တစ်လတာ လက်တွေ့တိုက်ပွဲ အတွေ့အကြုံများ ဆည်းပူးပြီးနောက်တွင် ထျန်းရွှေအဖွဲ့သား အားလုံးမှာ သိသိသာသာ တိုးတက်လာကြပါသတည်း။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များ မြှင့်တင်နိုင်ခဲ့ကြပြီး လက်တွေ့ အတွေ့အကြုံများ ပိုမို ရရှိလာကာ အချင်းချင်းကြား နားလည်မှုလည်း ပိုမို အချိတ်အဆက် မိလာကြ၏။
ဤတစ်လအတွင်း ရှောင်ဟန်သည် တိုက်ပွဲပေါင်း အများဆုံး ဆင်နွှဲခဲ့ပြီး အနိုင်ရလဒ် အများဆုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ ကျော်ကြားလှသော ဆိုတို ဝိညာဉ်ကွင်းကြီးအတွင်း တိုက်ပွဲပေါင်း ၁၀၀ စလုံးကို အပြတ်အသတ် အနိုင်ရရှိခဲ့ပါသတည်း။ ဤသို့ ငရဲကဲ့သို့ ပြင်းထန်လှသော လေ့ကျင့်မှုများကြောင့် သူ၏ ဝိညာဉ်စွမ်းအားမှာ နောက်ထပ် တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၃၅ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ရှောင်ဟန်မှအပ ရွှယ်ဘင်းအာသည် တိုက်ပွဲဝင် အကြိမ်ရေ အများဆုံး ဖြစ်ပြီး သူမသည် အဆင့် ၃၄ သို့ ချိုးဖျက် ရောက်ရှိသွားခဲ့၏။ ရွှယ်ဝုမှာ အဆင့် ၃၃၊ ယူဟိုင်ရိုမှာ အဆင့် ၃၁၊ ကုချင်းပေါ်မှာ အဆင့် ၂၈၊ ရှန်လျို့ယွီနှင့် ချိုးရုန့်ရွှေတို့မှာ အဆင့် ၂၇ အသီးသီး ရှိကြပြီး ရွှယ်ယွဲ့အာမှာမူ အဆင့် ၂၆ သို့ ရောက်ရှိနေပြီ ဖြစ်ပါသတည်း။
ရှောင်ဟန်၏ အကြံပြု လမ်းညွှန်မှုကြောင့် ရွှယ်ဘင်းအာနှင့် ရွှယ်ဝုတို့သည် အခြားသော သိုင်းဝိညာဉ် ပေါင်းစပ်မှု စွမ်းရည် ပုံစံတစ်မျိုးကို ဆန်းသစ် ဖော်ထုတ်နိုင်ခဲ့ကြ၏။ ၎င်းမှာ ကောင်းကင်ယံမှ ကျဆင်းလာသော နှင်းပွင့်များကို လွှသွားကဲ့သို့ ထက်မြက်လှသည့် နှင်းဓားသွားများအဖြစ် ပြောင်းလဲကာ ပြိုင်ဘက်ကို အဆက်မပြတ် ဖြတ်တောက် တိုက်ခိုက်နိုင်သည့် အေးခဲနှင်းမုန်တိုင်း ဝဲကရက်ကို ဖန်တီးခြင်းပင် ဖြစ်သည်။
ဤသိုင်းဝိညာဉ် ပေါင်းစပ်မှု စွမ်းရည်သည် ဖျက်ဆီးအား အလွန် ပြင်းထန်လှသဖြင့် လင်းဇိရော့က အဖွဲ့၏ ဝှက်ဖဲအဖြစ် သတ်မှတ်ပေးထားပြီး ဝိညာဉ်ကွင်း တိုက်ပွဲများတွင် ထုတ်မသုံးရန် တားမြစ်ထားခဲ့ပါသတည်း။
သူတို့ ရရှိခဲ့သည်မှာ အင်အား တိုးတက်လာရုံသာမက ငွေကြေး အမြောက်အမြားလည်း ပါဝင်၏။ ဝိညာဉ်ကွင်းဘက်မှ သတ်မှတ်ပေးသည့် လောင်းကြေး အဆမှာ တဖြည်းဖြည်း နည်းပါးသွားခဲ့သော်လည်း ရှောင်ဟန်သည် သူ၏ ထူးကဲသော သတ္တိနှင့် ပြည့်ဝသော ယုံကြည်ချက်တို့ကို အရင်းပြုကာ လောင်းကြေးထပ်ခြင်းဖြင့် ရွှေဝိညာဉ်ဒင်္ဂါးပေါင်း ၃၀,၀၀၀ အထိ ရှာဖွေနိုင်ခဲ့ပါသတည်း။
