ရှောင်ဟန် သည် အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာပြီးနောက် ရွှယ်ဘင်းအာ ဘေးတွင် မရှိတော့သည်ကို သတိပြုမိလိုက်သဖြင့် ထိုင်ရာမှထကာ တဲအပြင်ဘက်သို့ လျှောက်လာခဲ့ပါသည် "ဘင်းအာ... နိုးနေပြီလား"
"အမေ... သားကို ဘာလို့ မနှိုးတာလဲ"
လင်းဇိရော့ နှင့် ရွှယ်ဘင်းအာ တို့သည် အနီးအနားတွင် အစားအစာ စားနေကြဆဲ ဖြစ်ပါသည်၊၊ လင်းဇိရော့ က "မင်း အိပ်မောကျနေတာ မြင်လို့ မနှိုးတော့တာပါ၊၊ လာ... တစ်ခုခု စားလိုက်ဦး၊ ပြီးရင် ဘင်းအာ အတွက် သင့်တော်တဲ့ ဝိညာဉ်သားရဲ ရှာဖို့ သွားကြမယ်" ဟု ဆိုလျှင် ရှောင်ဟန် ကလည်း "ကောင်းပါပြီ" ဟု ပြန်လည်ဖြေကြားလိုက်၏၊၊
ရွှယ်ဘင်းအာ က ပြုံးလျက် "မနေ့ညက မင်း ပထမဆုံးအကြိမ် ကင်းစောင့်ရတာလေ၊ ဘယ်လိုလဲ... အဆင်ပြေရဲ့လား" ဟု မေးရာ၊ ရှောင်ဟန် က "အဆင်ပြေပါတယ်၊ နောက်ဆို ဝိညာဉ်သားရဲတွေ လိုက်လံရှာဖွေတဲ့အခါ ညဘက်ကင်းစောင့်တဲ့ အလုပ်ကို ငါ့ကိုပဲ လွှဲပေးလိုက်ပါ" ဟု ပြောသည်၊၊
"ဒါတော့ မဖြစ်ဘူးလေ၊ ငါ ဒုတိယ ဝိညာဉ်ကွင်းဝိုင်း ရရှိပြီးရင် မင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီပြီး မျှဝေပေးဦးမှာပါ"
"မလိုပါဘူး၊ ငါက ယောက်ျားလေးပဲဟာ... ပိုပြီး တာဝန်ယူရမှာပေါ့"
ဘေးတွင်ရှိနေသော လင်းဇိရော့ က ပြုံးလျက် နောက်ပြောင်လိုက်ပါသည် "ဒီကောင်လေးကတော့ အရွယ်ရောက်ပြီး အသိတရား ရှိလာပြီပဲ၊ နောက်ထပ် ဆယ်နှစ်၊ တစ်ဆယ့်နှစ်လောက်ဆိုရင်တော့ ငါလည်း အေးအေးချမ်းချမ်းနဲ့ စည်းစိမ်ခံလို့ ရပြီပေါ့"
အားလုံး စားသောက်ပြီးစီး၍ အထုပ်အပိုးများ ပြင်ဆင်ပြီးနောက် သုံးယောက်သား ခရီးဆက်ခဲ့ကြပါသည်၊၊ နှစ်ရက်ခန့် ကြာလွန်သောအခါ သူတို့ သုံးဦးသည် လျှိုမြောင်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့ကြ၏၊၊ ဤနေရာသည် အလွန်တရာ အေးစက်လှပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ရေခဲပြင်များဖြင့် ဖုံးလွှမ်းထားပါသည်၊၊
သူတို့ သုံးဦးသည် ရေခဲနံရံများကြားတွင် သတိကြီးစွာဖြင့် ရွေ့လျားနေစဉ်မှာပင်၊ ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် ပြင်းထန်လှသော ရေခဲအက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့ပါသည်၊၊ အသံလာရာသို့ ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ကြီးမားလှသော ရေခဲတုံးကြီးတစ်ခု၏ နောက်ကွယ်မှ ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏၊၊
ထိုဝိညာဉ်သားရဲ၏ တည်ရှိမှုကို ခံစားမိလိုက်သည်နှင့် လင်းဇိရော့ သည် အလွန်တရာ ဝမ်းသာအားရ ဖြစ်သွားပြီး— "ဒါက ကျင့်ကြံခြင်းသက်တမ်း ခြောက်ရာ၊ ခုနစ်ရာဝန်းကျင်ရှိတဲ့ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်ပဲ၊ ဘင်းအာ ရဲ့ ဒုတိယ ဝိညာဉ်ကွင်းဝိုင်းအတွက် အတော်လေးကို ကွက်တိပဲ" ဟု ပြောပြီးသည်နှင့် ရှေ့သို့ အမြန် ပြေးဝင်သွားပါသည်၊၊ ရှောင်ဟန် နှင့် ရွှယ်ဘင်းအာ တို့သည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏၊၊
