ထန်ဆန်းသည် ဒါတူရာမြွေဟောက်၏ ဝိညာဉ်ကွင်းကို အောင်မြင်စွာ စုပ်ယူပြီးနောက် မျက်လုံးဖွင့်လိုက်သည့်အခါ စိုးရိမ်တကြီးဖြစ်နေသော ဆရာကြီး ယွီရှောင်ကန်းနှင့် ပြုံးရယ်နေသော ချီလင်းတို့ကို ရှေ့တည့်တည့်တွင် မြင်လိုက်ရသည်။
“ရှောင်ဆန်း... အဆင်ပြေရဲ့လား၊ ဘယ်နားကများ မအီမသာ ဖြစ်နေသေးလဲ” ယွီရှောင်ကန်းက စိုးရိမ်စိတ်အပြည့်ဖြင့် မေးမြန်းလေသည်။ “မင်းရဲ့ ဝိညာဉ်နဲ့ အခုလေးတင် စုပ်ယူလိုက်တဲ့ ဝိညာဉ်ကွင်းကရော ပုံမှန်ပဲလား”
ထန်ဆန်းသည် မိမိ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် “ဆရာ... ကျွန်တော် အဆင်ပြေပါတယ်။ အရင်ကထက်တောင် ပိုပြီးလန်းဆန်းနေသလိုပဲ” ဟု ပြန်ပြောလိုက်သည်။
“ဒါဆိုရင်တော့ တော်သေးတာပေါ့” ယွီရှောင်ကန်းမှာ ထိုအခါမှပင် သက်ပြင်းချနိုင်တော့သည်။ “ခုနက မင်း ဝိညာဉ်ကွင်း စုပ်ယူနေတုန်း အမှားအယွင်းတစ်ခု ဖြစ်သွားလို့ မင်း သေမင်းတံခါးဝအထိ ရောက်သွားသေးတယ်”
“ချီလင်းက သူ့ရဲ့ နည်းလမ်းနဲ့ မင်းကို ကယ်တင်ပေးခဲ့တာပဲ။ သူ့ကို သေသေချာချာ ကျေးဇူးတင်လိုက်ဦး”
ယွီရှောင်ကန်း၏ စကားကြောင့် ထန်ဆန်း အံ့အားသင့်သွားရသည်။ စောစောက သူခံစားမိလိုက်သည့် ရင်းနှီးသော အငွေ့အသက်မှာ ချီလင်းထံမှ လာခြင်းဖြစ်နေပါလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
မည်သို့ပင်ဖြစ်စေ၊ ချီလင်း သူ့ကို ကယ်တင်ခဲ့သည်မှာ ငြင်းမရသော အချက်ဖြစ်သဖြင့် ထန်ဆန်းက “ကျေးဇူးတင်ပါတယ် အစ်ကိုချီ... ကျွန်တော် အစ်ကို့ကို ထပ်ပြီး အကြွေးတင်သွားပြန်ပြီ” ဟု ပြောလိုက်သည်။
“ဟားဟား... ညီအစ်ကိုတွေအချင်းချင်း ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ရှောင်ဆန်း (Little San 小三 - Xiao San ဒါက ရင်းနှီးတဲ့သူတွေက Tang San ကို အဖျားစွတ်ခေါ်တဲ့ နာမည်ပါ။ မြန်မာလိုဆိုရင် "ထန်ဆန်းလေး" သို့မဟုတ် "ဆန်းလေး" လို့ဆိုတာနဲ့ အတူတူပါပဲ) လည်း ဝိညာဉ်ကွင်း ရသွားပြီဆိုတော့ ကျောင်းစာသင်ချိန်တွေ မမီဘဲနေမယ်၊ အမြန်ပြန်ကြရအောင်” ဟု ချီလင်းက ဆိုသည်။
