ဆေးကုသဆောင်တံခါးကို တွန်းဖွင့်ကာ ချီလင်း အပြင်သို့ လျှောက်လှမ်းလာခဲ့သည်။
ထန်ဆန်းနှင့် အခြားသူများသည် ချီလင်းကို မြင်သည်နှင့် ချက်ချင်းပင် ဝိုင်းအုံလာကြပြီး "ဘယ်လိုလဲ အစ်ကိုကြီး... ကျူးကျူးချင်းရဲ့ ဒဏ်ရာက သက်သာသွားပြီလား" ဟု မေးမြန်းကြတော့သည်။
"ဟဲဟဲ... ငါကိုယ်တိုင် လက်ပါမှတော့ လက်ဖဝါးလှန်သလောက်တောင် မခက်ပါဘူးကွာ" ချီလင်းက ရယ်မောရင်း "သူမ အခု အတော်လေး သက်သာသွားပြီ၊ မကြာခင် သတိရလာလိမ့်မယ်" ဟု ပြောလိုက်သည်။
ကျူးကျူးချင်း အသက်အန္တရာယ် မရှိတော့ကြောင်း ကြားလိုက်ရသဖြင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။ အော်စကာက လက်မထောင်ပြကာ "စီနီယာချီကတော့ စီနီယာချီပဲဗျာ။ ဒီလို အံ့ဖွယ်ဆေးပညာမျိုးနဲ့ဆိုရင် မြို့ထဲက နာမည်ကြီး ဆရာဝန်တွေတောင် ယှဉ်နိုင်မှာ မဟုတ်တော့ဘူး" ဟု မြှောက်ပင့်လိုက်သည်။
"အစ်ကိုချီ... ကျွန်မ အထဲဝင်ပြီး ကျူးချင်းကို ကြည့်လို့ရမလားဟင်" ရှောင်ဝူက စိုးရိမ်တကြီး မေးသည်။
"ရတာပေါ့၊ ဒါပေမဲ့ သူမက အခုထိ အားနည်းနေဦးမှာဆိုတော့ မြန်မြန် အနားယူတာ အကောင်းဆုံးပဲ" ချီလင်းက ဆက်ပြောသည်မှာ "အော်စကာ... ကျူးကျူးချင်း သတိရလာရင် စားဖို့ မင်းရဲ့ ဝက်အူချောင်းအချို့ လုပ်ထားပေးလိုက်ဦး"
"ပြဿနာမရှိပါဘူးဗျာ! ကျွန်တော့်မှာ ဝက်အူချောင်းကြီး ရှိတယ်!" အော်စကာက ဝက်အူချောင်းတစ်ခုကို ဖန်တီးလိုက်ပြီး "ကျွန်တော့်မှာ တခြားဟာတွေသာ မရှိချင်ရှိမယ်၊ ဝက်အူချောင်းကတော့ အလျှံပယ်ပဲ!" ဟု ဆိုသည်။
"ဒါနဲ့ အစ်ကိုချီရော... ကျွန်မတို့နဲ့အတူ အထဲမလိုက်တော့ဘူးလား" ရှောင်ဝူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါကတော့... မလိုက်တော့ပါဘူးကွာ! ခုနက ကုသပေးရင်းနဲ့ အားအင်တွေ အတော်ကုန်သွားလို့ ပြန်နားတော့မယ်" ချီလင်းက ပြောပြောဆိုဆိုဖြင့် ခပ်သွက်သွက်ပင် ထွက်ခွာသွားတော့သည်။
