ရွှယ်ဘင်းအာသည် အရာရာကို အကဲခတ်စဥ်းစားတတ်သော မိန်းကလေးတစ်ဦး ဖြစ်ပါသည်။ သူမသည် ဘေးနားတွင် ရပ်နေသော လင်းဇိရော့၏ အမူအရာမှာ အနည်းငယ် မသဘာဝကျဘဲ ပျက်ယွင်းနေသည်ကို သတိပြုမိလိုက်သည်။ လင်းဇိရော့၊ ရှောင်ဟန်တို့နှင့်အတူ နေဝင်ဆည်းဆာ တောအုပ်သို့ သွားရောက်ခဲ့စဥ်က ဒုကူးဘိုနှင့် ဆုံတွေ့ခဲ့ရသည်ကို ပြန်လည်တွေးတောမိရင်း ထိုခရီးစဥ်အတွင်း သူတို့နှစ်ဦး တစ်စုံတခုသော အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း သူမ ရိပ်မိလိုက်ပါသည်။
"ရှောင်ဟန်၊ အဲဒီ ဆေးဖက်ဝင်အပင်တွေကို ရှာရတာ အရမ်းခက်ခဲခဲ့တယ်မလားဟင်၊ မောင်လေး ဒဏ်ရာရခဲ့သေးလား"
"မရပါဘူး အစ်မရယ်၊ ကြည့်ပါဦး... ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ကဲပါ... စိတ်မပူပါနဲ့တော့၊ နောက်မှ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြပါ့မယ်"
ရှောင်ဟန်သည် ရွှယ်ဘင်းအာ ဘာတွေးနေသည်ကို ကောင်းစွာ နားလည်ပါသည်။ နှစ်ဦးသား နှစ်ရှည်လများ အတူတကွ ဖြတ်သန်းလာခဲ့ကြသဖြင့် အကြည့်တစ်ချက်ဖြင့်တင် အပြန်အလှန် သဘောပေါက်နိုင်သည့် သံယောဇဥ်မျိုး ရှိနေခဲ့ကြပြီ ဖြစ်ပါသည်။ ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်းသို့ မသွားရောက်မီကပင် ရွှယ်ဘင်းအာ စိုးရိမ်ပူပန်မည်ကို သူ သိရှိထားသောကြောင့် အမှန်တရားကို အသိမပေးခဲ့ခြင်း ဖြစ်ပါသည်။
ထို့နောက် ရှောင်ဟန်က - "ချစ်လှစွာသော အစ်မတို့ခင်ဗျာ၊ အခု ကျွန်တော်ပေးမယ့် မသေမျိုးဆေးပင်တွေဟာ လောကမှာ ရှာမှရှားတဲ့ ရတနာထူးတွေ ဖြစ်ကြပါတယ်၊ ဒါဟာ ကျွန်တော်တို့အကြားက လျှို့ဝှက်ချက်ဖြစ်လို့ တခြားဘယ်သူ့ကိုမှ အသိပေးလို့ မဖြစ်ပါဘူးနော်" ဟု ဆိုလိုက်သည်။
"ရှောင်ဟန် စိတ်ချပါ၊ တို့တွေ နားလည်ပါတယ်"
"ဟုတ်ပါသည်၊ မသေမျိုးဆေးပင်တွေကို စုပ်ယူတဲ့အခါ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် လိုအပ်ပါတယ်၊ ဆေးပင်တွေကို ရပြီးရင် ဒီနေရာမှာတင် စုပ်ယူလေ့ကျင့်ကြပါ၊ ကျွန်တော့်အမေက အစ်မတို့အတွက် ဘေးကနေ အကာအကွယ်ပေးထားပါလိမ့်မယ်"
"ကောင်းပါပြီ"
