အခန်း ၁၅ ယုန်ဖြူလေး ရှောင်ဝူ အမှတ်တံဆိပ် ဖက်လုံးကြီး
ကြယ်တာရာ တောအုပ်ကြီးရဲ့ အတွင်းပိုင်း နယ်မြေ။
ဖူယဲ့က ကြယ်တာရာ တောအုပ်ကြီးထဲမှာ အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက အရှိန်အဝါကို အာရုံခံမိပြီး ဘေးနားက နှစ်ထောင်ချီ၊ နှစ်သောင်းချီ ဝိညာဉ်သားရဲတွေက အလိုအလျောက် ရှောင်ကွင်းသွားကြတာကြောင့် လမ်းခရီးက တကယ့်ကို ချောမွေ့လွန်းလှသည်။
တောအုပ်ကြီးက ကျယ်ပြောလှပေမဲ့ ဖူယဲ့ရဲ့ ခြေလှမ်းတွေကတော့ မနှေးပေ။ ဘာပဲဖြစ်ဖြစ် ဒါက သူ ကြယ်တာရာ တောအုပ်ကြီးရဲ့ အုပ်ဆိုင်းလှတဲ့ အတွင်းပိုင်းထဲကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ ဒေသန္တရ သဘာဝနဲ့ သားရဲတိရစ္ဆာန်တွေကို သေချာ လေ့လာကြည့်ချင်နေသည်။
သူ့ကိုယ်ကနေ အနည်းငယ် ထွက်ပေါ်နေတဲ့ နဂါးနတ်ဘုရား အရှိန်အဝါနဲ့ အဆင့် ၉၉ ရှိတဲ့ အထွတ်အထိပ်ဒိုလော့ဖိအားတွေကြောင့် မီတာငါးရာအတွင်းမှာ ရှိတဲ့ ဝိညာဉ်သားရဲတွေအားလုံး ပျောက်ကွယ်ကုန်ကြသည်။
တဖြည်းဖြည်း အထဲကို လှမ်းဝင်လာရင်း ဖူယဲ့က ပြင်းထန်လှတဲ့ စွမ်းအင်လှိုင်း ရိုက်ခတ်မှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ တော်တော်လေးကို ပြင်းထန်တဲ့ ပုံစံပင်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ... နှစ်သိန်းချီ ဝိညာဉ်သားရဲ နှစ်ကောင် ချကြတာလား"
ဒီလောက် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအား ရိုက်ခတ်မှုမျိုးက သာမန် ဝိညာဉ်သားရဲတစ်ကောင် ထုတ်ဖော်နိုင်တဲ့ အရာမျိုး မဟုတ်တာ သေချာသည်။ ဒါပေမဲ့ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးအပြင် လက်ရှိ ကြယ်တာရာ တောအုပ်ကြီးထဲမှာ ရှိနေနိုင်တာက သောင်းချီသက်တမ်းရှိတဲ့ ယုန်မလေး ရှောင်ဝူပဲ ရှိသည်။
"သွားကြည့်ရအောင်... ဘာတွေ ရှိမလဲလို့"
အပျော်အပါးနဲ့ အလှည့်အပြောင်းတွေကို ကြည့်ဖို့ဆိုရင် ဖူယဲ့ကတော့ အပြေးဆုံးပဲ ဖြစ်သည်။
နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ လူရိပ်က ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့သည်။ အမှောင်ထဲမှာ ပုန်းကွယ်နေကြတဲ့ ဝိညာဉ်သားရဲတွေကတော့ ဖူယဲ့ ထွက်ခွာသွားတာကို အာရုံခံမိမှပဲ သူတို့ရဲ့ နယ်မြေထဲကို ပြန်ရဲကြတော့သည်။
