အခန်း ၂၅ လျူအာလုံ ကျူရှန့်ဂေတွင် နေထိုင်ခြင်း
နာရီဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်...
"ဝုတ် ဝုတ်... ငါ မခံနိုင်တော့ဘူး။ ဒီနေ့ ငါ နေမကောင်းလို့ အရက်သိပ်မတိုးတာ... နောက်ရက်မှ... နောက်ရက်မှ ထပ်ပြိုင်ကြမယ်"
"ဝုန်း..."
မျှော်လင့်ထားသည့်အတိုင်း နင်းဖုန်းကျိက ပထမဆုံး မူးလဲသွားခဲ့သည်။ သူသည် အရက် ခြောက်အိုးခန့် သောက်ပြီးနောက် ချက်ချင်းပင် သတိလစ်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် လျူအာလုံသည် ဖူယဲ့တို့၏ စကားဝိုင်းမှတစ်ဆင့် ဤနေရာတွင် ခွေးကဲ့သို့ ဟောင်နေသူမှာ ရတနာခုနှစ်ပါးမျှော်စင် ဂိုဏ်း၏ အတောက်ပဆုံး ပါရမီရှင် နင်းဖုန်းကျိ ဖြစ်နေကြောင်း သိရှိသွားခဲ့ရသည်။
သူမ၏ အလုပ်က အလွန် ရိုးရှင်းပြီး ရေနွေးကြမ်း ထည့်ပေးရန်နှင့် ဟင်းပွဲများကို အလျင်အမြန် ချပေးရန်သာ ဖြစ်သည်။ သို့သော် ဖူယဲ့က အရက်ကို အိုးလိုက် သောက်နေပြီး ဟင်းပွဲများ အားလုံးကလည်း အဆင်သင့် ရောက်ရှိနေပြီ ဖြစ်တာကြောင့် သူမက ဘေးနားမှာ ရပ်ပြီး ပွဲကြည့်နေရုံသာ ရှိသည်။
"မင်းတို့ကို ကြည့်ရတာ... ဒီသခင်လေး နင်က တကယ်ကို အသုံးမကျတာပဲ"
ဖူယဲ့က စားပွဲပေါ်မှာ သတိလစ်နေတဲ့ နင်းဖုန်းကျိကို ကြည့်ပြီး တိုက်ရိုက် လှောင်ပြောင်လိုက်သည်။
"အော်... ဒါဆိုရင် မင်းက တကယ့်ကို အစွမ်းထက်တာပေါ့"
"ငါက တကယ် သန်မာတာလေ။ ဒီကောင်ကို ထားလိုက်ပြီး ငါတို့ ဆက်သောက်ကြမယ်"
နောက်ဆုံးတွင် ကုရုံက သူ့ကို ဘေးက ဆိုဖာပေါ်သို့ သေသေချာချာ ပွေ့တင်ပေးလိုက်ပြီးနောက် နောက်ထပ် အလှည့်ပေါင်း သုံးရာခန့် ဆက်လက် တိုက်ခိုက်ရန် ပြန်လာခဲ့သည်။
နောက်ထပ် နာရီဝက် ကုန်လွန်သွားခဲ့သည်။
"ဝုန်း..."
ကုရုံလည်း နောက်ဆုံးတွင် မူးလဲသွားခဲ့ရပြီး ထိုအချိန်တွင် ချန်ရှင်းက ရယ်မောလိုက်သည်။
"မင်းတို့ အရိုးစုအိုကြီးတွေက မရတော့ပါဘူး... ဟားဟားဟား။ တကယ်ကို ညံ့ဖျင်းလွန်းတယ်"
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အမြင်အာရုံများ တဖြည်းဖြည်း မှောင်မိုက်သွားခဲ့ပြီး နောက်ဆုံးတွင်တော့...
"ဝုန်း..."