ဤနှင်းခဲသင်းခွေချပ်သည် အရှည် သုံးမီတာခန့်ရှိပြီး တစ်ကိုယ်လုံးကို ကြည်လင်တောက်ပနေသော အပြာရောင် ရေခဲချပ်ဝတ်တန်ဆာများဖြင့် ဖုံးလွှမ်းထားပါသည်၊၊ ချပ်ဝတ်တန်ဆာ တစ်ခုချင်းစီသည် အလွန်တရာ မာကျောရုံမျှမက အေးစက်သော အငွေ့အသက်များကိုလည်း သဲ့သဲ့မျှ ထုတ်လွှတ်နေ၏၊၊ ၎င်း၏ မျက်လုံးများသည် ရေခဲချပ်ဝတ်တန်ဆာများ၏ အလင်းပြန်မှုအောက်တွင် ပိုမိုတောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ လက်ကနဲ ဖြစ်သွားပါသည်၊၊ သန်မာထွားကျိုင်းလှသော ခြေလက်များဖြင့် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ရေခဲပြင်ထက်၌ တဖြောက်ဖြောက် အက်ကွဲသံများ မြည်ဟည်းသွားရ၏၊၊
အထူးခြားဆုံး အစိတ်အပိုင်းမှာ ပုံဆောင်ခဲများဖြင့် ဖွဲ့စည်းထားပြီး အလွန်တရာ ထက်မြက်လှသည့် လွန်ပူပုံစံ အမြီးဖြစ်ပါသည်၊၊ ၎င်းသည် လိုဏ်ဂူတူးရာတွင် အသုံးပြုသည့် ကိရိယာတစ်ခု ဖြစ်ရုံမျှမက ရန်သူကို တိုက်ခိုက်ရာတွင်လည်း အစွမ်းထက်လှသည့် လက်နက်တစ်ခု ဖြစ်ပေသည်၊၊
လူသုံးဦး တိုးကပ်လာမှုကြောင့် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်သည် အန္တရာယ်အငွေ့အသက်ကို ခံစားမိသွားကာ လည်ချောင်းသံဖြင့် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ရေခဲချပ်ဝတ်တန်ဆာထက်တွင် ရှုပ်ထွေးလှသော အင်းကွက်ပုံစံများ တဖြည်းဖြည်း ပေါ်ပေါက်လာပါသည်၊၊ ၎င်းသည် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီမှာ အထင်အရှားပင်၊၊
ရှောင်ဟန်၊ ရွှယ်ဘင်းအာ နှင့် လင်းဇိရော့ တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး "အမေ... ဘင်းအာ နဲ့ သားပဲ သူ့ကို ရင်ဆိုင်လိုက်ပါ့မယ်"
"ကောင်းပြီ... သတိထားကြနော်၊ သူက ကျင့်ကြံခြင်းသက်တမ်း ခြောက်ရာ၊ ခုနစ်ရာပဲ ရှိသေးတယ်ဆိုပေမဲ့ တိုက်ခိုက်မှုနဲ့ ခုခံမှု စွမ်းရည်တွေက သက်တမ်းတစ်ထောင်ရှိတဲ့ ရေခဲချပ်ဝတ် ဆူးသားရဲထက် မနိမ့်ဘူး"
"ဟုတ်ကဲ့... သား နားလည်ပါပြီ"
ရှောင်ဟန် နှင့် ရွှယ်ဘင်းအာ တို့အတွက်မူ ဤသည်မှာ အလွန်ကောင်းမွန်သော လေ့ကျင့်ရေး အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်၊၊ ထို့ကြောင့် နှစ်ဦးသားသည် မိမိတို့၏ သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းဝိုင်းများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြပါသည်၊၊
ပထမ ဝိညာဉ်ကွင်းဝိုင်း ရုတ်တရက် လင်းလက်သွားသည်နှင့်အတူ ရွှယ်ဘင်းအာ သည် အေးခဲခြင်းစွမ်းရည်ကို ဦးစွာ ထုတ်လွှတ်လိုက်ရာ၊ မာကျောလှသော ရေခဲလွှာတစ်ခုသည် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်ကို ချက်ချင်း အေးခဲချုပ်နှောင်လိုက်၏၊၊ သို့သော်လည်း နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်သည် ပြင်းထန်လှသော ခွန်အားကို အသုံးပြု၍ ရွှယ်ဘင်းအာ ၏ ရေခဲချုပ်နှောင်မှုကို မျက်စိတစ်မှိတ်အတွင်း ရုန်းထွက်ဖျက်ဆီးပစ်လိုက်ပါသည်၊၊
