အခန်း ၂၂ တက်ကြွလှုပ်ရှားတတ်သော မိန်းကလေး
ကောင်းကင် အင်ပါယာ၏ အပြင်ဘက် မြို့တော်တွင် မီးတောက်ကဲ့သို့ အနီရဲသော ဆံပင်များ ရှိသည့် လှပသော မိန်းကလေးတစ်ယောက်က အပြေးအလွှား သွားနေစဉ် လမ်းထောင့်တစ်ခု အရောက်၌ လူတစ်ယောက် ချက်ချင်း ထွက်လာတာကြောင့် သူမက ကြိုတင်သတိမထားမိဘဲ ဝင်တိုက်မိသွားခဲ့သည်။
"အား..."
တိုက်မိပြီးနောက် ထိုလူက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသော်လည်း အနီရဲသော ဆံပင်နှင့် မိန်းကလေးငယ်ကတော့ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။
"မိန်းကလေးငယ်... ဖြည်းဖြည်း လျှောက်ပါ"
ထိုလူက လှည့်လာပြီးနောက် သူ၏ နွေးထွေးဖြူစင်သော လက်ကို မိန်းကလေးဆီသို့ ကမ်းပေးလိုက်သည်။
မှန်ပေသည် ဤသူက ဖူယဲ့ပင် ဖြစ်သည်။ လက်ရှိအချိန်၌ လျူအာလုံသည် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသာ ရှိသေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သို့သော်လည်း ဒါက မူလဇာတ်ကွက်ထဲက ယွီရှောင်ကန်း တကယ်ကို ကစားတတ်ကြောင်း သက်သေပြနေသည်။
ဝိညာဉ်အကြောင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး မိမိကိုယ်ကိုယ် မဟာဆရာဟု ခေါ်ဆိုခဲ့သော်လည်း သူ၏ ဝမ်းကွဲညီမကိုပင် မမှတ်မိခဲ့ဘဲ နောက်ဆုံးတွင် သူ၏ ဝမ်းကွဲညီမနှင့်အတူ ပေါင်းဖက်သွားခဲ့သည့် ပြဇာတ်ဆန်ဆန် အချစ်ဇာတ်လမ်းကို ဖန်တီးခဲ့သည်။
ဖူယဲ့ကတော့ ၎င်း၏ နည်းလမ်းက တကယ်ကို အထင်ကြီးစရာ ကောင်းလှကြောင်း မှတ်ချက်ပြုလိုက်သည်။
သို့သော်လည်း ဒါက အလွယ်တကူ လိုက်တုလို့ရတဲ့ အရာတော့ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူက မိဘမဲ့တစ်ယောက် ဖြစ်ပြီး သူ၏ မိဘများနှင့် ဆွေမျိုးများ အားလုံးက သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
"အား... ငါ့ခေါင်းလေး"
မိန်းကလေးက သူမ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး မော့ကြည့်လိုက်တဲ့ အခါမှာတော့ ဖူယဲ့၏ ခန့်ညားလှသော မျက်နှာကို မြင်လိုက်ရသည်။
"တကယ် ကြည့်ကောင်းတာပဲ" သူမက ၎င်းကို စိတ်ထဲရှိသည့်အတိုင်း အလိုအလျောက် ရေရွတ်လိုက်မိသည်။
ဘယ်မိန်းကလေးကမှ အချစ်ကို မက်မောခြင်း မရှိဘဲ နေပါ့မလဲ။ ငယ်စဉ်ကတည်းက စိတ်ဆတ်ပြီး ခေါင်းမာတတ်တဲ့ လျူအာလုံပင်လျှင် ကင်းလွတ်ခွင့် မရှိချေ။
တစ်ဖက်လူက လက်ကမ်းပေးလာတာကို မြင်တော့ သူမကလည်း ငေးမောလျက်နှင့်ပင် သူမ၏ ဖြူစင်နုနယ်သော လက်ကလေးကို ကမ်းပေးလိုက်သည်။
"ရှပ်..."
