ဒေါင်လော့ ကုန်းမြေကြီး၏ ထျန်းရွှေ မြို့တော်။
“ရှောင်ဟန်... မင်းကို သိုင်းဝိညာဉ် နန်းတော်ဆီ ခေါ်သွားပြီး သိုင်းဝိညာဉ် နိုးထပေးဖို့ အန်တီ့မှာ အချိန်မရှိဘူး။ အန်တီက ဆရာမ လျိုကို မင်းကို ခေါ်သွားပေးဖို့ ချိန်းထားပြီးသား”
“ရပါတယ်... ကျွန်တော်တစ်ယောက်တည်း သွားလိုက်ပါ့မယ်။ အန်တီ့အလုပ် ရှိတာသာ သွားလုပ်ပါ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့”
လင်းဇိရော့၏ မျက်နှာအမူအရာက ရုတ်တရက် တည်တံ့သွားပြီး တည်ကြည် လေးနက်စွာ ပြောလိုက်သည်
“မင်း မနေ့က ကျောင်းထဲကို ခိုးဝင်ခဲ့တာကို အန်တီက အခုထိ မရိုက်ရသေးဘူးနော်။ ဒီနေ့တော့ ငြိမ်ငြိမ်ဆိမ်ဆိမ် နေစမ်းပါ... အန်တီ့ကို ပြဿနာ ရှာမပေးနဲ့ဦး။ မဟုတ်ရင်တော့ မနေ့က စာရင်းဟောင်းပါ တစ်ခါတည်း ရှင်းပစ်မှာမို့ မင်း နာရလိမ့်မယ်”
“နားလည်ပါပြီဗျာ”
လင်းဇိရော့ ထွက်သွားပြီးနောက် ရှောင်ဟန်သည် ဆံပင်တု အပြာရောင်ကို ချက်ချင်း ကောက်စွပ်လိုက်သည်။
စင်စစ်တွင် ရှောင်ဟန်သည် အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်ပြီး ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ ခြောက်နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ မူလကမ္ဘာတွင် သူသည် တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ မိသားစုမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ပြီး ဆေးတက္ကသိုလ် ကျောင်းသားတစ်ယောက်လည်း ဖြစ်ခဲ့သည်။ သူသည် မိခင်ဝမ်းတွင်း၌ ရှိနေစဉ်ကတည်းက ဤကမ္ဘာသို့ ကူးပြောင်း ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သူ့ကို ဖွားမြင်ပြီးမကြာမီမှာပင် မိခင်နှင့် ဖခင်ဖြစ်သူတို့သည် မြောက်ဖျားစွန်း ဒေသ၌ ကွယ်လွန်သွားခဲ့ကြသည်။ ထို့ကြောင့် မိခင်ဖြစ်သူ၏ အရင်းနှီးဆုံး သူငယ်ချင်း လင်းဇိရော့က သူ့ကို မွေးစားခဲ့ခြင်း ဖြစ်သည်။
လင်းဇိရော့သည် အသက် ၃၈ နှစ်အရွယ် အပျိုကြီးတစ်ဦးဖြစ်ပြီး အဆင့် ၇၂ ရှိသော 'အလျင်နှုန်း တိုက်ခိုက်ရေးစနစ်' သိုင်းဝိညာဉ် သူတော်စင် (Agility Attack System Battle Soul Saint) တစ်ဦး ဖြစ်သည့်အပြင်၊ ထျန်းရွှေ အကယ်ဒမီ၏ ဒုတိယ ကျောင်းအုပ်ဆရာမကြီးလည်း ဖြစ်သည်။ သူမသည် ရုပ်ရည်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သဖြင့် နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ စိတ်ဆတ်ပြီး ဒေါသကြီးသူတစ်ဦး ဖြစ်သည်။
လွန်ခဲ့သည့် ခြောက်နှစ်လုံးလုံး ရှောင်ဟန်နှင့် လင်းဇိရော့တို့သည် အမိုးတစ်ခုအောက်တွင် မိခင်နှင့် သားကဲ့သို့ သံယောဇဉ်တွယ်ကာ အတူတူ နေထိုင်ခဲ့ကြသည်။
