ရှောင်ဟန်၏ မျက်လုံးထဲတွင်မူ ရှေ့မှောက်၌ ရှိနေသော ရွှီချင်းဟယ်သည် ယောက်ျားလေးလို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးမျှသာ ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ အသက်အစစ်အမှန်မှာ အနှစ်နှစ်ဆယ်ပင် မပြည့်သေးချေ။ ထိုစဉ် ရွှီချင်းဟယ်က ရုတ်တရက် မေးမြန်းလိုက်သည်။
"ရှောင်ဟန်... မင်း ငါ့ဆီကို ဘာကိစ္စနဲ့ လာတွေ့တာလဲ"
"မင်းသား... ကျွန်တော် တစ်ခုခုကို လိုက်ရှာနေလို့ပါ၊ ဒီလောကမှာ ကျွန်တော့်ကို ကူညီနိုင်တာဆိုလို့ မင်းသားတစ်ပါးတည်းပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်"
"အို... အဲ့ဒါ ဘာလဲ၊ ငါ့ကို ပြောပြပါဦး"
"အဲ့ဒါက 'မသေမျိုးဆေးပင်များ၏ သရုပ်ဖော်လမ်းညွှန်' လို့ ခေါ်တဲ့ စာအုပ်တစ်အုပ်ပါ"
"မသေမျိုးဆေးပင်များ၏ သရုပ်ဖော်လမ်းညွှန် ဟုတ်လား..."
ရွှီချင်းဟယ်သည် ၎င်းမှာ စာအုပ်တစ်အုပ် ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားရသည်။ ရှောင်ဟန်တစ်ယောက် ဤနေရာသို့ ထိုအရာအတွက်နှင့် တကူးတက လာရောက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း ရွှီချင်းဟယ်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ရင်း
"ရှောင်ဟန်... ငါလည်း ဒီ 'မသေမျိုးဆေးပင်များ၏ သရုပ်ဖော်လမ်းညွှန်' အကြောင်းကို အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာပဲ၊ ငါသိသလောက်တော့ အင်ပါယာရဲ့ စာကြည့်တိုက်ထဲမှာ ဒီလိုစာအုပ်မျိုး ရှိပုံမရဘူး"
"မင်းသား... ဒီစာအုပ်က ဝိညာဉ်နန်းတော်ထဲမှာ ရှိနေပုံရပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော် မင်းသားဆီကို အကူအညီလာတောင်းရတာပါ"
"ဝိညာဉ်နန်းတော် ဟုတ်လား..."
ရွှီချင်းဟယ်သည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ မျက်မှောင်ကုတ်လိုက်မိသည်။ ဝိညာဉ်နန်းတော်ထဲတွင် အမျိုးမျိုးသော အဖိုးတန်ပြီး ရှားပါးလှသည့် စာအုပ်များစွာ ရှိသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ချန်ရန့်ရွှယ်သည် ဝိညာဉ်နန်းတော်တွင် မနေထိုင်ခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်ရာ ထိုအကြောင်းကို သေချာရေရေရာရာ မသိရှိချေ။ သို့သော် ရှောင်ဟန်ပြောသည့် စာအုပ်သည် ဝိညာဉ်နန်းတော်ထဲတွင် တကယ်ရှိနေနိုင်သည်ဟု သူမ ခန့်မှန်းလိုက်မိသည်။
သို့သော်လည်း ရှေ့မှောက်က ဆယ်ကျော်သက် လူငယ်လေးသည် အဘယ်ကြောင့် ဤစာအုပ်ကို ရယူချင်နေရသနည်းဆိုသည်ကိုမူ သူမ နားမလည်နိုင် ဖြစ်ရသည်။
"ရှောင်ဟန်... မင်းက ဆေးဖက်ဝင် အပင်ဆန်းတွေအကြောင်း နားလည်လို့လား၊ အဲ့ဒါကို စိတ်ဝင်စားနေတာလား"
