကမူ မာဟုန်ကျွန်း၏ ကျီစယ်မှုကို မကြားမိသကဲ့သို့ အာရုံစိုက်မြဲ စိုက်ထားဆဲပင်။
ဒိုင်မုပိုင်က ဝင်၍ မေးမြန်းသည်။ "ရှောင်ဆန်း... ဘာဖြစ်လို့လဲ"
"သူပဲ... ဆိုတို ဝိညာဉ်ကွင်းကြီးထဲမှာ ဆက်တိုက် ပွဲတစ်ရာလုံးလုံး အနိုင်ရခဲ့တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ကောင်လေး နောက်ဆုံးတော့ ပေါ်လာပြီ"
လူတိုင်းလည်း ထန်ဆန်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ ထျန်းရွှေ မိန်းကလေးအဖွဲ့ထဲတွင် အလွန်ပင် ထင်ပေါ်နေသော ရှောင်ဟန်ကို လှမ်းမြင်လိုက်ကြရသည်။ ထိုအချိန်၌ ရှောင်ဟန်သည် ဖုန်းရှောက်ထျန်း၊ ဟော်ဝူရှောင်တို့နှင့် အလွန်ပင် ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုနေခြင်း ဖြစ်သည်။
ထန်ဆန်းက ဆက်လက်၍ ဆိုသည်။ "အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့သူတွေက ကမ္ဘာဦးလေပြေ အကယ်ဒမီက ဖြစ်ရမယ်၊ အနီရောင် ဝတ်စုံနဲ့သူတွေကတော့ မီးလျှံ အကယ်ဒမီကပေါ့။ ဆရာပြောပြချက်အရ ဒီဒြပ်စင် အကယ်ဒမီ သုံးခုစလုံးက အစဉ်အလာကြီးမားပြီး အထင်ကြီးလောက်တဲ့ စွမ်းအားတွေ ရှိကြသတဲ့။ အရင် ဝိညာဉ်သခင် ပြိုင်ပွဲ သုံးကြိမ်စလုံးမှာ သူတို့ဟာ ထျန်းဒူ နယ်မြေရဲ့ ထိပ်သီး ငါးသင်းအဖြစ်နဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြတယ်"
မာဟုန်ကျွန်းက ထိုစကားကို သဘောမတူဘဲ ခါးခါးသီးသီးပင် ဆိုသည်။ "ဘယ်ဒြပ်စင် အကယ်ဒမီပဲဖြစ်ဖြစ်... ငါတို့ရဲ့ ချန်ပီယံဆု ရယူမယ့် စိတ်ပိုင်းဖြတ်မှုကို ဘယ်သူမှ လာပြီး မနှောင့်ယှက်နိုင်ပါဘူး။ ရှရက်ခ်က ဧကန်မုချ အနိုင်ရရမယ်"
"ဟုတ်တယ်... ရှရက်ခ်က နိုင်မှာပါ" အော်စကာကလည်း ထောက်ခံချက်ပေးသည်။
ထန်ဆန်းကမူ မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး ပေါ့ပေါ့ဆဆ မတွေးရဲချေ။ "ရှောင်ဟန်ရဲ့ ဒုတိယ ဝိညာဉ်ကွင်းက ထောင်စုနှစ်အဆင့်ကို ရောက်နေပြီ၊ ပြီးတော့ သူ့အဖွဲ့ထဲမှာ ထိပ်တန်း သားရဲဝိညာဉ်ဖြစ်တဲ့ ရေခဲဖီးနစ် ပိုင်ရှင်လည်း ရှိသေးတယ်။ အဖွဲ့ထဲမှာ ထိန်းချုပ်ရေး၊ အပြင်းအထန် တိုက်ခိုက်ရေး၊ အလျင်နှုန်း တိုက်ခိုက်ရေးနဲ့ ပံ့ပိုးမှုစနစ် ဝိညာဉ်သခင်တွေ အစုံအလင် ရှိနေတာ။ သူတို့ကို ရင်ဆိုင်ဖို့က အဲ့လောက် မလွယ်ကူဘူး၊ ငါတို့ ရန်သူကို လျှော့မတွက်မိဖို့ လိုအပ်တယ်"
ဒိုင်မုပိုင်က ခေါင်းညိတ်ကာ ဆိုသည်။ "ရှောင်ဆန်း ပြောတာ မှန်တယ်။ ပြိုင်ပွဲကြီး တရားဝင် စတင်တဲ့အခါမှပဲ သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ငါတို့ သိရလိမ့်မယ်"
