အခန်း ၂၃ မြေခွေးအိုကြီး နင်းဖုန်းကျိ
"မင်္ဂလာပါ... ကျွန်တော့်နာမည်က နင်းဖုန်းကျိပါ။ ရတနာခုနှစ်ပါးမျှော်စင် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်တစ်ယောက်ပါ လူကြီးမင်းရဲ့ နာမည်ကို သိပါရစေဦးမလား"
ဟင်... ရတနာခုနှစ်ပါးမျှော်စင် ဂိုဏ်းရဲ့ မြေခွေးအိုကြီး နင်းဖုန်းကျိ ဖြစ်နေတာကိုး။ ကြည့်ရတာ သူက ဓားဒိုလော့ ချန်ရှင်းကို ဂိုဏ်းထဲ ဆွဲသွင်းဖို့ ကြိုးစားနေတာ ဖြစ်မည်။
သူ့ဖခင်ဖြစ်သူ ဂိုဏ်းချုပ်ကြီးမှာ ကျန်းမာရေး ချို့တဲ့လွန်းသဖြင့် သားဖြစ်သူ နင်းဖုန်းကျိ တစ်ယောက်တည်းကိုသာ မွေးဖွားနိုင်ခဲ့ပြီး ကွယ်လွန်ရန် နှစ်အနည်းငယ်သာ လိုတော့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် နင်းဖုန်းကျိက အလွန် ထူးချွန်ပြီး ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူ ဖြစ်သည်။
ယခုအချိန်တွင် နင်းဖုန်းကျိက ဖူယဲ့ထက် သုံးနှစ်မျှသာ အသက်ကြီးသေးသော်လည်း အဆင့်မြင့် ဝိညာဉ်ဘုရင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ရတနာခုနှစ်ပါးမျှော်စင် ဂိုဏ်းသားများ ဝိညာဉ်ဒိုလော့ အဆင့်သို့ မရောက်နိုင်ဟူသော မွေးရာပါ ကန့်သတ်ချက်သာ မရှိလျှင် နင်းဖုန်းကျိသည် ယခုခေတ်ကာလ၏ အတောက်ပဆုံး ပါရမီရှင် ဖြစ်လာလိမ့်မည်ဟု ဖူယဲ့ ခံစားမိသည်။
"မင်္ဂလာပါ... ကျွန်တော့်နာမည်က ဖူယဲ့ပါ ကျူရှန့်ဂေရဲ့ ပိုင်ရှင်ပါပဲ"
ဖူယဲ့က နင်းဖုန်းကျိ၏ ပါရမီကို အလွန် အမွမ်းတင်ခဲ့သော်လည်း သူ၏ စရိုက်နှင့် ပတ်သက်၍မူ မည်သည့် မှတ်ချက်မှ မပေးခဲ့ချေ။
စီးပွားရေး နည်းဗျူဟာသမား တိုင်းက လှည့်ပတ် ကောက်ကျစ်တတ်ကြသည် မဟုတ်ပါလား။ သို့သော် ဖူယဲ့က သာမန် စားသောက်ဆိုင်လေး တစ်ဆိုင်ကိုသာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ငွေရှာသည့် ကိစ္စတွင် ထိုမြေခွေးအိုကြီး နင်းဖုန်းကျိနှင့် လမ်းကြောင်း မဆုံနိုင်ချေ။
နင်းဖုန်းကျိနှင့် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ပြီးနောက် ဖူယဲ့က ချန်ရှင်းဘက်သို့ အကြည့်လွှဲလိုက်သည်။
"အစ်ကို ချန်ရှင်း... ကျွန်တော်တို့ အရောင်းအဝယ်တစ်ခု လုပ်ကြမလား"
သူသည် ရတနာခုနှစ်ပါးမျှော်စင် ဂိုဏ်း၏ အနာဂတ် ထောက်တိုင်ကြီးကို ကြိုတင်၍ အပိုင်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဖူယဲ့အနေဖြင့် သူ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးမည် မဟုတ်ချေ။
