အခန်း ၄ ထန်ဟောက်နှင့် ထန်ရှောင်
"တုံ့ခနဲ လန့်သွားတဲ့ ငန်းရိုင်းတစ်ကောင်လို နွဲ့နှောင်းလွန်းလှတယ် ပျံသန်းနေတဲ့ နဂါးတစ်ကောင်လို ကျော့ရှင်းလွန်းလှတယ် ဆောင်းဦးရာသီရဲ့ ဂန္ဓာမာပန်းလို တောက်ပလွန်းလှတယ် နွေဦးရာသီရဲ့ ထင်းရှူးပင်လို ဝေဆာလွန်းလှတယ်"
ဖူယဲ့ ပြောသော "နေရာဟောင်း" ဆိုသည်မှာ ၎င်းတို့၏ ကျူရှန့်ဂေ စားသောက်ဆိုင်တွင် မြင်ကွင်းအကောင်းဆုံးနှင့် အလှပဆုံး နေရာတစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းသည် ကြေးရတတ် သခင်လေးများက ၎င်းတို့၏ ချစ်သူမိန်းကလေးများကို လာရောက်ဧည့်ခံလေ့ရှိသည့် အကောင်းဆုံးနေရာလည်း ဖြစ်သည်။
ဒုတိယထပ်ရှိ သီးသန့်ခန်းလေးထဲတွင် ထိုင်ရင်း အာယင်သည် အောက်ဘက်ရှိ စည်ကားဆူညံနေသော လူအုပ်ကြီးကို ငေးကြည့်နေသည်။ သူမ၏ ရေခဲပြာရောင် မျက်ဝန်းအစုံတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။ အာယင်၏ စွဲမက်ဖွယ်ကောင်းသော အပြုံးလေးကို မြင်လိုက်ရချိန်တွင် ဖူယဲ့၏ ရင်ထဲ၌ လှုပ်ခတ်သွားပြီး သူ၏ အရင်ဘဝက ကဗျာတစ်ပုဒ်ကို မသိစိတ်ဖြင့် ရွတ်ဆိုမိခြင်း ဖြစ်သည်။
"တုံ့ခနဲ လန့်သွားတဲ့ ငန်းရိုင်းတစ်ကောင်လို နွဲ့နှောင်းလွန်းလှတယ် ပျံသန်းနေတဲ့ နဂါးတစ်ကောင်လို ကျော့ရှင်းလွန်းလှတယ် ဆောင်းဦးရာသီရဲ့ ဂန္ဓာမာပန်းလို တောက်ပလွန်းလှတယ် နွေဦးရာသီရဲ့ ထင်းရှူးပင်လို ဝေဆာလွန်းလှတယ် ဟုတ်လား"
ဖူယဲ့၏ စကားကို ကြားပြီးနောက် အာယင်သည် ထိုစကားလုံးများကို လိုက်လံရွတ်ဆိုကြည့်သည်။ သို့သော်လည်း လူ့လောကထဲသို့ ခြေစုံပစ်ဝင်ခါစ ဖြစ်သည့် ဤဝိညာဉ်သားရဲမလေးသည် နှစ်ပေါင်းငါးထောင် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများ နက်ရှိုင်းစွာ စီးဆင်းနေသော ဖူယဲ့၏ ယခင် ကမ္ဘာမြေဟောင်းမှ ရှေးဟောင်းကဗျာလင်္ကာများကို မည်သို့လျှင် နားလည်နိုင်ပါမည်နည်း။
"ဟီးဟီး... အာယင် ကောင်းကောင်းတော့ နားမလည်ဘူး။ ဒါပေမဲ့ ဒီစကားလုံးတွေက သိပ်ကို နားထောင်လို့ကောင်းတယ်လို့ ခံစားရတယ်"
အာယင်သည် အတော်ကြာ စဉ်းစားခန်းဖွင့်ပြီးနောက် နောက်ဆုံးတွင်တော့ စားပွဲပေါ်သို့ မှောက်ချလိုက်ပြီး ဆက်မတွေးတော့ချေ။ နားမလည်လျှင် ဆက်မတွေးခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ လူသားတွေရဲ့ စကားက တကယ်ကို ခေါင်းရှုပ်ဖို့ကောင်းသည်။ အလွန်အမင်း တွေးတောမိလျှင် ခေါင်းပင် ကိုက်ခဲလာတတ်သည်။