အတိတ်ဘဝမှ အမှတ်သညာများကို ဆုပ်ကိုင်ထားနိုင်သည့် ကူးပြောင်းလာသူပီပီ ရှောင်ဟန်သည် ငယ်စဉ်ကတည်းက ထူးခြား ပြောင်မြောက်သော ဆေးပညာ ပါရမီကို ပြသနိုင်ခဲ့သည်။ သူသည် အလွန်ငယ်ရွယ်စဉ်ကတည်းက ဆေးကျမ်းပုံတူများကို ဖတ်ရှုနိုင်ပြီး ဆေးဖက်ဝင် အပင်မျိုးစုံနှင့် လူသားတို့၏ အကြောမှတ်များကို ခွဲခြား သိမြင်နိုင်ခဲ့သည်။ အသက်ငါးနှစ် အရွယ်တွင်မူ သူ၏ ထူးခြားလှသော အပ်စိုက်ကုထုံး အစွမ်းကြောင့် ထျန်းရွှေ မြို့တော်တွင် ကျော်ကြားလာခဲ့ပြီး 'ပါရမီရှင် ဆရာဝန်ငယ်' ဟုပင် တင်စား ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
သို့သော်လည်း သန်မာသူက အားနည်းသူကို အနိုင်ကျင့် အမြတ်ထုတ်သည့် ဤကမ္ဘာကြီးတွင် မည်မျှပင် တော်စပ်သော ဆရာဝန် ဖြစ်ပါစေဦးတော့... အရာရောက်လှသည် မဟုတ်ချေ။ အစွမ်းထက်သော ဝိညာဉ်သခင် (Soul Master) တစ်ယောက် ဖြစ်လာရေးသည်သာ သာမန်လူတိုင်း၏ အိပ်မက် ဖြစ်သည်။
အမှန်တကယ်တော့ ရှောင်ဟန်လည်း ထိုကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်ခဲ့သည်။ သို့သော် သူ၏ မိဘနှစ်ပါးလုံး၏ သိုင်းဝိညာဉ်များသည် အလွန် သာမန်ကာလျှံကာ မျှသာ ဖြစ်သဖြင့်၊ ထိပ်တန်း စစ်သည်တော်တစ်ဦး ဖြစ်လာရန် သူ၏ အိပ်မက်မှာမူ အလှမ်းဝေးလွန်းလှသည်။ ထို့ကြောင့် သူသည် မိမိအတွက် ထွက်ပေါက်တစ်ခုကို စောစီးစွာ ကြိုတင် စဉ်းစားထားခဲ့သည်။ အကယ်၍ ဝိညာဉ်သခင် တစ်ယောက် မဖြစ်လာနိုင်ခဲ့လျှင် ထျန်းရွှေ မြို့တော်၌ အတော်ဆုံး ဆရာဝန်တစ်ဦး ဖြစ်အောင် လုပ်မည်ဟု တွေးထားသည်။ ထျန်းရွှေ မြို့တော်တွင် လှပသော အမျိုးသမီးများစွာ ရှိနေသဖြင့် ငွေကြေး အမြောက်အမြား ရှာဖွေပြီး ချောမောလှပသော ဇနီးတစ်ယောက်ကို လက်ထပ် ယူခြင်းသည်လည်း ရွေးချယ်မှု ကောင်းတစ်ခုပင် မဟုတ်ပါလော။
ဒီနေ့သည် နှစ်စဉ် ကျင်းပမြဲဖြစ်သော သိုင်းဝိညာဉ် နိုးထခြင်း အခမ်းအနား ကျင်းပသည့် နေ့ဖြစ်သည်။ ထျန်းရွှေ မြို့တော်ရှိ အသက်အရွယ် ရောက်ပြီဖြစ်သော ကလေးငယ်များအတွက် သိုင်းဝိညာဉ် နိုးထနိုင်မည့် နေရာ နှစ်ခု ရှိသည်။ တစ်ခုမှာ သိုင်းဝိညာဉ် နန်းတော်၏ ဌာနခွဲ ဖြစ်ပြီး၊ ကျန်တစ်ခုမှာ ထျန်းရွှေ အကယ်ဒမီ ဖြစ်သည်။
ထျန်းရွှေ အကယ်ဒမီကို အများပြည်သူအတွက် ဖွင့်လှစ်ပေးထားသဖြင့် အသက်ခြောက်နှစ်နှင့် အထက်ရှိသော မည်သည့် မိန်းကလေးမဆို ကျောင်းတော်၏ သိုင်းဝိညာဉ် နိုးထခြင်း အခမ်းအနားသို့ လာရောက် ပါဝင်နိုင်သည်။ သို့သော်လည်း ထျန်းရွှေ အကယ်ဒမီသည် 'ရေဓာတ်သတ္တိ' ရှိသည့် ချောမောလှပသော ကျောင်းသူများကိုသာ ရွေးချယ် လက်ခံသဖြင့်၊ နောက်ဆုံးတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူများသာ ကျောင်း၌ ဆက်နေခွင့် ရကြသည်။