"သခင်ကြီး... ပွင့်ပွင့်လင်းလင်း မိန့်ကြားနိုင်ပါတယ်"
"အစ်ကို ကျွန်တော်ကို သခင်ကြီးလို့ ထပ်ခေါ်ရင်တော့ အရိုက်ခံရမယ်လို့ မပြောနဲ့တော့။ နာမည်ကို သေသေချာချာ ပြန်ခေါ်စမ်း"
"အဟမ်း... အစ်ကို ဖူယဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်"
"ဒီလိုဆိုရင် အစောကြီးကတည်းက ပြီးနေတာပေါ့။ ငါက ဒီလောက် ငယ်ငယ်လေးကို ဘာလို့ သခင်ကြီးလို့ ခေါ်နေတာလဲ"
ဖူယဲ့သည် ချန်ရှင်း၏ အခေါ်အဝေါ် ပြဿနာကို အဆင်ပြေပြေ ရှင်းလင်းလိုက်နိုင်သည်။
"ငါ မင်းအတွက် အကောင်းဆုံး ကိုးခုမြောက် ဝိညာဉ်ကွင်းကို ရှာပေးမယ် ဒါပေမဲ့ မင်းကတော့ နောက်ထပ် နှစ်ငါးဆယ်လုံးလုံး ငါ့ဆိုင်ကို ကူညီစောင့်ရှောက်ပေးရမယ်... ဘယ်လိုလဲ"
နောက်ထပ် နှစ်ငါးဆယ် ဆိုင်စောင့်ပေးရုံဖြင့် အသင့်တော်ဆုံး ကိုးခုမြောက် ဝိညာဉ်ကွင်းကို ရှာဖွေပေးမည်တဲ့လား။
အကယ်၍ ဤစကားကို အခြားလူတစ်ယောက်က ပြောလာလျှင် သူ မယုံကြည်ဘဲ နေလိမ့်မည် ဖြစ်သော်လည်း ဖူယဲ့၏ နှုတ်မှ ထွက်လာခြင်း ဖြစ်သဖြင့် သူ ယုံကြည်သည်ဟု ဆိုလိုက်သည်။
ဘေးတွင် ထိုင်နေသော နင်းဖုန်းကျိလည်း စိတ်ဝင်စားသွားခဲ့သည်။ ဘွဲ့ခံဒိုလော့ တစ်ယောက်အတွက် အသင့်တော်ဆုံး ကိုးခုမြောက် ဝိညာဉ်ကွင်းကို ရှာဖွေပေးရန် ဆိုသည်မှာ အလွန် ခက်ခဲလှသော ကိစ္စဖြစ်သော်လည်း တစ်ဖက်လူက သာမန်ကာလျှံကာ ပြောဆိုနိုင်နေသည်။
ဤနေရာသို့ မလာရောက်မီ သူသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြောက်ဘက် အနောက်ပိုင်း ဒေသရှိ တောင်တန်းတစ်ခုတွင် သက်တမ်း ကိုးသောင်းနှစ်ရှိသော မြေကမ္ဘာမိစ္ဆာနဂါး ရှိကြောင်း သိထားခဲ့သည်။ ဒါက ချန်ရှင်းကို ဂိုဏ်းထဲ ဆွဲသွင်းရန် သူ ပြင်ဆင်ထားသည့် အကွက်တစ်ခု ဖြစ်သည်။
"ကိုးခုမြောက် ဝိညာဉ်ကွင်း မလိုပါဘူး... အစ်ကို ဖူယဲ့ နှုတ်က ထွက်လိုက်ရုံနဲ့တင် ကျွန်တော် ချန်ရှင်းက ဒီနေရာကို သဘာဝကျကျ ကာကွယ်ပေးသွားမှာပါ"
အင်း... တော်တော် လည်တာပဲ အရိုက်ခံရမည့် ဘေးမှ သီသီလေး လွတ်သွားခဲ့သည်။
"လုပ်မနေပါနဲ့... မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် တောအုပ်ထဲမှာ ဖြစ်ဖြစ် သမုဒ္ဒရာထဲမှာ ဖြစ်ဖြစ် အသင့်တော်ဆုံး ဝိညာဉ်ကွင်းကို ရှာဖို့ ခက်လိမ့်မယ်"
