အခန်း ၃၀ ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းသို့ သွားရောက်ခြင်း
နံနက်စာ စားပြီးနောက် ဖူယဲ့သည် သူ၏ ဝမ်းဗိုက်ထဲတွင် ပိုမို သက်တောင့်သက်သာ ဖြစ်သွားခဲ့ရသည်။
သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းအရ အစားအစာ စားသုံးရန် မလိုအပ်သော်လည်း စားသောက်ခြင်းနှင့် အိပ်စက်ခြင်းက အလေ့အထတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ အိပ်မပျော်လျှင်ပင် မိနစ်သုံးဆယ်ခန့် မှေးစက်ရန် မိမိကိုယ်ကိုယ် တွန်းအားပေးတတ်သည်။
"ငါ တကယ် ဗိုက်ပြည့်သွားပြီ"
နှစ်ပေါင်း တစ်ထောင် သက်တမ်းရှိ ငါးဆီ၏ တစ်ဝက်ခန့်ကိုသာ စားသုံးပြီးနောက် လျူအာလုံသည် စားပွဲပေါ်သို့ ပျော့ခွေကျသွားခဲ့ပြီး ပုစွန်အနီကို ဆက်လက် စားသုံးနိုင်ခြင်း မရှိတော့ချေ။
သူမ၏ ပါးပြင်လေးများက ငါးဆီထဲကနေ ထွက်ပေါ်လာတဲ့ ပြင်းထန်လှသော စွမ်းအင်များကြောင့် အနီမြန်းနေခဲ့သည်။
ထိုအချိန်တွင် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းဆီကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဘုန်း"
ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေတဲ့ အရှိန်အဝါများက ပိုမို ပြင်းထန်လာခဲ့ပြီး သူမကိုယ်တိုင်လည်း ဤအခြေအနေကြောင့် ထိတ်လန့်သွားခဲ့ရသည်။
သူမ၏ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားများ၏ ပြင်းထန်မှုကို ခံစားရင်း သူမကိုယ်တိုင်ပင် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။
"အဆင့် ၅၀ ဝိညာဉ်ဘုရင် ဖြစ်သွားပြီပေါ့လေ"
ဖူယဲ့က လျူအာလုံကို ပြုံးလျက် ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ အံ့အားသင့်လှသော မျက်ဝန်းများရှေ့တွင် အနီရဲသော လုံးဝန်းသည့် အရာတစ်ခုကို ထုတ်ယူလိုက်သည်။
"မင်းရဲ့ အခန်းထဲကိုသွားပြီး ဝိညာဉ်ကွင်းကို စုပ်ယူလိုက်တော့... ဒီမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
လျူအာလုံသည် အစောပိုင်းက နင်းဖုန်းကျိနှင့် ကုန်သွယ်မှု ပြုလုပ်ခဲ့စဉ်က ရှိနေခဲ့တာကြောင့် ဤအရာက ဘာလဲဆိုတာကို သိရှိထားသည်။
"ဒါပေမဲ့... ဒါက... ငါ..."
သူမ တစ်ခုခု ပြောရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် စကားများ ထစ်ငေါ့နေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမ၏ နောက်ထပ် လုပ်ရပ်က ဖူယဲ့ လုံးဝ မျှော်လင့်မထားခဲ့တဲ့ အရာ ဖြစ်သည်။
သူမက ဖူယဲ့ကို အရှေ့ကနေ သိုင်းဖက်လိုက်ပြီး သူ၏ နှုတ်ခမ်းကို နမ်းရှုပ်လိုက်တော့သည်။
ထို့နောက်...
"ကျေးဇူးတင်ပါတယ် အစ်ကို ဖူယဲ့"
တစ်ချိန်တည်းမှာပင် အောက်က ဝန်ထမ်းများက ဤအခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
ဝန်ထမ်း အေ - "ဝါး... မန်နေဂျာလက်ထောက်က အလုပ်ရှင်ကို အတင်းအကျပ် နမ်းလိုက်တာပဲ"
ဝန်ထမ်း ဘီ - "အလုပ်ရှင်ကို အားကျရတဲ့ နေ့ရက်များစွာထဲက တစ်ရက်ပေါ့..."