ခေတ္တမျှ အနားယူပြီးနောက် သူတို့သုံးဦးသည် အပြန်ခရီးကို စတင်ခဲ့ကြရာ တတိယမြောက်နေ့ နံနက်ခင်းတွင် နော့ဒင်း အကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယွီရှောင်ကန်းသည် ခန္ဓာကိုယ်အားနည်းသူဖြစ်ရာ ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရသဖြင့် အတော်ပင် နွမ်းနယ်နေပြီဖြစ်သောကြောင့် အနားယူရန် မိမိအခန်းသို့ ပြန်သွားခဲ့သည်။ ထန်ဆန်းနှင့် ချီလင်းတို့မှာမူ အိပ်ဆောင်ဘက်သို့ ထွက်လာခဲ့ကြသည်။
သူတို့နှစ်ဦး အကယ်ဒမီဝင်းအတွင်း ဝင်လာသည်နှင့် တပြိုင်နက် ပညာသင်ရင်း အလုပ်လုပ်ကြသည့် ကျောင်းသားအချို့မှာ ထိတ်လန့်တကြား အမူအရာများဖြင့် တောင်နောက်ဘက်သို့ ပြေးသွားနေကြသည်ကို မြင်လိုက်ရသည်။
ချီလင်းမှာ စပ်စုချင်စိတ်ဖြင့် တစ်ယောက်ကို လှမ်းတားကာ “ဟေ့... မင်းတို့ ဘာလို့ စာသင်ခန်းထဲမှာ မရှိတာလဲ။ တောင်နောက်ဘက်ကို ဘာလို့ ပြေးနေကြတာလဲ” ဟု မေးလိုက်သည်။
“ငါတို့ကိုအနိုင်လာကျင့်တာတောင် ခံနေရတာ၊ ဘယ်သူက စာသင်ခန်းထဲ နေချင်ဦးမှာလဲ” ဟု ထိုကျောင်းသားက မစဉ်းစားဘဲ ပြန်ပြောလိုက်သော်လည်း တားလိုက်သူ၏ မျက်နှာကို မြင်သည်နှင့် တပြိုင်နက် သတိဝင်သွားကာ —
“ချီ... အစ်ကိုချီ! အစ်ကို ပြန်လာပြီပဲ! တော်သေးတာပေါ့!”
“အေးအေးဆေးဆေးပြောစမ်းပါ။ ဘာဖြစ်လို့လဲ၊ ဘယ်သူက ငါတို့ကို လာအနိုင်ကျင့်နေတာလဲ” ဟု ချီလင်းက မေးသည်။
“ဟို... ဆဋ္ဌမတန်းက စီနီယာ ရှောင်တ ပါ! သူက အုပ်စုလိုက်ခေါ်လာပြီး မမလေး ရှောင်ဝူ ကို ဝိုင်းထားလို့ပါ။ ဝမ်ရှန်းကတော့ တခြားကျောင်းသားတွေကို ခေါ်ပြီး ဟိုဘက်ကို သွားနှင့်ပါပြီ”
“အော်... ဆဋ္ဌမတန်းက စီနီယာလား” ချီလင်းမှာ ခေါင်းကုတ်ရင်း စဉ်းစားနေမိသည်။ ကလေးကလား ကိစ္စများကို စိတ်မဝင်စားသဖြင့် ထိုကဲ့သို့သောလူကို သူ အမှန်တကယ်ပင် မသိချေ။
“သူက အဲ့လောက်တောင် အစွမ်းထက်လို့လား။ ပြီးတော့ ရှောင်ဝူ့ကို ဘာလို့ လာပြဿနာရှာတာလဲ”
“သူက ပညာသင်ရင်း အလုပ်လုပ်တဲ့ ကျောင်းသားတွေကို ခဏခဏ အနိုင်ကျင့်တတ်လို့ မမလေး ရှောင်ဝူ က မခံမရပ်နိုင်ဖြစ်ပြီး တားလိုက်တာပါ။ အဲ့ဒါကို သူက အငြိုးထားနေတာ” ဟု ကျောင်းသားက ရှင်းပြသည်။
“ရှောင်တ က ဝိညာဉ်ဆရာသခင် အဆင့်ကို ရောက်နေတဲ့ ဝါရင့်တစ်ယောက်ပဲ။ ဆဋ္ဌမတန်းမှာ သူ့လို ဝိညာဉ်ဆရာသခင် အဆင့်ကို ရောက်နေတဲ့သူတွေ အများကြီးရှိတယ်လို့လည်း ကြားတယ်။ အဲ့ဒါကြောင့် သူတို့က မမလေး ရှောင်ဝူ့ကို လာပြီး ပြဿနာရှာရဲတာပေါ့”
