အခန်း (၃၈) - နှစ်တစ်သောင်း ရေခဲကင်းမြီးကောက်
ဝက်ခြမ်းခွဲခန့် ကြာမြင့်ပြီးနောက် ရှောင်ဟန်နှင့် သူ၏အပေါင်းအပါ ငါးယောက်တို့သည် 'နှင်းခဲတောအုပ်' သို့ ရောက်ရှိလာကြပါ၏။ သူတို့သည် ရှေးဦးစွာ ရွှယ်ယွဲ့အာနှင့် သင့်လျော်မည့် ဝိညာဉ်သားရဲတစ်ကောင်ကို ရှာဖွေကာ အမဲလိုက်ပေးခဲ့ကြသည်။ ဝိညာဉ်ကွင်းကို စုပ်ယူပြီးနောက် ရွှယ်ယွဲ့အာ၏ ဝိညာဉ်စွမ်းအားသည် အဆင့် ၃၅ သို့ တိုက်ရိုက်ရောက်ရှိသွားပြီး ပြင်းထန်သော တိုက်ခိုက်မှုစွမ်းရည်ဖြစ်သည့် (ရေခဲလှံချက်) ဝိညာဉ်စွမ်းရည်ကိုလည်း ရရှိခဲ့လေသည်။
ယခုတစ်ခေါက်ခရီးစဉ်တွင် ရှောင်ဟန်၊ ရွှယ်ဘင်းအာနှင့် ရွှယ်ယွဲ့အာတို့အပြင် လင်းဇိရော့သည်လည်း သူမ၏ အဋ္ဌမမြောက် ဝိညာဉ်ကွင်းအတွက် ဝိညာဉ်သားရဲကို အမဲလိုက်ရန် လိုအပ်နေခြင်း ဖြစ်ပါသည်။ ထို့အပြင် ရွှယ်ဝုသည်လည်း စတုတ္ထမြောက် ဝိညာဉ်ကွင်းကို ရရှိရန် အခွင့်အရေး ရှိနေပေသည်။ သူမသည် လောလောဆယ်တွင် အဆင့် ၄၀ အတားအဆီးသို့ ရောက်ရှိနေပြီး ဆန်းပြားဆေးပင်ကို စုပ်ယူထားပြီးဖြစ်ရာ ကျင့်ကြံမှုအရှိန်မှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သဖြင့် မကြာမီပင် အဆင့်တက်လှမ်းနိုင်လိမ့်မည် ဖြစ်ပါ၏။
လူအုပ်စုသည် ရှောင်ဟန်နှင့် ရွှယ်ဘင်းအာတို့အတွက် သင့်လျော်မည့် ဝိညာဉ်သားရဲများကို တောအုပ်အတွင်း ဆက်လက်ရှာဖွေခဲ့ကြသည်။ ရက်အနည်းငယ်ကြာ ရှာဖွေပြီးနောက် ချိုင့်ဝှမ်းတစ်ခုအတွင်း၌ 'နှင်းပြာဖီးနစ်ငှက်' တစ်ကောင်ကို နောက်ဆုံးတွင် တွေ့ရှိခဲ့ကြလေတော့သည်။
လင်းဇိရော့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားကာ - "ဒါက သက်တမ်း တစ်သောင်းနီးပါးရှိတဲ့ နှင်းပြာဖီးနစ်ငှက်ပဲ"
"မေမေ... ဒါက ဘင်းအာရဲ့ စတုတ္ထမြောက် ဝိညာဉ်ကွင်းအတွက် အကောင်းဆုံးပဲဗျ" ရွှယ်ဘင်းအာသည် သွေးနီနှလုံးကွဲဆေးပင်ကို စုပ်ယူထားပြီးဖြစ်ရာ ၎င်း၏စွမ်းအားကို တောင့်ခံနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ရှောင်ဟန်က ဆိုလိုခြင်း ဖြစ်ပါသည်။
