"ဟူး... အိပ်လို့ကောင်းလိုက်တာ" ချီလင်းသည် ဆေးစိမ်ကန်ထဲတွင် အကြောဆန့်ရင်း နိုးထလာခဲ့သည်။
တစ်နေ့နှင့်တစ်ညလုံး ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ရခြင်းက ချီလင်းကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်သွားစေမည့်အစား အကောင်းဆုံးသော အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေခဲ့သည်။
သို့သော် တစ်နေ့နှင့်တစ်ညလုံး ဘာမှမစားရသေးသဖြင့် ချီလင်း၏ ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ ယခုချက်ချင်း သွားမစားလျှင် ဤရေချိုးကန်ထဲမှာပင် ဆာလောင်လွန်း၍ မူးမေ့သွားမည်ကို သူ စိုးရိမ်မိသည်။
ကိုယ်လက်သန့်စင်ပြီးနောက် ချီလင်းသည် နံနက်စာစားရန် အကယ်ဒမီ၏ စားသောက်ဆောင်သို့ သွားရန် တံခါးကို တွန်းဖွင့်လိုက်သည်။ သို့သော် တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးရှေ့တွင် ထိုင်ကာ ကျင့်ကြံနေဟန်တူသော ကျူးကျူးချင်းကို သူ မြင်လိုက်ရသည်။
"ကျူးကျူးချင်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ" ချီလင်းက အံ့အားသင့်စွာ မေးလိုက်သည်။
"ညနေကျရင် ငါ နင့်ဆီ လာခဲ့မယ်လို့ ပြောထားခဲ့တယ်လေ။ ဒါကြောင့် မနေ့က သတိလစ်နေရာကနေ နိုးလာလာချင်း နင့်ဆီ လာခဲ့တာပဲ" ကျူးကျူးချင်းက ပြောလိုက်သည်။ "ဒါပေမဲ့ နင့်အခန်းတံခါးက သော့ခတ်ထားတယ်။ တစ်ခုခု ထူးခြားမနေဘူးဆိုရင် နင် တံခါးသော့ခတ်ထားမှာ မဟုတ်ဘူးဆိုတာ သိလို့ နင့်ကို ဒီကနေပဲ စောင့်နေခဲ့တာ"
"အဲဒါနဲ့ တစ်ညလုံး စောင့်နေခဲ့တာပေါ့" ချီလင်းက အံ့ဩတကြီး မေးလိုက်သည်။
ကျူးကျူးချင်း ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်ကို မြင်သောအခါ ချီလင်း ဘာပြောရမှန်းပင် မသိတော့ပေ။ ဤကောင်မလေးသည် ကြောက်စရာကောင်းလောက်အောင် ခေါင်းမာလွန်းလှသည်။ တစ်ခုခုကို ဆုံးဖြတ်ပြီးသွားပြီဆိုလျှင် မည်သူကမျှ ပြောင်းလဲပစ်နိုင်မည် မဟုတ်ချေ။
"ကျင့်ကြံဖို့အတွက်ချည်း သက်သက်တော့ မဟုတ်ပါဘူး။ ငါ လာခဲ့ရတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်။ နင့်ကို လူချင်းတွေ့ပြီး ကျေးဇူးတင်ချင်လို့ပါ" ကျူးကျူးချင်းက ပြောလိုက်သည်။ "မနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ သိပါတယ်။ ငါ သတိလစ်သွားပြီးတဲ့နောက် လမ်းတစ်လျှောက်လုံး နင် ငါ့ကို ကျောပိုးပြီး ပြန်ခေါ်လာခဲ့တာလေ။ အဲဒီအတွက် ကျေးဇူးတင်ချင်လို့ လာခဲ့တာပါ"
"အာ... အဲဒါလား။ ဒါက ကိစ္စသေးသေးလေးပါ။ ငါတို့တွေက သူငယ်ချင်းတွေပဲဟာ" ချီလင်းက ပြောလိုက်သည်။