အာယင်၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ပြီး ဖူယဲ့က ကျေနပ်စွာ ပြုံးလိုက်သည်။
"ကလေးမလေး... မင်းက ဒိုလော့တိုက်ကြီးရဲ့ စကားကိုတောင် အပိုင်မပြောတတ်သေးဘဲနဲ့ ငါတို့ ကမ္ဘာမြေရဲ့ အနှစ်သာရတွေကို လေ့လာဖို့ ကြံစည်နေသေးတယ်ပေါ့"
"စိတ်ဓာတ်ကျမနေပါနဲ့ဦး။ ငါက မင်းရဲ့ အလှတရားကို ချီးမွမ်းလိုက်တာပါ"
ညနေစောင်းလာသည်နှင့်အမျှ အောက်ထပ်တွင် စားသုံးသူများ တဖြည်းဖြည်း ပိုမိုများပြားလာသည်။ ဆိုင်၏ ဝန်ဆောင်မှုနှင့် အရသာရှိသော အစားအစာများကို ချီးကျူးနေကြသည့် အသံများကို ကြားရသောအခါ ဖူယဲ့ ပြုံးမိသည်။
သံမဏိလူသား၏ နာမည်ကျော် စကားစုတစ်ခု ရှိသည်မဟုတ်ပါလား။ "မင်းသာ ငွေအလုံအလောက် ပေးနိုင်မယ်ဆိုရင် မင်ဒူးရဲ့ နတ်ဘုရားကိုတောင် ဖျက်ဆီးပစ်လို့ရတယ်"
သူ၏ ဆိုင်အခြေအနေအရ ဤဝန်ထမ်းများ တစ်လအတွင်း ရှာဖွေပေးနိုင်သော ဝင်ငွေသည် အခြားဆိုင်များ တစ်နှစ်ပတ်လုံး ရှာဖွေရသော ဝင်ငွေနှင့် ညီမျှနေသည်။ ထို့ကြောင့် သူ၏ဆိုင်တွင် အကောင်းဆုံး စားဖိုမှူးများနှင့် ထိပ်တန်း ဝန်ထမ်းများ အမြဲတမ်း ပြည့်နှက်နေခြင်း ဖြစ်သည်။
အကယ်၍ စားဖိုမှူးတစ်ဦး၏ လက်ရာက မကောင်းမွန်ပါက စားသုံးသူများက ကန့်ကွက်ရုံတင်မကဘဲ သူနှင့်အတူ လုပ်ကိုင်နေသော အခြားစားဖိုမှူးများကပါ သူ့ကို အရင်ဆုံး ဝိုင်းဝန်းဆုံးမကြလိမ့်မည်။ သူ့ကို ပညာမပေးခြင်းက ၎င်းတို့ရရှိမည့် ငွေကြေးများကို စော်ကားရာရောက်သည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။
"အစ်ကိုကြီး ဖူ... ဟင်းပွဲတွေ ရပါပြီ"
မကြာမီအချိန်အတွင်းမှာပင် ရှောက်လီသည် လှပချောမောသော စားပွဲထိုးမလေးနှစ်ဦးနှင့်အတူ ဖူယဲ့ မှာယူထားသော ဟင်းပွဲများကို လာရောက်ချပေးသည်။ ဟင်းပွဲအုပ်ဆောင်းများကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် မွှေးပျံ့လှသော အနံ့အသက်များက တစ်လမ်းလုံးသို့ ပျံ့လွင့်သွားတော့သည်။
ဆိုင်အတွင်းရှိ စားသုံးသူများစွာသည် ထိုမျှလောက် ပြင်းရှပြီး ဆွဲဆောင်မှုရှိသော အသားဟင်းနံ့ကို ရရှိလိုက်ချိန်တွင် မသိစိတ်ဖြင့် ခေါင်းမော့ကာ အနံ့ထွက်ပေါ်လာရာ အရပ်သို့ ဝိုင်းဝန်းကြည့်ရှုကြသည်။
"ပိုင်ရှင် ဖူ... ဒါကတော့ ပေါင်းခံထားတဲ့ နှစ်တစ်ထောင်သက်တမ်းရှိ မြေနဂါးအကြောဟင်း ဖြစ်ပါတယ် ဒါကတော့ ထောပတ်နဲ့ ဖုတ်ထားတဲ့ နှစ်တစ်ထောင်သက်တမ်းရှိ အစိမ်းရောင်နွယ်ပင် အနှစ်ဟင်းပါ.... ပြီးတော့..."