ဖူယဲ့က သူမကို မြေပြင်ပေါ်ကနေ အလွယ်တကူ ဆွဲထူပေးလိုက်သည်။
"မိန်းကလေးငယ်... လမ်းလျှောက်ရင် ဖြည်းဖြည်းလျှောက်။ မြင်းလှည်းတွေ ဘာတွေ ရုတ်တရက် ထွက်လာရင် ဒုက္ခရောက်ကုန်မယ်"
အသက် ၁၅ နှစ်အရွယ် လျူအာလုံက အရပ် ၁ ဒသမ ၆ မီတာသာ ရှိပြီး ၁ ဒသမ ၈၅ မီတာ အရပ်ရှိတဲ့ ဖူယဲ့က သူမကို ငုံ့ကြည့်နေသည်။
တစ်ဖက်လူ၏ ခေါင်းကို အသာအယာ ပုတ်ပေးပြီးနောက် သူ ထွက်ခွာရန် ပြင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ခြင်းသာ ဖြစ်ပြီး တစ်ဖက်လူ၏ နာမည်ကို တိုက်ရိုက် မေးမြန်းရန် မသင့်တော်ပေ။
"ငါ့ကို မိန်းကလေးငယ်လို့ မခေါ်နဲ့။ ငါ့နာမည်က လျူအာလုံ... ဒီနှစ်မှာ အသက် တစ်ဆယ့်ငါးနှစ် ရှိပြီ။ ငါက လူကြီးဖြစ်နေပြီ"
နောက်ကနေ ထွက်ပေါ်လာတဲ့ လျူအာလုံ၏ အသံကို ကြားသော်လည်း ဖူယဲ့က လှည့်မကြည့်ဘဲ လမ်းလျှောက်ရင်းနှင့်သာ လှမ်းပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်... ကလေးမလေး"
လက်ကို တစ်ချက် ဝေ့ယမ်းပြပြီးနောက် ဖူယဲ့က လျူအာလုံ၏ အမြင်အာရုံထဲကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"တောက်... ဒီလူကတော့"
ဖူယဲ့၏ သဘောထားကို မြင်ပြီးနောက် လျူအာလုံ စိတ်တိုသွားရသည်။
သို့သော်လည်း အင်ပါယာ မြို့တော်အနီးက ကျူရှန့်ဂေမှာ မကြာသေးမီက အလုပ်သမား ခေါ်ယူနေတာကို သူမ ကြားသိခဲ့ရပြီး ထိုနေရာမှာ အလုပ်လုပ်ရင် ပိုက်ဆံအများကြီး ရနိုင်တယ်လို့ လူတွေက ပြောကြသည်။ သူမ သွားရောက် စမ်းသပ်ကြည့်ပြီး အလုပ်ရရင် ကောင်းမှာပဲလို့ တွေးလိုက်မိသည်။
ဒီလိုတွေးပြီးနောက် သူမကို ကလေးတစ်ယောက်လို ဆက်ဆံသွားတဲ့ လူအကြောင်းကို ဆက်မတွေးတော့ပေ။
ဖူယဲ့က လျူအာလုံ သွားမည့်နေရာကို အာရုံခံမိပြီး အနည်းငယ် အံ့အားသင့်သွားရသည်။
သူသိထားတဲ့ အချက်အလက်တွေအရ လျူအာလုံသည် လက်ရှိတွင် ကောင်းကင် အင်ပါယာ၏ မြို့တော်ပြင်ပ နယ်စပ်ဒေသမှာ နေထိုင်နေခြင်း ဖြစ်သော်လည်း ယခုတော့ သူမက မြို့တွင်းပိုင်းဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက ဘာမှလုပ်စရာမရှိဘဲ အားနေတာ ဖြစ်ပြီး အာယင်ကလည်း ကြယ်တာရာ တောအုပ်ကြီးဆီမှာ ရှိနေကာ ယွဲ့ဟွာကလည်း လမင်းမျှော်စင်မှာ သင်ကြားပြသပေးနေဆဲ ဖြစ်တာကြောင့် သူက လေလွင့်နေသူတစ်ဦး ဖြစ်နေသည်။