"ဒါဆိုရင် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်" ကျူးကျူးချင်းက ဆက်ပြောသည်။ "ဒီည ငါ့ရဲ့ ကျင့်ကြံမှုကို ဆက်လုပ်ဖို့ လာခဲ့လို့ ရမလား"
"ဟူး... မင်းရဲ့ ဇွဲလုံ့လကိုတော့ တကယ် လက်မြှောက်ရပါရဲ့။ ဒီည မင်း ထပ်လာခဲ့ရင် မင်းကျင့်ကြံဖို့အတွက် ငါ သေချာပေါက် ကူညီပေးပါ့မယ်" ချီလင်းက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
ကျူးကျူးချင်း၏ အေးစက်ပြီး လှပသော မျက်နှာလေးပေါ်တွင် ရှားရှားပါးပါး အပြုံးရိပ်လေးတစ်ခု ပေါ်လာကာ "ကောင်းပြီ" ဟု ဆိုလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်သည် စားသောက်ဆောင်သို့ အတူတကွ သွားရောက်ခဲ့ပြီး ရောက်နှင့်နေကြသော အခြားသူများနှင့် ဆုံခဲ့ကြသည်။ မနေ့က ကြုံတွေ့ခဲ့ရသော သင်ခန်းစာအပြီးတွင် လူတိုင်း၏ ခွန်အားနှင့် စိတ်ဓာတ်များ ပြောင်းလဲသွားရုံသာမက တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးများလည်း ပိုမို ကောင်းမွန်လာခဲ့သည်။
လူတိုင်း နံနက်စာစားပြီး လေ့ကျင့်ရေးကွင်းကြီးဆီသို့ အပြေးအလွှား သွားကြသောအခါ ယွီရှောင်ကန်းသည် ထိုနေရာတွင် သူတို့ကို စောင့်ဆိုင်းနေပြီးဖြစ်သည်။ ချီလင်းမှလွဲ၍ ကျန်လူတိုင်းသည် ဆရာကြီးက သူတို့ကို မည်သို့ အကဲဖြတ်မည်ကို မသိသဖြင့် အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေကြသည်။
"မနေ့က မင်းတို့အားလုံး လုပ်ဆောင်ခဲ့တာ အရမ်းကောင်းတယ်။ အရေးအကြီးဆုံးက ဘယ်သူမှ နောက်ကောက်ကျမကျန်ခဲ့တာပဲ။ အဖော်တစ်ယောက် နောက်ကျကျန်နေရင်တောင် အချင်းချင်း ကူညီဖေးမပြီး အရောက်ပြန်လာနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတယ်" ယွီရှောင်ကန်းက ပြောလိုက်သည်။ "ဒီအချက်က တခြား ဘာထက်မဆို ပိုအရေးကြီးတယ်"
ဆရာကြီးက သူတို့ကို ချီးကျူးလိုက်သည်ကို ကြားသောအခါ လူတိုင်း၏ ရင်ထဲတွင် ဝမ်းသာကြည်နူးမှုများ ဖြစ်ပေါ်သွားကြသည်။ သို့သော် အကယ်၍ ချီလင်းသာ မပါဝင်ခဲ့ပါက ထိုခက်ခဲကြမ်းတမ်းလှသော တာဝန်ကို သူတို့ ပြီးမြောက်နိုင်မည် မဟုတ်ကြောင်းကိုလည်း အားလုံး ကောင်းစွာ သိရှိထားကြသည်။
နောက်ဆုံးအချိန်တွင် နင်ရုံရုံနှင့် ကျူးကျူးချင်းတို့ကို ကျောပိုးလျက် ပေါင်တစ်ထောင်ရှိသော အလေးချိန်ကို သယ်ဆောင်ကာ ခြေတစ်လှမ်းလှမ်းတိုင်း ခြေရာတစ်ခု ချန်ရစ်ခဲ့ရသော ချီလင်း၏ မြင်ကွင်းကို ပြန်တွေးမိသောအခါ လူတိုင်း၏ ရင်ထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာခဲ့သည်။ ချီလင်းသည် သူတို့၏ ခေါင်းဆောင်ချီ ဆိုသည့် အမည်နာမနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
