စင်ပေါ်မှ ဆင်းလာပြီးနောက် ချီလင်းသည် ရှရက်ခ်အဖွဲ့သားများ၏ ဂုဏ်ပြုစကားများကို လက်ခံလိုက်ပြီး ထုံးစံအတိုင်း ရှောင်ဝူ၏ ဖက်လှဲတကင်း ဂုဏ်ပြုမှုကိုလည်း ခံယူလိုက်သည်။
ဘာကိုမှ ဂရုမစိုက်တတ်သော ကျူးကျူးချင်းပင်လျှင် ချီလင်းကို လာရောက်ဂုဏ်ပြုခဲ့သည်။ သို့သော် သူမ၏ မျက်လုံးထဲတွင် ပြင်းပြသော တိုက်ခိုက်လိုစိတ်များ ရှိနေသည်ကို ချီလင်း မြင်နေရသည်။
ဤမိန်းကလေးသည် သူ့ကို ပန်းတိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီမှာ သေချာသည်။ မည်သို့ပင်ဆိုစေ ခုနကလူနှစ်ယောက်မှာ သူမနှင့် တူညီသော စရိုက်လက္ခဏာရှိသော်လည်း ပို၍သန်မာကြသည်မဟုတ်ပါလား။ သူမသည် ချီလင်းကို ဘယ်လိုအနိုင်ယူရမလဲဆိုသည်ကို တွေးတောနေပုံရသည်။
"ချီလင်း... မင်း တော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အဖော်ကိုလည်း ကာကွယ်နိုင်ခဲ့သလို အောင်ပွဲလည်း ရခဲ့တယ်။ ငါ တကယ်ကို အထင်ကြီးမိတယ်" ဟု ဖလန်ဒါက ကျေနပ်စွာ ပြောလိုက်သည်။
"နင်ရုံရုံ... မင်းကော ဒီတိုက်ပွဲကနေ အဖော်ဆိုတာ ဘာလဲဆိုတာကို သင်ခန်းစာ ရခဲ့ရဲ့လား"
နင်ရုံရုံ မျက်နှာနီသွားပြီး "ဟမ့်! ဘယ်သူက သူ့အဖော်လဲ! ကျွန်မက သူ့အတင်းခေါ်လို့ ဒီကို ပါလာရုံပဲရှိတာ။ သူ့အဖော် လုံးဝမဟုတ်ဘူး!" ဟု ဆိုသည်။
"ကျွန်မ အရင်ပြန်တော့မယ်။ ရှင့်တို့နဲ့ အချိန်ထပ်မဖြုန်းနိုင်တော့ဘူး!" ထိုသို့ပြောကာ နင်ရုံရုံ တစ်ယောက်တည်း ထွက်ခွာသွားတော့သည်။
အခြားသူများကတော့ နင်ရုံရုံမှာ ယခုထိ ဤစိတ်ဓာတ်မျိုး ရှိနေသေးသည့်အတွက် မတတ်သာသလို ခေါင်းရမ်းလိုက်ကြသည်။ ချီလင်းတစ်ယောက်သာ ပြုံးလျက် "ရုံရုံက ရှက်နေလို့ပါ၊ အမှန်တော့ သူမ စိတ်ပြောင်းသွားပါပြီ" ဟု ပြောလိုက်သည်။
ဖလန်ဒါက ခေါင်းညိတ်ပြီး "မှန်တယ်။ ဒီနေ့ သူမ ပြိုင်ပွဲဝင်ဖို့ သဘောတူခဲ့တာကိုက ငါ့ကို အတော်လေး အံ့သြသွားစေခဲ့တာပဲ။ ချီလင်း... မင်း တကယ်တော်တယ်၊ ဒီအတိုင်းပဲ ဆက်ကြိုးစားပါ" ဟု ဆိုသည်။
ထို့နောက် အားလုံး၏ ပွဲစဉ်များမှာ ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားသည်။ မာဟုန်ကျွင်းတစ်ယောက်သာ ခံစစ်အမျိုးအစားဝိညာဉ်ဆရာသခင်နှင့် တိုးပြီး ရှုံးနိမ့်ခဲ့ကာ ကျန်သူများအားလုံးမှာ အောင်ပွဲကိုယ်စီ ရရှိခဲ့ကြသည်။
အားလုံး ပွဲစဉ်များပြီးသောအခါ ရှရက်ခ်အကယ်ဒမီသို့ အတူတူ ပြန်လာခဲ့ကြသည်။ ယနေ့အတွက် လေ့ကျင့်မှု ပြီးဆုံးပြီဖြစ်ကြောင်းနှင့် အားလုံး အနားယူနိုင်ကြောင်း၊ မနက်ဖြန် မနက်တွင် အချိန်မီ ပြန်လည်စုရုံးကြရန် ဖလန်ဒါက ကြေညာလိုက်သည်။