သူတို့ ထွက်ခွာသွားချိန်တွင် ဝိညာဉ်ကွင်း တာဝန်ခံမှာ သက်ပြင်းအရှည်ကြီးကို ချနိုင်တော့၏။ ရှောင်ဟန်တွင် အရှုံးမရှိ နိုင်ပွဲဆက်သည့် မှတ်တမ်းကောင်း ရှိနေသော်လည်း သူ ပါဝင်သည့် အဖွဲ့လိုက် တိုက်ပွဲနှင့် နှစ်ယောက်တွဲ တိုက်ပွဲ အကြိမ်ရေမှာ ပုံသေမရှိသလို၊ ဗဟိုတိုက်ပွဲကွင်း သို့လည်း တစ်ကြိမ်မျှ တက်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် မျိုးနွယ်စုကြီးအချို့က ရှောင်ဟန်အပေါ် လောင်းကြေးအပြင်းအထန် မထပ်ခဲ့ကြခြင်း ဖြစ်ကာ မဟုတ်ပါက ဝိညာဉ်ကွင်းကြီးမှာ ဆုံးရှုံးမှု ကြီးမားလှပေလိမ့်မည်။
ရှောင်ဟန်သည် ဗဟိုတိုက်ပွဲကွင်းသို့ သွားရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း သူ၏ အရည်အချင်းမှာ အပြည့်အဝ ရှိနေပြီးသား ဖြစ်၏။ ဆိုတို ဝိညာဉ်ကွင်းကြီးတွင်မူ သူချန်ရစ်ခဲ့သည့် ဒဏ္ဍာရီများ ကျန်ရစ်ခဲ့စမြဲပင်။
ယခုညသည် ရှောင်ဟန်နှင့် သူ၏ သူငယ်ချင်းများ ဟိုတယ်တွင် တည်းခိုမည့် နောက်ဆုံးည ဖြစ်ပါသတည်း။ မနက်ဖြန်တွင်မူ သူတို့အားလုံး ထျန်းရွှေ မြို့တော်သို့ ပြန်လည် ထွက်ခွာကြရတော့မည် ဖြစ်၏။ ရှောင်ဟန်သည် မိန်းကလေးများ၏ အခန်းသို့ ရောက်လာပြီး ငွေများကို ခွဲဝေပေးလိုက်၏။
"စီနီယာအစ်မတို့... ဒီတစ်လအတွင်းမှာ အစ်မတို့ အစက ချေးပေးခဲ့တဲ့ အရင်းအနှီးနဲ့ ကျွန်တော် ရွှေဝိညာဉ်ဒင်္ဂါး ၂၀,၀၀၀ ကျော် ရှာနိုင်ခဲ့ပါတယ်။ ပြီးတော့ အစ်မတို့နဲ့အတူ တိုက်ပွဲဝင်လို့ ရခဲ့တဲ့ ဆုကြေးငွေတွေပါ ပေါင်းလိုက်ရင် စုစုပေါင်း ၃၀,၀၀၀ ရှိပါတယ်ဗျာ"
"သုံးသောင်းကြီးများတောင်လား... ဒီလောက်တောင် များတာလား"
မိန်းကလေး အပြွတ်အသိပ်မှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြ၏။ သူတို့သည် ပြိုင်ပွဲတွင်သာ အာရုံစိုက်ထားကြပြီး လောင်းကြေးထပ်ခြင်းနှင့် ဆုကြေးငွေ ထုတ်ယူခြင်း ကိစ္စရပ်အားလုံးကို ရှောင်ဟန်ကိုသာ လွှဲအပ်ထားခဲ့ကြခြင်း ဖြစ်ရာ ဤမျှအထိ များပြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
"ဝိညာဉ်ကွင်းကနေ ကျွန်တော်တို့ရဲ့ လောင်းကြေးကို တမင် သက်သက်သာ မလျှော့ချခဲ့ရင် ဒီထက်မက ပိုရမှာပါ"
"ရှောင်ဟန်ရာ... သိပ်လည်း လောဘမကြီးပါနဲ့ဦး၊ ဒါတင်ပဲ တော်တော်လေး များနေပါပြီ"
"ဟုတ်ပတ်... ငါတို့ ဒီကို အတွေ့အကြုံလာယူရင်းနဲ့ ဒီလောက် ငွေအမြောက်အမြား ရှာနိုင်လိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး"