ထျန်းရွှေ အကယ်ဒမီ၏ ဒုတိယ ကျောင်းအုပ်ဆရာမကြီး ဖြစ်သည့်အတိုင်း လင်းဇိရော့သည် နှစ်စဉ် ဤရက်မျိုးတွင် အမြဲတမ်း အလုပ်ရှုပ်နေလေ့ ရှိသည်။
ပြင်ဆင်ပြီးနောက် ရှောင်ဟန်လည်း အပြင်သို့ ထွက်လာခဲ့သည်။ ထျန်းရွှေ အကယ်ဒမီသည် သူ၏ အိမ်ရှေ့နားတင် ရှိသဖြင့် ခြေလှမ်း အနည်းငယ် လှမ်းရုံမျှဖြင့် ရောက်နိုင်သည်။ သိုင်းဝိညာဉ်ကို မည်သည့်နေရာတွင် နိုးထစေကာမူ အတူတူပင် ဖြစ်သဖြင့် ရှောင်ဟန်သည် အဝေးကြီးသို့ မသွားချင်တော့ချေ။ သူသည် ယခုနှစ်တွင် အသက် ခြောက်နှစ်သာ ရှိသေးပြီး ဆံပန်တုပါ စွပ်ထားသဖြင့် ယောကျာ်းလေးတစ်ဦး ဖြစ်မှန်း မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်ပါ။
ကျောင်းတော်၏ အဝင်ဝတွင် လူအများအပြား စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ ထျန်းရွှေ အကယ်ဒမီသည် စစ်မှန်သော အမျိုးသမီး သီးသန့် ကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းအုပ်ကြီးမှစ၍ သန့်ရှင်းရေး ဝန်ထမ်းအထိ ဝန်ထမ်းအားလုံးသည် အမျိုးသမီးများသာ ဖြစ်ကြသည်။ ကျောင်းတံခါးဝတွင်လည်း “အမျိုးသမီး သီးသန့်ဖြစ်သည်၊ အမျိုးသားများ ဝင်ရောက်ခြင်း မပြုရ” ဟူသော သိသာထင်ရှားသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။
သိုင်းဝိညာဉ် နိုးထခြင်း အခမ်းအနားကို လေ့ကျင့်ရေး ကွင်းပြင်တွင် ကျင်းပခြင်း ဖြစ်သည်။ ရှောင်ဟန်သည် သိုင်းဝိညာဉ် နိုးထရန် စောင့်ဆိုင်းနေကြသည့် ရာနှင့်ချီသော မိန်းကလေးများကြားထဲသို့ ရောနှောကာ ၎င်းတို့နှင့်အတူ လူတန်းရှည်ကြီးတွင် ဝင်စီလိုက်သည်။
သိုင်းဝိညာဉ် နိုးထခြင်း အခမ်းအနားကို အပိုင်းနှစ်ပိုင်း ခွဲထားသည်။ ၎င်းတို့မှာ သိုင်းဝိညာဉ်ကို နိုးထစေခြင်းနှင့် ဝိညာဉ်စွမ်းအားကို စမ်းသပ်ခြင်းတို့ ဖြစ်သည်။ ဒေါင်လော့ ကုန်းမြေကြီးပေါ်ရှိ လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင် သိုင်းဝိညာဉ်များ ရှိကြသော်လည်း၊ လူအများစု၏ သိုင်းဝိညာဉ်များသည် ကျင့်ကြံခြင်း အလုပ်အတွက် မသင့်တော်သဖြင့် သာမန်လူများအဖြစ်သာ ရှင်သန်ကြရသည်။ သိုင်းဝိညာဉ် နိုးထပြီးနောက် လူနည်းစုသာလျှင် ဝိညာဉ်စွမ်းအား (Soul Power) ပိုင်ဆိုင်ကြပြီး ကျင့်ကြံရန် သင့်တော်ကြသည်။
သိုင်းဝိညာဉ် နိုးထခြင်း အခမ်းအနားသည် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း လူအများစုမှာမူ စိတ်ပျက် အားလျော့စွာဖြင့်သာ ပြန်လှည့်သွားကြရသည်။ ရှောင်ဟန် လူတန်းစီနေစဉ်အတွင်း စိတ်မကောင်းဖြစ်ကာ ငိုယိုပြီး ဖြတ်လျှောက်သွားကြသော မိန်းကလေး အများအပြားကို တွေ့လိုက်ရသည်။