“ဒါတင်မကသေးဘူး... ဒီတစ်ခေါက်သာ သူနိုင်ရင် မမလေး ရှောင်ဝူ့ကို သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားမှာဖြစ်သလို၊ ကျန်တဲ့ အလုပ်လုပ်ပြီး ကျောင်းတက်ရတဲ့ ကျောင်းသားတွေကိုလည်း သူ့အစေခံတွေအဖြစ် ထားမယ်လို့ ပြောနေတာ။ နောက်ဆို ကျောင်းထဲကလူတိုင်း သူ့စကားကို နားထောင်ရမယ်တဲ့”
【ဒေါင်! လက်ခံသူသည် ရှောင်တ၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း တွေ့ရှိရပါသည်။ အောက်ပါ ရွေးချယ်မှုများထဲမှ ရွေးချယ်ပေးပါ】
ရွေးချယ်မှု (၁) - ကိုယ့်မာနကို လျှော့ချပြီး ရှောင်တ၏ အနိုင်ကျင့်မှုကို ငုံ့ခံပါ။ ဆုလာဘ် - 'အသုံးမကျသူ' ဘွဲ့ထူး။
ရွေးချယ်မှု (၂) - ဤကိစ္စကို လူကြီးသူမများအား အသိပေးဖြေရှင်းခိုင်းပါ။ ဆုလာဘ် - တရားဝင် ဂုဏ်ပြုမှတ်တမ်းလွှာ တစ်စောင်။
ရွေးချယ်မှု (၃) - ရှောင်တကို သင်ခန်းစာပေးပြီး ကျောင်းသားများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပါ။ ဆုလာဘ် - ကျော်ကြားမှု +၃၊ ဝိညာဉ်စွမ်းအား အဆင့် +၃။
စဉ်းစားနေစရာပင် မလိုဘဲ ချီလင်းသည် တတိယမြောက် ရွေးချယ်မှုကိုသာ သဘာဝကျကျ ရွေးချယ်လိုက်သည်။
အနိုင်ကျင့်ခံရမှုကို ငုံ့ခံရန်ဖြစ်စေ၊ လူကြီးများကို သွားတိုင်ရန်ဖြစ်စေ ချီလင်း၏ စတိုင်မဟုတ်ပေ။ သူသည် ရန်သူကို မိမိ၏ လက်သီးဖြင့်သာ နှိမ်နင်းရသည်ကို ပို၍ နှစ်သက်သည်။
အရေးကြီးဆုံးမှာ ရွေးချယ်မှု (၃) သည် သူ၏ ဝိညာဉ်စွမ်းအားကို ၃ ဆင့်အထိ မြှင့်တင်ပေးနိုင်ခြင်းပင်! ဝိညာဉ်ကွင်း စုပ်ယူပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားမှာ အဆင့် ၁၄ သို့ ရောက်ရှိနေပြီဖြစ်ရာ ထန်ဆန်းပင်လျှင် အဆင့် ၁၃ သာ ရှိသေးသည်။
အဆင့် ၃ ဆင့် ထပ်တိုးသွားမည်ဆိုပါက ချီလင်း၏ ဝိညာဉ်စွမ်းအားမှာ ထိတ်လန့်ဖွယ်ရာ အဆင့် ၁၇ သို့ ရောက်ရှိသွားပေလိမ့်မည်။ သူ၏ အသက်အရွယ်နှင့်ဆိုလျှင် ဤသည်မှာ မဖြစ်နိုင်လောက်သော အဆင့်ဖြစ်ပြီး မည်သူမျှ မယှဉ်နိုင်သော ထိပ်သီးတစ်ဦး ဖြစ်လာပေလိမ့်မည်။
【ဒေါင်! ရွေးချယ်မှု (၃) — ရှောင်တကို ကိုယ်တိုင် သင်ခန်းစာပေးရန် ရွေးချယ်မှုအတွက် ဂုဏ်ယူပါသည်။ ဆုလာဘ် - ကျော်ကြားမှု +၃၊ ဝိညာဉ်စွမ်းအား အဆင့် +၃】
