"စောင့်ခိုင်းမိလို့ ဆော့ရီးပဲ၊ အခု အားလုံး အဆင်ပြေသွားပါပြီ" ဟု ချီလင်းက ကျူးကျူးချင်းကို ပြောလိုက်သည်။ "ကဲ... သွားကြစို့"
"ဟေ့... အဲဒီမှာတင် ရပ်လိုက်စမ်း" ကျင်းဟယ်က ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဒီကောင်မလေးကို ငါ သဘောကျသွားပြီ။ မင်းကတော့ အေးအေးဆေးဆေး ရှိမယ့်နေရာတစ်ခုခုကို သွားပြီးတော့သာ အသာလေး နေနေလိုက်စမ်းပါ"
တစ်ဖက်လူမှာ လူငယ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သဖြင့် မိမိကို မည်သို့မျှ အန္တရာယ် မပေးနိုင်ဟု ကျင်းဟယ်က တွေးတောမိသည်။ ထို့ကြောင့် သူသည် ခုနက ခံစားလိုက်ရသည့် စိုးရိမ်စိတ်မှာ စိတ်အာရုံချောက်ခြားခြင်းသာ ဖြစ်မည်ဟု မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်သည်။
ထိုသို့ဆိုလျှင် သူတို့ကို ဒီအတိုင်း လွှတ်ပေးရန် အကြောင်းမရှိပေ။ ထိုအစား ဤမိန်းမလှလေးရှေ့တွင် ထိုကောင်လေးကို ကောင်းကောင်းကြီး အရှက်ခွဲပြပြီး မိမိကသာ သူမနှင့် ထိုက်တန်သူဖြစ်ကြောင်း သက်သေပြရမည် ဖြစ်သည်။
ချီလင်းသည် မလိုလားအပ်စွာ လှည့်ကြည့်လိုက်ကာ ကျင်းဟယ်ကို စိုက်ကြည့်လိုက်သည်။ သူသည် အခွင့်အရေး တစ်ကြိမ် ပေးခဲ့ပြီးသားဖြစ်သော်လည်း ကျင်းဟယ်က ထိုအခွင့်အရေးကို တန်ဖိုးမထားဘဲ သေမင်းကို ခေါ်ယူနေမှတော့ ကောင်းကင်ဘုံရှင်ကိုယ်တိုင် ဆင်းလာလျှင်ပင် သူ့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
"မင်းနာမည်က ကျင်းဟယ်လား၊ ဝိညာဉ်သတ်ကွင်းကြီးရဲ့ ရွှေတံဆိပ်ဆုရှင် ဆိုတာ မင်းလား" ချီလင်းက အေးအေးဆေးဆေးပင် မေးလိုက်သည်။
"ဟွန်း... အခုမှ ကြောက်သွားတာလား ကောင်လေး။ ကြောက်ရင်လည်း ကောင်းတာပေါ့၊ မြန်မြန် ငါ့ရှေ့က ဖယ်စမ်း။ သတိထားနော်... ငါ့စိတ်အခြေအနေ မကောင်းရင် မင်းကို အိပ်ရာထဲမှာ လပေါင်းများစွာ လဲနေအောင် ငါ လုပ်ပစ်လိုက်မယ်" ကျင်းဟယ်က မောက်မာစွာ ပြောဆိုလိုက်သည်။
"ဖူး..." ချီလင်းသည် မရယ်ဘဲ မနေနိုင်တော့ချေ။ "ငါ့ကို လပေါင်းများစွာ အိပ်ရာထဲ လဲနေအောင် လုပ်မယ် ဟုတ်လား။ မင်း တကယ်သာ အဲဒီလို လုပ်နိုင်ရင် ငါတောင် တကယ် မျှော်လင့်မိသွားပြီ"
"ဒီကလေးစုတ်... ငါ့ကို အထင်သေးရဲတယ်ပေါ့၊ ကြည့်ထားစမ်း—" ကျင်းဟယ်သည် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ချီလင်းက ကြားဖြတ် ပြောဆိုလိုက်သည်။