“ပင်လယ်ရေမှော် ဝိညာဉ်... တိုက်ခိုက်နိုင်စွမ်း မရှိ၊ ကာကွယ်နိုင်စွမ်း မရှိ... အသုံးမဝင်တဲ့ ဝိညာဉ်တစ်ခုပဲ။ နောက်တစ်ယောက်”
“မကြာခင် ငါ့အလှည့် ရောက်တော့မယ်”
ရှောင်ဟန်၏ ရှေ့တွင် မတ်တတ်ရပ်နေသော မိန်းကလေးက ရုတ်တရက် ရင်ခုန်တက်ကြွစွာ ပြောလိုက်သည်။ ထိုမိန်းကလေးသည် ပုခုံးစွန်းအထိ ရောက်သော အစိမ်းရင့်ရောင် ဆံပင်တိုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းကာ တက်ကြွ လန်းဆန်းသည့် ပုံစံ ရှိသည်။
“ဟေး... တကယ်လို့ ဝိညာဉ်သခင် မဖြစ်နိုင်ခဲ့ရင်လည်း မငိုနဲ့ဦးနော်”
“မငိုပါဘူး... ငါက အဲဒီလိုလူမျိုး မဟုတ်ဘူး”
ရှောင်ဟန်၏ စနောက်မှုကို ထိုမိန်းကလေးက စိတ်မဆိုးသည့်အပြင် အလွန် အကောင်းမြင်တတ်သည့် ပုံစံဖြင့် တုံ့ပြန်ခဲ့သည်။
“နောက်တစ်ယောက်”
“နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီ”
မိန်းကလေးသည် ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ လှမ်းထွက်သွားသည်။ ရှောင်ဟန်ကမူ ပွဲကြည့်စင်တွင် ထိုင်နေသော လင်းဇိရော့နှင့် မျက်လုံးချင်း မဆုံရဲသဖြင့် ခေါင်းကို အသာငုံ့ထားလိုက်သည်။
အရပ်ရှည်ရှည်နှင့် နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အမျိုးသမီးတစ်ဦးက လူတန်း၏ ရှေ့ဆုံးတွင် ရပ်နေသည်။
“အန်တီက သမီးတို့ရဲ့ လမ်းပြသူပါ။ အန်တီက သမီးရဲ့ သိုင်းဝိညာဉ်ကို အရင်ဆုံး နိုးထအောင် ကူညီပေးမယ်... မကြောက်ပါနဲ့နဲ့နော်”
“ဟုတ်ကဲ့... သမီး အနည်းငယ်မျှတောင် မကြောက်ပါဘူး”
မိန်းကလေးသည် အပြာရောင် ရေခဲကျောက်ဆောင် ခြောက်ခုဖြင့် ပြုလုပ်ထားသော စက်ဝိုင်းထဲသို့ တွေဝေခြင်းမရှိဘဲ လှမ်းဝင်လိုက်သည်။
ထို့နောက် လမ်းပြအမျိုးသမီးသည် သူမ၏ ‘နှင်းငန်း သိုင်းဝိညာဉ်’ (Ice Goose Martial Soul) ကို ထုတ်ဖော်လိုက်ပြီး မြေပြင်ပေါ်ရှိ အပြာရောင် ရေခဲကျောက်ဆောင် ခြောက်ခုထဲသို့ ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သည်။ ရုတ်တရက်ဆိုသလို ထိုကျောက်ဆောင် ခြောက်ခုမှ လင်းလက်သော အလင်းတန်းများ ထွက်ပေါ်လာပြီး၊ မိန်းကလေးကို လွှမ်းခြုံထားသည့် ရေခဲပြာရောင် အလင်းကာကွယ်ရေး အကာအရံတစ်ခု ဖြစ်တည်လာသည်။ မြေပြင်ပေါ်ရှိ ရေခဲကျောက်ဆောင်များမှ အပြာရောင် အလင်းစက်များ လွင့်ပျံထွက်လာပြီး မိန်းကလေး၏ ကိုယ်ပေါ်သို့ ကျရောက်သွားကြသည်။
“သမီးရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပါ”