မိန်းကလေးများအတွက်မူ ဤသည်မှာ မမျှော်လင့်ဘဲ ရရှိလာသည့် လာဘ်လာဘကြီးပင် ဖြစ်တော့၏။ ရှောင်ဟန်က ပြုံးလျက် အကြံပြုလိုက်သည်။
"ဒီ ရွှေဝိညာဉ်ဒင်္ဂါး ၃၀,၀၀၀ ကို ကျွန်တော်တို့ ရှစ်ယောက် စလုံး အညီအမျှ ခွဲယူကြတာပေါ့"
ရွှယ်ဘင်းအာက ခေါင်းယမ်းလိုက်ပြီး -
"မဖြစ်ဘူးလေ... ဒီကိစ္စတွေ အားလုံးကို မင်းတစ်ယောက်တည်း စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ပေးခဲ့တာ။ အညီအမျှ ခွဲတာက မင်းအတွက် မတရားဘူး။ မင်းက ငါတို့ထက် ပိုရသင့်တာပေါ့"
"ခေါင်းဆောင် ပြောတာ မှန်တယ်... ရှောင်ဟန်သာ မရှိရင် ငါတို့ ဒီလောက် ငွေတွေ အများကြီး နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်... ရှောင်ဟန်က ငါတို့အတွက် အဝတ်အစားတွေ ဝယ်ပေးဖို့လည်း ပိုက်ဆံအများကြီး သုံးခဲ့သေးတယ်လေ"
မိန်းကလေးများက ယဉ်ကျေးစွာ ငြင်းပယ်ကြ၏။ ရွှယ်ဘင်းအာက ဆက်၍ အကြံပြုသည်။
"ငါတို့ တစ်ယောက်ကို ၂,၀၀၀ စီပဲ ယူပြီး ကျန်တာအားလုံးကို ရှောင်ဟန်ကို ပေးလိုက်ရင် ဘယ်လိုလဲ"
"ကောင်းတယ်... ငါ သဘောတူတယ်"
ရှောင်ဟန်က ခေါင်းယမ်းကာ ငြင်းဆိုလိုက်ပြီး -
"မဖြစ်ပါဘူး... ဒီအစပျိုး အရင်းအနှီးတွေက အစ်မတို့ဆီကပဲ လာတာလေ။ အစကတည်းက အညီအမျှ ခွဲမယ်လို့ ကတိပြုထားတာပဲ။ ကျွန်တော် အများကြီး ယူလိုက်ရင် စိတ်ထဲ မကောင်း ဖြစ်မိလိမ့်မယ်။ ဒီလိုလုပ်ရအောင်... အစ်မတို့ကို တစ်ယောက်ကို ၃,၀၀၀ စီ ပေးမယ်၊ ကျန်တဲ့ ၉,၀၀၀ ကိုတော့ ကျွန်တော် ယူမယ်လေ"
ထိုအခါမှ မိန်းကလေးများလည်း ဆက်မငြင်းကြတော့ဘဲ -
"ကောင်းပြီလေ... ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
"မနက်ဖြန် မပြန်ခင်မှာ ဒီပိုက်ဆံတွေနဲ့ မိမိတို့ ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ပါတယ်နော်။ ဒါတွေက ကိုယ်တိုင် ရှာဖွေထားတဲ့ ငွေတွေပဲဟာ... သုံးပစ်လိုက်စမ်းပါ"
"ခရာ... ပျော်စရာကြီး ဟားဟား"
ရှောင်ဟန်သည် မိန်းကလေးများနှင့် ငွေခွဲဝေပြီးနောက် လင်းဇိရော့၏ အခန်းသို့ လာခဲ့၏။
"မေမေ... သား မေမေ့ကို ရွှေဝိညာဉ်ဒင်္ဂါး ၈,၀၀၀ ပေးမလို့ပါ"
လင်းဇိရော့သည် တန်ဖိုးကြီး ငွေစက္ကူများကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး -
"သား... ဒီလောက် ပိုက်ဆံအမြောက်အမြားကို ဘယ်ကရတာလဲ"
"လောင်းကြေးနိုင်လို့ပါ မေမေ... ဝိညာဉ်ကွင်းက ငွေရှာလို့ ကောင်းတဲ့နေရာလို့ သား အရင်က ပြောခဲ့တယ် မဟုတ်လား။ တကယ်တော့ သား ၃၀,၀၀၀ တောင် ရခဲ့တာပါ၊ ဘင်းအာတို့နဲ့လည်း ခွဲဝေပေးခဲ့ပြီးပါပြီ"
"ဘာ... သုံးသောင်းကြီးတောင်လား"