ထိုနှင်းပြာဖီးနစ်ငှက်သည် နက်ရှိုင်းသော ချိုင့်ဝှမ်းအတွင်း၌ ငြိမ်သက်စွာ နားခိုနေပြီး ၎င်း၏ပတ်ဝန်းကျင်တွင် လေထုကိုပင် အေးခဲစေနိုင်လောက်သော အေးစိမ့်သည့် အငွေ့အသက်များ ဖုံးလွှမ်းလျက် ရှိနေပါ၏။ ၎င်း၏ ခန္ဓာကိုယ်မှာ သွယ်လျ၍ ကျော့ရှင်းလှပပြီး အမွှေးအတောင်များမှာလည်း အေးမြဆွဲဆောင်မှုရှိသော အပြာရင့်ရောင် တောက်ပနေသည်။ နှုတ်သီးမှာ ချွန်ထက်သွယ်လျကာ ထက်မြက်သော ရေခဲဓားသွားကဲ့သို့ အေးစက်သော အလင်းတန်းများ ဖြာထွက်နေ၏။ နက်ရှိုင်းလှသော ထိုမျက်ဝန်းအစုံတွင် လူတို့ကို တုန်လှုပ်စေမည့် အေးစက်မှုနှင့် အရှိန်အဝါတို့ ကိန်းအောင်းနေသဖြင့် မည်သူမျှ တည့်တည့်မကြည့်ဝံ့ကြချေ။
ရှောင်ဟန်နှင့် သူ၏အဖော်များ ရောက်ရှိလာခြင်းက ၎င်း၏ အာရုံကို ဖမ်းစားလိုက်သည်။ ၎င်းသည် ရုတ်တရက် အတောင်ပံများကို ဖြန့်ကာ ဝေဟင်သို့ ပျံတက်သွားပြီး လူစုကို စတင်တိုက်ခိုက်လေတော့သည်။
"အားလုံးပဲ... သတိထားကြ" ရှောင်ဟန်က ပြောပြောဆိုဆိုဖြင့် သူ၏ သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းများကို ထုတ်ဖော်ကာ ရှေ့ဆုံးမှ ထွက်၍ ရင်ဆိုင်လိုက်သည်။
နှင်းပြာဖီးနစ်၏ အမွှေးအတောင်တိုင်းတွင် အဆုံးမဲ့သော စွမ်းအားနှင့် အေးစက်မှုများ ကိန်းအောင်းနေပုံရပါ၏။ ၎င်းက အတောင်ပံကို အသာအယာ ခတ်လိုက်သည်နှင့် ရေခဲစူးပေါင်းများစွာသည် လူစုထံသို့ တိုးဝင်လာခဲ့သည်။ ရှောင်ဟန်သည် လေးကြိုးကို အစွမ်းကုန်ဆွဲကာ သူ၏ ဒုတိယ ဝိညာဉ်စွမ်းရည်ဖြစ်သော ' (မြှားတစ်သောင်း ပစ်ခတ်မှု) ကို အသက်သွင်းလိုက်လေသည်။ ရှောင်ဟန်၏ ထိန်းချုပ်မှုအောက်တွင် မြှားပေါင်းများစွာသည် ချက်ချင်းပင် ထူထပ်လှသော နှင်းပြာရောင် မြှားမိုးကြီးအဖြစ် ပြောင်းလဲသွားပြီး ဝေဟင်ထက်၌ နှင်းပြာဖီးနစ်၏ ရေခဲစူးများနှင့် ပြင်းထန်စွာ ထိတွေ့မိရာ တကျွတ်ကျွတ် တကျိကျိနှင့် ကွဲကြေသံများ ထွက်ပေါ်လာခဲ့သည်။ ရှောင်ဟန်၏ မြှားများထဲတွင် 'အေးစက်သော မီးလျှံ' များ ပေါင်းစပ်ထားသဖြင့် တိုက်ခိုက်မှုစွမ်းအားမှာ ပိုမိုကြီးမားလှပေသည်။
