အခန်း (၃၇) - ဆယ်ဆင့်တိုင် တိုးတက်သွားခြင်း
ထို သွေးနီနှလုံးကွဲဆေးပင် သည် သုံးစွဲသူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အကြွင်းမဲ့ အသွင်ပြောင်းလဲပေးနိုင်ပြီး ဝိညာဉ်စွမ်းအားကိုလည်း အဆမတန် မြှင့်တင်ပေးနိုင်ကြောင်း ရှောင်ဟန် ကောင်းစွာ သိရှိပါသည်တကား။ ရွှယ်ဘင်းအာသည် ထိပ်တန်းအဆင့် သားရဲဝိညာဉ်ဖြစ်သော ရေခဲဖီးနစ်ကို ပိုင်ဆိုင်ထားသော်လည်း ဝိညာဉ်စွမ်းအား စတင်နိုးထလာခါစတွင် ထိုစွမ်းအားကို ပြည့်ပြည့်ဝဝ မထိန်းချုပ်နိုင်ခဲ့ပါ။ ထို့ကြောင့်ပင် ရောဂါဝေဒနာမှ ပြန်လည်သက်သာလာပြီးနောက် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုမိုကောင်းမွန်လာစေရန် တစ်နှစ်ခွဲကျော်မျှ အချိန်ပေးခဲ့ရသဖြင့် ပထမဆုံးနှစ်၌ သုံးလေးလခန့်သာ ကျင့်ကြံနိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအားမှာလည်း တစ်ဆင့်သာ တိုးတက်ခဲ့ရခြင်း ဖြစ်ပါသည်။ ယခုအချိန်အထိပင် ရွှယ်ဘင်းအာနှင့် ရွှယ်ဝုတို့၏ သိုင်းဝိညာဉ်ပေါင်းစပ်မှုစွမ်းရည် ဖြစ်သော 'နှင်းပွင့်လေဝင့်ရေခဲမုန်တိုင်း ' ကို အသုံးပြု၍ ရေခဲဖီးနစ် သိုင်းဝိညာဉ်၏ မူလအစွမ်းကို ထုတ်ဖော်သည့်အခါ၌လည်း သူမအနေဖြင့် အပြည့်အဝ မထိန်းချုပ်နိုင်သေးချေ။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။ ရွှယ်ဘင်းအာသည် သွေးနီနှလုံးကွဲဆေးပင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ရာ ၎င်းကို သုံးစွဲပြီးနောက် သူမ၏ ခန္ဓာကိုယ်နှင့် သိုင်းဝိညာဉ် နှစ်ခုစလုံးသည် အသွင်ပြောင်းလဲသွားတော့မည် ဖြစ်ပါ၏။
ရှောင်ဟန်က ပြုံးလျက် - "ဘင်းအာ... နင်က ဒီဆေးပင်ရဲ့ အသိအမှတ်ပြုမှုကို ရထားပြီဆိုတော့ မြန်မြန်ပဲ စားလိုက်ပါတော့"
ရွှယ်ဘင်းအာသည် သူမ၏ လက်ဖဝါးပေါ်ရှိ သွေးနီရောင်ဆေးပင်ကို စိုက်ကြည့်ရင်း အနည်းငယ် နှမြောတသ ဖြစ်နေမိပါသည်။ "ရှောင်ဟန်... နင်ပြောတော့ ဒီဆေးပင်က သခင်ကို အသိအမှတ်ပြုပြီးရင် ဘယ်တော့မှ မညှိုးနွမ်းတော့ဘူးဆို... ငါ ဒါကို စားဖို့ နည်းနည်း နှမြောမိလို့ပါ"
"ဒီဆေးပင်က နင့်ရဲ့ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံတင်မကဘူး၊ ရေခဲဖီးနစ်ရဲ့ အစွမ်းကိုလည်း ပိုပြီး ထိန်းချုပ်နိုင်အောင် ကူညီပေးလိမ့်မယ်... စားပြီးသွားရင် သူက နင်နဲ့ တစ်သားတည်း ပေါင်းစည်းသွားမှာဆိုတော့ နင့်ဘေးနားမှာ ပုံစံတစ်မျိုးနဲ့ ဆက်ရှိနေပေးတာနဲ့ အတူတူပါပဲ"
"ကောင်းပါပြီ"
ရွှယ်ဘင်းအာသည် သွေးနီနှလုံးကွဲဆေးပင်ကို ယူဆောင်ကာ အခန်း၏ အခြားတစ်ဖက်ထောင့်သို့ လျှောက်လှမ်းသွားခဲ့ပါသည်။