သို့ရာတွင် ရှောင်ဟန် ၏ နှင်းခဲပစ်ခတ်မှု က ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး ဖြစ်ရာ၊ အပြာရောင် ရေခဲမြှားတစ်စင်းသည် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ လည်ပင်းဆီသို့ ပြင်းထန်စွာ ထိမှန်သွားတော့သည်၊၊
ရှောင်ဟန် သည် အခြေအနေကို သေချာစွာ စူးစမ်းလေ့လာပြီးနောက် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ကျောပြင်၊ ဦးခေါင်းနှင့် အမြီးတို့သည် အလွန်တရာ မာကျောလှပြီး ၎င်း၏ ဝမ်းဗိုက်ပိုင်းသည်သာ အားနည်းချက်ဖြစ်ကြောင်း သိရှိသွားပါသည်၊၊ သို့သော်လည်း ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကြောင့် ဝမ်းဗိုက်ပိုင်းကို အသေအချာ ကာကွယ်ထားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ရာ၊ ထိုနေရာကို အားနည်းချက်အဖြစ် အသုံးချရန်မှာ အတော်လေး ခက်ခဲလှပါသည်၊၊ ၎င်းအပြင် လည်ပင်းပိုင်းသည်လည်း အနည်းငယ် အားနည်းသော နေရာတစ်ခု ဖြစ်ပေသည်၊၊ ရှောင်ဟန် ၏ နှင်းခဲပစ်ခတ်မှု သည် ထိုနေရာကို တိတိကျကျ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ရာ၊ စောစောက မြှားချက်ကြောင့် ရေခဲချပ်ဝတ်တန်ဆာ အချို့ ကွဲအက်လွင့်စင်သွားရ၏၊၊
နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်သည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားကာ ၎င်း၏ သွေးစုပ်မတတ် ကြီးမားလှသော ပါးစပ်ကြီးကို ဟပြီး အားနည်းပုံရသည့် ရွှယ်ဘင်းအာ ထံသို့ ခုန်အုပ်လိုက်ပါသည်၊၊ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ဧရာမ ဖြစ်သော်လည်း အရှိန်အဟုန်မှာမူ အနည်းငယ်မျှ လျော့နည်းခြင်း မရှိပေ၊၊
ရွှယ်ဘင်းအာ တွင် ဝိညာဉ်ကွင်းဝိုင်း တစ်ခုသာ ရှိသေးသော်လည်း သူမ၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုမှာမူ အလွန်ထက်မြက်လှပါသည်၊၊ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရစဉ်တွင် သူမသည် ပေါ့ပါးသွက်လက်စွာဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်၏၊၊ တစ်ချိန်တည်းမှာပင် သူမ၏ လက်ထဲမှ ရေခဲဓားတစ်လက်ကို လျင်မြန်စွာ လွှဲယမ်းထုတ်လွှတ်လိုက်ပါသည်၊၊ ရေခဲဓားသည် လေထုကို ဖြတ်သန်းသွားစဉ် ကိုက်ခဲလှသော အအေးလှိုင်းများကို သယ်ဆောင်သွားပြီး နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ မာကျောလှသော လည်ပင်းအကြေးခွံများကြားသို့ တိတိကျကျ စိုက်ဝင်သွားတော့သည်၊၊
၎င်း၏ ခုခံမှုကို တိုက်ရိုက် မဖောက်ထွင်းနိုင်ခဲ့သော်လည်း၊ ထိုနေရာသည် ရှောင်ဟန် ၏ တိုက်ခိုက်မှုကို ခံထားရပြီးသား ဖြစ်သဖြင့် ၎င်းကို ပြင်းထန်လှသော နာကျင်မှုကို ခံစားရစေပါသည်၊၊
နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ဟိန်းဟောက်သံသည် ပိုမိုဆိုးရွားလာခဲ့၏၊၊ ဤရုတ်တရက် ပြန်လည်တိုက်ခိုက်မှုကြောင့် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်သည် ခေတ္တမျှ ဟန်ချက်ပျက်သွားရပြီး၊ ဤသည်မှာ ရှောင်ဟန် နှင့် ရွှယ်ဘင်းအာ တို့အတွက် တန်ဖိုးရှိလှသော တန်ပြန်တိုက်ခိုက်မှု အခွင့်အရေးကို ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သွားရပါသည်၊၊
ရှောင်ဟန် သည် ဤအခြေအနေကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး၊ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားကာ မြေပြင်အနေအထားကို အသုံးချလျက် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ အမြင်အာရုံနှင့် ခုခံမှု ကွယ်နေသော ဘေးဘက်သို့ ရောက်ရှိသွားပါသည်၊၊ ရှောင်ဟန် ၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ သူ၏ ဒုတိယ ဝိညာဉ်စွမ်းရည် ဖြစ်သော "မြှားတစ်ထောင်" ကို ချက်ချင်း အသက်သွင်းလိုက်၏၊၊ ထိုရေခဲမြှားများသည် အသက်ဝင်လာသည့်အလား ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံထားသည့် ရေခဲမိုးသက်မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားကာ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ခန္ဓာကိုယ်ဆီသို့ သိပ်သည်းစွာ ပစ်ခတ်သွားတော့သည်၊၊
နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်သည် အံ့မခန်း ခုခံနိုင်စွမ်း ရှိသော်လည်း ဤမျှ သိပ်သည်းလှသော ရေခဲမြှားများ၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် ရှိသမျှ ခွန်အားကို အသုံးပြုလိုက်ရပါသည်၊၊ ၎င်း၏ အမြီးသည် ရူးသွပ်စွာ လည်ပတ်နေပြီး ထက်မြက်လှသော ပုံဆောင်ခဲ လွန်ပူဖြင့် ရေခဲမြှားများကို ရိုက်ခွဲရန် ကြိုးစားနေ၏၊၊ သို့သော်လည်း ရေခဲမြှား တစ်စင်းချင်းစီတွင် ပြင်းထန်လှသော ထိုးဖောက်နိုင်စွမ်းရှိသည့် အအေးဓာတ်များ ပါဝင်နေသဖြင့် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ခုခံမှုကို စဉ်ဆက်မပြတ် အားနည်းသွားစေပါသည်၊၊
နှင်းခဲပုံဆောင်ခဲ သင်းခွေချပ် ခံစစ်ပြင်နေစဉ်မှာပင် ရှောင်ဟန် သည် သူ၏ ဒုတိယ ဝိညာဉ်စွမ်းရည်ကို ထပ်မံ၍ အသက်သွင်းလိုက်ပြန်ပါသည်၊၊ ယခုတစ်ကြိမ်သည် မတူညီတော့ဘဲ သူ၏ စိတ်ဆန္ဒအရ ထိန်းချုပ်မှုကြောင့် ကောင်းကင်ယံတွင် ရေတွက်၍မရနိုင်သော အပြာရောင်မြှားများသည် တစ်နေရာတည်းသို့ စုစည်းသွားကာ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ လည်ပင်းဆီသို့ အားလုံး စိုက်ဝင်သွားတော့သည်၊၊
တစ်ချိန်တည်းမှာပင် ရွှယ်ဘင်းအာ သည်လည်း အားနေခြင်းမရှိပေ၊၊ သူမသည် အေးခဲခြင်းစွမ်းရည်ကို ထပ်မံအသုံးပြုလိုက်ရာ၊ မာကျောလှသော ရေခဲလွှာသည် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ခန္ဓာကိုယ် နောက်တစ်ဝက်လုံးကို အေးခဲပစ်လိုက်သဖြင့် ဦးခေါင်းနှင့် လည်ပင်းပိုင်းသာ ကျန်ရှိတော့ရာ၊ ရှောင်ဟန် ၏ ရေခဲမြှားများသည် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်သွားရုံသာ ရှိတော့သည်၊၊