"မင်းက တိုက်ခိုက်ရေး စွမ်းအား မြင့်မားပြီး သက်တမ်းရင့်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို ရှာပြီး စုပ်ယူဖို့ တွေးနေတာ ဖြစ်နိုင်တယ် ဒါပေမဲ့ အဲဒီလို မျက်ကန်းစုပ်ယူတာက မင်းရဲ့ ပါရမီကို ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ"
ဓားဒိုလော့နှင့် ပတ်သက်၍ သူ၏ ဇာတ်သိမ်းက အမှန်တကယ် နှမြောစရာ ကောင်းသည်ဟု ဖူယဲ့ ခံစားရသည်။ ပထမမျိုးဆက် စူပါဒိုလော့ကြီးသည် စစ်ပွဲအောင်နိုင်ခါနီး အကြိုနေ့တွင် သေဆုံးသွားခဲ့ရသည်။
"ဒါပေမဲ့ ဝိညာဉ်ဆရာတွေက ဒီလိုပဲ ဝိညာဉ်ကွင်းတွေကို စုပ်ယူကြတာလေ။ မိမိနဲ့ တကယ် ကိုက်ညီမယ့် ဝိညာဉ်ကွင်းကို ရှာဖို့က မလွယ်ကူလှဘူး သက်တမ်းရင့်တဲ့ ကိုးခုမြောက် ဝိညာဉ်ကွင်း ဆိုရင် ပိုတောင် ဆိုးသေးတယ်"
နင်းဖုန်းကျိတစ်ယောက် နောက်ဆုံးတွင် ငြိမ်မနေနိုင်တော့ချေ။ ဘာပဲဖြစ်ဖြစ် ဖူယဲ့က ဓားဒိုလော့ကို ပြီးပြည့်စုံသော ကိုးခုမြောက် ဝိညာဉ်ကွင်း ရရှိအောင် ကူညီပေးနိုင်သည်ဟု ဆိုခြင်းကြောင့် တစ်ဖက်လူ၏ စွမ်းအားက ဓားဒိုလော့ထက်ပင် ပိုမို ကြီးမားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ပြင် ဓားဒိုလော့က ယခင်က ဖူယဲ့ကို "သခင်ကြီး" ဟု ခေါ်ဆိုခဲ့ခြင်းကြောင့် သူ၏ စွမ်းအားက ဘွဲ့ခံဒိုလော့ အဆင့်မှာ ရှိနေရမည် ဖြစ်သည်။
သို့သော် တစ်ဖက်လူက သူက အသက် တဆယ့်ရှစ်နှစ်ပဲ ရှိသေးသည်ဟု ပြောခဲ့သည်။ ဤလောကတွင် အသက် တဆယ့်ရှစ်နှစ်အရွယ် ဘွဲ့ခံဒိုလော့ အမှန်တကယ် တည်ရှိနေပါသလား။
ဖူယဲ့က အများကြီး မပြောတော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့မှာ နတ်ဘုရားပေး ဝိညာဉ်ကွင်းတွေ အများကြီး ရှိနေတာကြောင့် တစ်ကွင်း နှစ်ကွင်း ထုတ်ပေးလိုက်ရုံဖြင့် ဘာမှ မဖြစ်ချေ။ အနည်းဆုံးတော့ သူ့ဆိုင်ကို စောင့်ရှောက်ပေးမည့်လူတစ်ယောက် ရရှိသွားမည် ဖြစ်ရာ အမြတ်ထွက်သည် မဟုတ်ပါလား။
သူ့မှာ အကန့်အသတ်ဒိုလော့ အဆင့်ရှိ ရုပ်သေးရုပ် ရှိသော်လည်း ထိုအရာက အမိန့်ကိုသာ နာခံနိုင်ပြီး စကားတစ်ခွန်းပင် မပြောနိုင်ချေ။ တိုက်ခိုက်ရေးအတွက် အဆင်ပြေသော်လည်း ဆိုင်စောင့်ရန်အတွက်မူ အလွန် တောင့်တောင့်ခဲခဲ ဖြစ်လွန်းလှသည်။
ဖူယဲ့က နင်းဖုန်းကျိကို တစ်ချက် ကြည့်ပြီး ပြုံးလိုက်သည်။
"မင်းတို့ အိမ်က အရိုးစုအိုကြီးကိုလည်း ထွက်လာပြီး တစ်ခုခု စားဖို့ ခေါ်လိုက်ပါဦး။ ပုန်းအောင်းနေခိုင်းရတာ မပင်ပန်းဘူးလား"