လင်းဇိရော့မှာ မယုံနိုင်အောင် ဖြစ်သွားရ၏။ ရှောင်ဟန်အား ဝိညာဉ်ကွင်းတွင် လောင်းကြေးမထပ်စေရန်အတွက် သူမသည် သူ၏ ပိုက်ဆံအိတ်ကို သိမ်းဆည်းထားခဲ့သော်လည်း သူက ယခုကဲ့သို့ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ထို့နောက်တွင် ရှောင်ဟန်က ဖြစ်ကြောင်းကုန်စင်ကို လင်းဇိရော့အား ပြောပြလိုက်၏။ လင်းဇိရော့က ချစ်ခင်ကြင်နာစွာဖြင့်
"သားလည်း ကြီးပြင်းလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လာပြီပဲ၊ ပြီးတော့ ပိုပြီးတော့လည်း ခေါင်းမာလာတယ်။ သား ဒီတစ်လပတ်လုံး ပင်ပန်းခဲ့တာဆိုတော့ မေမေလည်း ဘာမှ မပြောတော့ပါဘူး"
"မေမေကတော့ အကောင်းဆုံးပဲဗျာ"
"ကဲ... မနက်ဖြန် မနက်ကျရင် ပစ္စည်းတွေ ဝယ်ပြီးတာနဲ့ ပြန်ကြမယ်နော်"
"ဟုတ်ကဲ့... သား နားလည်ပါပြီ"
နောက်တစ်နေ့တွင် ရှောင်ဟန်နှင့် အဖွဲ့သားများသည် ပျော်ရွှင်စွာဖြင့် ဈေးဝယ်ထွက်ခဲ့ကြပြီး နေ့လယ်စာ စားသောက်ပြီးနောက် ဆိုတိုမြို့တော်မှ ထွက်ခွာခဲ့ကြပါသတည်း။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ စက်တင်ဘာလနှောင်းပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ဤသုံးလေးလအတွင်း ရှောင်ဟန်၏ ဝိညာဉ်စွမ်းအားမှာ နောက်ထပ် တစ်ဆင့် တိုးတက်လာခဲ့ပြီး အဆင့် ၃၆ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းအတွင်း ရှောင်ဟန်သည် ဆေးပင်မြတ်ကို သွားရောက် ခူးဆွတ်ရန်အတွက် ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်း သို့ မည်သို့ သွားရမည်ကို စီစဉ်နေခဲ့၏။ အောက်တိုဘာ ၆ ရက်နေ့သည် မင်းသား ရွှီစင်း ၏ မွေးနေ့ ထမင်းသောက်ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။
မင်းသား ရွှီစင်း ၏ ဧည့်သည်တော် အရာရှိတစ်ဦး ဖြစ်သည့် ဒုကူးဘို သည်လည်း ထိုမွေးနေ့ပွဲသို့ တက်ရောက်လာနိုင်ခြေ ရှိပေသည်။ ထိုနေ့သည် ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်း သို့ သွားရောက်ကာ ဆေးပင်မြတ်ကို ခူးဆွတ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်တော့၏။
ရှောင်ဟန်သည် သူ၏ ထူးချွန်လှသော ဆေးပညာရပ်ကို အခြေခံ၍ စိမ်းပြာရောင် အကြေးခွံမြွေ၏ အဆိပ်ကို ခုခံနိုင်မည့် အဆိပ်ဖြေဆေးကို ဖော်စပ်ထားပြီး ဖြစ်သည်။ သို့သော် သူတစ်ဦးတည်းဖြင့် ရေခဲနှင့် မီးလျှံ ဝိညာဉ်စမ်းရေတွင်း သို့ တစ်ရက်အတွင်း အဝင်အထွက် ပြုလုပ်ကာ ဆေးပင်မြတ်ကို အောင်မြင်စွာ ခူးဆွတ်နိုင်ရန် ခဲယဉ်းလိမ့်မည်ကို သိထား၏။ အမှားအယွင်း တစ်စုံတစ်ရာ ရှိပါက ထိုနေရာတွင်ပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။
