ကျောင်းအုပ်ကြီး ကျောက် ၏ ပြတ်သားသော သဘောထားကို မြင်သောအခါ နယ်မြေခံသံအမတ်ကြီးလည်း လက်လျှော့ကာ ပြန်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ အမှန်တော့ အစွန်းရောက်တိုက်ခိုက်ရေးလမ်းစဉ်ကို ဦးစားပေးသော ထျန်းရွှေ အကယ်ဒမီသည် ရေနှင့် ရေခဲပြင်ဆိုင်ရာ ဝိညာဉ်သခင်များအတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်ရေးအရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်သည်ကို သူကိုယ်တိုင်လည်း ရင်ထဲက ကောင်းကောင်းကြီး သိရှိနေပါသတည်း။
အခြားတစ်ဖက်တွင်မူ...
ရွှယ်ဘင်းအာ နှင့် အခြားသူများ အနားယူနေစဉ်အတွင်း ရှောင်ဟန် သည် သူတို့နှင့်အတူ စကားစမြည် ပြောဆိုနေမိသည်။
“ငါ မကြာခင် ထျန်းရွှေ မြို့တော် ကနေ ထွက်သွားရတော့မယ် ထင်တယ်၊ နောက်ဆို မင်းတို့ကို တွေ့ဖို့ ပိုတောင် ခက်သွားဦးမယ်”
“နှမြောစရာကောင်းလိုက်တာ၊ မင်းသာ မိန်းကလေးတစ်ယောက် ဖြစ်ရင် ငါတို့နဲ့အတူ အကယ်ဒမီမှာ နေလို့ရတာပေါ့”
ရှောင်ဟန် က အောက်သို့ ငုံ့ကြည့်ကာ လူလည်အပြုံးဖြင့် ဆိုလိုက်သည်။
“ဒါဆို... ငါ့ဟာငါ ဖြတ်ပစ်လိုက်ရမလား”
“အို... ဘာတွေ လာပြောနေတာလဲ၊ ရွံစရာကြီး”
မိန်းကလေးအနည်းငယ်မှာ ချက်ချင်းပင် မျက်နှာရဲတက်သွားကြပြီး ယူဟိုင်ရို နှင့် ကုချင်းပေါ် တို့က ဘယ်နှင့်ညာမှ ရှောင်ဟန် ၏ ခေါင်းကို လက်ညှိုးဖြင့် တို့ကာ ဆူပူကြလေသည်။
“မင်းရဲ့ ဦးနှောက်သေးသေးလေးထဲမှာ ဘာတွေ တွေးနေတာလဲ”
လင်းဇိရော့ သည် ရှောင်ဟန်အား ထျန်းရွှေ အကယ်ဒမီအတွင်းသို့ စိတ်တိုင်းကျ ဝင်ထွက်ခွင့် မပြုသော်လည်း ရှောင်ဟန် ကမူ အခွင့်အရေးရတိုင်း ခိုးဝင်လေ့ရှိသည်။ ယူဟိုင်ရို သည် ကိုးနှစ်အရွယ်ရှိပြီး ကုချင်းပေါ် မှာ ရှစ်နှစ်အရွယ် ရှိပြီဖြစ်သည်။ သူတို့သည် ရှောင်ဟန်နှင့် သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်ရာ မကြာခဏ မဆုံဖြစ်သော်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိကြပါသတည်း။
သူတို့ ဆူဆူညံညံ စနောက်နေကြစဉ်မှာပင် လင်းဇိရော့ လျှောက်လာခဲ့သည်။
“မင်္ဂလာပါ ကျောင်းအုပ်မင်း လင်း”
ယူဟိုင်ရို နှင့် ကုချင်းပေါ် တို့သည် ချက်ချင်းပင် ငြိမ်ကုပ်သွားကြပြီး ရွှယ်ဘင်းအာ နှင့် ရွှယ်ယွဲ့အာ တို့၏ ဘေးတွင် လိမ္မာယဉ်ကျေးစွာ မတ်တတ်ရပ်နေလိုက်ကြသည်။
လင်းဇိရော့ က ရွှယ်ယွဲ့အာ ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်၏။