“ဟင်း... ခြင်္သေ့မရှိတုန်း မျောက်တွေက မင်းမူနေကြတာပဲ!” ချီလင်းက ဒေါသတလူလူနှင့် ပြောလိုက်သည်။ “ရှောင်ဆန်း... သွားကြစို့။ ဒီ ရှောင်တ ဆိုတဲ့ကောင်မှာ လက်က ဘယ်နှဖက်တောင် ပါနေလဲဆိုတာ သွားကြည့်ရအောင်”
တောင်နောက်ဘက်တွင် အလုပ်လုပ်သည့် ကျောင်းသားများနှင့် ရှောင်တ၏ အုပ်စုမှာ အခြေအနေ တင်းမာနေကြသည်။ ရှောင်ဝူ နှင့် ရှောင်တ တို့မှာ အသီးသီးသော အဖွဲ့များ၏ ခေါင်းဆောင်အဖြစ် ရှေ့ဆုံးမှ ရင်ဆိုင်နေကြသည်။
“နောင်တရဖို့ မနောက်ကျသေးပါဘူး။ အခုပဲ အရှုံးပေးမယ်ဆိုရင်တော့ မင်းတစ်ယောက်တည်းကိုပဲ ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားမှာပါ” ရှောင်တက ရှောင်ဝူ့ကို ကြည့်ကာ ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
“ဖူး! နင်ကတော့ ရေတွင်းထဲက ဖားက ကောင်းကင်မှာရှိတဲ့ ဟင်္သာမကို တောင့်တနေသလိုပဲ၊ အရည်အချင်းက မရှိဘဲ အစားကတော့ ကြီးချင်သေးတယ်!” ရှောင်ဝူက ခါးထောက်လျက် အစ်မကြီးစတိုင်ဖြင့် ပြန်အော်လိုက်သည်။
“ရှောင်တ... နင်ကြောက်နေရင်လည်း မြန်မြန်အရှုံးပေးလိုက်စမ်းပါ။ ပြီးရင် ငါ့ရဲ့ လိမ်လိမ်မာမာ လက်ပါးစေလေးအဖြစ် လာလုပ်တော့”
“ငါက ကြောက်ရမှာလား? ဟားဟားဟား... အခြေအနေကို အရင်ဦးနှောက်နဲ့ စဉ်းစားကြည့်ပါဦး” ရှောင်တက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အခု ငါတို့ဘက်က အသာစီးရနေတာ! နင်တို့ဘက်က တက်လာမယ့်သူ မရှိတော့ရင် နင်ကိုယ်တိုင် ကွင်းထဲ ဆင်းရတော့မှာနော်”
ရှောင်တ နှင့် ရှောင်ဝူ တို့သည် အရှုံးအနိုင်အတွက် လူချင်းလဲကာ တိုက်ခိုက်သည့်နည်းလမ်းကို အသုံးပြုနေကြခြင်းဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် လူလွှတ်၍ ယှဉ်ပြိုင်စေပြီး ရှုံးသောသူမှာ နောက်တစ်ယောက်နှင့် လဲလှယ်ရသည်။ မည်သည့်ဘက်က လူကုန်သွားသနည်း၊ ထိုဘက်က အရှုံးဖြစ်သည်။
မျှတသယောင်ရှိသော ဤစည်းမျဉ်းမှာ အမှန်တကယ်တွင် အလုပ်လုပ်သည့် ကျောင်းသားများအတွက် အလွန်နစ်နာလှသည်။ အကြောင်းမှာ သူတို့၏ အင်အားမှာ ယေဘုယျအားဖြင့် နိမ့်ပါးပြီး ရှောင်ဝူ တစ်ဦးတည်းသာ ဝိညာဉ်ဆရာသခင် အဆင့်သို့ ရောက်ရှိထားသောကြောင့် ဖြစ်သည်။