ရုတ်တရက် လေထုထဲတွင် မြူနှင်းများ ဖုံးလွှမ်းသွားခဲ့၏။ ကောင်းကင်ယံမှ နှင်းပွင့်ကြီးများ ကျဆင်းလာသည်နှင့်အမျှ ရွှယ်ဘင်းအာနှင့် ရွှယ်ဝုတို့၏ သိုင်းဝိညာဉ်ပေါင်းစပ်မှု စွမ်းရည်သည်လည်း တိတ်တဆိတ် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ကြီးမားလှသော ရေခဲဖီးနစ်ကြီးတစ်ကောင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး နှင်းပြာဖီးနစ်ငှက်ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေတော့သည်။
ရွှယ်ဘင်းအာသည် သွေးနီနှလုံးကွဲဆေးပင်ကို စုပ်ယူပြီးနောက် သူမ၏ ရေခဲဖီးနစ် သိုင်းဝိညာဉ်၏ စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ရွှယ်ဝုနှင့် ပေါင်းစပ်လိုက်သော စွမ်းရည်ကြောင့် သူမ၏ အစွမ်းမှာ ခေတ္တခဏမျှ 'ဝိညာဉ်ဧကရာဇ်' အဆင့်အထိ မြင့်တက်သွားခဲ့ရသည်။ သူမ၏ အဆုံးစွန်သော ရေခဲစွမ်းအားကြောင့် နှင်းပြာဖီးနစ်ငှက်၏ အရှိန်မှာ တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး မီတာအနည်းငယ်မျှ ပျံသန်းပြီးနောက်တွင်ပင် အောင်မြင်စွာ တားဆီးခြင်း ခံလိုက်ရလေသည်။ ရွှယ်ဘင်းအာသည် မဆိုင်းမတွဘဲ ဝေဟင်ထက်၌ပင် တိုက်ခိုက်ကာ ၎င်း၏ အသက်ကို နုတ်ယူလိုက်ပါတော့သည်။
တိုက်ပွဲမှာ မြန်ဆန်စွာပင် ပြီးဆုံးသွားခဲ့၏။ လင်းဇိရော့နှင့် ရွှယ်ယွဲ့အာတို့သည် တစ်လျှောက်လုံး ကြည့်နေခဲ့ကြပြီး မည်သည့် ဝင်ရောက်ကူညီမှုကိုမျှ မပြုလုပ်ခဲ့ကြချေ။
"မမတို့က တကယ်ကို အစွမ်းထက်တာပဲ"
ရွှယ်ဘင်းအာက အသာအယာ ပြုံးလျက် နှိမ့်ချစွာ ပြောလိုက်သည်။ "ဒါက ရှောင်ဟန်ရဲ့ 'မြှားတစ်သောင်း' နဲ့ သူ့ရဲ့ တိုက်ခိုက်မှုကို ဟန့်တားပေးနိုင်ခဲ့လို့ပါ... ဒါကြောင့်လည်း ရွှယ်ဝုနဲ့ ငါက သိုင်းဝိညာဉ်ပေါင်းစပ်မှု စွမ်းရည်ကို သုံးခွင့်ရခဲ့တာလေ"
လင်းဇိရော့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း - "မင်းတို့နှစ်ယောက်ရဲ့ နားလည်မှုက ပိုပိုပြီး ကောင်းလာသလို သိုင်းဝိညာဉ်ပေါင်းစပ်မှု စွမ်းရည်ကလည်း ပိုပြီး အားကောင်းလာတယ်"
"ဒါတွေအားလုံးက ရှောင်ဟန်ပေးတဲ့ ဆန်းပြားဆေးပင်တွေကို စုပ်ယူထားလို့ပါ"
"ဘင်းအာ... နင်က အရမ်းကို နှိမ့်ချလွန်းပါတယ်... ကဲ... အခု အဲဒီဝိညာဉ်ကွင်းကို မြန်မြန်စုပ်ယူလိုက်ပါဦး... ငါတို့ စောင့်ရှောက်ပေးထားမယ်"
"ကောင်းပါပြီ"