သုတ်သီးသုတ်ပျာ ထွက်သွားသော ချီလင်း၏ ခြေလှမ်းများကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေသည့်ပုံ တစ်စက်ကလေးမျှ မပေါက်ပေ။ သို့သော် ရှောင်ဝူမှာ ကျူးကျူးချင်းအတွက်သာ စိုးရိမ်နေသဖြင့် ထိုအချက်ကို သတိမမူမိလိုက်ရှာပေ။
ဖလန်းဒါး ဆရာဝန်တစ်ဦးနှင့်အတူ ပြန်ရောက်လာချိန်တွင် သူမြင်လိုက်ရသည်မှာ သတိရလာပြီး အလုံးစုံ ပြန်လည်ကျန်းမာနေသော ကျူးကျူးချင်းပင် ဖြစ်သည်။ သူမသည် ဝေဒနာများ ကင်းစင်သွားရုံသာမက ယခင်ကထက်ပင် ပို၍ နေထိုင်ကောင်းနေသည်ဟု ခံစားနေရသည်။
"ကျူးကျူးချင်း... မင်းရဲ့ ဒဏ်ရာက တကယ်ပဲ ပျောက်သွားပြီလား" ဖလန်းဒါးက အံ့အားသင့်စွာ မေးသည်။
သူ မထွက်ခွာမီက ကျူးကျူးချင်းမှာ ဒဏ်ရာပြင်းထန်ကာ သတိမေ့မြောနေသည်ကို သူ အသေအချာ မှတ်မိနေသည်။ အချိန်တိုအတွင်းမှာပဲ သူမက ဘယ်လိုလုပ် ဘာမှမဖြစ်သလို ပြန်ကောင်းလာရသနည်း။
"ကျောင်းအုပ်ကြီး... အစ်ကိုချီက ကျူးချင်းရဲ့ ဒဏ်ရာကို ကုပေးလိုက်တာပါ!" ရှောင်ဝူက ဝမ်းသာအားရ ပြောပြသည်။ "အစ်ကိုချီ ဘယ်လိုနည်းလမ်း သုံးလိုက်လဲတော့ မသိဘူး၊ တစ်နာရီတည်းနဲ့ ကျူးချင်းကို ကုပေးလိုက်တာ!"
"တစ်နာရီတည်း?!" ယခုတွင် ဖလန်းဒါးသာမက သူနှင့်အတူ ပါလာသော ဆရာဝန်ကြီးပါ မှင်သက်သွားတော့သည်။
"ငါ့သူငယ်ချင်းဟောင်း ဖလန်းဒါး ပြောပြချက်အရဆိုရင် ဒီမိန်းကလေးက 'သွေးလက်ဝါးရာ' လို့ခေါ်တဲ့ အင်မတန် ယုတ်မာတဲ့ ဒဏ်ရာကို ရထားတာ" ဟု ဆရာဝန်ကြီးက ခေါင်းတညိတ်ညိတ်ဖြင့် ဆိုသည်။
"ငါကိုယ်တိုင် ကုမယ်ဆိုရင်တောင် အနည်းဆုံး တစ်ရက်လောက် ကြာလိမ့်မယ်။ ဘယ်လိုလူကများ ဤမျှ စွမ်းအားကြီးပြီး တစ်နာရီတည်းနဲ့ ကုသပေးနိုင်တာလဲ"
ဖလန်းဒါးလည်း အလွန်အံ့အားသင့်သွားသည်။ ဤဆရာဝန်မှာ ကျော်ကြားသော အံ့ဖွယ်ဆရာဝန်တစ်ဦး ဖြစ်ရုံသာမက သူကိုယ်တိုင်မှာလည်း အဆင့် ၆၉ ရှိသော ဝိညာဉ်ဧကရာဇ် တစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ပင် အံ့ဩနေရသည်ဆိုလျှင်... ချီလင်းက မည်သည့်အချိန်တွင် ဤကဲ့သို့သော စွမ်းရည်မျိုး ရရှိသွားပါသနည်း။