စားပွဲပေါ်တွင် တင်ထားသော ဟင်းပွဲ ခုနစ်ပွဲလုံးသည် မြင်ရုံမျှဖြင့် အလွန် အရသာရှိလှသော အစားအစာများ ဖြစ်ကြသည်။ ဤအရာများသည် နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်အမယ်များနှင့် ဝိညာဉ်သားရဲအသားများ ဖြစ်ကြောင်း အားလုံးက သိကြသည်။ ထိုသို့သော စားသောက်ပွဲတစ်ခုကို စားသုံးခြင်းက တစ်လနီးပါး ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။
"ကောင်းပြီ ရှောက်လီ... အားလုံးပဲ ဒီနေ့ ပင်ပန်းသွားကြပြီ။ ငါ့မှာ အသားစအနည်းငယ် ကျန်သေးတယ်.... ဒါတွေကို ဒီည မင်းတို့အားလုံးအတွက် အပိုဟင်းအဖြစ် သိမ်းထားပေးလိုက်မယ်"
ဖူယဲ့သည် သူ၏ လက်ကျန် ဝိညာဉ်ပစ္စည်းအချို့နှင့် နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်သားရဲအသားအချို့ကို ထုတ်ပေးလိုက်သည်။ သူ၏ထံတွင် ဤကဲ့သို့သော အရာများစွာ ရှိနေသည့်အပြင် ယနေ့တွင် သူ၏ စိတ်အခြေအနေကလည်း အလွန် ကောင်းမွန်နေသောကြောင့် ဖြစ်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ပိုင်ရှင်ကြီး"
ရှောက်လီသည် ထိုအသားစများကို မြင်လိုက်ရချိန်တွင် မျက်လုံးများ တောက်ပသွားသည်။ ဤအရာများကို အပြင်လောကတွင် ရောင်းချပါက ငွေအမြောက်အမြား ရရှိနိုင်သောကြောင့် ဖြစ်သည်။
သူသည် ကျူရှန့်ဂေ၏ ဝါရင့်ဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း ထိုကဲ့သို့သော အရာများကို ကိုယ်တိုင်ဝယ်ယူစားသုံးရန် မဝံ့ရဲချေ။ သို့သော်လည်း ပိုင်ရှင်က အသားစားရလျှင် သူကဲ့သို့သော လက်အောက်ငယ်သားကမူ အနည်းဆုံး ဟင်းရည်တော့ သောက်ရမည်မဟုတ်ပါလား။
ဤမြင်ကွင်းကို ဘေးပတ်ဝန်းကျင်ရှိ စားသုံးသူများနှင့် ဖြတ်သန်းသွားလာနေသူများ မြင်တွေ့သွားကြပြီး ဖူယဲ့နှင့် အာယင်တို့ကို ကြည့်ကာ အံ့ဩမှင်သက်သွားကြသည်။
"ဘုရားရေ... ကျူရှန့်ဂေရဲ့ ပိုင်ရှင်က တကယ်ကို လူငယ်လေးတစ်ယောက် ဖြစ်နေတာပဲ"
"ဒေါ်လေး... အာပလာတွေ လျှောက်မပြောနဲ့။ ကျွန်မရဲ့ အသည်းစွဲကို အပုပ်မချပါနဲ့"
"ဝါး... အစ်ကိုကြီးကလည်း သိပ်ချောတာပဲ အစ်မကြီးကလည်း သိပ်လှတာပဲ"
"တကယ်ကို ချောလွန်းတယ်။ မေမေ... သမီး ရင်တွေ ခုန်နေပြီ"
မီးရောင်အောက်တွင် ဖူယဲ့နှင့် အာယင်တို့သည် ပိုမို၍ ထင်ရှားပေါ်လွင်နေသည်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော အာယင်မှာမူ နဂါးအကြောဟင်းကို အရင်စားရမလား သို့မဟုတ် ငါးဝမ်းဗိုက်သားကို အရင်မြည်းစမ်းရမလားဆိုသည်ကို ခေါင်းခဲနေရှာသည်။
ထို့ကြောင့် သူမသည် ပြင်ပလောကမှ စိုက်ကြည့်နေကြသော အကြည့်များကို သတိမပြုမိဘဲ သူမ၏ မျက်ဝန်းအစုံက နှစ်တစ်ထောင် နဂါးအကြောနှင့် နှစ်တစ်ထောင် ငါးဝမ်းဗိုက်သားပေါ်တွင်သာ အာရုံရောက်နေသည်။