ဖူယဲ့က လမ်းကြောင်းပြောင်းပြီး လျူအာလုံ၏ အနောက်ကနေ ဖြည်းညှင်းစွာ လိုက်ပါလာခဲ့သည်။
သို့သော် လမ်းလျှောက်ရင်းနှင့် သူ၏ အနာဂတ် အစီအစဉ်များနှင့် အချိန်ခရီးသွားကတ်ကို အသုံးပြုပြီး ရောက်ရှိလာခဲ့တဲ့ အချိန်ကာလအကြောင်းကို စဉ်းစားနေမိသည်။
နောက်ထပ် ကိုးနှစ်အကြာမှာ ထန်ဟောက်နှင့် ချန်ရွှန်းကျီတို့ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရမှာကို သူ သိထားတာကြောင့် သွားရောက် ကိုင်တွယ်ရန် လိုအပ်သည်။ ဘာပဲဖြစ်ဖြစ် ကံကြမ္မာရဲ့ သားတော် မွေးဖွားလာခြင်းက အလွန် အရေးကြီးလှသည် မဟုတ်ပါလား။
ထန်ဟောက်က ကလေးမယူချင်ဘဲ တံတိုင်းပေါ်မှာပဲ ပက်ဖျန်းပစ်လိုက်ရင် ရယ်စရာ ဖြစ်သွားလိမ့်မည်။
နောက်ပိုင်းတွင် ဇာတ်ကွက်ထဲသို့ သူ ပါဝင်ပတ်သက်ရမည့် အချိန်ဇယား ရောက်ရှိလာလိမ့်မည် ဖြစ်ရာ သူ ပါဝင်ပတ်သက်ရန် အကောင်းဆုံးအချိန်နှင့် အကောင်းဆုံးနေရာကို သေချာ ရှာဖွေရမည် ဖြစ်သည်။
ဒီလိုတွေးပြီး ဖူယဲ့က လျူအာလုံ၏ အနောက်ကနေ လိုက်လာခဲ့သည်။
မြို့တွင်းပိုင်း ဧရိယာ ကျူရှန့်ဂေ။
လျူအာလုံ ကျူရှန့်ဂေထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဆိုင်ဝန်ထမ်းတွေက သူမကို ရိုသေကိုင်းညွတ်စွာ နှုတ်ဆက်ကြပြီး သူတို့၏ သဘောထားက အလွန် ယဉ်ကျေးပျူငှာလှသည်။
"မင်္ဂလာပါ ညီမလေး... ဒီမှာ တစ်ယောက်တည်း စားမလို့လား"
ဝန်ထမ်း၏ စကားကို ကြားတော့ လျူအာလုံက ခေါင်းခါပြလိုက်သည်။
"အစ်မ... ဒီမှာ အလုပ်သမား ခေါ်နေတုန်းပဲလားဟင်။ ကျွန်မ အလုပ်လာလျှောက်ချင်လို့ပါ"
လျူအာလုံက သူမ၏ တောက်ပတဲ့ မျက်လုံးဝိုင်းကြီးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း တံခါးဝမှာ ဧည့်ခံနေတဲ့ ဝန်ထမ်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
"ညီမလေး... ဒီဘက်ကို လိုက်ခဲ့ပါ"