တစ်ဖက်တွင်မူ လင်းဇိရော့သည် အဖွဲ့သားများထံသို့ လျှောက်လှမ်းလာသည်။ "မင်းတို့အတွက် ငါ စာရင်းပေးသွင်းခဲ့ပြီ။ ဖွင့်ပွဲ အခမ်းအနားက မကြာခင် စတော့မှာမို့ ဝင်ဖို့ ပြင်ဆင်ထားကြတော့။ ရှောင်ဟန်၊ ဘင်းအာ... မင်းတို့ နှစ်ယောက်ကပဲ လူတိုင်းကို ဦးဆောင်ပြီး ဝင်သွားလိုက်ကြ"
"ကောင်းပါပြီ"
"ရှောင်ဟန်... အရင် ဝိညာဉ်သခင် ပြိုင်ပွဲ သုံးကြိမ်စလုံးမှာ ငါတို့ ထျန်းရွှေ အကယ်ဒမီမှာ အမျိုးသား ကစားသမား တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ခေတ္တမျှကြာရင် မင်း ပေါ်ထွက်လာတာက လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရမှာ အသေအချာပဲ။ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားပါဦး"
"အမေ... ကျွန်တော်က အရမ်းသန်မာပြီး ပြတ်သားတဲ့သူမို့လို့ ကျွန်တော့်အတွက် စိတ်မပူပါနဲ့"
"ဟုတ်ပါတယ် ကျောင်းအုပ်ကြီးလင်းရယ်... ကျွန်မတို့ရဲ့ ဂျူနီယာညီလေးက အရမ်း ချောမောလွန်းတော့ ဘယ်လို ထူးဆန်းတဲ့ အကြည့်တွေကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး"
ကျောင်းအုပ်ကြီးလင်းက ပြုံး၍ ခေါင်းညိတ်ပြကာ ထွက်ခွာသွားသည်။
မကြာမီပင် ပြိုင်ပွဲ တာဝန်ရှိသူများက အကယ်ဒမီအသီးသီးမှ အဖွဲ့များကို ကွင်းအတွင်း ဝင်ရောက်ရန် စတင် စီစဉ်ပေးကြတော့သည်။ ဝင်ပေါက် စ္တစင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာစဉ်မှာပင် ရှောင်ဟန်သည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေသော ပရိသတ်တို့၏ အော်ဟစ်အားပေးသံများကို ကြားနေရပြီ ဖြစ်သည်။
ကြီးမားကျယ်ဝန်းလှသော စတုရန်းကွင်းကြီးက မျက်စိပဓာန ဖြစ်လာပြီး ပတ်ပတ်လည်တွင် ကြွေးကြော်အားပေးနေသော ပရိသတ်များ ရှိနေကြသည်။ ကွင်း၏ အချင်းမှာ မီတာ တစ်ရာ့ငါးဆယ်ကျော်မက ကျယ်ဝန်းလှသည်။ ဗဟိုတိုက်ပွဲကွင်း၏ တည့်တည့်တွင် ရွှေရောင်နောက်ခံနှင့် စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့်၏ နောက်ကွယ်တွင်မူ ထျန်းဒူ အင်ပါယာ၏ ဂုဏ်သရေအရှိဆုံး ပုဂ္ဂိုလ်များ ထိုင်ဆောင်သည့် အထူး နေရာ ရှိနေသည်။
အကယ်ဒမီ တစ်ခုချင်းစီ ဝင်ရောက်လာသည့်အခါ စင်မြင့်ပေါ်ရှိ အထူးအခမ်းအနားမှူးက မိတ်ဆက်ပေးသည်။ အစောပိုင်းက ဝင်ရောက်လာသော အကယ်ဒမီများသည် ကွင်း၏ အလယ်ဗဟိုတွင် တန်းစီရပ်နေကြပြီ ဖြစ်သည်။