ရှောင်တ ဘက်တွင်မူ သူကိုယ်တိုင် အပါအဝင် ဝိညာဉ်ဆရာသခင် အဆင့်ရှိသူ စုစုပေါင်း လေးဦးရှိပြီး ကျန်သည့်သူများမှာလည်း အနည်းဆုံး ဝိညာဉ်စွမ်းအား အဆင့် ၈ သို့မဟုတ် ၉ ခန့် ရှိကြသည်။
မိမိလူများ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်နေသည်ကို မြင်ရသဖြင့် ရှောင်ဝူမှာ စိုးရိမ်တကြီး ခြေဆောင့်နေမိပြီး “ဒီကောင်နှစ်ယောက် ဘယ်တွေ သွားသေနေကြတာလဲ။ တကယ်ပဲ... အရေးကြီးတဲ့ အချိန်ဆို တစ်ယောက်မှ ရှိမနေဘူး!” ဟု ဒေါသတကြီး ရေရွတ်နေမိသည်။
“နင်တို့ဘက်က လူကုန်ပြီထင်တယ်။ နင်ကိုယ်တိုင် ကွင်းထဲ ဆင်းရမယ့် အချိန်ရောက်ပြီ မဟုတ်လား” ရှောင်တက မောက်မာစွာ ပြောလိုက်သည်။ “ဒါမှမဟုတ် အခုပဲ အရှုံးပေးပြီး ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေး အဖြစ်ခံယူမလား”
ရှောင်တ၏ စကားများမှာ ပို၍ ရိုင်းစိုင်းလာသဖြင့် ရှောင်ဝူမှာ အတော်ပင် ဒေါသထွက်သွားပြီး သူ့ကို ကိုယ်တိုင် သင်ခန်းစာပေးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင်ပင် စိတ်ချအားထားရလောက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည် — “ရှောင်ဝူ က ငါတို့ အိပ်ဆောင် (၇) ရဲ့ မျက်နှာဖုံးပဲ။ သူက ဘာလို့ ကိုယ်တိုင် ကွင်းဆင်းရမှာလဲ။ သူ့ရဲ့ လက်ပါးစေလေး ဖြစ်တဲ့ ငါပဲ ဝင်တိုက်ပေးမယ်လေ”
ထိုအသံကို ကြားလိုက်ရသည်နှင့် ရှောင်ဝူ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသော်လည်း “ဟွန်း! အခုမှ ပြန်လာဖို့ သတိရကြတယ်ပေါ့။ နင်တို့ လမ်းပျောက်နေကြပြီလို့တောင် ငါထင်နေတာ!” ဟု ပြန်ပြောလိုက်သည်။
“ဟားဟား... ဆောရီးပါပဲ၊ လမ်းမှာ ခရီးဖင့်သွားလို့ နည်းနည်း နောက်ကျသွားတယ်!” ချီလင်းက ရယ်မောရင်း ဆိုသည်။
“ရှောင်ဝူ... ဒီလူတွေကို ငါ့လက်ထဲသာ အပ်ထားလိုက်! ရှောင်ဆန်း... မင်းကတော့ တခြားလူတွေရဲ့ ဒဏ်ရာတွေကို ကြည့်ပေးပြီး လိုအပ်ရင် ကုသပေးလိုက်ဦး”
“သတိထားပါ အစ်ကိုချီ။ သူတို့က လူအင်အားလည်း များသလို နည်းလမ်းပေါင်းစုံ သုံးလာနိုင်တယ်” ဟု ထန်ဆန်းက သတိပေးသည်။ “ကျွန်တော်ပါ အတူတူ လိုက်ခဲ့ရမလား”
“စိတ်မပူပါနဲ့၊ ဒါတွေက ကလေးလေးတွေပဲရှိသေးတာ၊ ငါ့မျက်စိထဲတောင် မဝင်ပါဘူး” ဟု ချီလင်းက ဆိုသည်။ “ဒီကောင်တွေကို နှိမ်နင်းဖို့ ငါ့လက်ကိုတောင် သုံးဖို့ မလိုပါဘူးကွာ!”