ထို့နောက် ရှောင်ဟန်သည် ဆန်းပြားသော ဆေးပင်နှစ်ပင်ကို ထပ်မံထုတ်ယူကာ ရှန်လျို့ယွီနှင့် ချိုးရုန့်ရွှေတို့ထံ ကမ်းပေးလိုက်ပြန်သည်။ "မမလျို့ယွီ... ဒီလိပ်နက်ချပ်ဝတ် ဆေးမြက်ပင် က မမနဲ့ အရမ်းလိုက်ဖက်ပါတယ်... သူက ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် မမရဲ့ ရင်ယုလင်းပိုင် သိုင်းဝိညာဉ်ရဲ့ ခံစစ်စွမ်းရည်ကိုလည်း တိုးတက်စေမှာပါ... ယူပြီး သုံးစွဲလိုက်ပါ"
"အင်း... ကျေးဇူးအများကြီးတင်ပါတယ် မောင်လေး"
"မမရုန့်ရွှေ... ဒီပင်လယ်တိမ်လှိုင်းနတ်သစ်ခွဆေးပင် ကတော့ ခန္ဓာကိုယ်ကို သန်မာစေပြီး သွေးကြောတွေကို အသက်ဝင်လန်းဆန်းစေလိမ့်မယ်... မမနဲ့ အလွန်ကို သင့်တော်ပါတယ်... သုံးစွဲပုံကတော့ သူတို့အတိုင်းပါပဲ... ယူလိုက်ပါဦး"
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် မောင်လေးငယ်"
ထိုမိန်းကလေး ခုနစ်ယောက်စလုံးသည် အခန်း၏ ထောင့်အသီးသီးတွင် နေရာယူကာ မိမိတို့၏ ဆန်းပြားဆေးပင်များကို စုပ်ယူရန် ပြင်ဆင်ကြသဖြင့် အခန်းတစ်ခုလုံး ပြည့်နှက်သွားခဲ့ရသည်။
လင်းဇိရော့သည် ရှောင်ဟန်ထံသို့ လျှောက်လာရင်း - "ရှောင်ဟန်... မသေမျိုးဆေးပင်တွေကို ဝေငှပေးပြီးပြီဆိုတော့ အခု နင့်အလှည့် ရောက်ပြီမလား"
"ဟုတ်ကဲ့ မေမေ" ရှောင်ဟန်သည် နှင်းဝိညာဥ်ပိုးသားဆေးပင်ထဲမှ ထူးခြားဆန်းပြား ကောင်းကင်ယံ ဂန္ဓမာပန်းကို ထုတ်ယူလိုက်ကာ - "မေမေ... သား ဒါကို အခုပဲ သုံးစွဲတော့မယ်နော်"
"ကောင်းပြီ... မေမေ နင့်ကို စောင့်ရှောက်ပေးမယ်"
ရှောင်ဟန်သည် နေရာတွင် ဝင်ထိုင်လိုက်ပြီး ထိုဂန္ဓမာပန်း၏ ဝတ်ဆံနှင့် ပွင့်ဖတ်များကို တစ်ခုပြီးတစ်ခု စားသုံးကာ ဆေးအာနိသင် ပျော်ဝင်စေရန် ချက်ချင်းပင် စတင်ကျင့်ကြံလေတော့သည်။
အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့၏။
ရှောင်ဟန်သည် အားလုံးထဲတွင် ပထမဆုံး နိုးထလာသူ ဖြစ်ပါသည်။ ကြယ်ရှစ်ပွင့် ရေခဲမြက်နှင့် မီးလျှံမက်မွန်တို့ကို စုပ်ယူထားဖူးသဖြင့် ရှောင်ဟန်၏ ခန္ဓာကိုယ်ထဲတွင် 'ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်း' အသေးစားလေးတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေရရာ အခြားသော မသေမျိုးဆေးပင်များကို စုပ်ယူရာတွင် သူ့အတွက် အလွန်ပင် လွယ်ကူချောမွေ့နေခဲ့ခြင်း ဖြစ်ပါ၏။
လင်းဇိရော့က ရှောင်ဟန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ အလောတကြီး မေးမြန်းလိုက်သည်။ "ရှောင်ဟန်... ဘယ်လိုလဲ... နင့်ရဲ့ ဝိညာဉ်စွမ်းအား ဘယ်လောက်တောင် တိုးတက်သွားလဲ"