ရှောင်ဟန်က တည်ကြည်စွာဖြင့်
"မင်းသား... အမှန်အတိုင်း ပြောရရင် ကျွန်တော် အသက်မကြီးသေးပေမဲ့ ဆေးပညာအကြောင်းကိုတော့ အနည်းအကျဉ်း နားလည်ပါတယ်၊ ငယ်ငယ်ကတည်းကလည်း အမျိုးမျိုးသော ဆေးပင်တွေကို လေ့လာခဲ့တာပါ၊ တကယ်လို့ ကျွန်တော်သာ ဝိညာဉ်သခင်တစ်ယောက် ဖြစ်မလာခဲ့ရင် သေအံ့ဆဲဆဲ လူတွေကို ကယ်တင်ပြီး လူနာတွေကို ကုသပေးတဲ့ ဆရာဝန်တစ်ယောက် ဖြစ်နေလောက်ပါပြီ၊ အခု ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာခဲ့ပေမဲ့ ဆေးပင်တွေကို လေ့လာရတာကတော့ ကျွန်တော့်ရဲ့ ဝါသနာပါပဲ"
ရှောင်ဟန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရွှီချင်းဟယ်သည် အနည်းငယ် ခေါင်းညိတ်လိုက်မိပြီး မျက်ဝန်းထဲတွင် ချီးကျူးရိပ်များ ဖြတ်ပြေးသွားသည်။
"မင်းက မွေးရာပါ အပြည့်အဝရှိတဲ့ ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာပြီး အကန့်အသတ်မရှိတဲ့ အလားအလာတွေ ရှိနေတာတောင်၊ မင်းရဲ့ မူလရည်ရွယ်ချက်ကို သတိရနေသေးတာက တကယ့်ကို ရှားပါးလှပါတယ်၊ ဒါပေမဲ့ မင်းပြောတဲ့စာအုပ်က ဝိညာဉ်နန်းတော်ထဲမှာ ရှိနေတာဆိုတော့... ခက်တော့ ခက်လိမ့်မယ်"
ရွှီချင်းဟယ်သည် အနည်းငယ် အခက်ကြုံနေသည့်ဟန်ဖြင့် စကားကို ခေတ္တရပ်လိုက်သည်။
"မင်းသား... ဘာဖြစ်လို့လဲဟင်"
"မင်းက ငယ်သေးတော့ တချို့ကိစ္စတွေကို ငါ တိုက်ရိုက်ပြောပြလို့ မရဘူး၊ ဝိညာဉ်နန်းတော်က အရင်လို မဟုတ်တော့ဘူး၊ အင်ပါယာနဲ့ သူတို့ကြားက ဆက်ဆံရေးအရဆိုရင် ငါက မင်းသား ဖြစ်နေရင်တောင် သူတို့က ဒီစာအုပ်ကို ငါ့ကို ပေးချင်မှ ပေးကြလိမ့်မယ်၊ မင်း နားလည်တယ်မလား"
ရှောင်ဟန်ကတော့ သေချာပေါက် နားလည်နေသည်။ တကယ်လို့ တကယ့် ရွှီချင်းဟယ်သာ သွားတောင်းမည်ဆိုပါက ဝိညာဉ်နန်းတော်က သူ့ကို လျစ်လျူရှုမည်မှာ အသေအချာပင်၊ သို့သော် ရှေ့မှောက်ကလူ၏ အဆင့်အတန်းအမှန်မှာ ဝိညာဉ်နန်းတော်၏ သခင်လေး ဖြစ်နေသည်မဟုတ်ပါလော။ ဝိညာဉ်နန်းတော်ထဲတွင်သာ 'မသေမျိုးဆေးပင်များ၏ သရုပ်ဖော်လမ်းညွှန်' ရှိနေမည်ဆိုပါက သူမအနေဖြင့် ဧကန်မုချ ရအောင်ယူနိုင်မည် ဖြစ်သည်။
ထို့ကြောင့် မိမိ၏ သစ္စာရှိမှုကို သူမအား ပြသရန် လိုအပ်သည်ဟု ထင်မြင်မိသည်။
"မင်းသား... မင်းသားသာ လက်လှမ်းလိုက်ရင် သေချာပေါက် ရနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒါကြောင့်လည်း မင်းသားဆီကို လာခဲ့တာပါ၊ တကယ်လို့ မင်းသားဘက်က ဒီတစ်ကြိမ် ကူညီပေးမယ်ဆိုရင် ဒီကျေးဇူးကို ကျွန်တော် ပြန်ဆပ်ပါ့မယ်၊ အခုအချိန်မှာ ကျွန်တော် အားမကောင်းသေးပေမဲ့ နောက်ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်နေရင်တော့ မင်းသားကို ကူညီပေးနိုင်စွမ်း ရှိလာပါလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ရွှီချင်းဟယ်က ပြုံးလိုက်မိသည်။ မိမိရှေ့မှ လူငယ်လေးသည် အလွန်ရင့်ကျက်ပြီး အနည်းငယ် မောက်မာသည့်ဟန်ကို ပြသနေသည်။ ဤအချက်က မိမိလိုချင်သောအရာကို မရမက ရယူတတ်သည့် သူမ၏ စရိုက်နှင့် အနည်းငယ် တူညီနေသည်။