ဖူယဲ့၏ စကားကို ကြားလိုက်ရတဲ့ အခါမှာတော့ နင်းဖုန်းကျိ၏ မျက်လုံးသူငယ်အိမ်များ ချက်ချင်း ကျုံ့သွားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဖူယဲ့က လက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး မီးခိုးရောင်နှင့် အမည်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို ဆွဲထုတ်လိုက်တော့သည်။
ထိုသူသည် ဖူယဲ့၏ လုပ်ရပ်ကြောင့် အလွန် ထိတ်လန့်သွားခဲ့ကြောင်း သိသာလှသည်။
"ရှောင်လီ... အပေါ်မှာ သီးသန့်ခန်း အားသေးလား။ အခု လူနည်းနည်း များနေလို့"
ဖူယဲ့၏ စကားကို ကြားတော့ ရှောင်လီက သူတို့ကို တတိယထပ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒုတိယထပ်က သီးသန့်ခန်းတွေမှာ လူတွေ ရှိနေတာကြောင့် တတိယထပ်က အခန်းလွတ်ဆီသို့ ခေါ်သွားခြင်း ဖြစ်သည်။
ဖူယဲ့ တတိယထပ်သို့ တက်လာစဉ် ဆိုင်ဝန်ထမ်း ဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲထိုးအဖြစ် အလုပ်စတင်နေပြီဖြစ်သော လျူအာလုံကို မြင်လိုက်ရသည်။
ဖူယဲ့ကို မြင်လိုက်ရတဲ့ အခါမှာတော့ သူမ၏ မျက်လုံးတွေက အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ ဖူယဲ့နှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။
"ပြန်ဆုံကြပြန်ပြီပေါ့... ကလေးမလေး"
ဖူယဲ့က ခပ်ဖွဖွ ပြုံးလိုက်သည်။ လျူအာလုံက သူ့ဆိုင်မှာ တကယ် အလုပ်လာလျှောက်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။
သို့သော် လျူအာလုံ စကားမပြောနိုင်မီမှာတင် ဖူယဲ့၊ နင်းဖုန်းကျိနှင့် ချန်ရှင်းတို့က သီးသန့်ခန်းထဲသို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။
ကုရုံက နေရာမှာ ဝင်ထိုင်လိုက်ပြီး နင်းဖုန်းကျိ၏ မျက်နှာကတော့ အနည်းငယ် သဘာမကျမှုဖြစ်နေကာ အစောပိုင်းက တည်ငြိမ်မှုနှင့် ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
ချန်ရှင်းက ကုရုံကို မြင်လိုက်ရတဲ့ အခါမှာ ပထမဆုံး အံ့အားသင့်သွားပြီးနောက် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက ကုရုံကို သိကျွမ်းထားသည် မဟုတ်ပါလား။
ကုရုံကတော့ ကုလားထိုင်ပေါ်မှာ ပျော့ခွေထိုင်နေပြီး တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။ နဂါးနတ်ဘုရား သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ဖူယဲ့တွင် နဂါးအမျိုးအစား ဝိညာဉ်များကို လုံးဝ ဖိနှိပ်ထားနိုင်သော စွမ်းအား ရှိသည်။