ရှောင်ဟန်သည် အသင်းဖော်များ ဆေးဖက်ဝင်အပင်များ သုံးဆောင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ ထို့ပြင် ထျန်းပင်းအဖွဲ့ဝင် တစ်ဦးချင်းစီ၏ တိကျသော ဝိညာဉ်စွမ်းအား အဆင့်များကို လွန်ခဲ့သော သုံးနှစ်ကတည်းက ပြင်ပသို့ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိပါချေ။ ထျန်းရွှေ အကယ်ဒမီတစ်ခုလုံးတွင် သူတို့ကိုယ်တိုင်မှလွဲ၍ ကျောင်းအုပ်ကြီး ကျောက်နှင့် ဆရာမ လျူယန့်တို့သာ ထိုအဆင့်များကို သိရှိကြပါသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မသေမျိုးဆေးပင်များကို သုံးဆောင်ပြီးနောက် ဝိညာဉ်စွမ်းအား အဆင့်အချို့ ရုတ်ချည်းတိုးတက်သွားခဲ့လျှင်ပင် ပြင်ပလူများအနေဖြင့် မည်သို့မျှ ရိပ်မိနိုင်မည် မဟုတ်ချေ။
"အစ်မတို့၊ အခု မသေမျိုးဆေးပင်တွေကို ဝေပေးပါတော့မယ်"
ရှောင်ဟန်က ပြောပြောဆိုဆိုဖြင့် သူ၏ ဆီးနှင်းပိုးသားအိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ ရွှယ်ဝုထံသို့ ကမ်းပေးလိုက်သည်။
"အစ်မ ရွှယ်ဝု၊ ဒါက အစ်မအတွက်ပါ"
အားလုံး၏ အကြည့်များသည် လက်ရာမြောက်လှသော ကျောက်စိမ်းသေတ္တာဆီသို့ ရောက်ရှိသွားကြသည်။ ထိုသေတ္တာမှာ ရှောင်ဟန် ဆိုတိုမြို့တော်မှ မထွက်ခွာမီက ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ရွှယ်ဝုသည် ပြုံးရွှင်စွာဖြင့် လှမ်းယူလိုက်ရင်း - "ကျေးဇူးပါမောင်လေး၊ ဒီသေတ္တာလေးက တကယ်လှတာပဲ၊ အထဲက ဆေးပင်ဟာလည်း တန်ဖိုးဖြတ်မရနိုင်တဲ့အရာ ဖြစ်ရမယ်" ဟု ဆိုသည်။
"ဖွင့်ပြီး ကြည့်လိုက်ပါဦး"
"အင်း"
အားလုံး၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ရွှယ်ဝုသည် ကျောက်စိမ်းသေတ္တာကို ဖွင့်လှစ်လိုက်သည်။ သေတ္တာပွင့်သွားသည့် တစ်ခဏ၌ အခန်းတစ်ခုလုံးတွင် စိတ်ကြည်လင်လန်းဆန်းစေသော သစ်ခွပန်းရနံ့များ ထုံသင်းပျံ့လွင့်သွားခဲ့သည်။
"မွှေးလိုက်တာ"
ကျောက်စိမ်းသေတ္တာထဲတွင် နှင်းကဲ့သို့ ဖြူစင်ကာ ကြည်လင်တောက်ပနေသော ရှစ်ပွင့်ဆိုင် သစ်ခွပန်းတစ်ပွင့် ရှိနေသည်။ ရှောင်ဟန်က - "အစ်မ ရွှယ်ဝု၊ ဒါကတော့ 'ကြယ်ရှစ်ပွင့် သစ်ခွဆေးပင်' ဖြစ်ပါတယ်၊ သူက ခန္ဓာကိုယ်ကို သန်မာစေပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်၊ ဆေးစွမ်းက အလွန်နူးညံ့ညင်သာပြီး စုပ်ယူရလွယ်ကူပေမယ့် အချိန်တော့ အနည်းငယ် ပေးရပါလိမ့်မယ်၊ အစ်မတို့လို ပံ့ပိုးမှုစနစ် ဝိညာဉ်သခင်တွေကို ပိုမိုမြင့်မားတဲ့ နယ်ပယ်ကို ရောက်အောင် ကူညီပေးနိုင်လို့ အစ်မနဲ့ အလွန်ကို ကိုက်ညီပါတယ်၊ သုံးဆောင်နည်းကတော့ အလွန်ရိုးရှင်းပါတယ်၊ ဝါးမြိုပြီး မျိုချလိုက်ရုံပါပဲ၊ ပြီးရင်တော့ ဝိညာဉ်စွမ်းအားကို စုစည်းပြီး ဆေးစွမ်းတွေကို ဖြည်းဖြည်းချင်း စုပ်ယူလေ့ကျင့်ရပါမယ်" ဟု ရှင်းပြလိုက်သည်။
"ကောင်းပါပြီ"
ရွှယ်ဝုသည် ဆေးပင်ကို ယူဆောင်ကာ အခန်းထောင့်တစ်နေရာသို့ သွားရောက်၍ လေ့ကျင့်လေသည်။
ထို့နောက် ရှောင်ဟန်သည် အခြားဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်ပြန်သည်။ ၎င်းမှာ စိမ်းမြသော ကြာပန်းနှင့် ဖြူစင်သော ကြာစွယ်ကဲ့သို့ ကြည်လင်တောက်ပနေပါသည်။ သူသည် ရွှယ်ယွဲ့အာထံသို့ ကမ်းပေးရင်း ပြုံး၍ ဆိုလိုက်သည် - "ယွဲ့အာ၊ ဒီပန်းကိုတော့ 'ရေနတ်သမီး ကျောက်စိမ်းကြွက်သားအရိုးပန်း' လို့ ခေါ်ပါတယ်၊ သူက အကြောအဆစ်တွေကို အားကောင်းစေပြီး သွေးလေလည်ပတ်မှုကို ကောင်းမွန်စေပါတယ်၊ နင့်ရဲ့ ရင်ယု လင်းပိုင် သိုင်းဝိညာဉ်နဲ့ အလွန်လိုက်ဖက်ပါတယ်၊ ရော့... ဒါနင့်အတွက်"
ရွှယ်ယွဲ့အာသည် ဆေးပင်ကို ပြုံးရွှင်စွာ လှမ်းယူရင်း ကလူမြူတူးသော အမူအရာဖြင့် - "ကျေးဇူးပါ ရှောင်ဟန်၊ နာမည်လေးက လှလိုက်တာ၊ ဒါနဲ့... ဒီပန်းက အသားအရေကို ပိုလှလာစေတဲ့ အာနိသင်ရော ရှိလားဟင်" ဟု မေးလိုက်သည်
"အတိအကျပဲပေါ့၊ ကဲ... သွားပြီး သုံးဆောင်တော့၊ သုံးဆောင်တဲ့အခါ ပန်းပွင့်ဖတ်တွေကိုပဲ စားရမယ်၊ ပြီးရင် ပန်းဝတ်ဆံကို ရှူသွင်းရမယ်၊ ဝိညာဉ်စွမ်းအားကို သုံးပြီး ဆေးစွမ်းကို နှိုးဆွရပါမယ်၊ စုပ်ယူနေချိန်မှာ စိတ်ကို တည်ငြိမ်အောင် ထားဖို့တော့ မမေ့နဲ့ဦးနော်"
"ဟုတ်ကဲ့၊ သိပါပြီရှင်"
ရွှယ်ယွဲ့အာသည် ဆေးပင်ကို ကိုင်ဆောင်ကာ အခြားထောင့်တစ်နေရာသို့ ပျော်ရွှင်စွာ ပြေးသွားလေသည်။
ရှောင်ဟန်သည် အခြားဆေးပင်တစ်ပင်ကို ထပ်မံထုတ်ယူကာ ယူဟိုင်ရိုထံသို့ ကမ်းပေးလိုက်သည်။ ထိုဆေးပင်သည် အလွန်အေးမြသော စမ်းရေတွင်းအနီးတွင် ပေါက်ရောက်တတ်ပြီး သန္တာကျောက်ကဲ့သို့ ပုံသဏ္ဌာန်ရှိကာ ရွှေရောင်လိုင်းကြောင်းလေးများ ယှက်သန်းနေပါသည်။