အဆုံးသတ်တွင် ဖူယဲ့က အကြွင်းမဲ့ စွမ်းအားဖြင့် ရှိနေကြသူ သုံးယောက်လုံးကို အနိုင်ယူလိုက်နိုင်ပြီး ဤအချိန်တွင် သူတစ်ယောက်တည်းသာ သတိကောင်းကောင်း ရှိနေဆဲ ဖြစ်သည်။
"လူညံ့ သုံးယောက်... အရက်သောက်တာကိုတောင် နားမလည်ကြဘူး"
အစားအစာတွေ အများကြီး ကျန်နေသေးတာကို မြင်တော့ ဖူယဲ့က သန့်ရှင်းတဲ့ ပန်းကန်တစ်ခုကို ယူပြီး အချို့ကို ထည့်လိုက်ကာ ထောင့်မှာ ရပ်နေဆဲဖြစ်တဲ့ လျူအာလုံကို လှည့်ကြည့်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။
"မိန်းကလေးငယ်... တစ်ခုခု စားလိုက်ဦး မစားရင် ဖြုန်းတီးရာ ရောက်လိမ့်မယ်"
ဖူယဲ့က အစားအစာ အနည်းငယ် ထည့်ထားတဲ့ ပန်းကန်ကို သူမ၏ အနောက်က ကော်ဖီစားပွဲလေးပေါ် တင်ပေးလိုက်သည်။
သူသည် ယခင်ကတည်းက ပစ္စည်းများကို ဖြုန်းတီးခြင်း မပြုလုပ်တတ်ဘဲ ယခုအခါတွင်လည်း တတ်နိုင်သမျှ ဖြုန်းတီးခြင်း မရှိအောင် နေထိုင်သည်။
နင်းဖုန်းကျိနှင့် အခြားနှစ်ယောက်က အများကြီး စားနိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း သူတို့က အရက်ကိုသာ သောက်ကြပြီး အစားအစာ ထက်ဝက်ကျော်ကို ချန်ထားခဲ့ကြသည်။
"ဟင်... ကျွန်မအတွက်လား"
လျူအာလုံသည် ထိုမွှေးပျံ့လှသော ရနံ့ကြောင့် ဗိုက်ဆာနေခဲ့ပြီ ဖြစ်သော်လည်း ဤနေရာရှိ စည်းကမ်းချက်အရ ဧည့်သည်များ ချန်ထားခဲ့သော အစားအစာများကို မထိရဘဲ မထိရသေးသော ပစ္စည်းများကိုပင် အမှိုက်ပုံးထဲသို့ စွန့်ပစ်ရမည် ဖြစ်သည်။
ဖူယဲ့က နှမြောတွန့်တိုနေခြင်း မဟုတ်သော်လည်း လျူအာလုံ၏ ပန်းကန်ထဲသို့ အစားအစာများကို ကြိုတင် ထည့်မပေးခဲ့ချေ။ ဘာပဲဖြစ်ဖြစ် လျူအာလုံသည် အခြားလူတစ်ယောက် ဖြစ်ပြီး ဝန်ထမ်းအသစ်လေးသာ ဖြစ်သည်။ အခြား ဧည့်သည်များ မစားရသေးမီ သူမက စတင် စားသောက်ပါက မရိုသေရာ ရောက်ပေလိမ့်မည်။
ထို့ပြင် သူ လျူအာလုံကို ပေးလိုက်တဲ့ အစားအစာ အားလုံးက မထိရသေးသော အရာများ ဖြစ်တာကြောင့် ညစ်ပတ်ခြင်း ရှိမရှိ ဆိုသည်မှာ မေးစရာ မလိုချေ။
"တစ်ခုခု စားလိုက်ပါဦး။ မင်း ဒီလောက်ကြာအောင် ခိုးရယ်နေရတာ မောနေရောပေါ့"