"ရှောင်ဝူ... ထန်ဆန်း... ကျူးချင်းကို ကုပေးတာ တကယ်ပဲ ချီလင်းဆိုတာ သေချာလား" ဖလန်းဒါးက ထပ်မံအတည်ပြုသည်။
ရှောင်ဝူက ဘေးမှနေ၍ ခေါင်းကို အဆက်မပြတ် ညိတ်ပြသလို ထန်ဆန်းကလည်း "ကျောင်းအုပ်ကြီး ဖလန်းဒါး... ဒါက အမှန်တရားပါ။ အစ်ကိုကြီးကပဲ ကျူးချင်းကို ကုပေးခဲ့တာပါ" ဟု ပြောသည်။
"ရှရက်ခ်အကယ်ဒမီမှာတော့ တကယ်ကို အနှိုင်းမဲ့တဲ့ ပါရမီရှင် တစ်ယောက် ပေါ်ထွန်းလာပြီပဲ!" ဖလန်းဒါးက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ "သူငယ်ချင်းကြီးရေ... မင်းကို အလကားသက်သက် အပင်ပန်းခံ ခေါ်လာမိတာ တောင်းပန်ပါတယ်ကွာ"
"ဟဲဟဲ... ကိစ္စမရှိပါဘူး။ ဒီလို ထူးခြားတဲ့ လူငယ်လေး ရှိနေမှတော့ နောက်တစ်နေ့ ငါ လာတွေ့ရဦးမှာပေါ့၊ အလကား ခရီးစဉ်တော့ မဟုတ်ပါဘူး" ဆရာဝန်ကြီးက ရယ်မောရင်း ဆိုသည်။
မည်သို့ပင်ဆိုစေ ကျူးကျူးချင်း ပြန်လည်ကျန်းမာလာခြင်းမှာ ကောင်းသောကိစ္စဖြစ်သဖြင့် အားလုံးက စိတ်ရင်းဖြင့် ဝမ်းသာနေကြသည်။
ကျူးကျူးချင်း တစ်ယောက်သာလျှင် သူမ၏ ရင်ဘတ်ကို လက်ဖြင့် အုပ်ထားရင်း အမည်ဖော်မရသော ခံစားချက်တစ်ခုကို ခံစားနေရသည်။
ချီလင်းက သူမကို ဘယ်လိုနည်းနဲ့ အတိအကျ ကုသပေးခဲ့တာပါလိမ့်။
ညတာ ကုန်ဆုံးသွားခဲ့ပြီ။ ကျူးကျူးချင်း၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည့်အပြင် ပို၍ အံ့ဩစရာကောင်းသည်မှာ သူမ၏ ဝိညာဉ်စွမ်းအား အဆင့်မှာလည်း တစ်ဆင့်တိုးလာပြီး အဆင့် ၂၈ သို့ ရောက်ရှိသွားခြင်းပင်။
"ဒဏ်ရာရလိုက်တာက ကျူးကျူးချင်းရဲ့ အောင်းနေတဲ့ စွမ်းရည်တွေကို နှိုးဆွပေးလိုက်ပြီး ကျင့်ကြံမှုကို တိုးတက်စေခဲ့ပုံပဲ။ ဒါက တကယ် ဂုဏ်ပြုသင့်တဲ့ ကိစ္စပဲ!" ဖလန်းဒါးက ပြုံး၍ ဆိုသည်။
သို့သော် ကျူးကျူးချင်းက ထိုသို့မထင်ပေ။ အကြောင်းရင်း တစ်ခုခုကြောင့် သူမ၏ ကျင့်ကြံမှု တိုးတက်လာခြင်းမှာ ချီလင်းနှင့် ပတ်သက်နေသည်ဟု သူမ စိတ်ထဲ ခံစားနေရသည်။
