အခန်း ၁၇ သက်စောင့်အိုင်ထဲသို့ ပထမဆုံး ခြေလှမ်းလှမ်းခြင်း
"ဘုန်း"
"ဘုန်း"
"ဘုန်း"
မိစ္ဆာကျားနက်ကြီးက အသက်ရှင်ချင်ဇောဖြင့် သိက္ခာတရားတွေကို အသာဖယ်ထားပြီး မြေပြင်ပေါ်မှာ ဒူးထောက်ကာ ဖူယဲ့ကို အကြိမ်ကြိမ် ဦးခိုက်တောင်းပန်နေခဲ့သည်။
သူ့ရှေ့က လူသားပုံစံ သတ္တဝါကြီးက တကယ့်ကို ထူးဆန်းလွန်းလှရာ မိစ္ဆာကျားနက်ကြီးသည်လည်း အသက်အသေ ကွင်းပြင်ကို သုံးပြီး လောင်းကြေးမထပ်ရဲတော့ပေ။
"သေသေချာချာ စဉ်းစားပြီးပြီလား"
ဖူယဲ့က သူ့ရှေ့မှာ ဦးခိုက်ပြီး အမှားဝန်ခံနေတဲ့ ကျားနက်ကြီးကို ကြည့်ကာ နှုတ်ခမ်းဖျားမှာ နောက်ပြောင်ချင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"သခင်ကြီး... ကျွန်တော်မျိုးက မျက်စိမရှိလို့ သခင်ကြီးရဲ့ ကြီးမြတ်မှုကို မသိဘဲ စော်ကားမိပါတယ်။ နောင်ကျရင် ကျွန်တော်မျိုးက သခင်ကြီးရဲ့ အသက်သစ္စာအရှိဆုံး အစေခံ ဖြစ်ပါ့မယ်။ ခိုင်းစရာရှိတာ မှန်သမျှကိုသာ အမိန့်ပေးပါ"
ဟဲဟဲ...
ဖူယဲ့က ဒီကောင်ကြီး ဒီလောက်အထိ သစ္စာရှိလိမ့်မည်လို့ မယုံကြည်ပေ။ သို့သော် သူ့မှာ စနစ်ရှိနေတာကြောင့် အဆောင်တစ်ခု ကျွေးလိုက်ရုံဖြင့် ထိုသူက သူ့ရဲ့ အသက်သစ္စာအရှိဆုံး အစေခံ ဖြစ်လာမည် ဖြစ်သည်။
"ဒါဆိုလည်း မင်း ငါ့နောက်လိုက်မယ်ဆိုရင် အချို့အရာတွေကို စွန့်လွှတ်ရလိမ့်မယ်။ မင်းမှာ ဘာကန့်ကွက်ချင်တာများ ရှိလဲ"
ဖူယဲ့က တကယ့်ကို လူသားဆန်တဲ့သူ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့ဘေးနား ရောက်လာရင်တော့ ရှင်းလင်းပွဲ လုပ်ရမှာပဲ မဟုတ်ပါလား။ သူက တစ်ဖက်လူကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးချင်တာကြောင့် ဒီကိစ္စကို ကြိုတင်ပြောပြထားခြင်း ဖြစ်သည်။
"ပြဿနာမရှိပါဘူး။ လုံးဝ ပြဿနာမရှိ... အားးး"
သူ့စကားလည်း ဆုံးရော ရောင်စုံလင်းလက်တဲ့ အလင်းတစ်ခု ဖြတ်သန်းသွားပြီး မိစ္ဆာကျားနက်ကြီးတစ်ယောက် နန်းတွင်းအမှုထမ်းဘဝသို့ ရောက်ရှိသွားတော့သည်။
မိစ္ဆာကျားနက်ကြီးရဲ့ မျိုးပွားအင်္ဂါကနေ သွေးတွေ စိမ့်ထွက်လာတာကို မြင်တော့ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့က လူသားတွေလိုမျိုးပဲ ထိတ်လန့်တုန်လှုပ်တဲ့ အရိပ်အယောင်တွေ ပြသလာကြသည်။
ဖူယဲ့ကတော့ အဲဒါတွေကို ဂရုမစိုက်ပေ။ သူ့ဘေးနားမှာ နေမယ့်သူက မိန်းကလေး ဖြစ်ရမည်၊ မဟုတ်ရင် မိန်းမစိုးပဲ ဖြစ်ရမည်။
သူက ဒီလောက်အထိ အာဏာရှင်ဆန်သည်။
သူက ရွှေရောင်အဆောင်နဲ့အတူ အဆင့်မြင့် ကုသရေးဆေးလုံးတစ်လုံးကို မိစ္ဆာကျားနက်ကြီးရဲ့ ပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။