"မေမေ... သားရဲ့ ခန္ဓာကိုယ်က ပိုပြီးတော့ ကြံ့ခိုင်လာတယ်... မပြိုကွဲနိုင်သော ဝရဇိန်နယ်ပယ်ထဲ ရောက်သွားသလိုမျိုး ခံစားရတယ်... ဝိညာဉ်စွမ်းအားက ဘယ်လောက်အတိအကျ တိုးသွားလဲဆိုတာတော့ မသိရသေးပေမဲ့ ဘာပဲဖြစ်ဖြစ် အဆင့် ၄၀ ကိုတော့ ကျော်ဖြတ်သွားပြီဗျ"
"ဒါဆိုရင် အနည်းဆုံး လေးဆင့်လောက် တိုးသွားတာပေါ့... အလွန်ကောင်းတာပဲ... ဒါဆိုရင် ငါနဲ့အတူ နှင်းခဲတောအုပ်ကို သွားပြီး ဝိညာဉ်သားရဲတွေကို မဲဆောက်လို့ ရပြီပေါ့" လင်းဇိရော့သည် အလွန်အမင်း ဝမ်းသာသွားခဲ့ရသည်။
ရှောင်ဟန်သည် စတုတ္ထမြောက် ဝိညာဉ်ကွင်းကို မရရှိသေးသဖြင့် ပိုလျှံနေသော ဝိညာဉ်စွမ်းအားများ ရှိနေသော်လည်း အဆင့်အတိအကျကိုမူ မခန့်မှန်းနိုင်သေးချေ။ သို့သော် အဆင့် ၃၆ မှ အဆင့် ၄၀ ကျော်အထိ တိုက်ရိုက် ခုန်တက်သွားနိုင်ခဲ့ခြင်းအပေါ် သူကိုယ်တိုင်လည်း အလွန်ပင် ကျေနပ်မိလှပါသည်။
ရွှယ်ယွဲ့အာ နိုးလာသောအခါ မိမိကိုယ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရကာ - "ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ အများကြီး တိုးလာပါလား"
"ယွဲ့အာ... နိုးပြီလား... ဘယ်လိုခံစားရလဲ"
"အိမ်မက်မက်နေသလိုပဲ... ငါ့ရဲ့ ဝိညာဉ်စွမ်းအားက သုံးဆင့်ဆင့် တိုးသွားပြီး အဆင့် ၃၀ ကို ကျော်သွားပြီ... ဒါ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
ရှောင်ဟန်က တည်ငြိမ်စွာ ပြုံးလျက် - "ယွဲ့အာ... နင့်ရဲ့ စွမ်းအားက သုံးဆင့်တင်မကဘဲ ပိုတိုးလာတာပါ... နင်က တတိယ ဝိညာဉ်ကွင်းကို မရသေးလို့ ပိုလျှံနေတဲ့ ဝိညာဉ်စွမ်းအားတွေက ပေါ်မလာသေးတာ... ငါ့ခန့်မှန်းချက်အရ တတိယ ဝိညာဉ်ကွင်းကို ရပြီးရင် နင့်ရဲ့ ဝိညာဉ်စွမ်းအားက အဆင့် ၃၅ ဝန်းကျင်လောက်အထိ ရောက်သွားလိမ့်မယ်"
"ဒီလောက်အထိ တိုးတက်နိုင်မှာလား"
"သေချာတာပေါ့" ရွှယ်ယွဲ့အာသည် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
ယူဟိုင်ရို၊ ကုချင်းပေါ်၊ ရှန်လျို့ယွီနှင့် ချိုးရုန့်ရွှေတို့လည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြလေသည်။ "အားလုံးပဲ အဆင်ပြေရဲ့လား... ဝိညာဉ်စွမ်းအားတွေ ဘယ်လို တိုးတက်လာကြလဲ"
ယူဟိုင်ရိုက အံ့ဩတကြီး ရေရွတ်လိုက်သည်။ "ရှောင်ဟန်... နင့်ရဲ့ ဆေးမြက်က တကယ်ကို ဆန်းကြယ်တာပဲ... ငါ့ရဲ့ ဝိညာဉ်စွမ်းအားက ငါးဆင့်တောင် တိုးသွားပြီး အဆင့် ၃၇ ကို တိုက်ရိုက် ရောက်သွားတယ်"