"နဂါးအကြောကို အရင်စားရမလား... အနံ့က သိပ်မွှေးတာပဲ။ ဒါပေမဲ့ အဆင်မပြေရင် ငါးဝမ်းဗိုက်သားကို အရင်မြည်းကြည့်မလား... အရောင်က တောက်ပနေတာပဲ"
"မင်းကို ငါ အကြံပေးရရင်တော့ နှစ်တစ်ထောင် ငါးဝမ်းဗိုက်သားကနေ စားတာက အကောင်းဆုံးပဲ။ အမြည်းဟင်းအဖြစ် သဘောထားလိုက်ပေါ့"
ဖူယဲ့သည် အာယင်၏ ရှေ့တွင် ရွှေရောင်ဝင်းနေသော ငါးဝမ်းဗိုက်သားတစ်တုံးကို ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ နုညံ့ပြီး ချိုမြိန်လှသော ငါးသားသည် ပါးစပ်ထဲတွင် အရည်ပျော်သွားကာ ဗိုက်ထဲသို့ စီးဆင်းသွားပြီး ဖူယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးမှုများ ပေးစွမ်းလိုက်သည်။ ဤလန်းဆန်းသော ခံစားချက်က သူ၏ အစားအသောက် အာသီသကို ပိုမို ပြင်းပြလာစေသည်။
"အင်း... တကယ် အရသာရှိတယ်"
စနစ်က အလိုအလျောက် ညွှန်ကြားပေးခဲ့သော ငါးဝမ်းဗိုက်သားအပေါ် သူ အလွန်ပင် ကျေနပ်မိသည်။
ဖူယဲ့သည် နောက်ထပ် အစားအစာများကို ညှပ်ရန် ပြင်လိုက်ချိန်တွင် အာယင်က သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။ သူသည် အာယင်၏ ပါးပြင်လေးများ နီမြန်းနေသည်ကို သတိမထားမိဘဲ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ငါးဝမ်းဗိုက်သားတစ်တုံးကို ညှပ်ကာ သူမ၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။ အာယင်သည် ပါးစပ်ထဲသို့ ငါးသား ရောက်ရှိသွားမှသာ သတိပြန်ဝင်လာတော့သည်။
ငါးဝမ်းဗိုက်သားသည် နုညံ့ချောမွေ့လှပြီး ပင်လယ်ပြင်၏ ငန်ကျိကျိအရသာ အနည်းငယ် ပါဝင်နေသဖြင့် အလွန်ပင် လန်းဆန်းစေသည်။
"သိပ်စားလို့ကောင်းတာပဲ"
ဗိုက်ထဲရှိ နွေးထွေးသော စွမ်းအင်စီးကြောင်းကို ခံစားရင်း အာယင်သည် ဤအရာက အလွန်ကောင်းမွန်သော အရာဖြစ်ပြီး အရသာမှာလည်း အံ့မခန်းဖြစ်ကြောင်း သိလိုက်ရသည်။
"ကြိုက်ရင် အများကြီးစားပါ ဗိုက်မဝရင် သူတို့ကို ထပ်ချက်ခိုင်းလို့ရတယ်"
စကားဆုံးသည်နှင့် ဖူယဲ့သည် အစားအသောက်များကို အားပါးတရ စတင်စားသုံးတော့သည်။ အရသာကို သိရှိသွားသော အာယင်သည်လည်း အစားအစာများကို အရသာခံကာ စားသုံးပါတော့သည်။
ဤမြင်ကွင်းကို မလှမ်းမကမ်းရှိ ဝတ်ရုံနက်ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးကလည်း စိုက်ကြည့်နေကြသည်။
"သိပ်လှတဲ့ မိန်းကလေးပဲ"
"တကယ်ကို လှပလွန်းပါတယ်။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက သူမမှာ ချစ်သူရှိနေပြီပဲ"
"ရှိတော့ ဘာဖြစ်လဲ"
"အဲဒီတော့..."