ကမ္ဘာဦးလေပြေအဖွဲ့နှင့် ဆီရပ်ဖင်အဖွဲ့တို့၏ နောက်ကွယ်မှ ကပ်လျက်ပင် ထျန်းရွှေအဖွဲ့သည်လည်း ကွင်းအတွင်းသို့ လှမ်းဝင်လာခဲ့သည်။ ရွှယ်ဘင်းအာနှင့် ရွှယ်ဝုတို့က အဖွဲ့၏ ရှေ့ဆုံးမှ လျှောက်လှမ်းလာကြပြီး ရှောင်ဟန်ကမူ အဖွဲ့၏ နောက်ဆုံးတွင် တစ်ဦးတည်း သီးသန့် လျှောက်လှမ်းလာခဲ့သည်။ ထျန်းရွှေအဖွဲ့ ပေါ်လာခြင်းက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ပြီး ပရိသတ်များထံမှ ပိုမိုကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အခမ်းအနားမှူးက မိတ်ဆက်ပေးသည်မှာ - "နောက်ထပ် ဝင်ရောက်လာတဲ့ အဖွဲ့ကတော့ ထျန်းရွှေ အကယ်ဒမီ အဖွဲ့ပဲ ဖြစ်ပါတယ်။ အရင် သုံးဖွဲ့နဲ့ မတူတာကတော့ ဒီတစ်ကြိမ် ထျန်းရွှေ အကယ်ဒမီ အဖွဲ့မှာ အမျိုးသား ကစားသမား တစ်ယောက် ပါဝင်လာခြင်း ဖြစ်ပါတယ်။ ဒီအမျိုးသား ကစားသမားဟာ ထျန်းရွှေ အကယ်ဒမီရဲ့ ထူးခြားချက်အနေနဲ့ လက်ခံခြင်း ခံရတာမို့ ထူးခြားပြောင်မြောက်တဲ့ စွမ်းအားတွေ ရှိနေမှာ အသေအချာပါပဲ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စား ကြည့်ရှုကြရအောင်ပါ"
ရှောင်ဟန်က VIP ခုံတန်းဆီသို့ မော့ကြည့်လိုက်ရာ မင်းသား ရွှီချင်းဟယ်အဖြစ် ဟန်ဆောင်ထားသော ချန်ရန့်ရွှယ်ကို လှမ်းမြင်လိုက်ရသည်။ သူမက ဒုတိယတန်းတွင် ထိုင်နေခြင်း ဖြစ်သည်။ ထိုအချိန်၌ ချန်ရန့်ရွှယ်သည်လည်း ရှောင်ဟန်ကို လှမ်းကြည့်နေပြီး နှစ်ယောက်သား အကြည့်ချင်း ဆုံမိသွားကြရာ ရှောင်ဟန်က သူမကို ပြုံးပြလျက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ရွှီချင်းဟယ်၏ အရှေ့ ပထမတန်းတွင် လူသုံးဦးသာ ထိုင်နေကြသည်။ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် မခက်ခဲလှချေ။ အလယ်တွင် ထိုင်နေသူမှာ ဧကရာဇ် ရွှီယဲ့ဖြစ်ပြီး ဘယ်ဘက်တွင် ထိုင်နေသူမှာ သိုင်းဝိညာဉ်ခန်းမ၏ ပလက်တီနမ် ဆရာတော် ဆာလက်စ်ဖြစ်ကာ ညာဘက်တွင် ထိုင်နေသူမှာမူ ခုနစ်ပါးရတနာ ဖန်မှန်ဂိုဏ်း၏ ဂိုဏ်းချုပ် နင်းဖုန်းကျိ ဖြစ်သည်။
လူကြိုက်အနည်းဆုံးဖြစ်သော ရှရက်ခ်အဖွဲ့ကမူ နောက်ဆုံးမှ ပေါ်ထွက်လာခဲ့သည်။ သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်များထံမှ လှောင်ရယ်သံများ စုပြုံထွက်ပေါ်လာတော့သည်။
"ဒီဝိညာဉ်သခင် ပြိုင်ပွဲကြီးမှာ အထူးဆန်းဆုံး အဖွဲ့ကတော့ ဒီအဖွဲ့ပဲ။ သူတို့က ဝတ်စုံအရောင်ကို ချေးစိမ်းရောင် သုံးထားကြတာပဲ။ အဲ့ဒီကျောင်းအုပ်ရဲ့ ခေါင်းကို တံခါးညှပ်ထားတာ နေမှာပါ"
"ဖားပြုပ်တစ်သိုက်ပဲ... ဒီလိုပုံစံနဲ့ ဝိညာဉ်သခင် ပြိုင်ပွဲကို ဘယ်လိုများ လာပြိုင်ရဲတာလဲ"