"ဒီနောက်ပိုင်းမှာ မင်းတို့အတွက် သုံးလတာ အထူးလေ့ကျင့်ရေး အစီအစဉ်တစ်ခု လုပ်ပေးမယ်။ မင်းတို့အားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြ" ဟု ယွီရှောင်ကန်းက ပြောလိုက်သည်။
"ဘယ်သူမဆို မပါဝင်ချင်ဘူးဆိုရင် အခု ချက်ချင်း ရှေ့ထွက်ခဲ့ပါ။ အချိန်တန်တဲ့အခါ အမိန့်မနာခံဘဲ တစ်ဖွဲ့လုံးရဲ့ လေ့ကျင့်ရေးကို ထိခိုက်စေမယ့်သူမျိုး ငါ မလိုချင်ဘူး"
မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့ထွက်မလာခဲ့ကြပေ။ ဆရာကြီးက ကျေနပ်အားရစွာဖြင့် "အရမ်းကောင်းတယ်။ ဒါဆိုရင် အခု ပထမဆုံး တာဝန်က စော့တိုမြို့ဆီ သွားပြီး ပြန်လာရမယ်။ ဒီတစ်ကြိမ်မှာတော့ ဝိညာဉ်စွမ်းအား အသုံးပြုဖို့ ခွင့်ပြုတယ်" ဟု ပြောလိုက်သည်။
အတူတကွ ပြေးထွက်သွားကြသော လူတိုင်း၏ ကျောပြင်များကို ကြည့်ရင်း ယွီရှောင်ကန်းသည် သူတို့ ယခင်ကနှင့် မတူတော့ကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ယခုအခါ သူတို့သည် အဖွဲ့သားအားလုံး တစ်သားတည်း ဖြစ်နေကြပြီ။ ထို့ပြင် အရှေ့ဆုံးမှ ပြေးနေသော ချီလင်းမှာ သူတို့၏ ဦးခေါင်းပိုင်း ဖြစ်လာလေပြီ။
ဤအချိန်တွင် ယွီရှောင်ကန်း စဉ်းစားမိသည့် တစ်ခုတည်းသော စကားလုံးမှာ 'ကောင်းကင်ဘုံက မျက်နှာသာပေးထားသော သားတော်' ဟူ၍ပင် ဖြစ်သည်။ ဤပါရမီရှင်များ၏ အနာဂတ်သည် မည်သို့ ဖြစ်လာမည်ကို သူ အမှန်တကယ်ပင် မြင်တွေ့ချင်နေမိသည်။
ဆရာကြီး ယွီရှောင်ကန်း၏ လေ့ကျင့်ရေးသည် ထိုနေ့မှစ၍ တရားဝင် စတင်ခဲ့ပြီး ရှရက်ခ်အဖွဲ့သည်လည်း 'မိစ္ဆာ' ဆိုသည့် အဓိပ္ပာယ်ကို စတင် နားလည်လာကြတော့သည်။
သို့သော် ဆရာကြီးအပြင် သူတို့ကို ပို၍ ကြောက်လန့်စေသူ နောက်ထပ် တစ်ယောက်ရှိသေးပြီး ထိုသူမှာ ချီလင်းပင် ဖြစ်သည်။ အကယ်၍ ဆရာကြီးက မိစ္ဆာတစ်ကောင်သာ ဖြစ်ခဲ့လျှင် ချီလင်းမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိဘဲ တွင်းနက်ကြီးထဲမှ မိစ္ဆာဘုရင်ကြီးပင် ဖြစ်ပေလိမ့်မည်။
ဆရာကြီးက ချီလင်းကို သူတို့အား တစ်ဦးချင်းစီ လေ့ကျင့်သင်ကြားပေးရန် ခွင့်ပြုလိုက်တိုင်း ရလဒ်အနေဖြင့် သူတို့အားလုံး ဆေးခန်း၌ သွားရောက် လှဲလျောင်းရသည်မှာ ချွင်းချက်မရှိ အစဉ်အမြဲပင် ဖြစ်သည်။
