အခန်း ၁၈ ရှောင်ဝူရဲ့အမေ အာဝူ၊ အာယင်ရဲ့ ညီမလေးကောင်း
ဒီအချိန်ကျမှ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီး ဆိုတဲ့ ကံဆိုးမောင်နှံ နှစ်ကောင်လည်း အခမ်းအနားနဲ့ ပြန်ရောက်လာကြတော့သည်။
ရှောင်ဝူတစ်ယောက် ဖူယဲ့လိုမျိုး ကြောက်စရာကောင်းတဲ့ လူသားအစွမ်းထက်ရှင်ကြီးကို အိမ်အထိ ခေါ်လာလိမ့်မည်လို့ သူတို့ ညီအစ်ကိုနှစ်ကောင် တကယ်ကို မထင်မှတ်ထားခဲ့ကြပေ။
သူ့ကို အနီးအနားမှာပဲ လမ်းလျှောက်ပြလိုက်ရင် ရနေတာကို ဘာလို့ အိမ်ထဲအထိ အရောက်ခေါ်လာရတာလဲ။
"ရှောင်ဝူ... တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ"
အာဝူက သူမရဲ့ သမီးဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူစိမ်းတစ်ယောက်ကို ဒီလိုမျိုး အိမ်ထဲအထိ ဘယ်လိုလုပ် ခေါ်လာနိုင်ရတာလဲ။
"မေမေ... အဲဒါကလေ..."
(အစအဆုံးရှင်းပြလိုက်သည်)
ရှောင်ဝူနဲ့အတူ တာမင်၊ အာမင်တို့ရဲ့ ရှင်းပြချက်တွေကြောင့် အာဝူလည်း ကိစ္စအဝဝကို သေသေချာချာ နားလည်သွားခဲ့သည်။ ဒီအချိန်မှာ သူမ တကယ်ကို သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်တော့ချေ။ သူတို့ကို အိမ်အထိ ခေါ်လာတာ... တစ်မိသားစုလုံး သူတစ်ပါးရဲ့ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုး ဖြစ်သွားမှာကို မကြောက်ကြဘူးလား။
"စိတ်မပူပါနဲ့... ငါက ကြယ်တာရာ တောအုပ်ကြီးရဲ့ အလယ်ဗဟို နယ်မြေက ဘယ်လိုပုံစံလဲဆိုတာ သိချင်လို့ လာကြည့်ရုံသက်သက်ပါ။ မင်းတို့ရဲ့ ဝိညာဉ်ကွင်းနဲ့ ဝိညာဉ်အရိုးတွေကိုတော့ ငါ လုံးဝ စိတ်မဝင်စားဘူး"
ဖူယဲ့က ရှောင်ဝူရဲ့ အမေ ဘာတွေးနေလဲဆိုတာကို သဘာဝကျကျ သိရှိနေသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက နှစ်တစ်သိန်း ဝိညာဉ်ကွင်းနဲ့ နှစ်တစ်သိန်း ဝိညာဉ်အရိုးကို မက်မောကြသော်လည်း ဖူယဲ့အတွက်တော့ ဒါတွေက ဘာမှ ဆွဲဆောင်မှုမရှိပေ။
သူက အခုအချိန်မှာ ဝိညာဉ်အရိုးတွေကို စုပ်ယူဖို့တောင် ပျင်းနေတာ ဖြစ်သည်။ မဟုတ်ရင် စနစ်ဆိုင်ထဲက နှစ်သန်းချီတန် နဂါးနတ်ဘုရား ဝတ်စုံတွေကို ဝယ်ယူပြီးသား ဖြစ်လိမ့်မည်။ သူက နတ်ဘုရားအဆင့် ဝိညာဉ်အရိုးနဲ့ ပေါင်းစပ်ပြီးသား မဟုတ်ပါလား။
သို့သော်လည်း အရှိန်အဝါ အနည်းငယ်တော့ ထုတ်ပြထားဖို့ လိုအပ်သည်။ မဟုတ်ရင် ဒီမျောက်နဲ့ မြွေလိမ်မြွေကောက်က သူ့ကို အထင်သေးနေလျှင် မကောင်းပေ။
ထိုသို့ တွေးလိုက်ပြီးနောက် သူက ခိုင်ခံ့တဲ့ အကာအကွယ်အတားအဆီးတစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်သည်။ ထို့နောက် လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေအောက်မှာပဲ သူ့ရဲ့ နဂါးနတ်ဘုရား ဝိညာဉ်နဲ့ ကိုးသိန်း ကိုးသောင်းစီရှိတဲ့ ဝိညာဉ်ကွင်း ကိုးကွင်းကို ထုတ်ဖော်ပြသလိုက်တော့သည်။