ရွှယ်ဘင်းအာသည် စိတ်တည်ငြိမ်အောင် ပြင်ဆင်ပြီးနောက် ဝိညာဉ်ကွင်းကို စတင်စုပ်ယူလေသည်။ ရှောင်ဟန်နှင့် အခြားသူများက ဘေးမှ စောင့်ဆိုင်းနေကြ၏။ သုံးနာရီခန့် ကြာပြီးနောက်တွင် ရွှယ်ဘင်းအာသည် ဝိညာဉ်ကွင်းကို အပြည့်အဝ စုပ်ယူပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသော ဝိညာဉ်စွမ်းအားများကြောင့် ရွှယ်ဘင်းအာမှာ မယုံကြည်နိုင်လောက်အောင် ခံစားနေရပါ၏။
ရှောင်ဟန်က အရင်ဆုံး လျှောက်လာပြီး - "ဘင်းအာ... ဘယ်လိုလဲ... ဝိညာဉ်စွမ်းအားတွေ အများကြီး တိုးသွားတယ်မလား"
"အင်း... နင်ပြောသလိုပါပဲ... အရင်က သိုလှောင်ထားတဲ့ ဝိညာဉ်စွမ်းအားတွေက ဝိညာဉ်ကွင်းအသစ်ကို ရလိုက်တော့မှ ပေါ်လာတော့တယ်"
ရွှယ်ယွဲ့အာက မအောင့်နိုင်ဘဲ မေးလိုက်သည်။ "မမ... အခု မမရဲ့ ဝိညာဉ်စွမ်းအားက ဘယ်အဆင့်ကို ရောက်သွားပြီလဲ"
"အဆင့် ၄၅"
"အဆင့် ၄၅ ဟုတ်လား" ရွှယ်ယွဲ့အာနှင့် ရွှယ်ဝုတို့ နှစ်ယောက်စလုံးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရသည်။
"အဲဒီဆန်းပြားဆေးပင်က ပန်းတွေရဲ့ ဘုရင်ဆိုတာ တကယ်ကို ထိုက်တန်တာပဲ... မမရဲ့ အဆင့်ကို ဒီလောက်အထိ မြှင့်တင်ပေးနိုင်တာ"
"ဟုတ်တယ်... ဒါတင်မကသေးဘူး... သူက ငါ့ရဲ့ ရေခဲဖီးနစ် စွမ်းအားကို ပိုပြီး ထိန်းချုပ်နိုင်အောင်လည်း ကူညီပေးတယ်"
ရှောင်ဟန်က နောက်ပြောင်လိုက်ရင်း - "အလွန်ကောင်းတာပဲ... ဘင်းအာရဲ့ ဝိညာဉ်စွမ်းအားက ငါ့ကိုတောင် ကျော်သွားပြီပေါ့"
"နင်မှ စတုတ္ထမြောက် ဝိညာဉ်ကွင်းကို မရသေးတာပဲလေ"
"ငါသိပါတယ်... ငါ စတုတ္ထမြောက် ဝိညာဉ်ကွင်းကို ရရင်တောင်မှ အဲဒါက သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်ကွင်း မဟုတ်ရင် အဆင့် ၄၅ ကို ရောက်ဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ သိတဲ့အတိုင်း ဒါက မဖြစ်နိုင်ဘူးလေ... ဟားဟား" ရှောင်ဟန်သည် ရွှယ်ဘင်းအာအတွက် တကယ်ကို ဝမ်းသာနေမိပါသည်။ ဆန်းပြားဆေးပင်ကို သုံးစွဲပြီးနောက် ရွှယ်ဘင်းအာ၏ ကံကြမ္မာမှာ အပြီးတိုင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါ၏။
ရွှယ်ဝုက - "ဘင်းအာ... နင့်ရဲ့ စတုတ္ထမြောက် ဝိညာဉ်စွမ်းရည်က ဘာလဲ"