ဝန်ထမ်း စီ - "မန်နေဂျာလက်ထောက်က တကယ့်ကို အလန်းစားပဲ တစ်ချက်တည်းနဲ့ အလုပ်ရှင်ကို သိမ်းပိုက်လိုက်တာပဲ"
အခြားဝန်ထမ်းများ - "ကြိုးစားထားပါ မန်နေဂျာလက်ထောက် အစ်မတွေအားလုံးက အားပေးနေတယ်နော်"
လျူအာလုံနှင့် ဖူယဲ့တို့ ဘာကြောင့် ရုတ်တရက် ဤမျှအထိ ရင်းနှီးသွားခဲ့ကြသည်ကို မသိကြသော်လည်း ယခုလို အတင်းအဖျင်း သတင်းများကို စောင့်ကြည့်ရခြင်းက အမြဲတမ်း စိတ်လှုပ်ရှားဖွယ် ကောင်းလှသည် မဟုတ်ပါလား။
[ လျူအာလုံ၏ လက်ရှိ နှစ်သက်သဘောကျမှု အဆင့်အတန်း - ၉၅ ရာခိုင်နှုန်း ]
ကောင်းပြီလေ... ဖူယဲ့တစ်ယောက် ဒီနေ့မှာ မိန်းကလေးငယ်လေးတစ်ယောက်၏ အမြတ်ထုတ်ခြင်းကို တကယ် ခံလိုက်ရခြင်း ဖြစ်သည်။
သို့သော် တစ်ဖက်လူ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ဖူယဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကျောင်းထိုင်ဆရာတော်ကို စော်ကားပြီးမှတော့ မင်း လွတ်မြောက်နိုင်မယ် ထင်နေသလား... ငါ့ရဲ့ စွမ်းအားကြီးလှတဲ့ နဂါးနတ်ဘုရား စွမ်းအင်တွေအောက်မှာ မင်း ဒူးထောက်ရပေလိမ့်မည်။
လျူအာလုံနှင့် ပတ်သက်ပြီးတော့မူ ဖူယဲ့က သူမကို နောက်ထပ် ခဏလောက် သောင်းကျန်းခွင့် ပေးထားရန် ဆုံးဖြတ်လိုက်ပြီး ၎င်းနောက်မှသာ သူ့ကို စိန်ခေါ်ခြင်း၏ အကျိုးဆက်က မည်မျှ ပြင်းထန်ကြောင်း သိရှိသွားစေမည် ဖြစ်သည်။
အနည်းဆုံးတော့ သူမကို အိပ်ရာပေါ်တွင် နာရီဝက်ခန့် မှေးစက်နေရအောင် ပြုလုပ်ရပေလိမ့်မည်။ အစောပိုင်းက သူ၏ စွမ်းအားကို စိန်ခေါ်ခဲ့ကြတဲ့ အာယင်နှင့် အာဝူတို့ မဟာမိတ် ညီအစ်မ နှစ်ယောက်လုံးပင်လျှင် နောက်ဆုံးတွင် အိပ်ရာထဲ၌ သုံးလခန့် နားနေခဲ့ရသည် မဟုတ်ပါလား။
ဖူယဲ့အနေဖြင့် လျူအာလုံသည် ဤနတ်ဘုရားပေး ဝိညာဉ်ကွင်းကို အသုံးပြုပြီး နှစ်ပေါင်း ၆၀,၀၀0 မှ ၇၀,၀၀၀ ခန့် သက်တမ်းရှိ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်လိမ့်မည်ဟု ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် နတ်ဘုရားပေး ဝိညာဉ်ကွင်းထဲက စွမ်းအင်က သာမန် ဝိညာဉ်သားရဲများထက် ပိုမို တည်ငြိမ်ပြီး စုပ်ယူရ ပိုမို လွယ်ကူလှသည် မဟုတ်ပါလား။
"ဖူယဲ့... ညီလေး မတွေ့ရတာ ကြာပြီနော်"
ချန်ရှင်းသည် ဖူယဲ့ကို မြင်တွေ့ရသည့် အခါတိုင်း ရိုသေစွာ နှုတ်ဆက်လိုသော်လည်း လွန်ခဲ့တဲ့ နှစ်နှစ်က သူ၏ စွမ်းအားအောက်တွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ ဤကဲ့သို့ မပြုလုပ်ရဲတော့ချေ။
"အင်း... မတွေ့ရတာ ကြာပြီ။ ဒီမှာ နေရတာ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်... ငါ ဒီနေရာကို သဘောကျတယ်"
နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ဖူယဲ့က ထရပ်ကာ ထွက်ခွာသွားခဲ့သည်။
ဖူယဲ့က ချန်ရှင်းကို အခြားအဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ပူးပေါင်းနိုင်ကြောင်း ပြောထားခဲ့သော်လည်း လွန်ခဲ့တဲ့ သုံးနှစ်အတွင်း နင်းဖုန်းကျိသည် သူ့ကို နည်းလမ်းမျိုးစုံဖြင့် စုံစမ်းရန် ကြိုးစားခဲ့သည်။
သို့သော် ချန်ရှင်းက နင်းဖုန်းကျိအား ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းသို့ ဝင်ရောက်ရန် သဘောမတူခဲ့ချေ။ သူက အကယ်၍ ဖြစ်နိုင်ပါက အမည်ခံ အကြီးအကဲတစ်ဦးအဖြစ်သာ ဆောင်ရွက်ပေးမည် ဖြစ်ပြီး ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်း အခက်အခဲ ကြုံတွေ့ရသည့် အခါတွင် ကူညီပေးမည် ဖြစ်ကြောင်းသာ ပြောခဲ့သည်။
ချန်ရှင်းသည် ယခုအခါ အဆင့် ၉၄ ဘွဲ့ခံ ဒိုလော့ တစ်ဦး ဖြစ်ပြီး နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း၏ အကျိုးကျေးဇူးကြောင့် သူ၏ စွမ်းအားက စွမ်းအားမြင့် ဒိုလော့ တစ်ဦးနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိလှသည်။
အမှန်တကယ်တော့ ထိုသုံးနှစ်တာ ကာလအတွင်း ထန်ဟောင်နှင့် ထန်ရှောင်းတို့ကလည်း ပြဿနာရှာရန် ရောက်ရှိလာခဲ့ဖူးသော်လည်း ထိုအချိန်တွင် ဂူရုံနှင့် ချန်ရှင်းတို့သည် ကျူရှန့်ဂေ၏ အဖျော်ယမကာများကြောင့် အစွမ်းထက်နေသည့် အချိန် ဖြစ်သည်။
၎င်းနောက် ဖြစ်ပျက်ခဲ့သည့် အရာကတော့ နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း ပိုင်ဆိုင်ထားတဲ့ ဘွဲ့ခံ ဒိုလော့ နှစ်ဦးက ဝိညာဉ်ဒိုလော့ နှစ်ဦးကို အပြတ်အသတ် နှိမ်နင်းလိုက်သည့် ရှားပါးလှသော မြင်ကွင်းကြီး ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စရပ်က ဝိညာဉ်နန်းတော်ကိုပင် တုန်လှုပ်သွားစေခဲ့သော်လည်း ဖူယဲ့ကတော့ နောက်ပိုင်းတွင် ဘာဆက်ဖြစ်သည်ကို သိပ်ပြီး မသိရှိခဲ့ချေ။
ကံမကောင်းစွာဖြင့် ဖူယဲ့သည် ထိုအချိန်တွင် ကြယ်တာရာတောအုပ်ကြီးရှိ သူ၏ အိမ်ငယ်လေးထဲတွင် အာယင်နှင့် အာဝူတို့ မိန်းကလေး နှစ်ယောက်ကို အပြင်းအထန် ဆုံးမပဲ့ပြင်နေခဲ့ရတာကြောင့် ဤပြဇာတ်ကြီးကို မြင်တွေ့ခွင့် မရရှိခဲ့ခြင်း ဖြစ်သည်။
"ငါ ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းဆီကို တစ်ယောက်တည်း သွားလိုက်တော့မယ်။ ယွဲ့ဟွာတစ်ယောက် အခုထိ အိပ်ရာက မထနိုင်သေးတာကတော့ နှမြောဖို့ကောင်းလှတယ်"
ကောင်းကင်မြို့တော်၏ အရှေ့ဘက် မိုင်သုံးရာအကွာတွင်...