ထိုသို့ စဉ်းစားရင်း ကျူးကျူးချင်းက ချီလင်းကို မသိမသာ လှမ်းကြည့်လိုက်ရာ ချီလင်းမှာလည်း သူမကို တိတ်တဆိတ် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမက တွေ့သွားသည်နှင့် သူသည် မျက်လုံးကို ချက်ချင်း လွှဲဖယ်လိုက်ပြီး မသိမသာ လေချွန်ကာ ဖုံးဖိနေတော့သည်။ ကြည့်ရသည်မှာ အပြစ်တစ်ခုခု လုပ်ထားသည့် သူခိုးတစ်ယောက်နှင့် အလွန်ပင် တူနေတော့သည်။
'တစ်ခုခုတော့ မမှန်ဘူး!' ကျူးကျူးချင်း စိတ်ထဲမှ တွေးလိုက်မိသည်။
ဤအချိန်တွင် နင်ရုံရုံမှလွဲ၍ ရှရက်ခ်အကယ်ဒမီမှ အားလုံးမှာ ကွင်းပြင်ကျယ်ကြီးထဲတွင် စုဝေးနေကြသည်။
နင်ရုံရုံနှင့် ပတ်သက်၍ သူ မနေ့က ပြောခဲ့သော စကားများက မည်မျှအကျိုးသက်ရောက်မည်ကို ချီလင်း သေချာမသိသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေရုံသာ တတ်နိုင်သေးသည်။
"ဒီနေ့ သင်ခန်းစာကတော့ ရိုးရိုးလေးပဲ။ အဲ့ဒါကတော့ ဝိညာဉ်သတ်ကွင်းကြီးကို သွားပြီး လက်တွေ့တိုက်ပွဲ လေ့ကျင့်မှုတွေကို ဆက်လုပ်ဖို့ပဲ!" ဟု ဖလန်းဒါးက ဆိုသည်။
"မနေ့က မတော်တဆမှုဖြစ်ပြီး ကျူးချင်း ဒဏ်ရာပြင်းထန်ခဲ့ပေမယ့် မင်းတို့ကို အဲ့ဒီကို ခေါ်သွားခဲ့တာကို ငါ အနည်းငယ်မျှ နောင်တမရဘူး! ဘာလို့လဲဆိုတော့ ဒါဟာ ဝိညာဉ်ဆရာသခင် တစ်ယောက်ရဲ့ ဘဝပဲ။ အချစ်နဲ့ ရိုမန်းတစ်ဆန်မှုတွေတင် မကဘူး... နာကျင်မှုနဲ့ သွေးမြေကျမှုတွေလည်း ရှိနေမှာပဲ!"
"အကယ်၍ မင်းတို့က ကျရှုံးမှုတစ်ခုကို ကြုံတွေ့ပြီး ရှေ့ဆက်ဖို့ ကြောက်နေမယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှုကို ရမှာမဟုတ်ဘူး! ကျူးချင်း!" ဖလန်းဒါးက ရုတ်တရက် အော်ခေါ်လိုက်သည်။
"ရှိပါတယ်!" ကျူးချင်း ရှေ့သို့ တစ်လှမ်းတက်ကာ ဖြေလိုက်သည်။
"ငါ မင်းကို နောက်တစ်ကြိမ် ထပ်ပြိုင်ခိုင်းမယ်ဆိုရင် မင်း ကြောက်သလား"
"မကြောက်ပါဘူး!"
"မင်း သေသွားနိုင်တယ်ဆိုရင်ရော... ကြောက်သလား"
"မကြောက်ပါဘူး!"
"အရမ်းကောင်းတယ်!" ဖလန်းဒါးက ကျေနပ်စွာဖြင့် "မင်း ငါ့ကို တကယ် စိတ်မပျက်စေဘူးပဲ!"