"အဲဒါက တိုက်ခိုက်မှု မြှင့်တင်ပေးတဲ့ စွမ်းရည်ပါ... စောစောက နှင်းပြာဖီးနစ် သုံးသွားတဲ့ စွမ်းရည်နဲ့ ဆင်တူတယ်... ဒီစွမ်းရည်ကို သုံးလိုက်ရင် ငါ့ရဲ့ အတောင်ပံတွေကနေ အေးခဲစေတဲ့ အာနိသင်ပါတဲ့ ရေခဲစူးတွေနဲ့ တိုက်ခိုက်နိုင်တယ်... တစ်ချိန်တည်းမှာပဲ ငါ့ရဲ့ အရှိန်၊ တိုက်ခိုက်မှုနဲ့ ခံစစ်အားလုံးက ၁၀၀ ရာခိုင်နှုန်းစီ တိုးသွားလိမ့်မယ်... အဲဒီစွမ်းရည်ကို ငါက 'Phoenix Ice Thorn' (ဖီးနစ် ရေခဲစူး) လို့ အမည်ပေးထားတယ်"
ရှောင်ဟန်က ကြားဖြတ်၍ - "ဒီဝိညာဉ်စွမ်းရည်က တကယ်ကို ကောင်းတာပဲ... ဘင်းအာရဲ့ တိုက်ခိုက်မှုစွမ်းအားက တစ်ခါတည်းနဲ့ အများကြီး တိုးသွားတာပေါ့"
လင်းဇိရော့က ခေါင်းညိတ်ရင်း - "ဘင်းအာရဲ့ စတုတ္ထ ဝိညာဉ်စွမ်းရည်က တကယ်ကို ကောင်းပါတယ်... အရင်က ဝိညာဉ်စွမ်းရည်တွေနဲ့ ပေါင်းစပ်လိုက်ရင် ပြည့်စုံသွားပြီလို့တောင် ပြောလို့ရတယ်... ကဲ... နောက်ထပ် ရှောင်ဟန်အတွက် သင့်တော်မယ့် ဝိညာဉ်သားရဲကို ရှာဖို့ အလှည့်ရောက်ပြီ"
"ဟုတ်ကဲ့... သွားကြစို့"
လူစုသည် နှင်းခဲတောအုပ်၏ အနက်ရှိုင်းဆုံးပိုင်းသို့ ဖြည်းညှင်းစွာ ချီတက်ခဲ့ကြသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ပို၍ ပို၍ အေးစိမ့်လာပြီး တောအုပ်အတွင်းရှိ နှင်းထုမှာလည်း ထူထပ်လှသဖြင့် ခြေတစ်လှမ်းချင်းစီတိုင်းမှာ လေးလံသော အသံများ ထွက်ပေါ်နေ၏။
အားလုံးက ရှောင်ဟန်အတွက် သင့်တော်မည့် ဝိညာဉ်သားရဲကို သတိကြီးစွာဖြင့် ရှာဖွေနေစဉ်မှာပင် နှင်းထုအောက်မှ သိမ်မွေ့သော်လည်း ရင်လှုပ်ရှားဖွယ်ကောင်းသော တရှရှ မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှောင်ဟန်သည် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ထက်မြက်သော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ - "အားလုံးပဲ သတိထား... တစ်ခုခု လာနေပြီ"
စကားပင် မဆုံးသေးမီမှာပင် နှင်းထုမှာ ရုတ်တရက် အက်ကွဲသွားခဲ့ပြီး ကြည်လင်တောက်ပသော အပြာနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် ကြီးမားလှသော ဝိညာဉ်သားရဲတစ်ကောင်သည် ရုတ်ခြည်း ခုန်ထွက်လာကာ ရှောင်ဟန်ထံသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။ ၎င်း၏ မျက်ဝန်းများမှာ စိမ်းဖန့်ဖန့် အလင်းတန်းများ တောက်နေပြီး အမြီးဖျားရှိ သွယ်လျချွန်ထက်သော အဆိပ်ဆူးမှာ နေရောင်အောက်တွင် သေမင်းတမျှ အေးစက်သော အလင်းပြန်လျက် ရှိနေရာ ပြင်းထန်သော စွမ်းအားများ ကိန်းအောင်းနေသည်မှာ ထင်ရှားလှပေသည်။