တစ်ဖက်လူရဲ့ ဒဏ်ရာတွေက ချက်ချင်းပဲ မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ သို့သော်လည်း မရှိတော့တဲ့ အရာကတော့ ပြန်ပေါက်မလာတော့ချေ။ ဘာပဲဖြစ်ဖြစ် ကုသရေးဆေးလုံးရဲ့ အာနိသင်က ဒဏ်ရာကို ပျောက်ကင်းစေတာဖြစ်ပြီး သေလူကို အသက်သွင်းတာ ဒါမှမဟုတ် အသားအသစ် ပြန်ဖြစ်စေတာမျိုး မဟုတ်လို့ပင်။
ဒီအချိန်မှာ မိစ္ဆာကျားနက်ကြီးရဲ့ မျက်လုံးတွေက ကမ္ဘာမြေပေါ်က အိမ်မွေးခွေးဝါလေးတစ်ကောင်လိုမျိုး အပြစ်ကင်းစင်တဲ့ အူကြောင်ကြောင် ပုံစံ ဖြစ်သွားခဲ့သည်။
သေချာတာပေါ့... သူ့ရဲ့ ဉာဏ်ရည်နဲ့ တိုက်ခိုက်ရေးစွမ်းရည်က ရှိနေဆဲ ဖြစ်သော်လည်း အခုတော့ ဖူယဲ့ရဲ့ အမိန့်ကို ရာခိုင်နှုန်းပြည့် နာခံတော့မည် ဖြစ်သည်။
"သခင်ကြီး..."
မိစ္ဆာကျားနက်ကြီးက ချက်ချင်းပဲ ဗိုက်ပက်လက်လှန်ပြီး ဖူယဲ့ကို ချွဲနွဲ့ပြနေတော့သည်။ ဘေးနားမှာ ရပ်ကြည့်နေတဲ့ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့မှာမူ ကျောထဲက စိမ့်တက်သွားရသည်။
ဒါပေမဲ့ မိစ္ဆာကျားနက်ကြီး ဗိုက်လှန်လိုက်တဲ့ အချိန်မှာပဲ ထိုကောင်ကြီးရဲ့... အင်း... တကယ်ကြီး အဖြတ်ခံလိုက်ရတာကို သူတို့ ရှာဖွေတွေ့ရှိသွားကြသည်။
ဒီအသိက ဒီဝိညာဉ်သားရဲ အရှင်သခင်နှစ်ကောင်ကို တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"မင်းတို့နှစ်ကောင်က ဒီနေရာကို အပိုင်စားရတဲ့သူတွေလား"
မိစ္ဆာကျားနက်ကြီးကို ပေါ့ပေါ့ပါးပါး နှစ်ချက်လောက် ကန်လိုက်ပြီးနောက် ဖူယဲ့က ဘေးနားမှာ တုန်တုန်ရင်ရင်ဖြင့် မလှုပ်ဝံ့ဘဲ ရှိနေတဲ့ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ဆီသို့ အကြည့်လွှဲလိုက်သည်။
"ဟုတ်ကဲ့ပါ... သခင်ကြီး၊ ဒီကို ဘာကိစ္စများ ကြွမြန်းလာတာလဲ"
ကြည့်ဦး... ကြည့်ဦး... လိမ္မာပါးနပ်တယ်ဆိုတာ ဒါမျိုးကို ပြောတာ။
ဒီကောင်းကင်နဂါးလိပ်ပြာမြွေကြီးက တကယ့်ကို စကားပြောတတ်လှသည်။ ဖူယဲ့က သူ့ကို အလားအလာရှိတယ်လို့ တွေးမိလိုက်သည်။
"ဘာမှမထူးခြားပါဘူး... ကြယ်တာရာ တောအုပ်ကြီးရဲ့ သဘာဝနဲ့ သားရဲတိရစ္ဆာန်တွေကို ပတ်ပြီး ကြည့်ရုံပါပဲ"
သူ စကားပြောလို့လည်း အဆုံး မလှမ်းမကမ်းမှာ ဝပ်နေဆဲဖြစ်တဲ့ ယုန်ဖြူကြီး ရှောင်ဝူကို လက်ညှိုးထိုးပြလိုက်သည်။
"ဟို ယုန်ပေါက်မလေးက ခုနက ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တယ်။ ငါ့ကို မင်းတို့ရဲ့ အလယ်ဗဟို နယ်မြေကို လိုက်ပြခိုင်းချင်တယ်... ဒီတောင်းဆိုချက်က အဆင်ပြေရဲ့လား"
မေးခွန်းပုံစံမျိုး ဖြစ်သော်လည်း ဖူယဲ့က ငြင်းပယ်လို့မရတဲ့ လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
"ရှောင်ဝူ..."