"မင်းက ဝိညာဉ်သတ်ကွင်းက ပြိုင်ပွဲဝင် တစ်ယောက်ပဲ မဟုတ်လား။ ပြိုင်ပွဲဝင် အချင်းချင်း သီးသန့် တိုက်ခိုက်တာကို တားမြစ်ထားတယ်ဆိုတဲ့ စည်းကမ်းကို မင်း သိမှာပေါ့" ချီလင်းက ဆိုသည်။ "တကယ် တိုက်ချင်တယ်ဆိုရင် နောက်တစ်ပတ်ကျရင် ဝိညာဉ်သတ်ကွင်းမှာ ငါ့ကို စောင့်နေလိုက်"
ကျင်းဟယ်မှာ ဆွံ့အသွားရသည်။ ချီလင်းက ဤအချက်ကို ထောက်ပြလိုက်သဖြင့် သူ လျစ်လျူရှု၍ မရတော့ပေ။ သူသည် ဝိညာဉ်သတ်ကွင်းကို မှီခိုပြီး အသက်မွေးနေရသူ ဖြစ်ရာ တစ်စုံတစ်ယောက်ကသာ တိုင်တန်းလိုက်၍ သူ အလုပ်ပြုတ်သွားပါက ဘဝက မလွယ်ကူလှပေ။
"ကောင်းပြီ... ဒါဆို နောက်တစ်ပတ်ကျရင် ဝိညာဉ်သတ်ကွင်းမှာ ငါ စောင့်နေမယ်" ကျင်းဟယ်က ကြုံးဝါးလိုက်သည်။ "မင်းက ယောက်ျားတစ်ယောက်လို ကျင့်ကြံပြီး အဲဒီအချိန်ကျရင် ကတိဖျက်ပြီး ထွက်မပြေးဖို့ မျှော်လင့်တယ်"
"စိတ်မပူပါနဲ့၊ ငါ အရောက်လာခဲ့မှာပါ" ချီလင်းသည် ကျူးကျူးချင်းနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားတော့သည်။ ကျင်းဟယ်သည် အံကြိတ်ကာ ကျန်ရစ်သော်လည်း ချီလင်းကို ရှင်းလင်းပြီးလျှင် ကျူးကျူးချင်းသည်လည်း သူ့လက်ခုပ်ထဲက ရေသာ ဖြစ်လိမ့်မည်ဟု မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။
လမ်းလျှောက်နေစဉ် ချီလင်းက ကျူးကျူးချင်းကို ပြောလိုက်သည်။ "ကျူးချင်း... မင်း ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ဒီ ကျင်းဟယ်က ကျောက်လဲ့နဲ့ မတူဘူး။ သူတို့ကြားမှာ ဝိညာဉ်အဆင့်က အလှမ်းကွာလွန်းတယ်"
"အခု မင်းရဲ့ အခြေအနေနဲ့ဆိုရင် မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။ ဒါပေမဲ့ သူ့ကို အကြာကြီး မောက်မာခွင့် မပေးနိုင်တာကြောင့် ငါ ဝင်ပါလိုက်ရတာ"
ကျူးကျူးချင်းသည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။ အတန်ကြာမှ သူမက ချီလင်းကို မေးလိုက်သည်။ "သူ့ကို အနိုင်ယူနိုင်ဖို့ ငါ ဘယ်လောက်ကြာကြာ အချိန်ယူရဦးမလဲ"
"ခက်လိမ့်မယ်။ ဒီ ကျင်းဟယ်က သာမန်ပြိုင်ဘက် မဟုတ်ဘူး။ ဝိညာဉ်မဟာဆရာသခင် အဆင့်မှာတောင် သူက ရှားပါးတဲ့ ကျွမ်းကျင်သူ တစ်ယောက်ပဲ။ မဟုတ်ရင် ဝိညာဉ်သတ်ကွင်းကြီးမှာ ဝိညာဉ်မဟာဆရာသခင် အဆင့်နဲ့ ရွှေတံဆိပ် ရထားသူ နှစ်ယောက်ပဲ ရှိမှာ မဟုတ်ဘူးလေ" ချီလင်းက ဆိုသည်။
"ဒါပေမဲ့ ချီလင်း... ငါ သူ့ကို အနိုင်ယူချင်တယ်" ကျူးကျူးချင်းက ပြောသည်။ "ဒါကြောင့်... ငါ ဘာကို ဆိုလိုသလဲဆိုတာ ရှင် သိမှာပါနော်"