ဖူယဲ့က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မူးယစ်နေတဲ့ လူသုံးယောက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
"မဟုတ်ပါဘူး... ကျွန်မ ခိုးမရယ်ပါဘူး"
လျူအာလုံက ရယ်မောခြင်းကြောင့် အနီမြန်းနေတဲ့ မျက်နှာကို ဖုံးကွယ်ရင်း တိုက်ရိုက် ပြန်လည် ငြင်းဆိုလိုက်သည်။
သို့သော် ဖူယဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် လှမ်းပြောလိုက်သည်။
"ငါတို့ ကျူရှန့်ဂေက ည ၁၀ နာရီနီးပါးအထိ ဖွင့်တာ။ မင်းက မြို့ပြင်ဘက်မှာ နေတာဆိုတော့ မိန်းကလေးတစ်ယောက်တည်း ညဘက် လမ်းလျှောက်ရတာ မလုံခြုံဘူး။ ခေါင်မိုးပေါ်မှာ အခန်းလွတ်တစ်ခု ရှိတယ်။ အကယ်၍ မင်း ဆန္ဒရှိရင် ညဘက် အဲဒီမှာ တည်းခိုနိုင်တယ်"
အဟမ်း... ဒါတွေ အားလုံးက ဖူယဲ့၏ စစ်မှန်သော စေတနာသာ ဖြစ်သည်။ သူက အရွယ်မရောက်သေးသော မိန်းကလေးငယ်လေးအပေါ် ဤကဲ့သို့သော လုပ်ရပ်မျိုး လုပ်ဆောင်မည့် လူရှုပ်လူပွေတစ်ယောက် မဟုတ်ပေ။ မိန်းကလေးတစ်ယောက် မြို့ပြင်နှင့် မြို့တွင်းသို့ အလုပ်အတွက် သွားလာနေရခြင်းက အန္တရာယ်ရှိပြီး ရှုပ်ထွေးနိုင်သည် မဟုတ်ပါလား။
"ငါ ဒီမူးနေတဲ့ လူသုံးယောက်ကို ဆဋ္ဌမထပ်က သူတို့အခန်းတွေဆီ အာယင် ပို့လိုက်ဦးမယ်။ မင်း ဆုံးဖြတ်ပြီးရင် အပေါ်ဆုံးထပ်ကို တန်းတန်းမတ်မတ် သွားလိုက်ရုံပဲ"
ဖူယဲ့က ဘယ်ဘက်မှာ နင်းဖုန်းကျိနှင့် ကုရုံ ညာဘက်မှာ ချန်ရှင်းတို့ကို တွဲဖက်ကာ အပေါ်ထပ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားခဲ့ပြီး မိန်းကလေးငယ်လေး လျူအာလုံကိုတော့ အခန်းထဲမှာ ငေးမောလျက် ချန်ထားခဲ့သည်။
အရက်သောက်ပြီးနောက် အချိန်က ညနေစောင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖူယဲ့လည်း အတော်အတန် သောက်ထားခဲ့တာကြောင့် အရက်နာကျခြင်း ကင်းဝေးစေရန် ရေချိုးလိုက်ပြီးနောက် အခန်းထဲ ပြန်ကာ အိပ်ရာပေါ် လှဲလျက် မှေးစက်လိုက်တော့သည်။
သူ အရက်မသောက်ရတာ ကြာပြီ ဖြစ်တာကြောင့် သူ၏ အရက်ခံနိုင်ရည်က အနည်းငယ် လျော့နည်းနေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် တစ်စုံတစ်ယောက်က သူ့တံခါးကို လာရောက် ခေါက်ခဲ့သည်။
"ဒေါက် ဒေါက် ဒေါက်..."