"ငါးဆင့်တောင်လား... မဆိုးပါဘူး" ရှောင်ဟန်က ကုချင်းပေါ်၊ ရှန်လျို့ယွီနှင့် ချိုးရုန့်ရွှေတို့ကို ကြည့်ကာ ပြုံးလျက် - "မမ သုံးယောက်စလုံးလည်း ယွဲ့အာလိုပဲ အဆင့် ၃၀ ကို ကျော်ဖြတ်သွားပြီ ထင်တယ်... ဒါပေမဲ့ တတိယ ဝိညာဉ်ကွင်း မရှိသေးတော့ အဆင့်အတိအကျကို မသိနိုင်သေးတာပေါ့"
ထိုမိန်းကလေး သုံးယောက်စလုံး အပြန်အလှန် ပြုံးပြလိုက်ကြပြီး - "ရှောင်ဟန်... နင်ပြောတာ မှန်ပါတယ်... တို့အားလုံး အဆင့် ၃၀ ကို ကျော်သွားကြပြီ"
"ဟုတ်ပါတယ်... မမတို့ တတိယ ဝိညာဉ်ကွင်းကို စုပ်ယူပြီးရင်တော့ ဝိညာဉ်စွမ်းအားက အဆင့် ၃၄ ဒါမှမဟုတ် ၃၅ လောက်အထိ ရောက်သွားလိမ့်မယ်"
"အဆင့် ၃၄ ဒါမှမဟုတ် ၃၅ အထိ ဟုတ်လား" မိန်းကလေးများ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော်လည်း ရှောင်ဟန်၏ ခန့်မှန်းချက်ကို အားလုံးက မျှော်လင့်တကြီး ရှိနေကြပါသည်။
ရွှယ်ယွဲ့အာက - "ရှောင်ဟန်... ဒါနဲ့ နင်ကော... စောစောက ဆေးပင်ကို စုပ်ယူပြီးပြီလား"
ရှောင်ဟန်က ခေါင်းအသာညိတ်ပြကာ - "အင်း... ငါလည်း အဆင့် ၄၀ ကို ကျော်သွားပြီ"
"အဆင့် ၄၀ ဟုတ်လား... တို့အားလုံးရဲ့ ရှေ့က ပြေးနေတဲ့ မောင်လေးငယ်ကတော့ တကယ်ကို အစွမ်းထက်ဆုံးပါပဲ"
"ဒါကတော့ အပြတ်အသတ် ပြောလို့မရသေးပါဘူး... ဘင်းအာသာ ထိုသွေးနီနှလုံးကွဲဆေးပင်ကို အပြည့်အဝ စုပ်ယူပြီးသွားရင် ငါ့ထက်တောင် သာလွန်သွားနိုင်တယ်"
"တကယ်ကြီးလား... အမကြီးစုပ်ယူနေတဲ့ ဆေးပင်က ဘာလဲဟင်... အဲဒီလောက်တောင် စွမ်းတာလား"
ချိုးရုန့်ရွှေက ပြုံးလျက် ရှောင်ဟန်ကိုယ်စား ရှင်းပြလိုက်သည်။ "ယွဲ့အာ... အဲဒီဆေးပင်က အလွန်ကို ထူးခြားတာ... တို့ထဲမှာ ဘင်းအာတစ်ယောက်ပဲ အဲဒီဆေးပင်ရဲ့ စုပ်ယူခွင့်ကို ရခဲ့တာလေ"
"အော်... ဒါဆိုရင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီပဲ"
အားလုံး၏ အကြည့်များသည် အခန်းထောင့်တွင် ဆေးပင်ကို စုပ်ယူနေဆဲဖြစ်သော ရွှယ်ဘင်းအာနှင့် ရွှယ်ဝုတို့ထံသို့ ရောက်ရှိသွားကြသည်။ ရွှယ်ဝုသည် မသေမျိုးဆေးပင် (ရှစ်ချပ်ပွင့်ဖတ် ဂန္ဓမာပန်း) ကို အရင်ဆုံး စတင်စုပ်ယူခဲ့သော်လည်း ယခုအချိန်အထိ မပြီးဆုံးသေးချေ။ သို့သော် ရွှယ်ဘင်းအာမှာမူ နိုးထလုနီးပါး လက္ခဏာများ ပြသနေပြီ ဖြစ်ပါ၏။
ခဏအကြာတွင် ရွှယ်ဘင်းအာသည် မျက်လုံးများကို ဖွင့်လိုက်သည်။ မိမိ၏ ခန္ဓာကိုယ်ထဲတွင် လှိုင်းတံပိုးကဲ့သို့ တိုးဝှေ့နေသော စွမ်းအားများကို ခံစားမိလိုက်ရသဖြင့် သူမကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရကာ သူမ၏ အစွမ်းသည် အဆင့်အတန်းတစ်ခုသို့ တဟုန်ထိုး ခုန်တက်သွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရပေသည်။