ဝိညာဉ်သားရဲ က "သူ တကယ်ကြီး... ငါတော့ ကြောက်လွန်းလို့ ငိုတောင်ငိုချင်တယ်"
ဝိညာဉ်သားရဲ ခ "ငါတော့ ငါ့ဘဝ ဒီမှာတင် ပြီးပြီလို့ အောက်မေ့တာ"
ဝိညာဉ်သားရဲ ဂ "နေဦး... မင်းတို့က လူသားတွေကို အမုန်းဆုံးဆိုတဲ့ ကောင်တွေ မဟုတ်ဘူးလား"
ကျန်တဲ့ ဝိညာဉ်သားရဲအုပ်စု "လခွမ်းပဲ... အသာနေစမ်းပါ"
ကြယ်တာရာ တောအုပ်ကြီးရဲ့ ရောနှောနယ်မြေထဲက လေထုက တကယ့်ကို လတ်ဆတ်လှသည်။ ဒီနေရာက သစ်ပင်တွေက ကမ္ဘာမြေပေါ်က အမေဇုန်တောနက်ထဲက သစ်ပင်တွေထက် ပိုပြီး ထူထဲကာ တစ်ပင်တစ်ပင်ကို လူနှစ်ယောက် ဖက်ရလုနီးပါး ကြီးမားလှသည်။
"ဒုန်း"
"ဂျွတ်"
ဧရာမ သတ္တဝါကြီးတစ်ကောင် မြေပြင်ပေါ် လဲကျသွားတဲ့ အသံနဲ့ အရိုးတွေ ကြေမွသွားတဲ့ နားမခံသာတဲ့ အသံက ဖူယဲ့ရဲ့ နားထဲကို ဝင်ရောက်လာခဲ့သည်။
သူ့ရှေ့မှာတော့ ဧရာမ သတ္တဝါကြီးနှစ်ကောင်က ပူးပေါင်းပြီး ခရမ်းနက်ရောင် အလင်းတွေ ထွက်ပေါ်နေတဲ့ ကျားနက်ကြီးတစ်ကောင်ကို အပီအပြင် ပညာပေးနေကြတာ ဖြစ်သည်။
ဒီလို ထုံအအ ပုံစံနဲ့ ကောင်ကြီးနှစ်ကောင်ကတော့ တခြားသူမဟုတ်ဘဲ ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ ဖြစ်ပြီး ဟို ကျားနက်လေးကတော့...
"မိစ္ဆာကျားနက်ကြီးလား... သူက ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီး ဆိုတဲ့ ညီအကိုနှစ်ယောက်နဲ့ ထိပ်တိုက်တွေ့နေလိမ့်မယ်လို့ မထင်ထားမိဘူး"
ဖူယဲ့က တောင်ပေါ်ကနေ ကျားပွဲကြည့်သလိုမျိုး အေးအေးလူလူ ထိုင်ကြည့်နေခဲ့သည်။ ဧရာမမျောက်ကြီးနဲ့ မြွေကြီးတို့ မိစ္ဆာကျားနက်ကြီးနဲ့ တိုက်ခိုက်နေတဲ့ ဒီမြင်ကွင်းက ယခင်ဘဝက ကာတွန်းတွေထက် ရုပ်ထွက်ပိုင်းရော အသံပိုင်းပါ ပိုပြီး အသက်ဝင်လှသည်။
ဒါပေမဲ့ ဘာမှမစားမသောက်ဘဲ ပွဲကြည့်ရတာက ဖူယဲ့ရဲ့ စတိုင်မဟုတ်ပေ။
[ဂုဏ်ယူပါတယ် အရှင်... ကြက်ကင် တစ်ကောင်ကို ဝယ်ယူပြီးပါပြီ]
[ဂုဏ်ယူပါတယ် အရှင်... ထာဝရ ဝိညာဉ်အရက် တစ်ပုလင်းကို ဝယ်ယူပြီးပါပြီ]
အင်း... ဒါမှ ဟန်ကျတာပေါ့။ သူ သဘောကျတဲ့ ပုံစံပင်။
ဟို သတ္တဝါကြီးနှစ်ကောင်က မိစ္ဆာကျားနက်ကြီးရဲ့ ကစားခြင်းကို အလူးအလဲ ခံနေရချိန်မှာ ဖူယဲ့ကတော့ အရက်ကလေးသောက် ကြက်ကင်လေးစားနဲ့ ဇိမ်ကျနေခဲ့သည်။
သို့သော် ထိုစဉ် တိုက်ပွဲကွင်းပြင်ထဲက ထိုက်ထန် လူဝံကြီးက ထူးဆန်းတာတစ်ခုကို သတိထားမိသွားသည်။