တံခါးခေါက်သံကို ကြားလိုက်ရတဲ့ အခါမှာတော့ ဖူယဲ့က အလိုအလျောက် မျက်လုံးဖွင့်လိုက်သည်။
လမင်း၏ တည်နေရာကို ကြည့်ပြီးနောက် အချိန်က ည ၉ နာရီခွဲခန့် ရှိနေပြီဖြစ်ကြောင်း ခန့်မှန်းလိုက်မိကာ ကျူရှန့်ဂေလည်း ပိတ်တော့မည် ဖြစ်သည်။
ဘယ်သူက ဤအချိန်တွင် သူ၏ အိပ်စက်ခြင်းကို လာရောက် နှောင့်ယှက်နေသနည်း။
"လာပြီ... လာပြီ..."
ဖူယဲ့က ခက်ခဲစွာ ထရပ်လိုက်သည်။ သူ ရေချိုးထားပြီး ဖြစ်တာကြောင့် အမည်းရောင် ညအိပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သို့သော် သူက ယောက်ျားတစ်ယောက် ဖြစ်ပြီး ရင်ဘတ်ပေါ်နေခြင်းက ပြစ်မှုမဟုတ်တာကြောင့် သိပ်ပြီး ဂရုမစိုက်ချေ။
"ကျွီ..."
ဖူယဲ့ တံခါးကို ဖွင့်လိုက်တဲ့ အခါမှာတော့ တံခါးနောက်ကွယ်မှာ အနီရဲသော ဆံပင်နှင့် မိန်းကလေး လျူအာလုံ ရပ်နေတာကို တွေ့လိုက်ရသည်။
"ဟင်... မင်းက ညဉ့်နက်သန်းခေါင်ကြီး ငါ့တံခါးကို ဘာလို့ လာခေါက်ရတာလဲ... မိန်းကလေးငယ်ရဲ့"
ဖူယဲ့ အနည်းငယ် သက်ပြင်းချလိုက်သည်။ အကယ်၍ သူမ တည်းခိုချင်ပါက တည်းခိုနိုင်သည်။ ထိုအခန်း၏ သော့ကိုပင် တံခါးမှာ ချန်ထားခဲ့သည် မဟုတ်ပါလား။
"သူဌေး ဖူယဲ့... ကျွန်မက..."
ဖူယဲ့၏ ပြီးပြည့်စုံလှသော ဗလာကျင်းနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းက လျူအာလုံ၏ ရှေ့မှောက်တွင် တိုက်ရိုက် ပေါ်လွင်နေခဲ့သည်။ ဤကဲ့သို့သော ဝမ်းဗိုက်ကြွက်သားများ ရှိသည့် ယောက်ျားတစ်ယောက်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ကဲ... မျက်လုံးကို လွှဲလိုက်စမ်း ငါ မင်းကို လိုက်ပို့ပေးမယ်"
လျူအာလုံသည် မိမိကိုယ်ကိုယ် အနည်းငယ် မရိုမသေ ဖြစ်နေသည်။ သူမသည် ဤကဲ့သို့သော ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် ငါ့ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး သွားရည်ကျနေရတာလား မိန်းကလေးတွေအနေနဲ့ နည်းနည်းလောက် မစောင့်စည်းနိုင်ကြဘူးလား။
ထို့နောက် လျူအာလုံ၏ အံ့အားသင့်နေသော မျက်နှာအမူအရာအောက်တွင်...
ဖူယဲ့က သူမ၏ လည်ပင်းနောက်ဘက်ကို လှမ်းကိုင်ကာ ကြက်ပေါက်လေးတစ်ကောင်လို ဆွဲမလိုက်ပြီးနောက် သူမ မယုံကြည်နိုင်ခင်မှာတင် ထိုအခန်း၏ တံခါးကို ဖွင့်ကာ သော့နှင့်အတူ အိပ်ရာပေါ်သို့ ပစ်တင်လိုက်တော့သည်။
"ဂျိမ်း..."