နှစ်ဦးသား၏ နားလည်မှုရှိလှသော ပူးပေါင်းဆောင်ရွက်မှုကြောင့် နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်သည် တဖြည်းဖြည်း တောင့်မခံနိုင်တော့ဘဲ ဖြစ်လာပါသည်၊၊ ၎င်း၏ ဟိန်းဟောက်သံများသည် ပိုမို စိတ်လှုပ်ရှား တုန်ရင်လာပြီး လည်ပင်းပေါ်ရှိ ရေခဲချပ်ဝတ်တန်ဆာများသည်လည်း လုံးဝ ကွဲအက်ပျက်စီးသွားခဲ့ပြီ ဖြစ်၏၊၊
"ဘင်းအာ... မင်းအလှည့်ပဲ"
"နားလည်ပြီ"
ရွှယ်ဘင်းအာ သည် အပေါ်သို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ ကျန်ရှိနေသော ဝိညာဉ်စွမ်းအားများကို သူမ၏ ညာဘက်လက်တွင် စုစည်းလိုက်ပါသည်၊၊ ထို့နောက် အလွန်တရာ ထက်မြက်လှသည့် ရေခဲဓားတစ်လက်ကို ချက်ချင်း လွှဲယမ်းခုတ်ပိုင်းလိုက်ရာ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ လည်ပင်းထံသို့ တိတိကျကျ ကျရောက်သွားတော့သည်၊၊
ဒုန်း
ပြင်းထန်လှသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲပြိုသွားကာ အနည်းငယ်မျှ ရုန်းကန်ပြီးနောက် လုံးဝ ငြိမ်သက်သွားခဲ့ပါသည်၊၊
ဤသည်ကို မြင်လိုက်ရသောအခါ လင်းဇိရော့ သည် စစ်ဆေးရန် အမြန်လှမ်းလာခဲ့ပြီး၊ နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်တွင် အသက်ရှူသံ လုံးဝ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ကျေနပ်စွာ ပြုံးလိုက်မိပါသည်၊၊ သူမသည် ရှောင်ဟန် နှင့် ရွှယ်ဘင်းအာ တို့ထံ လျှောက်သွားကာ သူတို့၏ ပုခုံးကို ပုတ်ပေးရင်း "အတော်လေး ကောင်းမွန်ပါတယ်၊ မင်းတို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကောင်းမွန်လာပြီပဲ" ဟု ချီးကျူးလိုက်၏၊၊
"ဒါပေါ့... ကျွန်တော်တို့ အတူတူရှိနေခဲ့တာ သုံးနှစ်တောင် ရှိပြီပဲဥစ္စာ"
"စကားမများနဲ့တော့... ဘင်းအာ၊ မင်းရဲ့ အခြေအနေကို ပြန်ညှိပြီး ဝိညာဉ်ကွင်းဝိုင်းကို စုပ်ယူဖို့ ပြင်ဆင်တော့"
"ကောင်းပါပြီ"
နှင်းခဲပုံဆောင်ခဲ သင်းခွေချပ်၏ ခန္ဓာကိုယ်မှ ဝါကျင်ကျင် မြူခိုးလုံးကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ဝိညာဉ်ကွင်းဝိုင်းတစ်ခုအဖြစ် တဖြည်းဖြည်း စုစည်းသွားပါသည်၊၊ ရွှယ်ဘင်းအာ သည် မိမိ၏ အခြေအနေကို စနစ်တကျ ညှိနှိုင်းပြီးနောက် ထိုဝိညာဉ်ကွင်းဝိုင်းကို မိမိထံသို့ ဆွဲယူကာ စတင်စုပ်ယူလိုက်တော့သည်၊၊ လင်းဇိရော့ က ဘေးမှ တိတ်ဆိတ်စွာ စောင့်ကြပ်ပေးနေပြီး၊ ရှောင်ဟန် ကမူ တိုက်ပွဲတွင် ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် အခွင့်ကောင်းယူကာ တရားထိုင် ကျင့်ကြံနေလိုက်ပါသည်၊၊
သုံးနာရီခန့် ကြာလွန်သောအခါ ရွှယ်ဘင်းအာ သည် ဝိညာဉ်ကွင်းဝိုင်းကို လုံးဝ စုပ်ယူပြီးစီးသွားခဲ့ပြီ ဖြစ်ပေသည်၊၊