တာမင် (ကောင်းကင်နဂါးလိပ်ပြာမြွေကြီး) က တကယ့်ကို စိတ်ပျက်သွားရသည်။ သူက ရှောင်ဝူကို သူမရဲ့ အမေနဲ့အတူ အလယ်ဗဟို နယ်မြေထဲမှာ ပုန်းနေဖို့ သေသေချာချာ မှာထားခဲ့တာ မဟုတ်ပါလား။ သူမက ဘာလို့ ဒီအပြင်ဘက်ကို ရောက်လာရတာလဲ။
"အဲဒါ... တာမင်၊ အာမင်... ငါပါ"
သားရဲဘုရင်နှစ်ကောင်ရဲ့ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရတာကြောင့် ပတ္တမြားလို နီရဲနေတဲ့ မျက်လုံးလေးတွေက အနည်းငယ် ဝေ့ဝဲသွားခဲ့သည်။ ယုန်ဖြူလေးက သူမရဲ့ လက်သည်းနှစ်ဖက်ကို အချင်းချင်း ပွတ်သပ်ရင်း အနေရခက်မှုကို ဖျောက်ဖျက်ဖို့ ကြိုးစားနေပုံရသည်။
"ရှောင်ဝူ... မင်းပဲ ဒီစီနီယာကြီးကို ငါတို့နယ်မြေထဲ လိုက်ပြလိုက်ပါဦး"
ကောင်းကင်နဂါးလိပ်ပြာမြွေကြီးလည်း မတတ်နိုင်တော့ပေ။ သူ့ရှေ့ကလူက အဆမတန် ထိတ်လန့်စရာကောင်းလွန်းလှသည်။ သက်တမ်း ငါးသောင်းရှိတဲ့ မိစ္ဆာကျားနက်ကြီးတောင် ဒူးထောက်တောင်းပန်ရတဲ့အထိ အပြတ်အသတ် အရိုက်ခံလိုက်ရတာကို သူတို့ မမြင်မိဘူးလား။ ကံကောင်းလို့ ဒီလူကြီးမင်းက သူတို့ကို အရေးမလုပ်တာ၊ မဟုတ်ရင် သူတို့လည်း သွားပြီ ဖြစ်သည်။
"သိပါပြီ... တောင်းပန်ပါတယ် တာမင်၊ အာမင်"
ကြည်လင်တဲ့ မိန်းကလေး အသံလေးတစ်ခုက ယုန်ကြီးရဲ့ ပါးစပ်ထဲကနေ ထွက်ပေါ်လာခဲ့ရာ ဖူယဲ့က ဒါဟာ ကလေးမလေးတစ်ယောက်ရဲ့ အသံဆိုတာ သိလိုက်သည်။
ဖူယဲ့က သူ့ရဲ့ ဖိနှိပ်ထားတဲ့ အရှိန်အဝါကို ရုပ်သိမ်းပေးလိုက်တာကြောင့် သားရဲဘုရင် သုံးကောင်လုံး ပြန်လည် လှုပ်ရှားနိုင်သွားကြသည်။
ထို့နောက် ယုန်ဖြူလေး ရှောင်ဝူက ဖူယဲ့ရဲ့ ရှေ့တည့်တည့်သို့ ခုန်ဆင်းလာခဲ့ရာ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ကို လန့်သွားစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ဝူက ဖူယဲ့ရဲ့ ဘေးနားကိုပဲ လာရောက်ပြီး လိမ္မာယဉ်ကျေးစွာ ဝပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဖူယဲ့ကလည်း အားနာမနေဘဲ ယုန်ဖြူကြီးရဲ့ ကျောပေါ်သို့ ချက်ချင်း တက်လိုက်ပြီး သူမရဲ့ နားရွက်နှစ်ဖက်ကို လှမ်းကိုင်လိုက်တော့သည်။
"အား... ငါ့နားရွက်တွေကို မကိုင်ပါနဲ့"
ရှောင်ဝူရဲ့ အရှိန်က အလွန်မြန်ဆန်လှပြီး ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ထက်ပင် ပိုမို လျင်မြန်သေးသည်။