ရွှီချင်းဟယ်သည် ရှောင်ဟန်၏ ဇွတ်တရိုးနိုင်မှုကြောင့် စိတ်ဆိုးမသွားသည့်အပြင်၊ သူ၏ သတ္တိကို ပို၍ပင် သဘောကျသွားရသည်။ ဤလူငယ်လေးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းနေသည်။ နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာပြီး မင်းသား၏ ရှေ့မှောက်တွင်ပင် စကားကြီးစကားကျယ် ပြောဝံ့နေသည်။ လူအများစု၏ ယုံကြည်မှုမှာ မိမိ၏ အစွမ်းထက်လှသော ခွန်အားမှ လာတတ်ကြရာ၊ အကယ်၍ တကယ့် အရည်အချင်းသာ မရှိပါက ၎င်းမှာ လေလုံးထွားခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
ချန်ရန့်ရွှယ်သည် ထျန်းတောက်နန်းတော်တွင် ခိုအောင်းနေကတည်းက မိမိ၏ ကိုယ်ပိုင်အင်အားစုကို တိတ်တဆိတ် တည်ဆောက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အလားအလာရှိသော မည်သည့်လူငယ်ကိုမျှ သူမ လက်လွှတ်ခံမည်မဟုတ်ချေ။ ရှောင်ဟန် ပြောသကဲ့သို့ပင် ယခုအချိန်တွင် သူ့ကို မလိုအပ်သေးသော်လည်း၊ နောက်ငါးနှစ် သို့မဟုတ် ဆယ်နှစ်အတွင်း မည်သို့ဖြစ်လာမည်ကို မည်သူ ပြောနိုင်မည်နည်း။
ထို့အပြင် သူ၏နောက်ကွယ်တွင် ထျန်းရွှေ အကယ်ဒမီ ရှိနေသေးသည်။ ရှောင်ဟန်သည် ပါရမီထူးချွန်သူ ဖြစ်သောကြောင့် ထျန်းရွှေ အကယ်ဒမီက သူ့ကို ထူးခြားချက်အနေဖြင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ချန်ရန့်ရွှယ် သိရှိထားသည်။ သို့သော်လည်း နှစ်အနည်းငယ်မျှ လေ့ကျင့်ပြီးနောက် ထိုကောင်လေး၏ ပါရမီက မည်မျှအထိ တက်လှမ်းလာနိုင်ခဲ့မည်ကိုမူ သူမ မသိရသေးချေ။
"မင်းက 'မသေမျိုးဆေးပင်များ၏ သရုပ်ဖော်လမ်းညွှန်' ကို ဒီလောက်တောင် ဇွဲနပဲကြီးကြီးနဲ့ လိုချင်နေလိမ့်မယ်လို့ ငါမထင်ထားမိဘူး၊ ကြည့်ရတာ မင်းက မင်းရဲ့ အနာဂတ်အပေါ် တကယ့်ကို ယုံကြည်မှုအပြည့် ရှိနေပုံပဲ"
"သေချာတာပေါ့... မင်းသား၊ ကျွန်တော် နှင်းခဲတောအုပ်ထဲမှာ တတိယမြောက် ဝိညာဉ်ကွင်းကို ရရချင်းပဲ မင်းသားကို လာတွေ့တာပါ"
ရွှီချင်းဟယ်သည် ခေတ္တမျှ မှင်တက်သွားပြီးမှ ရှောင်ဟန်သည် သူပြောသောစကားများ မှန်ကန်ကြောင်း သက်သေပြရန်အတွက် မိမိ၏ အစွမ်းအစကို ပြသချင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
"မင်းက ဝိညာဉ်သခင် အဆင့်ကို ရောက်သွားပြီပေါ့ ဟုတ်လား"
"ဟုတ်ပါတယ် မင်းသား၊ ကျွန်တော့်အသက်က တစ်ဆယ့်တစ်နှစ် ရှိပါပြီ၊ ဝိညာဉ်စွမ်းအားကတော့ အဆင့် ၃၂ ရှိပါတယ်"