"အစ်ကိုကြီး... ငါ အရက်နံ့ရသလိုပဲ"
"ဖြန်း" ကောင်းကင်နဂါးလိပ်ပြာမြွေကြီးက သူ့အမြီးဖြင့် ထိုက်ထန် လူဝံကြီးရဲ့ ခေါင်းကို ရိုက်ချလိုက်သည်။
"စားဖို့ပဲ သိတယ်... မင်းကတော့ စားဖို့ပဲ သိတာပဲ။ ဒီသားရဲကို အမြန်ဆုံး မောင်းထုတ်ပစ်စမ်း မဟုတ်ရင် အဒေါ်ဝူနဲ့ ရှောင်ဝူတို့ ဒုက္ခရောက်ကုန်လိမ့်မယ်"
ကောင်းကင်နဂါးလိပ်ပြာမြွေကြီးက စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ သူ့မောင်လေးက ဘာလို့ တစ်နေ့လုံး အစားအသောက်အကြောင်းပဲ တွေးနေရတာလဲ။ နောက်ကျရင်တော့ သူ့ကို သေချာ ဆုံးမရမည်။
"သိပါပြီ အစ်ကိုကြီးရယ်" ထိုက်ထန် လူဝံကြီးခမျာ စိတ်မကောင်း ဖြစ်သွားရသည်။ သူက ဘာမှ ထပ်မပြောတော့ပေမဲ့ တကယ့်ကို အရက်နံ့ ရနေတာဖြစ်ပြီး အလွန်မွှေးကြိုင်တဲ့ အသားကင်နံ့ကိုပါ ရနေခြင်း ဖြစ်သည်။
"ဖြန်း"
ဒါပေမဲ့ သူ သတိမဝင်ခင်မှာပဲ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးက သူ့ကို နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
"ဘာရပ်ကြည့်နေတာလဲ... သွားလေ"
"အော်... အော်..."
ကောင်းကင်နဂါးလိပ်ပြာမြွေကြီးက ထိုက်ထန် လူဝံကြီးကို ကလေးတစ်ယောက်လို ဆုံးမနေတာကို ကြည့်ပြီး ဖူယဲ့တစ်ယောက် တဟားဟား ရယ်နေမိသည်။
သူက ရှောင်ဝူကို ဘာလို့မတွေ့ရသေးတာလဲလို့ တွေးမိနေခြင်း ဖြစ်သည်။ ဒီဇာတ်လိုက်မလေးက အပျော်အပါး အင်မတန် မက်တဲ့သူဆိုတာ သူ သေချာ မှတ်မိနေတာကိုး။
ဒါပေမဲ့ ဒီမေးခွန်းရဲ့ အဖြေကို သူ ချက်ချင်းပဲ ရှာတွေ့သွားခဲ့သည်။
ထိုက်ထန် လူဝံကြီးနဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးတို့ အပြင်းအထန် တိုက်ခိုက်နေစဉ်မှာပဲ ခေါင်းပေါ်မှာ ပန်းရောင်အမွှေးစုလေး ရှိတဲ့ ဧရာမ ယုန်ဖြူကြီးတစ်ကောင်က ရုတ်တရက် နောက်ကနေ ချောင်းမြောင်း တိုက်ခိုက်လိုက်တာ ဖြစ်သည်။
သူမက အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ငါတို့ ရဲဘော်လေးကို ချောင်းမြောင်း တိုက်ခိုက်ရဲတယ်ပေါ့။
ဧရာမ ယုန်ကြီးတစ်ကောင်ရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရရင် ဘာလုပ်သင့်သလဲ။
အကွက်ကွက်ကွင်းကွင်းပါပဲ... သူက အခုလောလောဆယ် ထိုင်စရာ မွေ့ရာနဲ့ ဖက်လုံးကြီးတစ်လုံး လိုအပ်နေတာ ဖြစ်သည်။
နှစ်မိနစ်ခွဲခန့် ကြာပြီးနောက်...