ထို့ကြောင့် လင်းဇိရော့လည်း အတူတူ လိုက်ပါရန် လိုအပ်လှ၏။ နှစ်အနည်းငယ်မျှ လေ့ကျင့်ပြီးနောက် လင်းဇိရော့၏ ဝိညာဉ်စွမ်းအားသည်လည်း အဆင့်အချို့ မြင့်တက်လာခဲ့ပြီး ယခုအခါ အဆင့် ၇၈ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် အလျင်နှုန်း တိုက်ခိုက်ရေးစနစ် ဝိညာဉ်သခင် တစ်ဦး ဖြစ်သဖြင့် သူမ ပါဝင်ပါက ဤလှုပ်ရှားမှုသည် ပိုမို စိတ်ချရပေလိမ့်မည်။
သို့သော် ရှောင်ဟန်သည် သူမအား မည်သို့ ဖွင့်ဟ တောင်းဆိုရမည်ကို မသိဖြစ်နေခဲ့၏။ ရက်အနည်းငယ်မျှ ဝေခွဲမရ ဖြစ်ပြီးနောက်တွင် ရှောင်ဟန်သည် သူမအား အမှန်အတိုင်း ဖွင့်ပြောရန် ဆုံးဖြတ်လိုက်ပါတော့သည်။
ထိုနေ့ လေ့ကျင့်မှု ပြီးဆုံးသောအခါ လင်းဇိရော့က လူတိုင်းကို ပြောလိုက်သည်မှာ
"ဒီကာလအတွင်းမှာ သားတို့ သမီးတို့ရဲ့ ကြိုးစားအားထုတ်မှုကို မေမေ မြင်ပါတယ်။ ကုချင်းပေါ်က အဆင့် ၂၉ ကို ချိုးဖျက်နိုင်ခဲ့ပြီ၊ ရှန်လျို့ယွီနဲ့ ချိုးရုန့်ရွှေတို့ကလည်း အဆင့် ၂၈ ကို ရောက်လာပြီ၊ ယွဲ့အာလည်း အဆင့် ၂၇ ကို ရောက်လာပြီး အဆင့် ၃၀ နဲ့ သိပ်မဝေးတော့ဘူး။ အမြန်ဆုံး ချိုးဖျက်နိုင်အောင် ကြိုးစားကြပါဦး... ပြီးရင် မေမေတို့ စတားဒို တောအုပ်ကြီးကို သွားပြီး သမီးတို့အတွက် တတိယ ဝိညာဉ်ကွင်း ရဖို့ သင့်တော်တဲ့ ဝိညာဉ်သားရဲကို ရှာဖွေကြမယ်"
"ကောင်းပါပြီ မေမေ"
လူအနည်းငယ်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြ၏။ ရှေ့တွင် ရှိနေသော အဖွဲ့ဝင်များကို ကြည့်ရင်း လင်းဇိရော့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။
ထျန်းရွှေအဖွဲ့၏ ကစားသမား ရှစ်ယောက်စလုံး၏ ခြုံငုံအင်အားမှာ ယခင်က အဖွဲ့များထက် သာလွန် ကောင်းမွန်လှ၏။ ထျန်းရွှေ အကယ်ဒမီအတွက် ပိုမို တောက်ပသော အောင်မြင်မှုများကို သူတို့ ဖန်တီးပေးနိုင်လိမ့်မည်ဟု လင်းဇိရော့ ယုံကြည်နေမိပါသတည်း။
လေ့ကျင့်ရေးစခန်း ပြီးဆုံးသွားသည့်တိုင် ရှောင်ဟန်မှာ ကျန်ရစ်နေခဲ့ပြီး
"မေမေ... သား ထျန်းဒို မြို့တော်ကို သွားပြီး မင်းသား ရွှီချင်းဟယ်နဲ့ တွေ့ချင်လို့ပါ။ မေမေ သားနဲ့အတူ လိုက်ခဲ့ပေးလို့ ရမလားခင်ဗျာ"
"သူ့ကို ဘာလို့ သွားတွေ့မှာလဲ... သူက သားကို လာခိုင်းလို့လား"
"ဟုတ်ပါတယ် မေမေ... ပြီးခဲ့တဲ့ အကြိမ်က သား သူ့ကို ကတိပေးခဲ့တာ ရှိတယ်။ ဒီနှစ် အောက်တိုဘာလဆန်းပိုင်းမှာ တွေ့ကြဖို့ ချိန်းထားတာပါဗျာ"