"တစ်ဆယ့်တစ်နှစ်... အဆင့် ၃၂ ဟုတ်လား"
ရွှီချင်းဟယ်သည် ဝိညာဉ်နန်းတော် အကယ်ဒမီ အသင်းကို ရုတ်တရက် သတိရသွားသည်။ ယခုနှစ် ဝိညာဉ်နန်းတော် အကယ်ဒမီ အသင်းဝင်များအားလုံးသည် အလွန်ပါရမီထူးချွန်ပြီး အကန့်အသတ်မရှိသော အလားအလာများ ရှိကြကြောင်း သူမ ကြားသိထားခဲ့သည်။ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီး ပီပီတုန်း၏ မျှော်လင့်ချက်ကြီးစွာ ထားခြင်းခံရသည့် ရှဲ့ ယွဲ့၊ ဟူလျဲ့နာနှင့် ရန် တို့ ဖြစ်ကြသည်။ သို့သော် ထိုသုံးယောက်ထဲတွင်ပင် အသက်တစ်ဆယ့်တစ်နှစ်နှင့် ဝိညာဉ်စွမ်းအား အဆင့် ၃၂ သို့ ချိုးဖျက်နိုင်ခဲ့သူ တစ်ယောက်မျှ မရှိခဲ့ချေ။
ရှေ့မှောက်က လူငယ်လေးသည် ထိုသူများထက်ပင် သာလွန်ထူးချွန်နေသည်မှာ ထင်ရှားလှသည်။ ရွှီချင်းဟယ်သည် ရှောင်ဟန်ကို မယုံကြည်နိုင်သကဲ့သို့ ကြည့်လိုက်မိသော်လည်း ပြုံး၍ပင်
"ရှောင်ဟန်... ငါလည်း အသက်တစ်ဆယ့်တစ်နှစ်နဲ့ ဝိညာဉ်သခင်အဆင့်ကို ရောက်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး၊ မင်းက ပထမဆုံးပဲ၊ မင်းရဲ့ အစွမ်းအစကို ပြသဖို့ စိတ်မရှိဘူးမလား"
"စိတ်မရှိပါဘူး မင်းသား၊ မင်းသားရဲ့ ရှေ့မှောက်မှာ ကျွန်တော် မဆင်မခြင် စကားမပြောဝံ့ပါဘူး"
ရှောင်ဟန်က ပြောပြောဆိုဆိုဖြင့် သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး စစ်မှန်သော ရေခဲလေးနှင့်မြှား သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းများကို ဖြည်းညှင်းစွာ ထုတ်ဖော်လိုက်သည်။ သိုင်းဝိညာဉ်ထံမှ အေးစိမ့်လှသော အအေးဓာတ်များ ထွက်ပေါ်လာပြီး ခန်းမဆောင်အတွင်းရှိ လေထုတစ်ခုလုံး ခဲမတတ် ဖြစ်သွားကာ အပူချိန်မှာလည်း ထိုးဆင်းသွားရသည်။ အဝါရောင် တစ်ကွင်းနှင့် ခရမ်းရောင်နှစ်ကွင်း၊ စုစုပေါင်း ဝိညာဉ်ကွင်း သုံးကွင်းသည် ရှောင်ဟန်၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သူ၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာကို ထင်ဟပ်စေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီချင်းဟယ်၏ မျက်သူငယ်အိမ်သည် ရုတ်တရက် ကျုံ့သွားပြီး ရင်ထဲတွင်လည်း မချီးကျူးဘဲ မနေနိုင် ဖြစ်သွားရသည်။
'သူ့ရဲ့ ဒုတိယမြောက် ဝိညာဉ်ကွင်းက ထောင်စုနှစ်အဆင့်ကို ရောက်နေတာပဲ၊ မွေးရာပါ အပြည့်အဝရှိတဲ့ ဝိညာဉ်စွမ်းအား အဆင့် ၂၀ ရှိတဲ့ ငါတောင်မှ အဲ့ဒီလိုမျိုး မလုပ်နိုင်ခဲ့ဘူး၊ သူ ဘယ်လိုလုပ်လိုက်တာလဲ... သူက တကယ့်ကို ပါရမီထူးချွန်ပြီး တောက်ပတဲ့ အနာဂတ် ရှိနေတာပဲ၊ တကယ်လို့ နောက်နောင်ကျရင် သူ့ကို ငါ့လူအဖြစ် အသုံးချနိုင်မယ်ဆိုရင်...'