လူအချို့ လျှောက်လာကြပြီးနောက် ရှောင်ဟန်က - "ဘင်းအာ... နင် နောက်ဆုံးတော့ နိုးလာပြီပဲ"
ရွှယ်ဘင်းအာသည် ပြုံးလျက် ထရပ်လိုက်ကာ - "ရှောင်ဟန်... နင်ပြောတဲ့အတိုင်းပါပဲ... ငါ့ရဲ့ အစွမ်းတွေ အများကြီး တိုးတက်လာပြီ... ငါ့ရဲ့ ဝိညာဉ်စွမ်းအားက တစ်ပြိုင်နက်တည်း ငါးဆင့်တောင် တိုးသွားပြီး အဆင့် ၄၀ ကို တိုက်ရိုက် ကျော်ဖြတ်သွားခဲ့ပြီ"
"ဒါက ငါးဆင့်တင် မကလောက်ဘူး... ဆယ်ဆင့်တောင် ဖြစ်နိုင်တယ်"
"ဆယ်ဆင့် ဟုတ်လား... အဲဒါကြီးက ပိုလွန်းရာမကျဘူးလား" ရွှယ်ဘင်းအာအနေဖြင့် စိတ်ပင်မကူးရဲလောက်အောင် ဖြစ်နေရသည်။
ရှောင်ဟန်က တည်ငြိမ်စွာ ပြုံးလျက် - "ပိုလွန်းတာ မဟုတ်ပါဘူး... ဘာပဲဖြစ်ဖြစ် အဲဒါက ပန်းတွေရဲ့ ဘုရင်၊ နတ်ဘုရားတွေရဲ့ ရတနာပဲလေ... နင် စတုတ္ထမြောက် ဝိညာဉ်ကွင်းကို ရပြီးရင် သိရလိမ့်မယ်"
မိန်းကလေးအချို့သည် ရွှယ်ဘင်းအာကို ကြည့်ကာ သူမအတွက် ဝမ်းမြောက်ပေးနေကြသည်။ သူတို့အားလုံး ပျော်ရွှင်မှုများကို အတူတူ မျှဝေခံစားရင်း ရွှယ်ဝု နိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
နောက်ထပ် တစ်နာရီခန့် ကုန်လွန်သွားခဲ့သည်။
ရွှယ်ဝုသည် နောက်ဆုံးတွင် ရှစ်ပွင့်ပွင့်ဖတ် ဂန္ဓမာပန်း၏ ဆေးအာနိသင်အားလုံးကို အပြည့်အဝ စုပ်ယူပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ အခြားမိန်းကလေးများ နိုးထလာစဉ်ကကဲ့သို့ပင် ရွှယ်ဝုသည်လည်း အံ့အားသင့်ထိတ်လန့်နေရ၏။
ရွှယ်ဘင်းအာက အနားသို့ လျှောက်လာပြီး - "ရွှယ်ဝု... ဘယ်လိုနေလဲ... ဝိညာဉ်စွမ်းအား ဘယ်လောက် တိုးသွားလဲ"
"ငါ့အဆင့်က တစ်ပြိုင်နက်တည်း ငါးဆင့်တောင် တိုးသွားပြီး အဆင့် ၃၉ ကို တိုက်ရိုက် ရောက်သွားတယ်... ဒါ တကယ်ကို မယုံနိုင်စရာပဲ"
"တို့တွေအားလုံးလည်း အတူတူပါပဲ... ဝိညာဉ်စွမ်းအားတွေ အများကြီးစီ တိုးကုန်ကြတာ"
လင်းဇိရော့က ပြုံးလျက် - "ဂုဏ်ယူပါတယ် ကလေးတို့ရေ... မင်းတို့ရဲ့ စွမ်းအားတွေ အများကြီး တိုးတက်သွားပြီပဲ... ဟိုင်ရိုနဲ့ ရွှယ်ဝုကလွဲရင် ကျန်တဲ့သူတွေအားလုံး နောက်ထပ် ဝိညာဉ်ကွင်းတွေကို ရယူလို့ ရနေပြီ... အချိန်ကုန်သက်သာအောင် ဒီတစ်ခေါက်တော့ တို့တွေ လူခွဲပြီး သွားကြမယ်... ဟိုင်ရို၊ ချင်းပေါ်၊ လျို့ယွီ၊ ရုန့်ရွှေ... မင်းတို့ လေးယောက်က ဆရာမလျူနဲ့အတူ စတားဒို တောအုပ်ကြီးကို သွားကြ... ရှောင်ဟန်၊ ဘင်းအာ၊ ရွှယ်ဝုနဲ့ ယွဲ့အာတို့ကတော့ ငါနဲ့အတူ နှင်းခဲတောအုပ်ကို လိုက်ခဲ့ကြပါ"