“ဒီနေ့ကစပြီး သမီးကလည်း ငါတို့ ထျန်းရွှေ အကယ်ဒမီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ၊ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်နော်”
“ဟုတ်ကဲ့ ကျောင်းအုပ်မင်း လင်း၊ သမီး အစွမ်းကုန် ကြိုးစားပါ့မယ်”
လင်းဇိရော့ ခေါင်းညိတ်ပြပြီးနောက် အကြည့်ကို ရှောင်ဟန် ထံသို့ လွှဲပြောင်းလိုက်သည်။
“ရှောင်ဟန်... အနောက်က လိုက်ခဲ့”
ရှောင်ဟန် သည် ရှေ့မှ မိန်းကလေးလေးယောက်ကို မခွဲနိုင်မခွာရက်သောအကြည့်ဖြင့် ကြည့်ကာ နှုတ်ဆက်လိုက်ရုံသာ တတ်နိုင်ရှာသည်။
“တာ့တာပါ အစ်မတို့ရေ”
“တာ့တာ ရှောင်ဟန်”
ယူဟိုင်ရို နှင့် ကုချင်းပေါ် တို့လည်း အနည်းငယ် နှမြောတသ ဖြစ်သွားကြသည်။ ထွက်ခွာသွားသော ရှောင်ဟန် ၏ ကျောပြင်ကို ကြည့်ရင်း ရွှယ်ယွဲ့အာ က ဆိုလာ၏။
“အစ်မ... ဒီနေ့ ရှောင်ဟန် နဲ့ ပထမဆုံးအကြိမ် တွေ့တာဆိုပေမဲ့ သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲနော်”
“အင်း... နည်းနည်းတော့ လူပေလူတေ ပုံစံပေါက်နေတာပဲ”
လင်းဇိရော့ က ရှေ့မှ လျှောက်လှမ်းနေပြီး ရှောင်ဟန် က အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
“မေမေ... သားတို့ ဘယ်သွားကြမလို့လဲ၊ အိမ်ပြန်မလို့လား”
“ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းကို သွားမလို့”
“ဘာလုပ်ဖို့လဲဟင်”
“ရောက်ရင် သိလိမ့်မယ်”
မကြာမီမှာပင် သူတို့နှစ်ဦး ကျောင်းအုပ်ကြီး ကျောက် ၏ ရုံးခန်းသို့ ရောက်ရှိလာကြသည်။
“မင်္ဂလာပါ ကျောင်းအုပ်ကြီး ကျောက်”
“ရှောင်ဟန် ရောက်လာပြီပဲ”
ကျောင်းအုပ်ကြီး ကျောက် သည် ပုံမှန်ရှိနေကျ ခန့်ညားတည်ကြည်မှုကို ခေတ္တဖယ်ခွာထားပြီး ကြင်နာတတ်သော အဖွားအိုတစ်ဦးကဲ့သို့ ကြည့်ရှုနေသည်။
“ရှောင်ဟန်... မင်းက ငါတို့ အကယ်ဒမီမှာ တကယ်ပဲ နေပြီး ပညာသင်ချင်တာလား”
“ဒါပေါ့... အဲဒါ အဆင်ပြေလို့လားဟင်”
ကျောင်းအုပ်ကြီး ကျောက် က ခေါင်းညိတ်ပြလိုက်၏။
“ငါတို့ မင်းကို လက်ခံဖို့ ဆွေးနွေးခဲ့ကြတယ်၊ နောက်ဆုံးတော့ ခြွင်းချက်အနေနဲ့ မင်းကို ဒီမှာပဲ ထားဖို့ ဆုံးဖြတ်လိုက်တယ်”
“တကယ်ကြီးလား”
ရှောင်ဟန် မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လင်းဇိရော့ ဘက်သို့ လှည့်ကြည့်ရာ သူမကလည်း ခေါင်းညိတ်ပြသဖြင့် ဝမ်းသာသွားရသည်။
“တကယ်ပါပဲ ကောင်ဆိုးလေးရဲ့၊ မင်း လိုချင်တာ အောင်မြင်သွားပြီပေါ့”
“ဟုတ်တယ်... ကောင်းလိုက်တာ၊ မေမေ... သား မေမေ့ကို ခွဲမသွားချင်တော့ဘူး”
ကျောင်းအုပ်ကြီး ကျောက် က သဘောကျစွာ ရယ်မောလိုက်ပြီးနောက်...