ဒါ့အပြင် ဆရာကြီးသည် တိုက်ခိုက်လိုစိတ် မြင့်မားလာစေရန်ဟု အကြောင်းပြကာ သူတို့ကို ချီလင်းနှင့် နေ့စဉ် ယှဉ်ပြိုင်တိုက်ခိုက်စေခဲ့သော်လည်း အဖွဲ့သားများအနေဖြင့် ချီလင်းထံမှ ခံစားရသည်မှာ နက်ရှိုင်းလှသော မျှော်လင့်ချက်မဲ့ခြင်းသာ ဖြစ်သည်။
မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ မည်သို့သော စည်းကမ်းချက်များ သတ်မှတ်သည်ဖြစ်စေ ချီလင်းသည် အနိုင်မခံ အရှုံးမပေးတတ်သော စစ်နတ်ဘုရားတစ်ပါးနှင့် တူနေပြီး သူ၏ အားနည်းချက်ကို သူတို့ လုံးဝ ရှာမတွေ့နိုင်ခဲ့ပေ။
သို့သော် ချီလင်းနှင့် တိုက်ခိုက်ရသည့် ဖြစ်စဉ်အတွင်း သူတို့သည်လည်း အလျင်အမြန် တိုးတက်လာခဲ့ကြောင်းကို လူတိုင်း ဝန်ခံရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ နေ့စဉ်ရက်ဆက် အသေအကြေ အခြေအနေများဆီသို့ တွန်းပို့ခံနေရပါက မတိုးတက်ဘဲ နေရန်မှာ ခဲယဉ်းလှသည်။
ထို့ပြင် နေ့စဉ် လေ့ကျင့်ရေးများ ပြီးဆုံးသွားတိုင်း ကျူးကျူးချင်းသည် ညဘက်၌ပင် အထူးလေ့ကျင့်ရေးအတွက် ချီလင်းထံသို့ သွားရောက်လေ့ရှိသည်။
သူမ၏ မဆုတ်မနစ်သော ဇွဲလုံ့လကြောင့်ပင် သူမ၏ တိုးတက်မှုမှာ မယုံနိုင်လောက်အောင် မြန်ဆန်နေခဲ့သည်။ 'ကိုးထပ်ငရဲဘုံ၏ မြင့်မြတ်သော စိတ်နှလုံးကျင့်စဉ် ' (# နောက်တွင် “ကိုးထပ်ငရဲနှလုံးကျင့်စဉ်” ဟုပြောင်းလဲသုံးစွဲသွားပါမည်)
နှင့် 'နက်နဲသော ငရဲဘုံ နတ်ဘုရားလက်ဝါး ' တို့သည် မကြာမီမှာပင် အခြေခံအဆင့်သို့ ရောက်ရှိသွားခဲ့ရာ ချီလင်းကိုယ်တိုင်ပင် အံ့မခန်း ချီးကျူးသွားရလေသည်။
သို့သော် လေ့ကျင့်ရေးအပြီးတွင် အနားယူခြင်းဟူသော ရည်ရွယ်ချက် ပြည့်ဝစေရန်အတွက် နေ့စဉ် အနည်းဆုံး ငါးနာရီ အိပ်စက်ရမည်ဟု ချီလင်းက ကျူးကျူးချင်းကို တောင်းဆိုခဲ့သည်။
"ဘာလို့လဲ။ အိပ်စက်ဖို့အတွက် အဲဒီလောက် အချိန်တွေ အများကြီး မရှိဘူး" ကျူးကျူးချင်းက နားမလည်နိုင်စွာ ပြောလိုက်သည်။ ကြည့်ရသည်မှာ သူမအနေဖြင့် တစ်နေ့တာ၏ ၂၄ နာရီလုံးကို ကျင့်ကြံခြင်းတွင်သာ ကုန်ဆုံးချင်နေပုံရသည်။
"အလွန်အမင်း တင်းကြပ်လွန်းရင် အလွယ်တကူ ကျိုးပဲ့သွားတတ်တယ်။ ကျူးကျူးချင်း... ဒီသဘောတရားကို ငါ မင်းကို ရှင်းပြခဲ့ပြီးသား ဖြစ်ရမယ်။ အနားယူတယ်ဆိုတာ ရှေ့ဆက်ပြီး ပိုကောင်းကောင်း လျှောက်လှမ်းနိုင်ဖို့အတွက်ပဲ" ချီလင်းက ပြောလိုက်သည်။ "ဒါ့အပြင် အိပ်နေတုန်း ကျင့်ကြံလို့မရဘူးလို့ ဘယ်သူပြောလဲ"
ထိုအချိန်မှာပင် ချီလင်းသည် အိပ်စက်နေစဉ် ဝိညာဉ်စွမ်းအား ကျင့်ကြံနိုင်သည့် နည်းလမ်းကို ကျူးကျူးချင်းအား သင်ကြားပေးခဲ့သည်။ ဤနည်းအားဖြင့် သူမသည် အချိန်မဖြုန်းတီးရဘဲ ခန္ဓာကိုယ်အတွက် လုံလောက်သော အနားယူမှုကို ရရှိနိုင်မည် ဖြစ်သည်။