ချီလင်းသည် ကျူးကျူးချင်းကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အပြည့် ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤအကြည့်မျိုးကို သူမထံမှ သူ အကြိမ်ကြိမ် ခံစားဖူးခဲ့သည်။
"ဟူး... တကယ်ပဲ။ ကောင်းပါပြီ... ကောင်းပါပြီ၊ ငါ မင်းကို တကယ် ငြင်းလို့ မရပါလား" ချီလင်းက သက်ပြင်းချရင်း ပြောလိုက်သည်။ "ပုံမှန်အတိုင်းပဲပေါ့... သူ့ကို အနိုင်ယူမယ်၊ ဒါပေမဲ့ ဒုက္ခိတဖြစ်အောင်တော့ မလုပ်ဘူး၊ ဟုတ်တယ်မလား"
ကျူးကျူးချင်းက ခေါင်းညိတ်ပြပြီး ပြန်မေးသည်။ "တစ်လအတွင်း ငါ သူ့ကို အနိုင်ယူနိုင်မလား"
"တစ်လ ဟုတ်လား" ချီလင်းက စဉ်းစားနေပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် —
"တစ်လပဲ။ မင်းသာ ဝိညာဉ်စွမ်းအား အဆင့် ၃၀ ကို ကျော်ဖြတ်ပြီး ဝိညာဉ်အကြီးအကဲ တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင် ဒီ ကျင်းဟယ်ကို အနိုင်ယူနိုင်ဖို့ ငါ့မှာ နည်းလမ်း ရှိကောင်းရှိလိမ့်မယ်"
"တကယ်လား" ကျူးကျူးချင်းသည် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ ကျင်းဟယ်မှာ ကိုင်တွယ်ရ ခက်ခဲသော ပြိုင်ဘက် ဖြစ်ကြောင်း သူမ သိသဖြင့် ချီလင်းကို စမ်းသပ်မေးမြန်းကြည့်ခြင်းသာ ဖြစ်သည်။ ချီလင်းတွင် အမှန်တကယ် အဖြေရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။
ကျင်းဟယ်သည် ဝိညာဉ်အကြီးအကဲ အဆင့်တွင် လွှမ်းမိုးထားနိုင်ရန်အတွက် သူ၏ ဝိညာဉ်စွမ်းအားမှာ အနည်းဆုံး အဆင့် ၃၈ သို့မဟုတ် ၃၉ ခန့် ရှိရမည်ဖြစ်သည်။ သူမအနေဖြင့် ဝိညာဉ်အကြီးအကဲ အဆင့်သို့ ရောက်ရှိသွားလျှင်ပင် အဆင့် ၃၁ သာ ရှိဦးမည် ဖြစ်သည်။
ဝိညာဉ်အကြီးအကဲ အချင်းချင်းကြားတွင်ပင် ဝိညာဉ်စွမ်းအား ၇ ဆင့် ကွာဟချက်မှာ လူများစွာကို စိတ်ပျက်အားငယ်စေရန် လုံလောက်လှသည်။ ထို့ပြင် တစ်ဖက်လူမှာ ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်နေသည်။ ချီလင်းက သူမကို အနိုင်ရအောင် မည်သည့် အံ့ဩဖွယ် နည်းလမ်းကို သုံးမည်နည်းဟု သူမ သိချင်မိသည်။
ကျူးကျူးချင်း၏ မေးခွန်းကို ချီလင်းက လျှို့ဝှက်ချက် တစ်ခုအဖြစ် ထားရှိကာ ပြောလိုက်သည်။ "ငါ့မှာ ကိုယ်ပိုင် အစီအစဉ်ကောင်းတွေ ရှိပါတယ်။ ကျူးချင်း... မင်း လုပ်ရမှာက အဆင့် ၃၀ ကို ရောက်အောင် ကျင့်ကြံဖို့ပဲ။ အချိန်တန်ရင် ကျန်တာတွေကို မင်း အလိုလို သိလာလိမ့်မယ်"