"အစ်ကို ဖူယဲ့... ချန်ရှင်းကို ကိုးခုမြောက် ဝိညာဉ်ကွင်း ရရှိအောင် ကူညီပေးနိုင်မယ့် ဝိညာဉ်သားရဲက ဘယ်လိုမျိုးလဲဆိုတာ သိပါရစေဦးမလား"
နင်းဖုန်းကျိက နောက်ဆုံးတွင် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်နိုင်သည်။ အဆင့် ၈၉ ဝိညာဉ်ဒိုလော့ ဖြစ်တဲ့ ကုရုံပင်လျှင် ဖူယဲ့၏ လက်ထဲမှာ အလွယ်တကူ အနိုင်ယူခံလိုက်ရတာကြောင့် စိုးရိမ်ပူပန်နေလည်း အလကားပဲ ဖြစ်သည်။ တစ်ဖက်လူကို တိုက်ရိုက် မေးမြန်းလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
နင်းဖုန်းကျိ၏ စကားကို ကြားတော့ ဖူယဲ့က သူ၏ ရွှေရောင်မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။
"ကျွန်တော့်အတွက်တော့ ဝိညာဉ်သားရဲတွေကို လိုက်လံ အမဲလိုက်နေဖို့ မလိုပါဘူး။ ဒီလောကမှာ ဝိညာဉ်ကွင်း ရရှိနိုင်မယ့် နည်းလမ်း နှစ်မျိုး ရှိပြီး ဝိညာဉ်သားရဲကို အမဲလိုက်တာက ၎င်းတို့ထဲက တစ်ခုပဲ ဖြစ်တယ်"
နတ်ဘုရား ရာထူးအဆင့်အတန်းနှင့် ထိတွေ့မှုမရှိဖူးသော လူများသည် နတ်ဘုရားပေး ဝိညာဉ်ကွင်းအကြောင်းကို တစ်ခါမှ ကြားဖူးလိမ့်မည် မဟုတ်ကြောင်း ဖူယဲ့ သိထားသည်။
"ဟင်... ဝိညာဉ်ဆရာတွေရဲ့ ကျင့်ကြံခြင်းက ဝိညာဉ်သားရဲရဲ့ ဝိညာဉ်ကွင်းကို စုပ်ယူပြီး အဆင့်တက်ကာ ဝိညာဉ်စွမ်းရည်တွေ ရရှိကြတာ မဟုတ်ဘူးလား"
နင်းဖုန်းကျိလည်း ဇဝေဇဝါ ဖြစ်သွားရသည်။ ဘာပဲဖြစ်ဖြစ် သူက ဆယ်စုနှစ်တစ်ခုကျော်ကြာ စာအုပ်အမြောက်အမြားကို ဖတ်ရှုခဲ့သော်လည်း ဝိညာဉ်ကွင်း ရရှိနိုင်မည့် အခြားနည်းလမ်းကို တစ်ခါမှ မကြားဖူးခဲ့ချေ။
ယခုအခါ ဖူယဲ့က နင်းဖုန်းကျိကို စတင် ရှင်းပြလိုက်သည်။
"နတ်ဘုရားပေး ဝိညာဉ်ကွင်း ဆိုတဲ့ အရာတစ်ခု ရှိတယ်။ နတ်ဘုရားတွေရဲ့ အမွေအနှစ်နဲ့ ထိတွေ့ခွင့်ရတဲ့ လူတွေသာ အဲ့ဒိအရာကို ထိတွေ့ခွင့် ရရှိတာ ဖြစ်တယ်။ ယေဘုယျအားဖြင့် ပြောရရင် ဒီလို ဝိညာဉ်ကွင်းမျိုးက လူသားတွေအတွက် အသင့်တော်ဆုံးပဲ"
"၎င်းက ဝိညာဉ်ဆရာ လက်ရှိ ချို့တဲ့နေတဲ့ အစိတ်အပိုင်းတွေအပေါ် မူတည်ပြီး ဝိညာဉ်စွမ်းရည်ကို ပုံဖော်ပေးမှာ ဖြစ်သလို လူသားခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် အကန့်အသတ်အပေါ် မူတည်ပြီးတော့လည်း သက်ဆိုင်ရာ ဝိညာဉ်ကွင်းရဲ့ သက်တမ်းကို ဖွဲ့စည်းပေးသွားမှာ ဖြစ်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု သာလွန်နေသရွေ့ သက်တမ်း နှစ်တစ်သိန်းရှိတဲ့ ဝိညာဉ်ကွင်းအထိ မြှင့်တင်ဖို့က မဖြစ်နိုင်တဲ့ အရာမဟုတ်ဘူး"