“ရှောင်ဟန်... မင်းကို အကယ်ဒမီရဲ့ လူစာရင်းထဲ ထည့်ထားပေးမယ်၊ နောက်ဆို မင်း အကယ်ဒမီအသင်းထဲ ဝင်နိုင်ရင် အရံလူအဖြစ် ပါဝင်ခွင့်ရလိမ့်မယ်”
“လုံးဝ ပြဿနာမရှိပါဘူးဗျာ”
အကယ်ဒမီအနေဖြင့် သူသည် ယောက်ျားလေးတစ်ယောက် ဖြစ်နေသောကြောင့် လူခေါ်ယူမှုတွင် သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ဤသို့ စီစဉ်ပေးခြင်းဖြစ်ကြောင်း ရှောင်ဟန် သိရှိနားလည်ပါသည်။
“ရှောင်ဟန်... ငါ မင်းကို ကြိုပြောထားရမယ်၊ အကယ်ဒမီကို ရောက်လာပြီးရင် ကြိုးကြိုးစားစား လေ့ကျင့်ရမယ်၊ အရင်လို ဆိုးသွမ်းလို့ မရဘူး၊ မဟုတ်ရင် ငါ မင်းကို ပြန်လွှတ်လိုက်မှာပဲ၊ အဲဒီကျရင် ဘယ်သူမှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“သိပါပြီ မေမေ၊ ဒါနဲ့... သားရဲ့ ဝိညာဉ်စွမ်းအားက အဆင့် (၁၀) ကို ရောက်နေပြီ၊ ဝိညာဉ်သားရဲ သွားဖမ်းလို့ ရပြီလားဟင်”
“ဘာတွေ လောနေတာလဲ၊ ငါ ကိုယ်တိုင် ခေါ်သွားပေးမယ်”
“ရွှယ်ဘင်းအာ ရဲ့ ဝိညာဉ်စွမ်းအားကလည်း အဆင့် (၁၀) ကို ချိုးဖျက်သွားပြီထင်တယ်”
“ဟုတ်လား”
“အင်း... သူမ ဒီနေ့တင်ပဲ အဆင့်တက်သွားတာ”
ကျောင်းအုပ်ကြီး ကျောက် နှင့် လင်းဇိရော့ တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အလွန်ပင် စိတ်သက်သာရာရစွာ ပြုံးမိကြသည်။
“ဘင်းအာ က ပါရမီပါရုံတင်မကဘူး၊ ထက်မြက်ပြီး ပညာလိုလားတယ်၊ စိတ်တည်ငြိမ်မှုလည်း ရှိတယ်၊ သူမရဲ့ နောင်အနာဂတ် အောင်မြင်မှုတွေက မင်းနဲ့ငါ့ထက် မနိမ့်ကျနိုင်ဘူး”
“ဟုတ်ပါတယ်... သမီးလည်း သူမကို မျှော်လင့်ချက်အပြည့် ရှိပါတယ်”
“ဇိရော့... ကျောင်းဝင်ခွင့်ကိစ္စတွေ အားလုံး အဆင်ပြေသွားရင် ကလေးနှစ်ယောက်လုံးကို ရေခဲပြင်တောအုပ်ဆီ ခေါ်သွားပြီး ဝိညာဉ်သားရဲ ရှာဖွေပေးလိုက်ပါဦး”
“ကောင်းပါပြီ... သမီးလည်း အဲဒီလိုပဲ စိတ်ကူးထားပါတယ်”
ရှောင်ဟန် သည် မကြာမီ ရရှိတော့မည့် သူ၏ ပထမဆုံး ဝိညာဉ်ကွင်းကို အလွန် မျှော်လင့် စောင့်စားနေမိပါတော့သည်။
ညစာစားပြီးနောက် လင်းဇိရော့ သည် ရှောင်ဟန် ၏ အခန်းသို့ ရောက်လာခဲ့သည်။ မနက်ဖြန်မှစ၍ ရှောင်ဟန် သည် အကယ်ဒမီတွင် သွားရောက် နေထိုင်ရတော့မည် ဖြစ်သည်။
“ရှောင်ဟန်... ပစ္စည်းတွေ အားလုံး အသင့်ပြင်ပြီးပြီလား”
“ဟုတ်ကဲ့... အားလုံး အသင့်ပြင်ပြီးပါပြီ”