ဖူယဲ့က သူမရဲ့ အမွှေးတွေကို ကိုင်ထားရင်း တောအုပ်ထဲမှာ ရိုလာကိုစတာ စီးရသလိုမျိုး အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားခဲ့သည်။ အစေခံဖြစ်သွားတဲ့ မိစ္ဆာကျားနက်ကြီးကတော့ ရှောင်ဝူရဲ့ နောက်ကနေ မလှမ်းမကမ်းက လိုက်ပါလာခဲ့သည်။
ငါးမိနစ်ခန့် ကြာပြီးနောက်...
ရှောင်ဝူက ဖူယဲ့ကို သူတို့ မှီတင်းနေထိုင်ရာ ကြယ်တာရာ တောအုပ်ကြီးရဲ့ တကယ့် အလယ်ဗဟို နယ်မြေဆီသို့ ခေါ်ဆောင်လာခဲ့သည်။
သက်စောင့်အိုင်က ကြယ်တာရာ တောအုပ်ကြီးရဲ့ ဗဟိုချက်မ ဖြစ်သည်။
ဒီနေရာကို ရောက်တာနဲ့ ဖူယဲ့က ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားတွေက ပိုပြီးတော့ ထူထပ်သိပ်သည်းလာတာကို ခံစားလိုက်ရသည်။
ရေကန်ပြင်ကျယ်ပေါ်မှာ မြူနှင်းတွေ ဝေ့ဝဲနေပြီး နတ်မိမယ်တို့ ပျော်စံရာ အရပ်တစ်ခုလို ထင်မှတ်ရသည်။
ကန်စပ်တွင်မူ...
အလွန်အမင်း လှပချောမောတဲ့ မိန်းကလေးတစ်ယောက်က ကန်စပ်မှာ ရေခပ်နေခဲ့သည်။ သူမရဲ့ ခြေလှမ်းတွေက တည်ငြိမ်လှပြီး ထူးခြားတဲ့ အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။
ထိုမိန်းကလေးက ယုန်ဖြူလေး ရှောင်ဝူ ပြန်ရောက်လာတာကို မြင်တော့ မျက်နှာမှာ ဒေါသအရိပ်အယောင်လေး ပေါ်လာခဲ့သည်။
"ရှောင်ဝူ... ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ အပြင်မှာ အန္တရာယ်များတယ်လို့။ နောက်ခါ အပြင်မထွက်ရဘူး... ကြားလား"
အမေဖြစ်သူရဲ့ စကားကို ကြားတော့ ရှောင်ဝူက အလိုအလျောက် ခေါင်းညိတ်လိုက်မိသော်လည်း သူမရဲ့ ကျောပေါ်မှာ လူတစ်ယောက် ပါလာတာကို ရုတ်တရက် သတိရသွားခဲ့သည်။
"မင်းနာမည်က ရှောင်ဝူပေါ့... နာမည်လေးက ချစ်စရာကောင်းသားပဲ"
ဖူယဲ့ရဲ့ အသံက ရှောင်ဝူရဲ့ နောက်ကနေ ထွက်ပေါ်လာခဲ့သည်။ ဒီစိမ်းသက်တဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာတင် ပန်းရောင်ဝတ်စုံနဲ့ မိန်းကလေးရဲ့ နောက်ကနေ အဝါရောင် နှစ်ကွင်း၊ ခရမ်းရောင် နှစ်ကွင်းနဲ့ အနက်ရောင် တစ်ကွင်းဆိုတဲ့ ဝိညာဉ်ကွင်း ငါးကွင်း ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ဒီအချိန်မှာ သူမရဲ့ မျက်ဝန်းတွေထဲမှာ ဖော်ပြမတတ်အောင် တုန်လှုပ်ချောက်ချားမှုတွေ ပြည့်နှက်သွားခဲ့ပြီး ရှောင်ဝူကို ကြည့်တဲ့ အကြည့်မှာတော့ စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ပါဝင်နေသည်။