သူတို့ နှစ်ဦးသည် စကားပြောရင်း အကယ်ဒမီဆီသို့ လျှောက်လှမ်းလာကြရာ မကြာမီမှာပင် ထန်ဆန်းနှင့် အခြားသူများ ဒေါသတကြီးဖြင့် တစ်စုံတစ်ယောက်ကို ပြဿနာရှာရန် သွားနေကြသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ ရှောင်ဆန်း၊ မင်းတို့ အားလုံး ဘယ်သွားမလို့လဲ။ တစ်ယောက်ယောက်နဲ့ သွားချကြမလို့လား" ချီလင်းက သူတို့ကို လှမ်းခေါ်ကာ မေးလိုက်သည်။
"အစ်ကိုကြီးလား၊ ဘာလို့ ဒီမှာ ရောက်နေတာလဲ။ ပြီးတော့ ကျူးကျူးချင်းလည်း ပါလာတာပဲ" ထန်ဆန်းသည် ချီလင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။
"ဘာမှမဟုတ်ပါဘူး၊ ကျူးချင်းကို ကိစ္စလေးတစ်ခု ကူညီပေးနေတာပါ။ ဒါနဲ့ မင်းတို့က ဘာလုပ်ဖို့လဲ"
မာဟုန်ကျွင်းသည် ဘေးမှ ရုတ်တရက် ပြေးထွက်လာကာ ချီလင်းကို သနားစဖွယ် ပြောလိုက်သည်။ "အစ်ကိုကြီးချီ... ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးပါဦး"
ချီလင်းက မာဟုန်ကျွင်းကို လှည့်ကြည့်လိုက်ရာ လန့်ဖျပ်သွားရသည်။ မူလကတည်းက ဝနေသော မာဟုန်ကျွင်း၏ မျက်နှာမှာ ယခုအခါ ဝက်ခေါင်းတစ်ခုပမာ ဖူးယောင်နေသည်။
"ဘာဖြစ်တာလဲ၊ ငါတို့လူကို ဘယ်သူကများ အနိုင်ကျင့်ရဲတာလဲ" ချီလင်းက မေးသည်။
"အစ်ကိုကြီးချီ... ကျွန်တော် အနိုင်ကျင့်ခံလိုက်ရတာဗျ" မာဟုန်ကျွင်းသည် သူ ကချေသည် ရပ်ကွက်တွင် မိန်းကလေး ရှာရန် ကြိုးစားရင်း 'ပုလဲ့' အမည်ရှိသူ တစ်ဦး၏ အရိုက်အနှက် ခံခဲ့ရပုံကို ချက်ချင်းပင် ပြန်ပြောပြတော့သည်။
"အဲလိုတောင် ဖြစ်သွားတာလား။ လာ... သွားကြစို့၊ ငါ မင်းအတွက် ကလဲ့စားချေပေးမယ်" ချီလင်းက ချက်ချင်းပင် ပြောလိုက်သည်။ ဘယ်လိုပင်ဖြစ်စေ မိမိလူ အနိုင်ကျင့်ခံရသည်ကို သူ လွှတ်မထားနိုင်ပေ။
"ငါတော့ မလိုက်ဘူး။ ရှင်တို့ သွားချင်ရင် ဘာသာ သွားကြ" ကျူးကျူးချင်းက ပြောဆိုကာ အကယ်ဒမီသို့ တစ်ဦးတည်း ပြန်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် မာဟုန်ကျွင်း လုပ်ရပ်မှာ သူမ အမုန်းဆုံး အရာ ဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့ပြင် ချီလင်း ရှိနေမှတော့ မာဟုန်ကျွင်းအတွက် ကလဲ့စားချေရန် လုံလောက်နေပြီဖြစ်ရာ သူမ ရှိနေရန် မလိုတော့ပေ။
ဘေးတွင် ရပ်နေသော ရှောင်ဝူက ရုတ်တရက် ခုန်ထွက်လာကာ ပြောသည်။ "အစ်ကိုချီ... ရှင် ဝင်ပါစရာ မလိုပါဘူး။ ကျွန်မ ဒီဝက်လေးအတွက် ကလဲ့စားချေပေးမယ်လို့ ကတိပေးပြီးသား။ ကျွန်မရဲ့ လက်စွမ်းကိုပဲ ကြည့်နေလိုက်"