ထန်ဆန်းနှင့် သူ၏ အဖော်များသည် ပရိသတ်များ၏ လှောင်ပြောင်ကဲ့ရဲ့မှုများ ကြားမှပင် ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
အခမ်းအနားမှူးက မိတ်ဆက်ပေးသည်မှာ "နောက်ဆုံး ဝင်ရောက်လာတဲ့ အဖွဲ့ကတော့ ရှရက်ခ် အကယ်ဒမီ အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ တောက်ပပြီး ထူးခြားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ယုံကြည်ချက်တွေ ပြည့်နှက်နေကြပါတယ်။ သူတို့ရဲ့ မှတ်ပုံတင် ဆောင်ပုဒ်ကတော့ 'ပြိုင်ဘက်ကင်း ချန်ပီယံများ' ဖြစ်ပါတယ်။ သူတို့မှာ ကြီးမြတ်တဲ့ စိတ်ကူးတွေ ရှိနေတာမို့ ပြိုင်ပွဲမှာ ပိုပြီး ခရီးပေါက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်"
အခမ်းအနားမှူး စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပရိသတ်များထံမှ နောက်ထပ် လှောင်ရယ်သံများ သောသောညံသွားပြန်သည်။
ထို့နောက် ဧကရာဇ် ရွှီယဲ့က ပြိုင်ပွဲကြီး ဖွင့်လှစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၎င်းနောက်တွင်ပင် နင်းဖုန်းကျိ ကလည်း မိန့်ခွန်း ပြောကြားခဲ့သည်။
အခမ်းအနားမှူးက မေးမြန်းသည်မှာ - "ဂိုဏ်းချုပ်နင်းခင်ဗျာ... ထျန်းတူမြို့တော် နယ်မြေ ခြေစစ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အဖွဲ့ စုစုပေါင်း ၂၈ ဖွဲ့ ရှိပါတယ်။ ဘယ်အဖွဲ့က အကောင်းဆုံးလို့ ထင်ပါသလဲ"
နင်းဖုန်းကျိက အနည်းငယ် ပြုံးလိုက်ရင်း ဆိုသည်။ "ဗိုလ်လုပွဲကို မျိုးစေ့ချအဖွဲ့အဖြစ် တိုက်ရိုက်တက်ရောက်သွားတဲ့ ထျန်းဒူ တော်ဝင် အကယ်ဒမီ ပထမအဖွဲ့အပြင်... ကျွန်တော် မျှော်လင့်ချက်ကြီးကြီး ထားမိတဲ့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ရှိပါသေးတယ်။ သူတို့ဟာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ရုံတင်မကဘဲ ဒီဝိညာဉ်သခင် ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကိုတောင် ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်"
"အို... ဂိုဏ်းချုပ်နင်း အဲ့လောက်တောင် သဘောကျနေတဲ့ အဖွဲ့က ဘယ်အဖွဲ့ဖြစ်မလဲ ခင်ဗျာ"
"လောလောဆယ်တော့ မထုတ်ဖော်နိုင်သေးတာကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဒီပြိုင်ပွဲရဲ့ နောက်ဆုံး ချန်ပီယံဟာ ထျန်းဒူ အင်ပါယာကပဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