သို့သော် အကယ်ဒမီတံခါးဝသို့ ရောက်သောအခါ အားလုံး အံ့အားသင့်ကာ ရပ်တန့်သွားကြသည်။ အကြောင်းမှာ နင်ရုံရုံသည် အိတ်တစ်အိတ်ကို ကိုင်လျက် ထိုနေရာတွင် ရပ်စောင့်နေသောကြောင့်ပင်။
"ရုံရုံ... ဒီမှာ ဘာလုပ်နေတာလဲ။ ငါတို့နဲ့ အတူတူ မပြန်ဘဲနဲ့" ဟု ချီလင်းက မေးလိုက်သည်။
နင်ရုံရုံ ရှေ့သို့ တက်လာကာ မျက်နှာလေး နီမြန်းလျက် လက်ထဲမှ အိတ်ကို ချီလင်း၏ ရင်ဘတ်ထဲသို့ အတင်းထိုးထည့်ပြီး "ရော့! ဒါက ဒဏ်ရာပျောက်ဆေးတွေ! ရှင့်ကျောက ဒဏ်ရာကို ချက်ချင်း ဆေးထည့်ဖို့ လိုတယ်!" ဟု ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ချီလင်းပင် အနည်းငယ် အံ့အားသင့်သွားသည်။ နင်ရုံရုံ စောစောပြန်သွားခြင်းမှာ သူ့အတွက် ဆေးသွားဝယ်ပေးရန် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကျန်ရှိသူများမှာမူ ပြောနေရန်ပင် မလိုတော့ချေ။ ရှောင်ဝူမှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ အော်စကာနှင့် မာဟုန်ကျွင်းတို့ကမူ နောက်ပြောင်သည့်အနေဖြင့် လေချွန်လိုက်ကြသည်။
သူတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ နင်ရုံရုံ မျက်နှာပိုနီလာပြီး "ဘာဖြစ်နေကြတာလဲ! အထင်မလွဲနဲ့ဦး၊ သူက ကျွန်မကြောင့် ဒဏ်ရာရသွားတာမို့ ဆေးဝယ်ပေးရုံသက်သက်ပဲ!" ဟု ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ကဲ... ဘာတွေ ကြောင်ရပ်ကြည့်နေကြတာလဲ။ မြန်မြန်ပြန်ကြစို့၊ ရှင် ဆေးထည့်ဖို့ ကျွန်မ ကူညီပေးမယ်! မနက်ဖြန်လည်း စုရုံးစရာ ရှိသေးတယ် မဟုတ်လား"
၎င်းတို့နှစ်ဦး အတူတူ ထွက်သွားသည်ကို ကြည့်ရင်း အော်စကာက နောက်မှနေ၍ လှမ်းအော်လိုက်သည် - "စီနီယာချီ! ကိုယ်ခန္ဓာကို ဂရုစိုက်ဦးနော်! ညဉ့်အရမ်းမနက်စေနဲ့ဦး၊ မနက်ဖြန် နောက်ကျနေဦးမယ်!"
ချီလင်း ခြေချော်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ အော်စကာမှာတော့ ကောင်းကွက်တွေ့တိုင်း ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတော့သည်။
"အော်စကာ... မင်းကတော့ ကလေးလေးဖြစ်ပြီး ဘယ်လိုတွေ ပြောနေတာလဲ! ချီလင်းနဲ့ ရုံရုံကို အားမနာဘူးလား!" ဖလန်ဒါက မျက်မှောင်ကြုတ်ကာ ဆူလိုက်သည်။
ကျောင်းအုပ်ကြီးသည် တည်ငြိမ်ရင့်ကျက်ပြီး လူကောင်းတစ်ယောက်ပါလားဟု ချီလင်း တွေးနေစဉ်မှာပင် နောက်ဆက်တွဲ စကားကို ကြားလိုက်ရသည် - "ချီလင်း... စိတ်မပူနဲ့! မင်း တကယ်လို့ နောက်ကျသွားရင်တောင် ငါ အပြစ်မတင်ပါဘူး!"
"ဒါပေမဲ့... ကာကွယ်မှုတွေတော့ သေချာလုပ်ဦးနော်! မင်းတို့ အသက်အရွယ်က ကလေးယူဖို့ မသင့်သေးဘူးဆိုတာ သိတယ်မဟုတ်လား!"