“ဒါက မင်းရဲ့ မိဘတွေ ချန်ထားခဲ့တဲ့ ပစ္စည်းနှစ်ခုပဲ၊ အခု မင်း ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာပြီဆိုတော့ ဒါတွေက အသုံးဝင်လာလိမ့်မယ်”
လင်းဇိရော့ က ပြောပြောဆိုဆိုဖြင့် သူမ၏လက်ထဲမှ သေတ္တာကို ရှောင်ဟန် ထံသို့ ကမ်းပေးလိုက်သည်။ ရှောင်ဟန် သည် မစောင့်ဆိုင်းနိုင်တော့ဘဲ ချက်ချင်းပင် လှမ်းယူ၍ ဖွင့်ကြည့်လိုက်၏။
ထိုသေတ္တာထဲတွင် ပစ္စည်းနှစ်ခု ရှိနေသည်။ တစ်ခုမှာ ခါးပတ်တစ်ခုနှင့် တူပြီး အေးမြသော အငွေ့အသက်များ ဖြာထွက်နေသည်။ အခြားတစ်ခုမှာ စင်တီမီတာ သုံးဆယ်ခန့် ရှည်လျားသော ဓားမြှောင်တိုတစ်စင်း ဖြစ်ပြီး ၎င်းထံမှလည်း အေးစိမ့်သော အရှိန်အဝါများ ထွက်ပေါ်နေပါသတည်း။
“မေမေ... ဒါက ပစ္စည်းတွေ ထည့်သိမ်းရတဲ့ ဝိညာဉ်သိုလှောင်ကိရိယာလား”
“ဟုတ်တယ်... ဒါကို ‘နှင်းဝိညာဉ်ပိုးခါးပတ်’ လို့ ခေါ်တယ်၊ သိုလှောင်မှု နေရာလွတ် အကျယ်ကြီးရှိပြီး သက်ရှိအရာတွေကိုတောင် ထည့်သိမ်းထားလို့ ရတယ်၊ မင်း စမ်းကြည့်လိုက်ဦး”
“ကောင်းပြီ”
ရှောင်ဟန် သည် နှင်းဝိညာဉ်ပိုးခါးပတ်ကို သူ၏ ခါးတွင် ပတ်လိုက်ရာ ချက်ချင်းပင် အေးမြသော ခံစားချက်ကို ရရှိသွားသည်။ ထို့နောက် ပစ္စည်းအချို့ကို ထည့်သွင်းလိုက်၊ ထုတ်လိုက်ဖြင့် စမ်းသပ်ကြည့်လေသည်။
“တကယ်ကို အသုံးဝင်တာပဲ”
ရှောင်ဟန် က ပြောပြီးနောက် ဓားမြှောင်ကို ကောက်ကိုင်ကာ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ဓားသွားမှာ ရေခဲပွင့်ကဲ့သို့ ပါးလွှာလှပြီး စူးရှတောက်ပသော အအေးဓာတ် အလင်းရောင်ကြောင့် မျက်စိကိုပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရသည်။
“ဒီဓားမြှောင်တိုကို ရေခဲခြင်ဆီနဲ့ အအေးဓာတ်သံရိုင်းတို့ ပေါင်းစပ်ပြီး သွန်းလုပ်ထားတာ၊ သတ္တုတွေ၊ ကျောက်တုံးတွေကိုပါ ဖြတ်တောက်နိုင်လောက်အောင် အလွန် ထက်မြက်လှတယ်”
“တကယ့်ကို အဖိုးတန်ဓားတစ်စင်းပါပဲ”
လင်းဇိရော့ က မျက်ဝန်းများ အနည်းငယ် နီမြန်းလျက် ခေါင်းညိတ်ပြရှာသည်။ ရှောင်ဟန် က စနောက်လိုက်၏။
“မေမေ... သား မနက်ဖြန် ကျောင်းအဆောင် သွားနေရတော့မယ်ဆိုတော့ သားကို မခွဲနိုင်ဖြစ်နေတာလား”
“မင်း သွားတာပဲ ကောင်းပါတယ်၊ ငါတစ်ယောက်တည်း ဆိုရင် ဘယ်လောက်တောင် တိတ်ဆိတ်အေးချမ်းသွားမလဲ မသိဘူး”
“ဒါဆို မေမေက ဘာလို့ မျက်ရည်ဝဲနေရတာလဲ”
လင်းဇိရော့ က သက်ပြင်းတစ်ချက် ချလိုက်ပြီး...