မြင့်မားလှသော တောင်တန်းကြီးများက တည်ရှိနေပြီး ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းသည် ဤကဲ့သို့သော လျှောက်ပါးလှသည့် ကျောက်ဆောင်များကြားတွင် တည်ရှိသည်။
ဘေးပတ်ဝန်းကျင်တွင် ချောက်ကမ်းပါးကြီးများ ဝိုင်းရံထားပြီး ဂိုဏ်း၏ အနောက်ဘက်တွင် မီတာသောင်းချီ မြင့်မားလှသော ကုန်းမြင့်ကြီး ရှိနေသည်။
ဤနေရာက အလွန် လျှို့ဝှက်လှပြီး ကာကွယ်ရန် လွယ်ကူလှသလို ဂိုဏ်းထဲတွင် အဆင့်မြင့် ဘွဲ့ခံ ဒိုလော့ အဆင့်ရှိ အကြီးအကဲ ငါးဦးပင် ရှိနေသေးသည်။
(ဤအချိန်တွင် ထန်ဟောင်နှင့် ထန်ရှောင်းတို့သည် ဂိုဏ်းမှ ထုတ်ပယ်ခြင်း မခံရသေးချေ။ ထန်ချန်ကမူ သူ၏ စွမ်းအားက အလွန် ကြီးမားလွန်းသဖြင့် တားဆီးခြင်း ခံထားရတာကြောင့် ဂိုဏ်းထဲတွင် ဘွဲ့ခံ ဒိုလော့ အဆင့်ရှိ အကြီးအကဲ ငါးဦးသာ ရှိနေခြင်း ဖြစ်သည်။)
ဖူယဲ့သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်း၏ ကောင်းကင်ယံထက်သို့ ဆင်းသက်လိုက်ပြီး သူ၏ ခြေအောက်က ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းကို ကြည့်လိုက်သည်။ ဂိုဏ်းသားများ၏ ကျင့်ကြံခြင်း စွမ်းရည်နှင့် ကိုယ်ပိုင် စွမ်းဆောင်ရည်များက တကယ်ကို မဆိုးလှဘဲ အတော်အတန် စွမ်းအားရှိပုံရသည်။
သို့သော် သူ ဤနေရာသို့ လာရောက်လည်ပတ်ခြင်း မဟုတ်ချေ။ သူတို့က သူ၏ ဆိုင်ကို အကြိမ်ကြိမ် ဖျက်ဆီးရန် ကြိုးစားခဲ့ကြတာကြောင့် ယခုတစ်ကြိမ်တွင်တော့ သူတို့၏ ဂိုဏ်းကို ပြန်လည် ဖျက်ဆီးပစ်ရန် အလှည့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
[ ဂုဏ်ယူပါသည် ပိုင်ရှင်... အဆင့်မြင့် ဟင်းလင်းပြင် ကူးပြောင်းခြင်း စာလိပ်ကို အသုံးပြုလိုက်ပါပြီ။ ပစ်မှတ်ကို လက်ရှိ နေရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးလိုက်ပါပြီ။ ]
နောက်တစ်စက္ကန့်တွင် ဖူယဲ့၏ ရှေ့မှောက်သို့ အနက်ရောင် ခွေးငယ်လေးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းက အိပ်ချင်မူးတူး ဖြစ်နေပုံရပြီး လေဟာနယ်ထဲတွင် ရှိနေစဉ်မှာပင် သူ၏ မျက်လုံးများကို ထပ်မံ ပိတ်ဆို့ထားရန် ကြိုးစားနေခဲ့သည်။
သို့သော်...