အတိုင်းအဆမဲ့ ဖိအားတွေကို ထုတ်ဖော်နေတဲ့ ခမ်းနားထည်ဝါလှတဲ့ ကိုးရောင်ခြယ် နဂါးကြီးက လူတစ်ယောက်နဲ့ သားရဲသုံးကောင်လုံးကို လွှမ်းမိုးသွားခဲ့သည်။ ကျောပြင်က ကိုးသိန်း ကိုးသောင်း သက်တမ်းရှိ ဝိညာဉ်ကွင်း ကိုးကွင်းက ထိုသားရဲတွေရဲ့ နှလုံးသားကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
အာဝူအပါအဝင် အခြားသော သားရဲသုံးကောင်လုံးက ဘယ်လိုမှ ခေါင်းမဖော်နိုင်လောက်အောင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။ ဒီကြောက်စရာကောင်းတဲ့ ဖိအားက တစ်စက္ကန့်လောက်သာ ကြာမြင့်ခဲ့သော်လည်း သူတို့ရဲ့ မျက်လုံးထဲမှာတော့ ရာစုနှစ်တစ်ခုစာလောက် ကြာမြင့်သွားသလို ခံစားလိုက်ရသည်။
သူ့ရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်ကွင်းတွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဖူယဲ့က မြေပြင်ပေါ်မှာ ပျော့ခွေပြီး မောဟိုက်နေတဲ့ အာဝူနဲ့ ထိတ်လန့်တုန်ရင်စွာဖြင့် ဝပ်စတွားနေကြဆဲဖြစ်တဲ့ သားရဲဘုရင် သုံးကောင်ကို ကြည့်လိုက်သည်။
ဟူး... ငါလည်း မတတ်နိုင်ဘူးလေ။ ငါက စိတ်နှလုံး နူးညံ့လွန်းတော့ မိန်းလှလှလေးတွေ နာကျင်ရတာကို ကြည့်မနေနိုင်ဘူး ဖြစ်နေရော့။
အာဝူရဲ့ မျက်လုံးတွေထဲမှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့သည်။ သူမတင်မကဘဲ ရှောင်ဝူနဲ့ မိစ္ဆာကျားနက်ကြီးတို့ပါ ခြေထောက်တွေ ပျော့ခွေပြီး မတ်တပ်ပင် မရပ်နိုင်ကြတော့ပေ။
ဒီအချိန်မှာ မိစ္ဆာကျားနက်ကြီးရဲ့ မျက်လုံးတွေထဲမှာတော့ အသက်ရှင်ခွင့်ရလို့ ကျေနပ်နှစ်သိမ့်မှုတွေနဲ့ စောစောစီးစီး အညံ့ခံလိုက်မိလို့ အလွန် ကံကောင်းသွားတယ်ဆိုတဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ်နေခဲ့သည်။
တော်သေးတာပေါ့... သူက သူ့ရှေ့က မိစ္ဆာကောင်ကြီးကို အသက်အသေ ကွင်းပြင်နဲ့ မလောင်းကြေးမထပ်ခဲ့လို့။ မဟုတ်ရင် သူ့ရဲ့ ခန္ဓာကိုယ်က ဒီလောက် ပြင်းထန်တဲ့ ဒဏ်ကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပေ။
ဖူယဲ့က အာဝူရဲ့ ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ အာဝူကတော့ တုန်ရင်နေတဲ့ လက်တွေဖြင့် အားယူကာ မနည်း ထိုင်နေရရှာသည်။
ဖူယဲ့ ချဉ်းကပ်လာတာကို မြင်တော့ သူမမျက်ဝန်းထဲက ကြောက်ရွံ့မှုတွေက ပိုမို ပြင်းထန်လာခဲ့သည်။
ကောင်းကင်နဂါးလိပ်ပြာမြွေကြီး၊ ထိုက်ထန် လူဝံကြီးနဲ့ ရှောင်ဝူတို့ သားရဲဘုရင် သုံးကောင်လုံးကလည်း ဖူယဲ့က သူတို့အမေကို တစ်ခုခု လုပ်လိုက်မှာကို အလွန် စိုးရိမ်ပူပန်ပြီး အထူး ထိတ်လန့်နေကြသည်။
"ရှဲ... ရှဲ..."