"အစ်မ ဟိုင်ရို၊ ဒီ 'သန္တာဝိညာဉ်မြင့်မြတ်ဆေးမြက်' က အစ်မနဲ့ အလွန်ကို သင့်တော်ပါတယ်၊ သူက သိုင်းဝိညာဉ်ကို အားကောင်းစေပြီး တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်၊ အစ်မ ရွှယ်ဝုလိုပဲ ဝါးမြိုပြီး မျိုချပါ၊ ပြီးရင် ဝိညာဉ်စွမ်းအားနဲ့ စုပ်ယူလိုက်ပါ"
"ကောင်းပါပြီ၊ ကျေးဇူးပဲ မောင်လေး"
ယူဟိုင်ရိုသည်လည်း ဆေးပင်ကို ယူ၍ ထွက်သွားခဲ့သည်။
ဆက်လက်၍ ရှောင်ဟန်သည် အခြားဆေးပင်တစ်ပင်ကို ကုချင်းပေါ်ထံသို့ ကမ်းပေးလိုက်ပြန်သည်။
"အစ်မ ချင်းပေါ်၊ ဒီ 'မြစ်ပြာရောင် လျင်မြန်ဆေးမြက်' က အစ်မရဲ့ ဆူးပြာတောင် လွှငါး သိုင်းဝိညာဉ်နဲ့ အလွန်လိုက်ဖက်ပါတယ်၊ သုံးဆောင်ပြီးရင် အစ်မရဲ့ အလျင်နှုန်းကို ပိုပြီးတော့ မြန်ဆန်လာစေမှာပါ၊ သုံးဆောင်နည်းကတော့ သူတို့နဲ့ အတူတူပါပဲ"
"ကောင်းပါပြီ၊ ကျေးဇူးပါပဲ ရှောင်ဟန်၊ မောင်လေးက တို့တွေရဲ့ ပြိုင်ဘက်မဟုတ်ဘဲ အသင်းဖော်ဖြစ်နေတာ တကယ်ကို ကံကောင်းတာပဲ"
ကုချင်းပေါ်သည် ပြောပြီးသည်နှင့် ဆေးပင်ကို ယူဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ယခုအခါ ရွှယ်ဘင်းအာ၊ ရှန်လျို့ယွီနှင့် ချိုးရုန့်ရွှေတို့ သုံးဦးသာ ဆေးပင်မရရှိသေးဘဲ ကျန်ရှိတော့သည်။ ရှောင်ဟန်သည် နောက်ထပ် ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ပန်းပွင့်ဖတ်များ သီးသန့်သာရှိပြီး အရွက် သို့မဟုတ် အမြစ်ဟူ၍ မရှိဘဲ ပန်းပွင့်အောက်ခြေတွင် နက်မှောင်သော ကျောက်တုံးတစ်တုံး တွဲဆက်နေသည့် ပီအိုနီပန်းနှင့် တူသော ပန်းဖြူတစ်ပွင့် ဖြစ်ပါသည်။ ဖြူစင်သော ပန်းပွင့်ဖတ်များအပေါ်တွင် သွေးကဲ့သို့ နီရဲသော အစက်အပြောက်အချို့ ထင်ဟပ်နေသည်မှာ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ၎င်းသည် ယခင်ဆေးပင်အားလုံးနှင့်မတူဘဲ ထူးခြားဆန်းပြားလွန်းလှသည်။
ရှောင်ဟန်သည် ရှေ့တွင်ရှိနေသော မိန်းကလေးသုံးဦးကို ကြည့်ကာ - "ဒီပန်းကို 'သွေးနီနှလုံးကွဲဆေးပင်' လို့ ခေါ်ပါတယ်၊ သူကတော့ မသေမျိုးဆေးပင်တွေထဲက နတ်ဘုရားအဆင့် ရတနာတစ်ပါး ဖြစ်ပါတယ်၊ ခန္ဓာကိုယ်က စုပ်ယူပြောင်းလဲဖို့ အလွန်လွယ်ကူပြီး အာနိသင်ကလည်း အရင်ဆေးပင်တွေထက် အဆပေါင်းများစွာ သာလွန်ပါတယ်၊ ဒါပေမဲ့ ဒီပန်းက သခင်ကို ရွေးချယ်တတ်ပါတယ်၊ အကယ်၍ ဒီပန်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရင်းနှီးပေးဆပ်မှုတစ်ခု ပြုလုပ်ရပါလိမ့်မယ်" ဟု ဆိုလိုက်သည်။