သို့သော် မိန်းကလေးတစ်ယောက်ကို ဘယ်လိုအိပ်ရမလဲဆိုတာ သင်ပေးခြင်း... ဤစကားလုံးများက ဘယ်လိုပဲကြားကြား ဘာကြောင့်များ ဤမျှလောက် အနေရခက်စရာ ကောင်းနေရသနည်း။
ခက်ခဲကြမ်းတမ်းလှသော သုံးလတာ လေ့ကျင့်ရေးကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဤသုံးလတာကာလအတွင်း လူတိုင်းသည် သိသိသာသာ တိုးတက်လာခဲ့ပြီး ကြီးမားလှသော အပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသည်။
ဤကာလအတွင်း မာဟုန်ကျွင်းနှင့် နင်ရုံရုံတို့၏ ဝိညာဉ်စွမ်းအားမှာ တစ်ဆင့် မြင့်တက်လာခဲ့ပြီး အခြားသူများမှာလည်း ကိုယ်ပိုင် တိုးတက်မှု အသီးသီး ရှိခဲ့ကြသည်။ အထူးသဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှုပိုင်းတွင်မူ မြေကြီး ကောင်းကင် ပြောင်းလဲသွားသကဲ့သို့ ကြီးမားလှသော အပြောင်းအလဲများ ရှိခဲ့သည်။
ယခုအခါ အဖွဲ့သားများအနေဖြင့် ယခင်ကကဲ့သို့ အလေးချိန်သယ်ဆောင်ကာ ခရီးဝေးပြေးရခြင်းမှာ အလွန်လွယ်ကူနေပြီ ဖြစ်သည်။ ထန်ဆန်းနှင့် တိုင်မုပိုင်တို့သည် အလေးချိန် ပေါင် ၁၀၀ အထိ တိုးမြှင့် သယ်ဆောင်နိုင်ကြပြီး နင်ရုံရုံနှင့် အော်စကာတို့ပင်လျှင် ပေါင် ၃၀ အလေးချိန်ကို ကောင်းစွာ သယ်ဆောင်နိုင်နေပြီ ဖြစ်သည်။
သို့သော် သူတို့အထဲတွင် အကြီးမားဆုံး တိုးတက်မှုရှိသူမှာ ကျူးကျူးချင်းပင် ဖြစ်နေဆဲဖြစ်သည်။ အမြန်နှုန်း တိုက်ခိုက်ရေးအမျိုးအစား ဝိညာဉ်ဆရာသခင် တစ်ဦးအနေဖြင့် သူမသည် ပေါင် ၈၀ ကို သယ်ဆောင်နိုင်ရုံသာမက သူမ၏ ဝိညာဉ်စွမ်းအားမှာလည်း နှစ်ဆင့်တိုင်တိုင် မြင့်တက်လာခဲ့ပြီး အဆင့် ၂၉ သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ကျူးကျူးချင်းသည် 'ကိုးထပ်ငရဲနှလုံးကျင့်စဉ်' ၏ ပထမအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယအဆင့်သို့ပင် ဖြတ်ကျော်နိုင်မည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။
'နက်နဲသော ငရဲဘုံ နတ်ဘုရားလက်ဝါး ' ကိုလည်း အတော်အသင့် ကျွမ်းကျင်လာပြီ ဖြစ်သည်။ ဝိညာဉ်အကြီးအကဲ အဆင့်သို့ မဖြတ်ကျော်နိုင်သေးသော်လည်း မည်သည့် ဝိညာဉ်အကြီးအကဲကမျှ သူမကို အထင်သေးဝံ့မည်မဟုတ်ဟု ချီလင်း ယုံကြည်ထားသည်။
အဖွဲ့၏ သုံးလတာ မိစ္ဆာလေ့ကျင့်ရေးသည် မနေ့ကမှ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ဆရာကြီး ယွီရှောင်ကန်းသည် ရှားရှားပါးပါး သူတို့၏ အခြေအနေများကို ပြန်လည် ညှိယူနိုင်ရန် ခုနစ်ရက်တာ အားလပ်ရက် ပေးခဲ့လေသည်။