သို့သော်လည်း အမှန်တရားက အမြဲတမ်း မျှော်လင့်မထားတဲ့ အလှည့်အပြောင်း ဖြစ်သွားတတ်သည်။
ဖူယဲ့က လက်ကို ဆန့်ထုတ်လိုက်ပြီး အာဝူကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်တော့သည်။
"ငါ အစောကြီးကတည်းက ပြောပြီးသားပဲ။ ငါက လာလည်ရုံသက်သက်ပါလို့... မင်းတို့ရဲ့ ဝိညာဉ်ကွင်းတွေ၊ ဝိညာဉ်အရိုးတွေကို ငါ တကယ် မလိုအပ်ပါဘူး"
ပြီးနောက် သူက စိတ်ထဲကနေ ကျိတ်ပြီး ရေရွတ်လိုက်သည်။ 'ငါက မန်တယ်ရဲ့ ပျော်ရွှင်မှုကို ရိုးရိုးရှင်းရှင်းလေး ခံစားကြည့်ချင်ရုံပါပဲ'
မလှမ်းမကမ်းက သစ်သားအိမ်လေးကို ကြည့်ရင်း ဖူယဲ့က စကားဆိုလိုက်သည်။
"ဟိုက မင်းတို့ နေတဲ့နေရာ မဟုတ်လား"
ဒီအချိန်မှာ အာဝူတစ်ယောက် လုံးဝ ဆွံ့အသွားခဲ့ရသည်။ သူမက အရွယ်မရောက်သေးတဲ့ နှစ်တစ်သိန်း ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ပါလျက်နဲ့ တစ်ဖက်လူက သူမကို မသတ်ခဲ့ပေ။
"အင်း..."
သူမက အသက်ပြင်းပြင်းတောင် မရှူရဲရှာပေ။ သူ့ရှေ့က အစွမ်းထက်လှတဲ့ လူသားကြီးကို ဒေါသထွက်အောင် လုပ်မိရင် ရှောင်ဝူနဲ့ အခြားသူတွေပါ သူမနဲ့အတူ ဒီနေရာမှာတင် သေဆုံးသွားရမှာကို စိုးရိမ်နေမိသည်။
"မင်းရဲ့ အသွင်ပြောင်းထားတဲ့ ယုန်ပေါက်မလေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါလည်း လူသားအသွင် ပြောင်းထားတဲ့ ငွေပြာဧကရီလေး တစ်ယောက်ကို သိတယ်... မင်းတို့ အချင်းချင်း သိကြလား"
ဖူယဲ့ရဲ့ စကားကြောင့် အာဝူ လုံးဝ အံ့အားသင့်သွားခဲ့ရသည်။ ငွေပြာဧကရီက လူသားအသွင် ပြောင်းလိုက်ပြီ ဟုတ်လား။ အာယင်လည်း အသွင်ပြောင်းလိုက်ပြီပေါ့။ ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။
"လူသားပုံစံ ငွေပြာဧကရီလား... အာယင်ကို ပြောတာလား"
ရှောင်ဝူအမေရဲ့ စကားကို ကြားတော့ ဖူယဲ့က စိတ်ထဲကနေ တွေးလိုက်သည်။ 'သေချာတာပေါ့... ဒီနှစ်မိသားစုက အချင်းချင်း သိနေကြတာပဲ'
"ဟုတ်တယ်။ ငါ ဒဏ်ရာ ကုသနေတုန်း စင်ပြာတောအုပ်အနားမှာ သူမနဲ့ ဆုံခဲ့တာ။ ဒါပေမဲ့ သူမက မင်းနဲ့မတူဘူး... သူမက အရွယ်ရောက်တဲ့ အဆင့်ကို ရောက်နေပြီ"
ဖူယဲ့က သစ်သားအိမ်ဆီသို့ လျှောက်လှမ်းရင်း အေးအေးလူလူပင် ပြန်ပြောလိုက်သည်။ အလှည့်ကျသွားတာကတော့ အာဝူ ဖြစ်သည်။ အရွယ်ရောက်တဲ့ အဆင့် ဒါဆို အာယင်က သူမထက်တောင် စောပြီး အသွင်ပြောင်းသွားခဲ့တာပေါ့။
"ကျွီ..."