"ရှောင်ဝူ"
မိန်းကလေးရဲ့ အသံက အလွန် ဒေါသထွက်နေပုံရပြီး ဧရာမ ယုန်ဖြူလေး ရှောင်ဝူကတော့ ခေါင်းကို အောက်ချထားရင်း သူမကို မကြည့်ရဲရှာပေ။
ထိုစဉ် သူတို့ရဲ့ နောက်ကနေ အနက်ရောင် သဏ္ဍာန်တစ်ခု ထွက်ပေါ်လာခဲ့ရာ ပန်းရောင်ဝတ်စုံနဲ့ မိန်းကလေးက ထိုသူကို မြင်ပြီး မျက်လုံးတွေ ပိုမို ပြူးကျယ်သွားခဲ့ရသည်။
"မိစ္ဆာကျားနက်ကြီး... သူက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ တာမင်နဲ့ အာမင်တို့ ဘယ်ရောက်နေလဲ"
သို့သော်လည်း သူမ လက်မလှုပ်ရသေးခင်မှာတင် မိစ္ဆာကျားနက်ကြီးက ကြောင်ကြီးတစ်ကောင်လိုမျိုး ဘေးတစောင်း လှဲချလိုက်ပြီး အချော့ခံချင်တဲ့ ပုံစံ လုပ်ပြနေတာကို မြင်လိုက်ရသည်။
"ခွပ်"
"အူးဝူး~~"
ဖူယဲ့ကတော့ ဒီကောင့်ရဲ့ အောက်ခြေကို သေသေချာချာ သိထားပြီး ဖြစ်သည်။ သူက သိက္ခာတရားလည်း မရှိ၊ ကိုယ်ကျင့်တရားလည်း မရှိပေ။ လူတစ်ယောက် အနားကပ်လာတာနဲ့ လှဲချပြီး အချော့ခံချင်နေတာ ဖြစ်သည်။
သူက ထိုကောင်ရဲ့ အနက်ရောင် တင်ပါးကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ ၎င်းကလည်း နာကျင်ကြောင်း ပြသတဲ့အနေဖြင့် အော်ဟစ်လိုက်ရှာသည်။
ဖူယဲ့က ထိုအူကြောင်ကြောင် ကျားကြီးကို လျစ်လျူရှုလိုက်ပြီး သက်စောင့်အိုင်ရဲ့ ကန်စပ်မှာ ရပ်နေတဲ့ မိန်းကလေးဆီသို့ အကြည့်လွှဲလိုက်သည်။
ဒါက ရှောင်ဝူရဲ့ အမေပေါ့... ကြည့်ရတာ သိပ်ပြီး အသက်ကြီးပုံမရပေ။
သေချာတာပေါ့... ရှောင်ဝူရဲ့ အမေက လူသားအသွင် ပြောင်းလဲထားတာ သိပ်မကြာသေးပေ။ အသွင်ပြောင်းပြီးနောက် အသက်အရွယ်အရ ဆိုရင်တော့ သူမက ဒီနှစ်မှာ တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ်လောက်ပဲ ရှိဦးမည်။ ဒါပေမဲ့ ရှောင်ဝူရဲ့ ရှေ့မှာတော့ သူမက အမြဲတမ်း စည်းကမ်းကြီးပြီး နူးညံ့တဲ့ မိခင်တစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူတစ်ပါးရဲ့ အိမ်ကို လာလည်တာဖြစ်လို့ ယဉ်ကျေးပျူငှာမှုတော့ ရှိရမည် မဟုတ်ပါလား။
"မင်္ဂလာပါ မိန်းကလေး... ငါက မင်းရဲ့ သတင်းကို ကြားဖူးရုံနဲ့တင် လာရောက်လည်ပတ်ခဲ့တာပါ။ လာပြီး နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"