"အံ့ဩစရာကောင်းလိုက်တာ"
သူတို့သုံးဦးစလုံးသည် ထို 'သွေးနီနှလုံးကွဲဆေးပင်' ကို စူးစမ်းစွာ ကြည့်ရှုရင်း ၎င်း၏ ဆန်းကြယ်မှုတွင် စိတ်အာရုံ နစ်မြောသွားကြသည်။
ရှောင်ဟန်က ဆက်လက်၍ - "ဒီပန်းကို ခူးဆွတ်တဲ့အခါ၊ ကိုယ်အသက်ထက်မက ချစ်ရတဲ့သူကို စိတ်ထဲမှာ ပုံဖော်ပြီး နှလုံးသားထဲက သွေးတစ်ငုံကို ပန်းပွင့်ဖတ်တွေပေါ် ဆွတ်ဖျန်းရပါမယ်၊ ပန်းက သခင်အဖြစ် အသိအမှတ်ပြုပြီးရင်တော့ အနားမှာ ရှိနေသရွေ့ ဘယ်တော့မှ ညှိုးနွမ်းသွားမှာ မဟုတ်တော့ပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် စိတ်ရင်းမှန်ဖို့ လိုအပ်ပါတယ်၊ အကယ်၍ စိတ်နှလုံး မပြတ်သားဘဲ ဝေခွဲမရဖြစ်နေရင်တော့ သွေးတွေအန်ပြီး သေဆုံးသွားရင်တောင် ဒီပန်းကို ခူးဆွတ်နိုင်မှာ မဟုတ်ပါဘူး" ဟု ရှင်းပြလိုက်သည်။
ရှောင်ဟန်၏ စကားအဆုံးတွင် ရှန်လျို့ယွီနှင့် ချိုးရုန့်ရွှေတို့သည် ရွှယ်ဘင်းအာထံသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။ ပုံမှန်အားဖြင့် စကားနည်းတတ်သော ရှန်လျို့ယွီက - "ဒါက တကယ်ကို ရှားပါးလှတဲ့ အံ့ဖွယ်ပန်းပဲ၊ တို့ခုနစ်ယောက်ထဲမှာဆိုရင် ဘင်းအာတစ်ယောက်ပဲ ဒီပန်းရဲ့ အသိအမှတ်ပြုမှုကို ရနိုင်လိမ့်မယ် ထင်တယ်" ဟု ရုတ်တရက် ဆိုလိုက်သည်။
"ဟုတ်တယ်၊ ဘင်းအာ... နင် တစ်ချက်လောက် စမ်းကြည့်ပါလား" ဟု ချိုးရုန့်ရွှေကလည်း ထောက်ခံလိုက်သည်။
ရွှယ်ဘင်းအာ၏ မျက်နှာလေးမှာ အနည်းငယ် ရဲတက်သွားခဲ့သည်။ အစ်မများ ဘာကို ဆိုလိုသည်ကို သူမ ကောင်းစွာ နားလည်ပါသည်။ ထျန်းပင်းအဖွဲ့၏ မိန်းကလေး ခုနစ်ဦးထဲတွင် ရွှယ်ဘင်းအာနှင့် ရှောင်ဟန်တို့သည် ဆက်ဆံရေး အကောင်းဆုံး ဖြစ်ကြပါသည်။ သူတို့နှစ်ဦး သိကျွမ်းခဲ့သည်မှာ ခုနစ်နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ ဝိညာဉ်ကွင်းများ သွားရောက်ရှာဖွေသည့် အကြိမ်တိုင်းတွင် အတူတကွ ရှိနေခဲ့ကြပြီး တစ်ဦး၏ ကြီးထွားမှုကို တစ်ဦးက သက်သေအဖြစ် အမြဲရှိနေပေးခဲ့ကြသည်။ ပုံမှန်ရက်များတွင်လည်း ရှောင်ဟန်သည် အသက်တူသော ရွှယ်ဘင်းအာနှင့် ရွှယ်ယွဲ့အာတို့ကိုသာ နာမည်တိုက်ရိုက်ခေါ်လေ့ရှိပြီး ကျန်သူများကိုမူ "အစ်မ" ဟုသာ ရိုသေစွာ ခေါ်ဝေါ်လေ့ရှိပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရှောင်ဟန်သည် လင်းဇိရော့နှင့် ရွှယ်ဘင်းအာတို့အတွက် ပထမဆုံးအကြိမ် ညစောင့်ပေးခဲ့ဖူးသည်။ ထိုနေ့ နံနက်ခင်းတွင် ရွှယ်ဘင်းအာ မျက်လုံးဖွင့်ကြည့်လိုက်စဥ် သူမဘေး၌ အိပ်ပျော်နေသူမှာ ရှောင်ဟန် ဖြစ်နေသည်ကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း သူမ၏ နှလုံးသားအာရုံတွင် လှိုင်းဂယက်များ စတင်ဖြစ်ပေါ်ခဲ့ရသည်။ ထိုနေ့မှစ၍ သူမသည် မိမိထက် တစ်နှစ်ငယ်သော ဤမောင်ငယ်လေးအပေါ် တဖြည်းဖြည်း သံယောဇဥ် သက်ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။
ဤအခိုက်အတန့်တွင် မိန်းကလေးတစ်ယောက်၏ ရှက်သွေးဖြာနေသော မျက်နှာလေးသည် မည်သည့် အချစ်စကားလုံးများထက်မဆို ပိုမို၍ အဓိပ္ပာယ်ပေါ်လွင်နေတော့သည်။
ရှောင်ဟန်က - "ဘင်းအာ၊ တစ်ချက်လောက် စမ်းကြည့်မလားဟင်" ဟု တိုးညှင်းစွာ မေးလိုက်သည်။
"အင်း"
ရွှယ်ဘင်းအာသည် ညင်သာစွာ ခေါင်းညိတ်ပြရင်း သူမရှေ့ရှိ 'သွေးနီနှလုံးကွဲဆေးပင်' ကို နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ ဝိညာဉ်စွမ်းအားများ လည်ပတ်လာသည်နှင့်အမျှ သွေးလေများ နိုးကြွလာပြီး သွေးတစ်ငုံကို ပန်းပွင့်ဖတ်များပေါ်သို့ အုန်းခနဲ ထွေးထုတ်လိုက်လေသည်။
ရွှယ်ဘင်းအာ၏ မျက်ဝန်းများသည် ရှောင်ဟန်၏ မျက်ဝန်းများနှင့် ဆုံစည်းသွားသည့်အခါ သူမ၏ မျက်နှာလေးမှာ ပိုမို၍ နီမြန်းသွားခဲ့ရသည်။ ထိုစဥ် သွေးနီနှလုံးကွဲဆေးပင်သည် အောက်ခြေကျောက်တုံးပေါ်မှ ငြင်သာစွာ ကြွေကျလာပြီး ရွှယ်ဘင်းအာ၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ ဝဲပျံလာခဲ့သည်။
ရွှယ်ဘင်းအာသည် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်တန်းပေးလိုက်ရာ သွေးရောင်လွှမ်းသော ပန်းလေးသည် သူမ၏ လက်ဖဝါးပြင်ပေါ်သို့ သဘာဝအတိုင်း အသာအယာ သက်ဆင်းကျရောက်သွားခဲ့တော့သည်။
"ဘင်းအာ... တကယ် အံ့ဩဖို့ကောင်းလိုက်တာ၊ ပန်းက နင့်ကို သခင်အဖြစ် လက်ခံလိုက်ပြီပဲ"