တံခါးကြီး ပိတ်သွားခဲ့ပြီး ဖူယဲ့က သမ်းဝေရင်းနှင့် သူ၏ အိပ်စက်ခြင်းကို ဆက်လက် ဖြည့်ဆည်းရန် ပြန်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏ စနစ်က အကြောင်းကြားစာ အသံ ထွက်ပေါ်လာခဲ့သည်။
[ လျူအာလုံ၏ နှစ်သက်သဘောကျမှု အဆင့်အတန်း - ၅၅ ရာခိုင်နှုန်း }
ဟင်... နှစ်သက်သဘောကျမှုက ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာတာလား။
သို့သော် ပြန်လည် စဉ်းစားကြည့်လိုက်တဲ့ အခါမှာတော့ ဒါက သဘာဝကျလှသည်။ ဘာပဲဖြစ်ဖြစ် မူလဇာတ်ကွက်ထဲတွင် လျူအာလုံသည် အချစ်အတွက်ဆိုလျှင် အရာအားလုံးကို စွန့်လွှတ်ဝံ့သူ ဖြစ်ပြီး ယွီရှောင်ကန်းက သူမ၏ ဝမ်းကွဲမောင်မှန်း သိထားသည့်တိုင်အောင် သူ့ကို နှစ်ပေါင်း၈၀ကျော်ကြာ စောင့်ဆိုင်းခဲ့သည် မဟုတ်ပါလား။
"အား... တော်တော် အိပ်ချင်နေပြီ ပြန်အိပ်လိုက်ဦးမယ်"
အခြားတစ်ဖက် ဝိညာဉ်နန်းတော် ပုပ်ရဟန်းမင်းကြီး နန်းတော်ရဲ့ မြေအောက် စစ်ဆေးမေးမြန်းရေး အခန်းထဲတွင်မူ...
ယခုအချိန်တွင် ယွီရှောင်ကန်းသည် သန်မာထွားကျိုင်းသော လူခြောက်ယောက်၏ လက်ချက်ဖြင့် သံကုတင်ပေါ်တွင် ချည်နှောင်ခံထားရပြီး မျက်နှာတစ်ခုလုံး မျှော်လင့်ချက် ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။ ခြောက်လတာ ကာလ ကုန်လွန်သွားခဲ့သည့်တိုင်အောင် သူသည် ထိုလူများကို အလျှော့မပေးခဲ့ချေ။ သူသည် နေ့တိုင်း ဆိုးရွားလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသော်လည်း ဇွဲရှိလျှင် အောင်မြင်ရမည်ဟု ခိုင်မာစွာ ယုံကြည်ထားဆဲ ဖြစ်သည်။
သူ၏ ဖခင်က သူ့ကို လာရောက် ကယ်တင်လိမ့်မည်ဟု သူ ခိုင်မာစွာ ယုံကြည်နေသည်။
"မင်းတို့ မြန်မြန်ဆန်ဆန် ဒီနေရာကို ရှင်းလင်းလိုက်ကြစမ်း ပြီးရင် ဒီဝိညာဉ်နန်းတော်ရဲ့ သစ္စာဖောက်ကို အဝတ်အစား လဲပေးလိုက်။ သန့်ရှင်းသောမိန်းကလေးက ခဏနေရင် လာရောက် စစ်ဆေးလိမ့်မယ်"
အစောင့်၏ စကားကို ကြားလိုက်ရတဲ့ အခါမှာတော့ ထိုလူခြောက်ယောက်က ချက်ချင်းပင် တုံ့ဆိုင်းမနေတော့ချေ။ သူတို့က လျင်မြန်စွာ လုပ်ဆောင်ကြပြီး နာရီဝက်ပင် မပြည့်မီ အချိန်အတွင်းမှာတင် စစ်ဆေးမေးမြန်းရေး အခန်းတစ်ခုလုံးကို အညစ်အကြေး ကင်းစင်အောင် ရှင်းလင်းလိုက်ကြသည်။
မည်သည့် အနံ့အသက်မှ မရှိတော့ဘဲ အခန်းက လုံးဝ သန့်ရှင်းသွားကြောင်း အတည်ပြုပြီးနောက် အစောင့်က ပြန်လည် သတင်းပို့ခဲ့သည်။