"ရှောင်ဝူ... မင်း သေချာရဲ့လား။ အဲဒီ ပုလဲ့က ကွင်းလေးကွင်း ဝိညာဉ်ဘိုးဘေး အဆင့်ပဲ။ ပြီးတော့ သူက ထိန်းချုပ်မှုစနစ် ဝိညာဉ်ဆရာသခင် ဆိုတော့ မင်းရဲ့ စွမ်းရည်တွေနဲ့ အပြန်အလှန် ဖြစ်နေနိုင်တယ်" ထန်ဆန်းက ဘေးမှ စိုးရိမ်တကြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အစ်ကိုသုံး၊ သူက ကျွန်မရဲ့ မောင်လေးကို ရိုက်ရဲတယ်ပေါ့။ သူ့ကိုယ်သူ တောင် ပြန်မပြုစုနိုင်တဲ့အထိ ကျွန်မ ဘယ်လို ဆုံးမလိုက်မလဲဆိုတာ ကြည့်နေလိုက်" ရှောင်ဝူက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
"ရှောင်ဝူ... မင်းက တကယ်ကို စိတ်ကောင်းရှိတာပဲ။ ငါ့ကိုယ်ငါ မင်းဆီမှာ အပ်နှံပြီး ကျေးဇူးဆပ်ပါရစေ" မာဟုန်ကျွင်းသည် ရှောင်ဝူ၏ စိတ်ထားကို ကြည့်ကာ အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ သူ၏ စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်းပင် နှာဘူးစကားများ ပြန်ပြောလာသည်။
"ဖြောင်း—" လက်ဝါးကြီးတစ်ဖက်က မာဟုန်ကျွင်း၏ ခေါင်းပေါ်သို့ ကျရောက်လာကာ ချီလင်း၏ အသံက နောက်ဘက်မှ ထွက်ပေါ်လာသည်။ "ဝက်လေး... မင်းက ဘယ်သူ့ဆီမှာ ကိုယ့်ကိုယ်ကိုယ် သွားအပ်မလို့လဲ"
"အား... အား... အား။ အစ်ကိုကြီးချီ... ကျွန်တော် မှားပါပြီ၊ ကျွန်တော် မှားပါပြီ" ချီလင်းက အားအနည်းငယ် သုံးလိုက်သဖြင့် မာဟုန်ကျွင်းမှာ အော်ဟစ်ကာ အကူအညီ တောင်းရတော့သည်။ အခြားသူများကလည်း သူ ခံရတာ ထိုက်တန်သည်ဟု ဆိုကာ ရယ်မောကြပြီး ရှောင်ဝူမှာမူ ရင်ထဲတွင် ကြည်နူးမှုများဖြင့် မျက်နှာလေး နီမြန်းသွားရသည်။
ညမှောင်ရိပ်ကို အခွင့်ကောင်းယူ၍ အုပ်စုသည် မာဟုန်ကျွင်း ပြောသည့် နေရာသို့ အမြန်သွားကြသည်။ သူတို့သည် ပုလဲ့၏ ပုံရိပ်ကို မကြာမီမှာပင် တွေ့လိုက်ရသည်။ အသက် လေးဆယ်ကျော်အရွယ် ရှိပြီဖြစ်သော သူ့ကို ကြည့်ရသည်မှာ နုံးချည့်ပြီး ဖရိုဖရဲ ဖြစ်နေပုံပေါ်သည်။ သူသည် စုတ်ပြတ်နေသော ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်ကို ဝတ်ထားပြီး ရွံစရာကောင်းသော အပြုံးကို ပြုံးနေကာ ဝိညာဉ်ဘိုးဘေး တစ်ဦးနှင့် လုံးဝ မတူပေ။
"အဲဒါ သူလား" မာဟုန်ကျွင်းထံမှ အတည်ပြုချက် ရပြီးနောက် ရှောင်ဝူက ယုံကြည်မှုအပြည့်ဖြင့် ထွက်သွားလိုက်သည်။ "ကောင်းပြီ... ရှင်တို့ အသာလေး ကြည့်နေလိုက်။ ခွန်အားကြီးပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အစ်မကြီး ရှောင်ဝူက ဒီဝက်လေးအတွက် ဘယ်လို ကလဲ့စားချေပေးမလဲဆိုတာ ကြည့်ထားကြ"