“ဒီပစ္စည်းနှစ်ခုက အမှန်တော့ မင်းရဲ့ မိဘတွေက မင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပေးဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြတာ၊ ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့ဟာ...”
ရှောင်ဟန် ၌ ယခုဘဝ၏ မိဘများနှင့် ပတ်သက်သော အမှတ်တရများ လုံးဝ မရှိချေ၊ သူတို့နှင့် ပတ်သက်သမျှကို လင်းဇိရော့ ပြောပြချက်အရသာ ကြားဖူးခြင်း ဖြစ်သည်။
“မေမေ... သား အခု ကြီးပြင်းလာပါပြီ၊ နောင်တစ်ချိန်မှာလည်း အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်၊ ဒါကြောင့် သားရဲ့ မိဘတွေ ဘယ်လိုမျိုး ကွယ်လွန်သွားခဲ့ရလဲဆိုတာ သားကို ပြောပြပေးလို့ ရမလားဟင်”
လင်းဇိရော့ က ခေါင်းညိတ်လိုက်၏။
“မင်းကို ပြောပြရမယ့် အချိန် ရောက်ပါပြီ၊ မင်းရဲ့ မိဘတွေ အပါအဝင် လူတစ်စု (၁၀) ယောက်ဟာ ရေခဲပြင်တောအုပ်ထဲမှာ အလွန် ရက်စက်ကြမ်းကြုတ်တဲ့ ဝိညာဉ်သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ကြရတယ်၊ ပျံသန်းနိုင်စွမ်းရှိတဲ့ အလျင်နှုန်း တိုက်ခိုက်ရေးစနစ် ဝိညာဉ်သခင် တစ်ယောက်ပဲ လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ကိုးယောက်စလုံးကတော့ ထိုဝိညာဉ်သားရဲရဲ့ ဝါးမြိုခြင်းကို ခံလိုက်ကြရတယ်”
“အဲဒါ ဘယ်လို ဝိညာဉ်သားရဲမျိုးလဲဟင်”
“လွတ်မြောက်လာသူရဲ့ ပြောပြချက်အရတော့ အဲဒါဟာ တစ်ကိုယ်လုံး နက်မှောင်ပြီး အလျား ရှစ်မီတာကျော် ရှည်လျားတဲ့ ကျားကြီးတစ်ကောင်ပဲ၊ အဲဒီ ဝိညာဉ်သားရဲက အကောင်ကြီးမားပေမဲ့ အရှိန်နှုန်းကတော့ အလွန်အမင်း မြန်ဆန်လှတယ်၊ ထိုလူဟာ ၎င်းရဲ့ ပုံပန်းသဏ္ဌာန် အပြည့်အစုံကို သေချာ မမြင်လိုက်ရဘဲ အခင်းဖြစ်ပွားရာနေရာကနေ အမြန်ဆုံး ထွက်ပြေးလွတ်မြောက်ခဲ့ရတာပဲ ဖြစ်တယ်”