ဖူယဲ့က သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ အထဲမှာ ရိုးရှင်းတဲ့ သစ်သားပရိဘောဂအချို့နဲ့ သန့်ရှင်းသပ်ရပ်တဲ့ ခုတင်တစ်လုံးကို တွေ့လိုက်ရသည်။
အိမ်ရဲ့ ဘေးတစ်ဖက်မှာတော့ ရွှေရောင်ကောက်ရိုးပုံကြီးနဲ့ လုပ်ထားတဲ့ အသိုက်အအုံကြီးတစ်ခု ရှိနေပြီး အထဲမှာ ဆီးနှင်းလို ဖြူဖွေးတဲ့ အမွှေးနုလေးတွေ ကျန်ရှိနေဆဲ ဖြစ်သည်။ ကြည့်ရတာ ဒါက ရှောင်ဝူ ပုံမှန် အိပ်တဲ့နေရာ ဖြစ်ပုံရသည်။
ရိုးရှင်းလှသော်လည်း အလွန် သန့်ရှင်းသပ်ရပ်လှသည်။ အာဝူကို ခုတင်ပေါ်မှာ အသာအယာ ချထားပေးပြီးနောက် တစ်ဖက်လူက တစ်ခုခု ပြောချင်နေတာကို သတိပြုမိတာကြောင့် ဖူယဲ့က သစ်သားခုံတန်းလျားလေးတစ်ခုကို ယူကာ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။
"အာယင်က အခု ဘယ်မှာလဲ... သူမ နေကောင်းရဲ့လား"
ရှောင်ဝူရဲ့ အမေက အာယင်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အလွန် စိုးရိမ်ပူပန်နေကြောင်း သိသာလှသည်။
"ငါ ဒဏ်ရာ ပျောက်ကင်းလို့ ထွက်လာတဲ့အချိန်မှာ သူမက လူ့လောကကို လိုက်ကြည့်ချင်တယ်ဆိုလို့ အခု ငါ့ရဲ့ စားသောက်ဆိုင်မှာ နေနေတယ်။ သူမရဲ့ ဘေးကင်းလုံခြုံမှုအတွက်တော့ စိုးရိမ်စရာမလိုပါဘူး"
အာယင်က ညဉ့်နက်တဲ့အထိ ညည်းညူမြည်တမ်းရတာကို နှစ်သက်တာကလွဲရင် ကျန်တာ အားလုံး အဆင်ပြေပါသည်။
"ဒါဆိုလည်း ပြီးတာပါပဲ"
အာယင်တစ်ယောက် အရွယ်ရောက်တဲ့အဆင့်ကို ရောက်ရှိပြီး လူ့လောကထဲမှာ လှည့်လည်သွားလာနေတယ်ဆိုတာကို ကြားတော့ အာဝူလည်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။
သို့သော်လည်း ဒီနေရာမှာ ရှိနေဆဲဖြစ်တဲ့ သမီးဖြစ်သူကို တွေးမိပြီးနောက် အရွယ်ရောက်ပြီးရင် လူ့အဖွဲ့အစည်းထဲကို ဝင်ရောက်မယ့် စိတ်ကူးကို လက်လျှော့လိုက်တော့သည်။
"ဒါနဲ့... မင်းက တကယ်ပဲ ဘယ်သူလဲ။ ဘာလို့ မင်းမှာ နှစ်တစ်သိန်း ဝိညာဉ်ကွင်းတွေ ဒီလောက်အများကြီး ရှိနေရတာလဲ... ပြီးတော့ ဒီကို ဘာလာလုပ်တာလဲ"
သူမရှေ့က လူက အလွန် အန္တရာယ်များမှန်း သိသော်လည်း အာဝူအနေဖြင့် သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ သိထားဖို့ လိုအပ်သည်။
"မိန်းကလေး... သူတစ်ပါးရဲ့ နာမည်ကို မမေးခင် ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်ရတယ်လေ။ ဒါက ဧည့်သည်အပေါ် ထားရမယ့် အခြေခံအကျဆုံး လေးစားမှုပဲ"
ဖူယဲ့ကတော့ ဘာမှ စိုးရိမ်မနေပေ။ ဘာပဲဖြစ်ဖြစ် သူက အဆမတန် အစွမ်းထက်နေတာကြောင့် ဘာမှမပြောဘဲ အိမ်ထဲအထိ ဝင်လာတဲ့အတွက် တစ်ဖက်လူက သံသယဝင်ပြီး ထိတ်လန့်နေတာက သဘာဝကျပါသည်။
ဖူယဲ့ရဲ့ စကားကို ကြားတော့ လူသားတွေရဲ့ ယဉ်ကျေးမှုကို နားလည်တဲ့ အာဝူလည်း သူမ တကယ်ပဲ ရိုင်းပျမိသွားကြောင်း သတိပြုမိသွားသည်။
"ဟူး..."
အာဝူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဖြည်းညှင်းစွာ နှုတ်ဟလိုက်သည်။
"ငါ့နာမည်က အာဝူ... ကခြင်းခုန်ခြင်း အာဝူပါ။ မင်းပြောသလိုပဲ ငါက လူသားအသွင် ပြောင်းလဲထားတဲ့ နှစ်တစ်သိန်း သက်တမ်းရှိ နူးညံ့တဲ့အရိုး ယုန်သားရဲတစ်ကောင်ပါ"
ဟင်... အာဝူ... တကယ့်ကို ကွက်တိကျတဲ့ ဖော်ပြချက်ပဲ။
ရှောင်ဝူရဲ့ အမေက အခုအချိန်မှာ ကာတွန်းကားထဲက အရွယ်ရောက်လာတဲ့ ရှောင်ဝူရဲ့ ပုံစံနဲ့ တော်တော်လေး တူနေခဲ့သည်။
သေချာတာပေါ့... ကွဲပြားတာတွေတော့ ရှိသည်။ ဥပမာအားဖြင့် သူမရဲ့ ဆံပင်က အနက်စင်စစ် မဟုတ်ဘဲ အညိုနုရောင် ဖြစ်နေပြီး စရိုက်ကလည်း ပိုမို တည်ငြိမ်လှကာ မူရင်းဇာတ်လမ်းထဲက ရှောင်ဝူလိုမျိုး သွက်လက်လွန်းမနေပေ။
"ငါ့နာမည်က ဖူယဲ့... ဆရာသမား ဖူ၊ မီးပွား ယဲ့... အစွမ်းအစ အနည်းငယ်ရှိတဲ့ လူသား ဝိညာဉ်ဆရာတစ်ယောက်ပါ"
သို့သော်လည်း ဖူယဲ့ရဲ့ စကားကို ကြားပြီးနောက် အာဝူတစ်ယောက် လုံးဝ မယုံကြည်နိုင်ဘဲ ရှိနေခဲ့သည်။
'အစွမ်းအစ အနည်းငယ်' ဟုတ်လား။ ခုနတင်ပဲ ထိုကြောက်စရာကောင်းတဲ့ အရှိန်အဝါကို သူမ ခံစားခဲ့ရတာ ဖြစ်သည်။ တစ်ဖက်လူက ထုတ်လွှတ်လိုက်တဲ့ အရှိန်အဝါတစ်ခုတည်းနဲ့တင် နှစ်တစ်သိန်း ဝိညာဉ်သားရဲကြီး နှစ်ကောင်ဖြစ်တဲ့ တာမင်နဲ့ အာမင်တို့ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့တာ မဟုတ်ပါလား။
ဖူယဲ့က ခဏလောက် စဉ်းစားလိုက်ပြီး သူ့ရဲ့ မိတ်ဆက်မှုက သိပ်ပြီး မတိကျဘူးလို့ ခံစားရတာကြောင့် စာကြောင်းတစ်ကြောင်း ထပ်ဖြည့်လိုက်သည်။
"ငါ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်သားရဲရဲ့ သွေးမျိုးဆက် ရှိနေတော့... တစ်နည်းအားဖြင့် ငါ့ကို ကတ်စပ် (သွေးနှော) လို့ ပြောလို့ရတာပေါ့"