"ဒါက (ရေခဲကျောက်စိမ်း ကင်းမြီးကောက်) ပဲ" လင်းဇိရော့သည် ထိုဝိညာဉ်သားရဲ၏ အမည်ကို မှတ်မိသွားပြီး တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရန် အသင့်ဖြစ်စေရန် သူမ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
ကင်းမြီးကောက်သည် အဆိပ်ရှိ သတ္တဝါငါးမျိုးတွင် အဓိက ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏ အဆိပ်ပြင်းမှုသည် ကင်းခြေများ၊ ပင့်ကူ၊ အဆိပ်ပြင်းမြွေ၊ အိမ်မြှောင်နှင့် ဖားပြုတ် စသည့် အဆိပ်ရှိ ဝိညာဉ်သားရဲများထက်ပင် ပိုမို အန္တရာယ်ကြီးလှ၏။ သို့သော် အဆုံးစွန်သော ရေခဲလမ်းစဉ်ကို လိုက်စားရန်အတွက် ရေခဲကျောက်စိမ်း ကင်းမြီးကောက် မျိုးနွယ်စုသည် အဆိပ်ကျင့်ကြံမှုကို စွန့်လွှတ်ကာ ရေခဲစွမ်းအင်အပေါ်၌သာ အဓိက အာရုံစိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။
သက်တမ်း တစ်သောင်းရှိသော ဤရေခဲကျောက်စိမ်း ကင်းမြီးကောက်ကို ရင်ဆိုင်ရချိန်တွင် လင်းဇိရော့မှာ ပေါ့ပေါ့ဆဆ မနေရဲချေ။ "ဒီရေခဲကျောက်စိမ်း ကင်းမြီးကောက်က သက်တမ်း တစ်သောင်းရှိပြီ... မင်းတို့တွေ နောက်ဆုတ်လိုက်ကြ"
"မေမေ... ဒီကောင်က အချိန်ကိုက် ရောက်လာတာပဲ... သူ့ကို သားရဲ့ စတုတ္ထမြောက် ဝိညာဉ်ကွင်းအဖြစ် အသုံးချပါရစေ" ရှောင်ဟန်မှာ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် အလွန်ပင် စိတ်လှုပ်ရှားနေပုံ ရပါ၏။
"နင် ရူးနေပြီလား ကောင်လေး... ဒါက သက်တမ်း တစ်သောင်းရှိတဲ့ ဝိညာဉ်သားရဲလေ"
"သားတို့ လိုချင်နေတာလည်း သက်တမ်း တစ်သောင်းရှိတဲ့ ဝိညာဉ်သားရဲပဲ မဟုတ်လား" ရှောင်ဟန်မှာ ယုံကြည်မှုများ ပြည့်နှက်နေသည်။ သူ၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် သက်တမ်း တစ်သောင်းရှိသော ဝိညာဉ်ကွင်းကို စုပ်ယူရန် မည်သည့် ပြဿနာမျှ ရှိမည်မဟုတ်ကြောင်း သူကိုယ်တိုင် ယုံကြည်နေခြင်း ဖြစ်ပါတော့သတည်း။