နင်းဖုန်းကျိ၏ စကားကြောင့် ပရိသတ်များအကြား အပြင်းအထန် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားခဲ့ပြီး ကွင်းအတွင်းရှိ ကျောင်းသားများပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူပြောနေသည့် အဖွဲ့မှာ မည်သည့်အဖွဲ့ ဖြစ်မည်ကို လူတိုင်းက ခန့်မှန်းနေကြသည်။
ရှောင်ဟန် တစ်ယောက်သာလျှင် သူရည်ညွှန်းနေသည်မှာ ရှရက်ခ်အဖွဲ့ကို ဖြစ်ကြောင်း သိရှိနေသည်။ ရှောင်ဟန်က ပြုံးလိုက်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်မှာ "နင်းဖုန်းကျိ... မင်း မှားသွားပြီ" ဟူ၍ ဖြစ်သည်။
နောက်တွင် ဆာလက်စ်က ပထမအချီ ခြေစစ်ပွဲအတွက် မဲနှိုက်ခြင်းကို ပြုလုပ်ခဲ့သည်။ ခြေစစ်ပွဲ စည်းမျဉ်းများအရ အဖွဲ့တစ်ဖွဲ့ချင်းစီသည် ကျန်ရှိသော ၂၇ ဖွဲ့စလုံးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရလဒ်အကောင်းဆုံး ထိပ်သီး ငါးသင်းသည်သာ ပတ်လည်အဆင့်နှင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
ထျန်းရွှေအဖွဲ့၏ ပထမအချီ ပြိုင်ဘက်မှာ အားနည်းလှသော ဆန်းနန် အကယ်ဒမီဖြစ်ပြီး ပွဲစဉ်ကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်သည်။ ယနေ့ ဖွင့်ပွဲ အခမ်းအနား အပြီးတွင် ထျန်းဒူ တော်ဝင် အကယ်ဒမီ ဒုတိယအဖွဲ့နှင့် ၎င်းတို့၏ ပထမဆုံး ပြိုင်ဘက်ဖြစ်သော ရှရက်ခ် အကယ်ဒမီတို့အကြား သရုပ်ပြပွဲ တစ်ပွဲသာ ရှိတော့သည်။
ပါဝင်ယှဉ်ပြိုင်ကြမည့် အကယ်ဒမီအားလုံး ပြန်လည် ဆုတ်ခွာသွားကြသည်။ ရှောင်ဟန်နှင့် သူ၏ အဖွဲ့သားများသည် ပြိုင်ပွဲဝင်များအတွက် အထူးပြင်ဆင်ထားသော ကြည့်ရှုရေး နယ်မြေသို့ ရောက်ရှိလာကြသည်။
ရွှယ်ဘင်းအာက ဝင်မေးသည်။ "ရှောင်ဟန်... စောစောက ဂိုဏ်းချုပ်နင်း ပြောသွားတဲ့ အဖွဲ့က ဘယ်အဖွဲ့လဲတော့ မသိဘူး၊ ဒါပေမဲ့ ငါတို့ မဟုတ်တာတော့ အသေအချာပဲ။ သူ သဘောကျတဲ့ အဖွဲ့က တော်တော်လေး စွမ်းအားကြီးမှာပဲနော်"
ရှောင်ဟန်က အထင်သေးဟန်ဖြင့် ပြုံးလိုက်ရင်း ဆိုသည်။ "သူပြောတဲ့အဖွဲ့က မကြာခင် ကွင်းထဲကို ရောက်လာတော့မှာပါ"
"တကယ်လား... တော်ဝင် အကယ်ဒမီ ဒုတိယအဖွဲ့ ဖြစ်နေမလား။ သူတို့မှာ အဲ့လောက် စွမ်းအား ရှိပုံမရပါဘူး"
"မဟုတ်ဘူး... ရှရက်ခ်အဖွဲ့ ဖြစ်ဖို့ ပိုများတယ်"
ရွှယ်ဘင်းအာက အနည်းငယ် အံ့အားသင့်သွားရသည်။ "မဖြစ်နိုင်တာ... ရှရက်ခ်က လူတွေ ကြည့်ရတာ အရမ်း ထူးဆန်းလွန်းတယ်၊ ဝိညာဉ်သခင်တွေနဲ့တောင် မတူဘူး"
"သူတို့က လူပြက်တစ်သိုက်နဲ့ တူတာတော့ အမှန်ပဲ။ ဒါပေမဲ့... အဲ့ဒီထဲက အနည်းငယ်သော သူတွေမှာ စွမ်းအား တချို့ ရှိကြတယ်၊ သို့သော်လည်း မပြောပလောက်ပါဘူး"