"ဘုန်း"
သံလုံးကြီးတစ်ခု မြေပြင်ပေါ်သို့ ကျဆင်းသွားသလို အသံကြီးတစ်ခု ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုပျော့ခွေကျဆင်းသွားတဲ့ အမှောင်မိစ္ဆာကျားကြီးကို ကြည့်ပြီး ဖူယဲ့အနေဖြင့် ဘာပြောရမှန်းမသိတော့ပေ။ ဒါက အိမ်မွေးတိရစ္ဆာန်တစ်ကောင် အသတ်ခံရပြီးနောက် ဖြစ်ပေါ်လာတတ်တဲ့ ပုံမှန် တုံ့ပြန်မှုမျိုးလား... တကယ်ကို အသက်တစ်ဝက် သေဆုံးနေသလို ဖြစ်နေသည်။
"ဟင်... ငါ့ရဲ့ သခင် ဘယ်ရောက်သွားတာလဲ"
ထိုအနက်ရောင်ခွေး (အမှောင်မိစ္ဆာကျားကြီး) သည် ပြင်းထန်လှသော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့တာကြောင့် ရတနာခုနှစ်ပါးမျှော်စင်ဂိုဏ်းသား အများအပြားက ၎င်း၏ ဘေးပတ်ဝန်းကျင်သို့ တဖြည်းဖြည်း ဝိုင်းရံလာခဲ့ကြသည်။
သို့သော် သူတို့၏ ရှေ့မှောက်က အနက်ရောင်ခွေးကြီးက လူသားဘာသာစကားဖြင့် ပြောဆိုလိုက်သည်ကို ကြားလိုက်ရတဲ့ အခါမှာတော့ သူတို့အားလုံး ဆွံ့အသွားခဲ့ကြရသည်။
"ဘုရားရေ... ငါ ဘယ်နေရာကို ရောက်နေတာလဲ"
နောက်ဆုံးတွင် အပျင်းကြီးလှသော အမှောင်မိစ္ဆာကျားကြီးသည် လက်ရှိ အခြေအနေကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"ရှောင်ဟေး... မင်းက ဖျက်ဆီးရေး အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးလား။ ဒီလူတွေကို အပြတ် နှိမ်နင်းပြီး သူတို့ရဲ့ အိမ်တွေကိုပါ အကုန် ဖျက်ဆီးပစ်လိုက်စမ်း"
ဖူယဲ့၏ အသံက ထိုအချိန်တွင် အမှောင်မိစ္ဆာကျားကြီး၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
"ဟင်... သခင်ကြီးရဲ့ အသံလား။ ဒီလူတွေကို နှိမ်နင်းပြီး နေရာကို ဖျက်ဆီးပစ်ရမယ် ဟုတ်လား"
အမှောင်မိစ္ဆာကျားကြီးက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဖူယဲ့၏ အရိပ်အယောင်ကို မမြင်တွေ့ရတာကြောင့် တစ်ဖက်လူက သူ့ကို ယခုနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်သည်။
အကြောင်းပြချက် ဟုတ်လား... သခင်က မင်းကို အလုပ်တစ်ခု လုပ်ခိုင်းတဲ့ အခါမှာ ဘာအကြောင်းပြချက်မှ မလိုအပ်ချေ အမိန့်အတိုင်း လုပ်ဆောင်ရန်သာ ရှိသည်။
"အား... မင်းတို့လို နိမ့်ကျတဲ့ လူသားတွေ ငါ မင်းတို့ ထွက်ပြေးဖို့အတွက် မိနစ်ဝက် အချိန်ပေးမယ်။ ၎င်းနောက်ပိုင်းမှာတော့ ငါ့ဘက်က ညှာတာနေမှာ မဟုတ်ဘူးနော်..."
အနက်ရောင်ခွေး (အမှောင်မိစ္ဆာကျားကြီး) သည် လူသားတစ်ဦးကဲ့သို့ သန်းဝေလိုက်ပြီးနောက် အိပ်ချင်မူးတူး ဖြစ်နေခြင်းကြောင့် မျက်ဝန်းထောင့်က ထွက်ပေါ်လာတဲ့ မျက်ရည်များကို လက်ဖြင့် သေသေချာချာ သုတ်လိုက်သည်။
"မြန်မြန် ပြေးကြဟေ့ ဒီအနက်ရောင်ခွေးက လူသားဘာသာစကား ပြောနိုင်တယ်... ဒါက တကယ့်ကို နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ ဝိညာဉ်သားရဲပဲ ဖြစ်ရမယ်"