ဤတစ်ကြိမ်တွင်တော့ ချီလင်း တကယ်ပင် လဲကျသွားတော့သည်။ ဤကဲ့သို့သော လူပြက်တစ်သိုက်နှင့် မည်သို့ သိကျွမ်းခဲ့မိပါလိမ့်ဟု သူ နောင်တရနေမိတော့သည်။
ထိုညတွင်တော့ မည်သည့် ထူးခြားမှုမျှ မဖြစ်ခဲ့ပါ။ နင်ရုံရုံက ချီလင်းကို ဆေးထည့်ပေးပြီးသောအခါ သူမ၏ မျက်နှာမှာ ပြုတ်ထားသော ပုစွန်ထုပ်ကြီးကဲ့သို့ နီမြန်းနေခဲ့သည်။ သူမသည် ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ သူမ၏ အဆောင်သို့ အပြေးပြန်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ သူမ၏ အဆင့်အတန်းအရ အမျိုးသားတစ်ဦးကို ဆေးထည့်ပေးဖို့ နေနေသာသာ၊ အမျိုးသားတစ်ဦး၏ ကျောပြင်ကို ထိတွေ့ဖူးခြင်းမှာပင် ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။
ချီလင်းက အင်္ကျီချွတ်လိုက်ပြီး ကြံ့ခိုင်သော ကျောပြင်ကြွက်သားများကို မြင်လိုက်ရချိန်တွင် နင်ရုံရုံမှာ အတော်လေး မှင်သက်သွားခဲ့ပြီး ကျန်ရှိသည့် ဆေးထည့်ခြင်း လုပ်ငန်းစဉ်များကို ဗီဇအတိုင်းသာ ဆက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ချီလင်း မနက်စာကို အမြန်စားပြီး ကွင်းပြင်ကျယ်သို့ ရောက်လာချိန်တွင် အော်စကာမှလွဲ၍ ကျန်သူများအားလုံး ရောက်နေကြပြီ ဖြစ်သည်။
"ဟင်? ရှောင်ဆန်း... အော်စကာ မလာသေးဘူးလား" ချီလင်းက အော်စကာနှင့် အဆောင်တူနေသော ထန်ဆန်းကို မေးလိုက်သည်။
"မလာသေးဘူး။ ကျွန်တော် ထွက်လာတော့ ရှောင်အော့က ကျင့်ကြံနေတုန်းပဲ" ဟု ထန်ဆန်းက ဆိုသည်။
"ဒီလောက်တောင် ကြိုးစားနေတာလား။ ဒီကောင်လေး အဆင့်တက် တော့မှာလား မသိဘူး" ချီလင်းက ပြုံးလျက် "ဒါဆိုရင် မနက်ဖြန် အော်စကာအတွက် ဝိညာဉ်ကွင်း သွားရှာပေးဖို့ ငါတို့ ခရီးထွက်ရတော့မှာပေါ့!"
ဘေးတွင် ရှိနေသော နင်ရုံရုံက ထိုစကားကို ကြားသောအခါ နှုတ်ခမ်းစူလျက် "ဟမ့်! ရှင်က ကိုယ့်ကိုယ်ကိုယ် နိမိတ်ဖတ်ဆရာလို့ ထင်နေတာလား။ ရှင့်ပါးစပ်က ထွက်သမျှ ဖြစ်လာမယ်ပေါ့! ကျွန်မတော့ မယုံပါဘူး" ဟု ဆိုသည်။
"အော်... ဒါဆို နင် ငါနဲ့ လောင်းကြေးထပ်မလား" ချီလင်းက ပြုံးလိုက်သည်။ "ငါ အခုပြောလိုက်တဲ့ စကားက မှန်၊ မမှန် လောင်းကြေးထပ်ရအောင်"
"ဘာနဲ့ လောင်းမှာလဲ" နင်ရုံရုံက သိချင်စိတ်ဖြင့် မေးသည်။
"နင် နိုင်ရင်... ဟို ရွှေဒင်္ဂါး ၁၀၀ ကို မေ့လိုက်တော့! ငါ နိုင်ရင်တော့" ချီလင်းက ခပ်နောက်နောက် ပြုံးလိုက်ပြီး "နင် ငါ့ကို နမ်းရမယ်၊ ဘယ်လိုလဲ"
"ရှင်! ရှင်... အမြင်ကတ်စရာကြီး!" နင်ရုံရုံက ရှက်ကိုးရှက်ကန်းဖြင့် ဆူလိုက်သည် - "ကျွန်မရဲ့ အနမ်းက ရွှေဒင်္ဂါး ၁၀၀ ပဲ တန်တာလား!"