ဧည့်ခံဝန်ထမ်းက လျူအာလုံကို ကျူရှန့်ဂေထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အမှန်တရားအတိုင်း ပြောရလျှင် ဝန်ထမ်းက သူမကို ငြင်းပယ်ရန် ရည်ရွယ်ထားသော်လည်း ဖူယဲ့၏ စိတ်ချင်းဆက်သွယ်မှု အသံကို ကြားလိုက်ရခြင်း ဖြစ်သည်။
"ရပါတယ်... ဒီမိန်းကလေးငယ်ကို ဝင်ပြီး စမ်းသပ်ခွင့် ပေးလိုက်ပါ"
ကျူရှန့်ဂေ၏ လစာက အလွန် မြင့်မားလှသည်။ ဘာပဲဖြစ်ဖြစ် ဤနေရာက အင်ပါယာ မြို့တော်အနီးမှာ ရှိပြီး လူစီးဆင်းမှုက အလွန် များပြားလှသည်။
ကျူရှန့်ဂေကို သာမန်လူတွေက အဆင့်မြင့်နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး အထက်တန်းလွှာတွေအတွက်တော့ စားသောက်ရာနေရာတစ်ခု ဖြစ်ကာ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ဧည့်ခံကျွေးမွေးဖို့အတွက် အလွန် သင့်တော်သော နေရာတစ်ခု ဖြစ်သည်။
သာမန်လူတွေအတွက်တော့ ဤနေရာမှာ စားသောက်ခြင်းက ပုံမှန်ထက် နှစ်ဆ သုံးဆခန့် ပိုမို ကုန်ကျမည် ဖြစ်သော်လည်း အစားအစာ ပါဝင်ပစ္စည်းတွေက အဆင့်မြင့်ပြီး ပတ်ဝန်းကျင်ကလည်း ကောင်းမွန်ကာ အရသာကလည်း တကယ်ကို ကောင်းမွန်လှသည်။
သာမန်လူတွေအတွက် ပိတ်ရက်တွေမှာ သူငယ်ချင်းတွေကို ဧည့်ခံကျွေးမွေးဖို့ အလွန် ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်သည်။
"သခင်ကြီး..."
ဖူယဲ့ တံခါးဝကနေ ဝင်လာတာကို မြင်တော့ အခြားတစ်ဖက်မှာ ရှိနေတဲ့ ဝန်ထမ်းက အပြေးအလွှား လာရောက် အလေးပြုသည်။
"ရတယ်... မင်းတို့ အလုပ် မင်းတို့လုပ်ကြပါ ငါ့ကို ဂရုစိုက်မနေနဲ့"
ပြောပြီးနောက် ဖူယဲ့က အတွင်းဘက်သို့ တန်းတန်းမတ်မတ် လျှောက်ဝင်လာခဲ့ရာ ဝင်လာသည်နှင့် ချက်ချင်းပင် မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို မြင်လိုက်ရသည်။
"ဒီမှာ မင်း စားနေတာကို မတွေ့ရတာ ခြောက်လကျော်ပြီပဲ။ နေကောင်းလား"
ဖူယဲ့၏ အသံကို ကြားလိုက်ရတဲ့ အခါမှာတော့ ထိုသူက သူ့ရှေ့မှာ ထိုင်နေတဲ့ လူငယ်ကို စကားပြောနေရာမှ ချက်ချင်း ရပ်တန့်လိုက်ပြီး ဖူယဲ့ဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်သည်။
"သခင်ကြီး ဖူယဲ့..."