"ဒါပေမဲ့ ငါ့ရဲ့ ရှရက်ခ်အကယ်ဒမီဆိုတာ ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ရတဲ့ နေရာမဟုတ်ဘူး! ချီလင်း!" ဖလန်းဒါးက ဆက်လက် ခေါ်လိုက်ပြန်သည်။
"ဟမ်? ဘာလဲဗျ" ချီလင်း ငေးနေရာမှ ရုတ်တရက် အခေါ်ခံရသဖြင့် အမှတ်မထင် ပြန်ထူးလိုက်သည်။
"မင်းကို ငါ တာဝန်တစ်ခု ပေးမယ်! မင်း ပြီးမြောက်အောင် လုပ်နိုင်မလား" ဖလန်းဒါးက ရယ်မောကာ မေးသည်။
"အဲ... အဲ့ဒီတာဝန်က ဘာလဲဆိုတာ အရင်ပြောပြလို့ ရမလား" ချီလင်း တွန့်ဆုတ်နေမိသည်။ ဤကျောင်းအုပ်ကြီးမှာ လူကို ဂျင်းထည့်ရာ၌ အလွန်တော်လှသူ မဟုတ်ပါလား။
"စိတ်ချစမ်းပါ၊ ဒီတာဝန်က မင်းအတွက်တော့ အလွန်ကို ရိုးရှင်းပါတယ်။ မင်း အကောင်းဆုံး ပြီးမြောက်အောင် လုပ်နိုင်မယ်လို့လည်း ငါ ယုံကြည်တယ်!" ဖလန်းဒါးက လျှို့ဝှက်ဆန်းပြားစွာ ဆိုသည်။
စော့တိုမြို့ ရှိ ဝိညာဉ်သတ်ကွင်းကြီးသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာချိန်တွင် ချီလင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်နေသည်။ မနေ့က သူ၏ အရည်အချင်းကို ထုတ်မပြလိုက်ရသဖြင့် ဒီနေ့တော့ သူ အားရပါးရ ကဲရပေတော့မည်။
စော့တိုမြို့၏ ဝိညာဉ်သတ်ကွင်းကြီးမှာ ပေတစ်ရာနီးပါး မြင့်မားပြီး ကျယ်ဝန်းသော ဧရိယာကို ယူထားသဖြင့် မြို့၏ အခမ်းနားဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်သည်။ ဧရာမ အမိုးကြီးမှာ ညကောင်းကင်ယံအောက်တွင် ထည်ဝါခန့်ညားစွာ ပေါ်လွင်နေပြီး လူတို့ကို ဖိအားတစ်ခု ပေးစွမ်းနေသကဲ့သို့ပင်။
ထန်ဆန်းနှင့် အခြားသူများမှာ ဒုတိယအကြိမ် ရောက်ဖူးခြင်းဖြစ်သဖြင့် လမ်းကြောင်းကို ကျွမ်းကျင်စွာပင် အထဲသို့ လျှောက်သွားကြသည်။ ချီလင်းနှင့် ကျူးချင်းမှာမူ အနည်းငယ် နောက်ကျကျန်ရစ်ခဲ့သည်။
"ဟိုး... ငါ ဘယ်သူများလဲလို့ ကြည့်နေတာ။ မနေ့က ငါ့လက်ထဲမှာ ရှုံးသွားတဲ့ အရှုံးသမားမလေး မဟုတ်လား" ကျူးချင်းနှင့် ချီလင်းတို့ ဝိညာဉ်သတ်ကွင်းထဲသို့ ဝင်ခါနီးမှာပင် ဘေးဘက်မှ ခနဲ့တဲ့တဲ့ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ဆံပင်နီနီနှင့် ထောင်လွှားသော အမူအရာရှိသည့် အမျိုးသားတစ်ဦးသည် လက်ကို အိတ်ကပ်ထဲထည့်ကာ အမြင်ကတ်စရာကောင်းသော မျက်နှာပေးဖြင့် လမ်းလျှောက်လာသည်။
"ဘာလဲ... မနေ့က လက်ဝါးရိုက်ချက်က နင့်အသက်ကို မနုတ်သွားနိုင်ဘူးလား။ ဒါဆို ဒီနေ့ကတော့ နင် အသေခံဖို့ သက်သက် လာတာပေါ့လေ... ဟားဟားဟား!" ဆံပင်နီနှင့် လူက ကျူးချင်းကို မထီမဲ့မြင် ပြောလိုက်သည်။
ကျူးချင်းသည် သွားကိုတင်းတင်းကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ချီလင်းက သူမ၏ ပခုံးကို လှမ်းကိုင်ကာ တားဆီးလိုက်သည်။