"ဟားဟား... ဒါဆို လောင်းမလား၊ မလောင်းဘူးလား"
နင်ရုံရုံ တိတ်တဆိတ် စဉ်းစားလိုက်သည်။ သူပြောသလို တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူးလေ။
"ဟမ့်! ရှင့်ကို ကြောက်နေတယ် ထင်လို့လား။ ဒီမမလေးက ရှင့်ကို လောင်းတယ်!" ဟု နင်ရုံရုံက ဆိုသည်။
သို့သော်လည်း အော်စကာ နောက်ကျပြီးမှ ရောက်လာကာ သူသည် အဆင့် ၃၀ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အားလုံးကို ဂုဏ်ယူစွာ ကြေညာလိုက်ချိန်တွင် နင်ရုံရုံ၏ ချယ်ရီနှုတ်ခမ်းလေးမှာ ကြက်ဥတစ်လုံး ဝင်လောက်အောင် ဟသွားတော့သည်။
"မ... မဖြစ်နိုင်တာ" နင်ရုံရုံ မယုံနိုင်စွာ ရေရွတ်လိုက်မိသည် - "သူ တကယ်ပဲ ကြိုမြင်နေတာလား"
ထိုသတင်းကို ကြားသောအခါ ဖလန်ဒါက ချက်ချင်းပင် ဝမ်းသာအားရ ဆိုလိုက်သည် - "အော်... မင်း တကယ်ပဲ အဆင့် ၃၀ ကို ရောက်သွားပြီလား အော်စကာ။ ဒါက တကယ်ကို ဂုဏ်ယူစရာပဲ!"
"အဲ့ဒီလိုဆိုရင်တော့ ဒီနေ့ လေ့ကျင့်မှု အစီအစဉ်ကို ငါတို့ ပြောင်းလဲလိုက်မယ်။ အားလုံး ပြန်ပြီး ပြင်ဆင်ထားကြ။ မနက်ဖြန် မနက်စောစောမှာ ဆရာ ကျောက်ဝူကျီက မင်းတို့ကို ဦးဆောင်ပြီး အော်စကာအတွက် တတိယ ဝိညာဉ်ကွင်း ရရှိအောင် စတားဒူး တောအုပ်ကြီးဆီကို ခေါ်သွားလိမ့်မယ်!"
နင်ရုံရုံ: "..."
ချီလင်းသည် တွေဝေနေသော နင်ရုံရုံကို ကြည့်ကာ ပြုံးစစ လုပ်နေသည်။ သူ့ကို ဘာနဲ့မှ လာမပြိုင်ပါနဲ့၊ အထူးသဖြင့် နိမိတ်ဖတ်တဲ့ နေရာမှာပေါ့။ သူက ကမ္ဘာခြားက ရောက်လာသူ မဟုတ်ပါလား၊ မင်းတို့ရဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ သူ့ထက် သိတဲ့သူ မရှိပါဘူး။
"ဟဲဟဲ... ခုနက ငါနဲ့ လောင်းကြေးထပ်မယ်ဆိုတဲ့သူက ဘယ်သူပါလိမ့်" ချီလင်းက ပြုံးလျက် ဆိုလိုက်သည် - "သူပဲ ပြောခဲ့တယ် ထင်တယ်၊ ရှုံးသွားရင်... ဘာလုပ်ပေးမယ် ဆိုပါလိမ့်"
နင်ရုံရုံမှာ ရှက်လွန်းသဖြင့် မျက်နှာလေး နီရဲနေသော်လည်း ဘေးနားရှိ လူများမှာ သူတို့၏ လောင်းကြေးအကြောင်း ကြားသွားကြပြီ ဖြစ်သည်။ သူမ၏ စရိုက်အရ ကတိဖျက်ဖို့ဆိုတာ မဖြစ်နိုင်ချေ။
"တောက်! အနမ်းတစ်ပွင့်ပဲကို!" နင်ရုံရုံက ပြောပြောဆိုဆိုဖြင့် ချီလင်း၏ ပါးကို အမြန်နမ်းလိုက်ပြီးနောက် ၁၀၀ မီတာ အပြေးသမားကဲ့သို့ သူမ၏ အဆောင်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
"ဟင်? အစ်ကိုချီ... ရုံရုံက ဘာလို့ အစ်ကို့ကို နမ်းသွားတာလဲ" ရှောင်ဝူက မကျေမနပ်ဖြင့် "တောက်! ကျွန်မလည်း နမ်းချင်တယ်!" ဟု ဆိုသည်။
ရှောင်ဝူသည် နင်ရုံရုံထက် ပို၍ စိတ်အားထက်သန်သူ ဖြစ်သည်။ သူမသည် လေထဲမှ ပျံသန်းခုန်အုပ်သကဲ့သို့ ချီလင်းအပေါ်သို့ ခုန်တက်လိုက်တော့သည်။ ချီလင်းအနေဖြင့် ဤယုန်မလေးကို သူ့ကိုယ်ပေါ်မှ ပြန်ခွာချရန် အတော်လေး အားစိုက်လိုက်ရတော့သည်။