ခဏအကြာတွင် ဘီဘီတုန်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
သံဘောင်တွင် ချည်နှောင်ခံထားရဆဲဖြစ်သော ယွီရှောင်ကန်းကို ကြည့်ရင်း ထိုတိရစ္ဆာန်က အနည်းငယ်ပင် ဝလာကြောင်း တွေ့ရှိလိုက်ရသဖြင့် သူမ အံ့အားသင့်သွားရသည်။
"ယွီရှောင်ကန်း... ယွီရှောင်ကန်း မင်း အခုထိ အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ လွန်ခဲ့တဲ့ ခြောက်လအတွင်း မင်းရဲ့ အတွေ့အကြုံတွေကို ငါ့ကို ပြောပြပါဦးမလား"
ဘီဘီတုန်းက ပြုံးနေသော်လည်း သူမ၏ မျက်ဝန်းများကမူ ယွီရှောင်ကန်းကို မြွေဆိုးတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေခဲ့သည်။
"မင်းလို မိစ္ဆာမ... မင်းက မိစ္ဆာမပဲ။ ဘီဘီတုန်း... မင်း လုပ်ခဲ့သမျှ အရာအားလုံးအတွက် ပြန်လည် ပေးဆပ်ရလိမ့်မယ်"
ခြောက်လတာ အချိန် ကုန်လွန်သွားခဲ့သော်လည်း ယွီရှောင်ကန်း၏ ခေါင်းမာလှသော နှုတ်သီးကတော့ ပြောင်းလဲခြင်း မရှိသေးချေ။
"မင်း ငါ့ကို မိစ္ဆာမလို့ ခေါ်တာလား။ ဟဲ... ငါက မိစ္ဆာမ ဖြစ်နေရင်တောင် မင်း လုပ်ခဲ့တဲ့ အရာတွေက ငါ့ထက် အဆပေါင်းများစွာ ပိုပြီး ယုတ်မာလွန်းလှတယ်။ မင်း ငါ တန်ဖိုးထားရတဲ့လူကို ဒီလောက်အထိ နှိပ်စက်ခဲ့ပြီး ပြီးတော့ သူ့ကို သတ်ပစ်ခဲ့တယ်။ ဤအတွက်ကြောင့် မင်း သေချင်စိတ် ပေါက်လာအောင် ငါ သေချာပေါက် လုပ်ဆောင်ပေးမယ်"
ပြောရင်းနှင့် ဘီဘီတုန်းက သူ၏ လက်ထဲကနေ ရုပ်သံမှတ်တမ်းတင် ပုံဆောင်ခဲတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။
"ယွီရှောင်ကန်း... ယွီရှောင်ကန်း မင်း လွန်ခဲ့တဲ့ ခြောက်လအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝိညာဉ်နန်းတော်ကနေတစ်ဆင့် တိုက်ကြီးတစ်ခုလုံးကို ပြန့်နှံ့သွားစေချင်တာတော့ မဟုတ်ဘူးမလား"
ဘီဘီတုန်း၏ ထိုအချိန်က အပြုံးသည် ယွီရှောင်ကန်း၏ မျက်လုံးထဲတွင် မြွေဆိုးတစ်ကောင်ကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းလှသည်။
"မဟုတ်ဘူး... မင်း အဲဒီလို မလုပ်နိုင်ဘူး။ မင်း မလုပ်နိုင်ဘူး"
သို့သော် သူ စကားပြောပြီးသည်နှင့် ဘီဘီတုန်း၏ အနောက်တွင် တောင်ပုံရာပုံ ရှိနေသော ရုပ်သံမှတ်တမ်းတင် ပုံဆောင်ခဲများ ချက်ချင်း ပေါ်ထွက်လာတော့သည်။