မိန်းကလေးသည် သိစိတ်မရှိဘဲ သူမ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ၊ အလင်းစက်အားလုံးသည် ထိုလက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသော လင်းပိုင်လေးတစ်ကောင်သည် သူမ၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လမ်းပြအမျိုးသမီး၏ မျက်ဝန်းများသည် ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်း လင်းလက်သွားသည်။
“ဒါက အလျင်နှုန်းရော တိုက်ခိုက်နိုင်စွမ်းပါ ရှိတဲ့ 'ရင်ယု လင်းပိုင်' (Yingyu Dolphin) ပဲ။ မိန်းကလေး အများကြီး ဖြတ်သန်းသွားပြီးမှ နောက်ဆုံးတော့ အသုံးဝင်တဲ့ သိုင်းဝိညာဉ်တစ်ခု နိုးထလာခဲ့ပြီ။ သမီးရဲ့ စိတ်အာရုံကို သုံးပြီး သိုင်းဝိညာဉ်ကို ပြန်သိမ်းလိုက်... ပြီးရင် ဝိညာဉ်စွမ်းအား စမ်းသပ်ဖို့ ဒီဘက်ကို လာခဲ့ပါ”
“ဟုတ်ကဲ့ပါ”
မိန်းကလေးသည် ဝမ်းသာအားရ ခေါင်းငြိမ့်ပြပြီး သူမ၏ သိုင်းဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းရန် ကြိုးစားလိုက်သည်။ ထို့နောက် စက်ဝိုင်းထဲမှ လှမ်းထွက်လာပြီး ဘေးနားရှိ စားပွဲဆီသို့ လာကာ ဝိညာဉ်စွမ်းအား စမ်းသပ်ရန် အသုံးပြုသည့် အပြာရောင် သလင်းလုံးပေါ်သို့ သူမ၏ နုနယ်သော လက်ခုပ်လေးကို တင်လိုက်သည်။
“သမီးမှာ ဝိညာဉ်စွမ်းအား ရှိတယ်... အဆင့် ၇ ပဲ။ သမီး နာမည်က ဘယ်သူလဲ”
“ရွှယ်ယွဲ့အာ ပါ”
“အင်း... တော်လိုက်တာ။ သမီးဟာ နောင်တစ်ချိန်မှာ အလျင်စိုက် တိုက်ခိုက်ရေး ဝိညာဉ်သခင်တစ်ဦး ဖြစ်လာနိုင်တယ်။ သမီး ငါတို့ အကယ်ဒမီမှာ နေခဲ့လို့ ရပြီ။ ဟိုဘက်မှာ သွားပြီး စာရင်းသွင်းလိုက်ပါ”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အန်တီ”
ထွက်ခွာခါနီးတွင် ရွှယ်ယွဲ့အာသည် ရှောင်ဟန်ဘက်သို့ လှည့်ကြည့်ကာ ချစ်စနိုး အမူအရာတစ်ခု လုပ်ပြခဲ့သည်။
“ငါတော့ ဝိညာဉ်သခင် ဖြစ်တော့မယ်။ နောက်တစ်ယောက်က နင့်အလှည့်ပဲ... ကံကောင်းပါစေ”
ထိုမိန်းကလေးသည် ရွှေပင်းအာ၏ ဖအေတူမအေကွဲ ညီမဖြစ်သူ ‘ရွှယ်ယွဲ့အာ’ ဖြစ်လိမ့်မည်ဟု ရှောင်ဟန် လုံးဝ ထင်မထားခဲ့မိချေ။ သူသည် ရွှယ်ယွဲ့အာကို မော့ကြည့်လိုက်စဉ်မှာပင် လင်းဇိရော့၏ မျက်လုံးများနှင့် မတော်တဆ ဆုံမိသွားတော့သည်။
လင်းဇိရော့သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားပြီး၊ နေရာမှ အမြန် ထရပ်ကာ လှမ်းအော်လိုက်သည် -
“ရှောင်ဟန်... မင်း ဒီမှာ ဘာလုပ်နေတာလဲ”
လင်းဇိရော့သည် မျက်စိတစ်မှိတ်အတွင်း ရှောင်ဟန်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ နားရွက်ကို ဆွဲလိမ်လိုက်တော့သည်။
“ဒီလို ပုံစံပြောင်းထားရင် အန်တီက မင်းကို မမှတ်မိဘူး ထင်နေလား။ မင်းကို သိုင်းဝိညာဉ် နန်းတော်ဆီ သွားပြီး သိုင်းဝိညာဉ် နိုးထဖို့ အန်တီ ပြောထားရဲ့သားနဲ့... ဘာဖြစ်လို့ ဒီကိုလာပြီး လူရှုပ်နေရတာလဲ”