ဟင်... ဒါက ဘာဖြစ်တာလဲ။ သခင်ကြီး ဟုတ်လား။
"အစ်ကို ချန်ရှင်း... ဒါက ဘာသဘောလဲ။ ဘာလို့ ကျွန်တော့်ကို သခင်ကြီးလို့ ခေါ်နေရတာလဲ"
ဖူယဲ့က သူ၏ မျက်နှာချင်းဆိုင်မှာ တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး သူ၏ ဘေးနားမှာတော့ ထွားထွားကျိုင်းကျိုင်းနှင့် ခန့်ညားသော လူငယ်တစ်ယောက် ထိုင်နေသည်။
"သခင်ကြီးရဲ့ ကျေးဇူးကြောင့်မို့လို့ပါပဲ။ လွန်ခဲ့တဲ့ ခြောက်လက သစ္စာဉာဏ်အလင်း ရရှိခဲ့ပြီးနောက် ကျွန်တော့်ရဲ့ ရပ်တန့်နေတဲ့ ကျင့်ကြံခြင်းက နောက်ဆုံးမှာ လှုပ်ခတ်လာခဲ့ပြီး ဒီနေ့ပဲ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ သခင်ကြီးကို ကျေးဇူးတင်ဖို့ လာခဲ့တာပါ"
ဟင်... ချန်ရှင်းက ဘွဲ့ခံဒိုလော့ အဆင့်ကို ချိုးဖျက် ဝင်ရောက်သွားပြီလား။ ဒါက မူလဇာတ်ကွက်ထက် ငါးနှစ် ခြောက်နှစ်လောက် ပိုပြီး စောနေတာပဲ။
"ထိုင်ပါ အခု ကျွန်တော့်ရဲ့ ကျူရှန့်ဂေကို ရောက်နေပြီပဲ... ကောင်းကောင်း စားသောက်လိုက်ပါ။ ကျွန်တော်က ဒီနှစ်မှ အသက် တဆယ့်ရှစ်နှစ်ပဲ ရှိသေးတာကို 'သခင်ကြီး' လို့ ခေါ်နေရင် ကျွန်တော် အသက်ကြီးသွားသလို ခံစားရလို့ပါ"
ဖူယဲ့က ပြောရင်းနှင့် လက်ဟန်ပြကာ ရှောင်လီကျိကို လှမ်းခေါ်လိုက်သည်။
"သူဌေး... ရောက်လာပြီပဲ။ ဒီနေ့ ဘာသုံးဆောင်မလဲခင်ဗျာ။ မီးဖိုချောင်ကို ချက်ချင်း လုပ်ခိုင်းလိုက်ပါမယ်"
ရှောင်လီက ဖူယဲ့ကို မြင်လိုက်ရတဲ့ အခါမှာ သူ့ရဲ့ အရင်းအမြစ် အဖေထက်ပင် ပိုပြီး ရိုသေပျာယာခတ်နေတတ်သည်။ ဘာပဲဖြစ်ဖြစ် သူ ဤနေရာမှာ သုံးနှစ် လေးနှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် ဝိညာဉ်မဟာဆရာ အဆင့်သာ ရှိသေးတဲ့ သူ့ကို အိမ်ဝယ်နိုင်တဲ့အထိ ပိုက်ဆံ ရှာဖွေပေးနိုင်ခဲ့ရုံသာမက လှပတဲ့ ဇနီးတစ်ယောက်ကိုပါ ယူနိုင်စေခဲ့သည်။
သူက ဖူယဲ့အပေါ် အလွန် ရိုသေလေးစားမှု ရှိသည်။
"ဒီပါဝင်ပစ္စည်းတွေကို မီးဖိုချောင်ကို ပေးလိုက်ပြီး ချက်ခိုင်းလိုက်ပါ မြန်မြန်လုပ်ပေးဖို့ ပြောလိုက်ဦး"
လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး ဖူယဲ့က နှစ်ထောင်ချီ နဂါးအကြောနှင့် နှစ်ထောင်ချီ မြေဝံကြီး၏ လက်ဖဝါး အစရှိသည်တို့ကို ရှောင်လီကျိထံသို့ ကမ်းပေးလိုက်သည်။
"ဟုတ်ကဲ့ပါ... သူဌေး။ ခဏလောက် စောင့်ပေးပါခင်ဗျာ အစားအစာတွေ ချက်ချင်း ရောက်လာပါလိမ့်မယ်"
ရှောင်လီကျိ ထွက်သွားပြီးနောက် ဖူယဲ့က သူ၏ ဘေးနားမှာ ထိုင်နေတဲ့ ယဉ်ကျေးသိမ်မွေ့သော လူငယ်ကို လှည့်ကြည့်လိုက်သည်။
"ညီအစ်ကို... မင်းနာမည်က ဘယ်လိုခေါ်လဲ"