"မင်း ဗိုက်ဝအောင် စားသောက်ပြီးရင် သွားပြီး ပြဿနာရှာလိုက်။ အဲဒီမိန်းကလေးကို တကယ့် အာဏာနဲ့ ခွန်အားရှိတဲ့ ယောက်ျားက ဘယ်လိုမျိုးလဲဆိုတာ ပြပေးလိုက်ရအောင်"
"ငါလည်း သူမကို သိပ်သဘောကျတယ်"
"အဲဒီတော့..."
"ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ ယှဉ်ပြိုင်ကြတာပေါ့"
ထိုလူနှစ်ဦးသည် တိုးတိုးတိတ်တိတ်ဖြင့် အတော်ကြာ တိုင်ပင်နေကြသော်လည်း ၎င်းတို့ပြောသမျှ စကားလုံးတိုင်းကို ဖူယဲ့ အတိုင်းသား ကြားနေရသည်ကိုမူ မသိရှိကြချေ။
ထိုအချိန်တွင် ဖူယဲ့၏ ရှေ့မှောက်၌ လျှို့ဝှက်မျက်နှာပြင်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။
ဇာတ်ကောင် - ထန်ဟောက်
အဆင့်အတန်း - ဟောက်ထျန်ဂိုဏ်း၏ တပည့်.... လက်ရှိဂိုဏ်းချုပ်၏ မြေးဖြစ်သူ
အသက် - ၃၃ နှစ်
ဝိညာဉ်စွမ်းအား - အဆင့် ၈၃ ဝိညာဉ်ဒိုလော့
ဝိညာဉ် - ဟောက်ထျန်တူ (အဝါ.... အဝါ.... ခရမ်း.... ခရမ်း.... အနက်.... အနက်.... အနက်.... အနက်)
ဇာတ်ကောင် - ထန်ရှောင်
အဆင့်အတန်း - ဟောက်ထျန်ဂိုဏ်း၏ တပည့်.... ထန်ဟောက်၏ အစ်ကို
အသက် - ၃၅ နှစ်
ဝိညာဉ်စွမ်းအား - အဆင့် ၈၃ ဝိညာဉ်ဒိုလော့
ဝိညာဉ် - ဟောက်ထျန်တူ (အဝါ.... အဝါ.... ခရမ်း.... ခရမ်း.... အနက်.... အနက်.... အနက်.... အနက်)
ထိုလူနှစ်ဦး အနားသို့ ချဉ်းကပ်လာချိန်တွင် ဖူယဲ့၏ နှုတ်ခမ်းဖျား၌ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။ အသက်သုံးဆယ်ကျော် အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း ပျိုပျိုမေလေးများကို မျက်စိကျနေကြသေးသည်။
သို့သော်လည်း ဤကဲ့သို့သော ဒိုလော့တိုက်ကြီး ကမ္ဘာတွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ အသက်အရွယ် ကွာခြားချက်က အရေးကြီးသောအရာ မဟုတ်ချေ။ ဖူယဲ့သည် ခေတ်သစ်လူသားတစ်ဦး၏ အမြင်ဖြင့်သာ တွေးတောမိခြင်း ဖြစ်သည်။ ကမ္ဘာမြေဟောင်းတွင် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို ပိုးပန်းခြင်းက အနည်းငယ် ကြည့်ရဆိုးစေသည်မဟုတ်ပါလား။
ရုတ်တရက် ဖူယဲ့၏ ဦးနှောက်ထဲသို့ မကောင်းသောအကြံတစ်ခု ဝင်ရောက်လာသည်။ သူသည် ထန်ဟောက်နှင့် ယွဲ့ကွမ်းတို့ကို ဖူးစာဆုံပေးလိုက်ပြီး ထန်ဆန်းကို အစွမ်းထက်သော ပေါင်းစပ်ဝိညာဉ်တစ်ခု ပေးအပ်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။
ပထမဝိညာဉ်က ခရမ်းရောင်ဂန္ဓာမာပန်း.... ဒုတိယဝိညာဉ်က ဟောက်ထျန်တူ။ ထိုမြင်ကွင်းသည် တွေးကြည့်ရုံမျှဖြင့် အလွန်ပင် လှပလွန်းလှသဖြင့် သူပင် ဆက်လက်၍ စိတ်ကူးမယဉ်ဝံ့တော့ချေ။