"ငြိမ်ငြိမ်နေစမ်း... မလှုပ်နဲ့ မဟုတ်ရင် မင်းကို ကင်စားပစ်မယ်"
လူနှစ်ယောက်စာလောက် မြင့်တဲ့ ယုန်ကြီး (လူအသွင်မပြောင်းရသေးတဲ့ ရှောင်ဝူ) က အရင်လို မရုန်းကန်ရဲတော့ပေ။ အခုတော့ သူမက လုံးဝ မလှုပ်ရဲတော့ဘဲ ဖူယဲ့ ထိုင်ဖို့အတွက် သူမရဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ဗိုက်ပူပူလေးကို အလိုက်သင့် ထုတ်ပေးထားရရှာသည်။
ကြီးမားပြီး အမွှေးပွပွ လက်သည်းနှစ်ဖက်က ဖူယဲ့ရဲ့ ပုခုံးပေါ်မှာ တင်နေခဲ့သည်။ ဒီလောက် ဧရာမအရွယ်အစားရှိတဲ့ အရုပ်ကြီးကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ။
"ကျလု... ကျလု..."
ဝိညာဉ်အရက်ကို နောက်ထပ် တစ်ငုံ သောက်လိုက်ပြီးနောက် ဖူယဲ့ တကယ့်ကို သက်တောင့်သက်သာ ရှိသွားခဲ့သည်။
သူ ကမ္ဘာမြေပေါ်မှာ ရှိစဉ်ကတည်းက ဒီလို ဧရာမအရုပ်ကြီးကို မွေ့ရာအဖြစ် ဝယ်ချင်ခဲ့တာဖြစ်ပြီး အခု ဝိညာဉ်ကမ္ဘာကို ရောက်မှပဲ အဲဒီဆန္ဒ ပြည့်ဝသွားတော့သည်။
"ပြစ်... ပြစ်..."
မွှေးကြိုင်လှတဲ့ ကြက်ကင်၊ ဆွဲဆောင်မှုရှိတဲ့ အရက် ပြီးတော့ သူ့ရှေ့က ဧရာမ သတ္တဝါကြီး သုံးကောင်ရဲ့ တိုက်ပွဲ။ ဖူယဲ့တစ်ယောက် ဒီတစ်ခေါက် ခရီးစဉ်က တကယ့်ကို တန်ဖိုးရှိတယ်လို့ ခံစားလိုက်ရသည်။
"ဂူး... ဂူး..."
ဟင်... ဒါက ဘာသံလဲ ဒီမွေ့ရာကြီးမှာ လျှို့ဝှက် နှိပ်နယ်တဲ့ စနစ် ပါဝင်နေတာလား။ ဘာလို့ ဒီလောက်တုန်ခါနေရတာလဲ။
တစ်ဖက်တွင်မူ ယုန်ကြီး (လူအသွင်မပြောင်းရသေးတဲ့ ရှောင်ဝူ) မှာတော့ ငါ တကယ့်ကို ဗိုက်ဆာနေပြီ။ ဒီလူရဲ့ ကြက်ကင်နဲ့ အရက်နံ့က မွှေးလွန်းလို့။
ဖူယဲ့က အဲဒါကို သိပ်ဂရုမစိုက်ဘဲ စနစ်ကုန်တိုက်ထဲက ပစ္စည်းကောင်းတွေကို ကြည့်ရင်း ဆက်စားနေခဲ့သည်။
[ပစ္စည်း - အဆင့်နိမ့်ကျေးကျွန်တံဆိပ်၊ စျေးနှုန်း - ၀]
[ပစ္စည်း - အလယ်အလတ် ကျေးကျွန်တံဆိပ်၊ စျေးနှုန်း - ၀]
[ပစ္စည်း - အထက်တန်းစား ကျေးကျွန်တံဆိပ်၊ စျေးနှုန်း - ၀]
[ပစ္စည်း - အထွတ်အထိပ် ကျေးကျွန်တံဆိပ်၊ စျေးနှုန်း - ၀]
"အထွတ်အထိပ် ကျေးကျွန်တံဆိပ်က သက်တမ်း နှစ်သိန်းချီရှိတဲ့ ဝိညာဉ်သားရဲကိုတောင် အမိန့်ပေးစေခိုင်းနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီအရာက တော်တော်လေး ကောင်းတာပဲ"