ရှောင်ဟန်သည် သူ၏ သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ပြုံးလျက်
"မင်းသား... မင်းသား ချမ်းနေမှာစိုးလို့ ကျွန်တော် အရင်သိမ်းလိုက်ပါ့မယ်"
ရွှီချင်းဟယ်သည် သတိပြန်ဝင်လာပြီး ပြုံး၍ပင်
"မင်းက တကယ့်ကို ပါရမီရှင်ပဲ၊ ထျန်းရွှေ အကယ်ဒမီက မင်းကို ထူးခြားချက်အနေနဲ့ လက်ခံခဲ့တာ မဆန်းပါဘူး၊ ဒီလောက်အသက်ငယ်ငယ်နဲ့ ဒုတိယမြောက် ဝိညာဉ်ကွင်းက ထောင်စုနှစ်အဆင့် ဖြစ်နေတာက တကယ့်ကို မယုံနိုင်စရာပဲ"
ရွှီချင်းဟယ်၏ ရက်ရက်ရောရော ချီးကျူးမှုများကြောင့် ရှောင်ဟန်သည် ဘဝင်မြင့်မသွားဘဲ နှိမ့်ချစွာဖြင့်
"မင်းသား... ကျွန်တော် ကံကောင်းသွားတာပါ"
ရွှီချင်းဟယ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"မင်းပြောတဲ့ 'မသေမျိုးဆေးပင်များ၏ သရုပ်ဖော်လမ်းညွှန်' ကို ရဖို့အတွက် ငါ အစွမ်းကုန် ကူညီပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် မင်းသား"
"ရပါတယ်... တကယ်လို့ ငါ ရလာခဲ့ရင် မင်းဆီ လူလွှတ်ပြီး အကြောင်းကြားလိုက်မယ်"
"ကောင်းပါပြီ"
၎င်းတို့နှစ်ဦးသည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ ထိုစဉ် ရွှီချင်းဟယ်က ရုတ်တရက် မေးမြန်းလိုက်ပြန်သည်။
"ဒါနဲ့... နောက်လာမယ့် ဝိညာဉ်သခင် ပြိုင်ပွဲအတွက် မင်းတို့ ထျန်းရွှေ အကယ်ဒမီရဲ့ အသင်းကို ဖွဲ့စည်းပြီးပြီလား"
"ဟုတ်ကဲ့... အသင်းအသစ်ကို ဖွဲ့စည်းပြီးပါပြီ"
"ငါ ထင်မမှားဘူးဆိုရင် မင်းလည်း အဲ့ဒီအသင်းရဲ့ အသင်းဝင်တစ်ယောက် ဖြစ်နေရမယ်"
"ဟုတ်ပါတယ် မင်းသား၊ ဒါပေမဲ့ ကျွန်တော်က အရံလူတစ်ယောက် အဖြစ်ပဲ ပါဝင်တာပါ"
"ကြည့်ရတာ မင်းက ထူးခြားတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေပုံပဲ၊ နောက်လာမယ့် ဝိညာဉ်သခင် ပြိုင်ပွဲမှာ မင်းရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ရဖို့ ငါ မျှော်လင့်ပါတယ်"
"မင်းသား... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
ထို့နောက်တွင် ရှောင်ဟန်နှင့် လင်းဇိရော့တို့သည် နန်းတော်ထဲမှ ထွက်ခွာခဲ့ကြသည်။