ဖူယဲ့က သူ့ရှေ့က စုံလင်လှတဲ့ ပစ္စည်းတွေကို ကြည့်ပြီး အလွန်ပင် ကျေနပ်နေခဲ့သည်။ သူက အလကားရတဲ့ ခံစားချက်ကို အနှစ်သက်ဆုံး မဟုတ်ပါလား။
ဒီမိစ္ဆာကျားနက်ကြီးက သက်တမ်း လေးငါးသောင်းလောက်ပဲ ရှိသေးသည်။ ဖူယဲ့က ၎င်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် သိမ်းဆည်းထားဖို့ သင့်တော်တယ်လို့ တွေးမိလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲက အတွင်းအားလုံးဝိုင်းနဲ့ ပတ်သက်ရင်တော့ စနစ်ထဲမှာ သောင်းနဲ့ချီပြီး အရန်သင့် ရှိနေတာကြောင့် ဒီသားရဲကို သတ်ပစ်ဖို့ လုံးဝ မလိုပေ။
ဒီစနစ်က တကယ့်ကို ကောင်းမွန်လှသည်။ တာဝန်တွေ ပြီးမြောက်အောင် လုပ်ရတဲ့ တခြားစနစ်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှမလုပ်ဘဲ အလကားရတဲ့ ခံစားချက်က ပိုပြီး စိတ်ကျေနပ်ဖို့ကောင်းသည်။
သူ့ရဲ့ နှုတ်ခမ်းဖျားမှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အကယ်၍ သူက ဒီကျားကြီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလိုက်ရင် နောင်ကျရင် တခြားဇာတ်လိုက်တွေက ဘာကိုအားကိုးပြီး တက်ပြမလဲ။
ထားပါတော့... ဒါတွေက အရေးမကြီးပါဘူး။ သူနဲ့ ဘာမှဆိုင်တာမှ မဟုတ်ဘဲ။
သူ့ရဲ့ အကြည့်က မိစ္ဆာကျားနက်ကြီးကို ဝိုင်းချနေကြတဲ့ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးနဲ့ ထိုက်ထန် လူဝံကြီးဆီသို့ ရောက်သွားပြီး လက်ထဲမှာတော့ ရွှေရောင် အဆောင်တစ်ခု ပေါ်လာခဲ့သည်။
သူက ဒါကို ထိုက်ထန် လူဝံကြီး၊ ကောင်းကင်နဂါးလိပ်ပြာမြွေကြီးနဲ့ ရှောင်ဝူတို့အပေါ် သုံးဖို့ မလိုပေ။ အဲဒါက သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းဘူး။ သူက ထိုက်ထန် လူဝံကြီးနဲ့ ရှောင်ဝူတို့ကို လက်သီးနဲ့ပဲ အနိုင်ပိုင်းချင်သည်။
ရှောင်ဝူနဲ့ ပတ်သက်ရင်တော့ စိတ်ပူစရာမလိုပါဘူး။ ဒီယုန်ပေါက်မလေးက ပြဿနာရှာရတာပဲ ဝါသနာပါတာ၊ အမှန်တော့ သတ္တိ သိပ်ရှိတာ မဟုတ်ပေ။
ကြည့်ဦး... အခုလည်း သူ့ရဲ့ အရှိန်အဝါအောက်မှာ လုံးဝ ငြိမ်ကုပ်သွားပြီး ဆိုဖာတစ်ခုလိုမျိုး အလိုက်သင့်လေး ထိုင်ပေးနေရတာ မဟုတ်လား။