အခန်း ၁၂ အစ်မယွဲ့ဟွာ မင်း ရှက်နေတာလား
"ဒါဆို အခုလမင်းမျှော်စင်မှာ ငါတို့နှစ်ယောက်အပါအဝင် ဆရာ လေးယောက်ပဲ ရှိတာပေါ့"
ဖူယဲ့က အနည်းငယ် အံ့ဩသွားပြီး ထန်ယွဲ့ဟွာကလည်း သူ့စကားကို ကြားတော့ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်... ကျောင်းသား သိပ်မရှိလို့လေ။ ငါက ဒီနေရာကို တည်ထောင်သူဆိုပေမဲ့ အဓိကကတော့ သူတို့ရဲ့ အမူအရာ၊ အပြောအဆို၊ နှုတ်မှုစွမ်းရည်နဲ့ စောင်းတီးတာကိုပဲ သင်ပေးတာ။ ကျန်တဲ့ ဆရာနှစ်ယောက်ကတော့ စာပေ၊ ပန်းချီနဲ့ စစ်တုရင်ကို သင်ပေးကြတယ်"
ဖူယဲ့ ခေါင်းညိတ်လိုက်သည်။ သူမက ဝိညာဉ်စွမ်းအား အဆင့် ၉ သာရှိတဲ့ ဝိညာဉ်ဆရာတစ်ဦး ဖြစ်တာကြောင့် စွမ်းအင်က ကန့်သတ်ချက်ရှိတာ သဘာဝပင်။
"ဒါဆို ငါကရော ဘာလုပ်ရမလဲ။ အစ်မယွဲ့ဟွာရဲ့ နောက်လိုက်လေး လုပ်ရမလား"
ဖူယဲ့ရဲ့ စကားကြောင့် ထန်ယွဲ့ဟွာရဲ့ နှုတ်ခမ်းအစုံက အသာအယာ ကွေးညွတ်သွားပြီး ပြုံးလိုက်မိသည်။
"အင်း... နောက်လိုက်လေးလို့ ခေါ်ရင်လည်း ရတာပေါ့။ ဒါဆို ငါလည်း အလုပ်နည်းနည်း ပေါ့သွားတာပေါ့"
ထန်ယွဲ့ဟွာက နေရောင်အောက်မှာ ပျင်းရိစွာ အကြောဆန့်လိုက်ရာ သူမရဲ့ နုပျိုလှပတဲ့ မျက်နှာလေးမှာ သက်တောင့်သက်သာရှိမှုတွေ ပြည့်နှက်နေသည်။
"ဒါနဲ့... မင်းရဲ့ ဝိညာဉ်စွမ်းအား အဆင့်နဲ့ ဝိညာဉ်က ဘာလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား"
ဖူယဲ့က သူမကို "အစ်မ" ဟု တရင်းတနှီး ခေါ်ဆိုလိုက်ခြင်းက ထန်ယွဲ့ဟွာကို အလွန် သဘောကျသွားစေသည်။ ချောမောခန့်ညားပြီး အချိုးအစားကျတဲ့ မောင်လေးတစ်ယောက်က နောက်ကနေ တကောက်ကောက်လိုက်ပြီး "အစ်မ" ဟု ခေါ်နေတာကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ။
အမှန်တော့ ထန်ယွဲ့ဟွာက အသက် ၂၀ ကျော် အရွယ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပြီး ချိုမြိန်တဲ့ အချစ်ရေးတစ်ခုကို မျှော်လင့်နေဆဲ ဖြစ်သည်။
"ငါက ဒီနှစ်မှ အသက် ၁၇ နှစ်ပဲ ရှိသေးတာ။ ဝိညာဉ်ကတော့ ဓား... ဝိညာဉ်စွမ်းအားကတော့ သာမန်ပါပဲ"
ထန်ယွဲ့ဟွာရဲ့ မေးခွန်းကို ဖူယဲ့က ဝေဝါးဝါးပဲ ဖြေလိုက်ပေမဲ့ လိမ်ပြောခဲ့ခြင်းတော့ မဟုတ်ပေ။ သူ့ရဲ့ အစစ်အမှန် စွမ်းအားနဲ့ဆိုရင် ဒီဗဟိုတိုက်ကြီးတစ်ခုလုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
"မင်းက ဒီနှစ်မှ အသက် ၁၇ နှစ်ပဲ ရှိသေးတာလား"
ဖူယဲ့ရဲ့ စကားကို ကြားတော့ ထန်ယွဲ့ဟွာ အံ့ဩသွားရသည်။ သူမ အမြင်မှာတော့ ဖူယဲ့က အသက် ၂၀ ဝန်းကျင်လောက် ရှိပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်... အသက် ၁၈ နှစ်ပြည့်ဖို့ ခြောက်လတောင် လိုသေးတယ်"
ဖူယဲ့လည်း မတတ်နိုင်ပေ။ သူ့ရဲ့ မြင့်မားလှတဲ့ ဝိညာဉ်စွမ်းအားတွေကြောင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုက အသက်ထက် ပိုမို ရင့်ကျက်နေခြင်း ဖြစ်သည်။
"ဒါနဲ့ အစ်မယွဲ့ဟွာ ကရော ဒီနှစ် အသက်ဘယ်လောက်လဲ။ ကြည့်ရတာ ငါနဲ့ အသက်တူတူလောက်ပဲ ထင်ရတယ်"
မိန်းကလေးတစ်ယောက်ကို အသက်မေးတာ ယဉ်ကျေးမှု မရှိဘူးလား။ စိတ်မရှိပါနဲ့... ဖူယဲ့ကတော့ အဲဒါတွေကို ဂရုမစိုက်ပေ။
ဆိုဖာပေါ်မှာ လှဲလျောင်းခါစရှိသေးတဲ့ ထန်ယွဲ့ဟွာက ဖူယဲ့ရဲ့ အမေးကြောင့် မျက်စောင်းထိုးလိုက်သည်။ ဘယ်သူက မိန်းကလေးတစ်ယောက်ရဲ့ အသက်ကို ဒီလောက် ဗြောင်ကျကျ မေးပါ့မလဲ။
သူမ မျက်စောင်းထိုးလိုက်တာကို မြင်တော့ ဖူယဲ့က ခပ်ပြုံးပြုံးဖြင့် သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက် သူမ သတိမထားမိခင်မှာပဲ နုဖတ်နေတဲ့ လက်ကလေးကို လှမ်းဆွဲပြီး လက်ချောင်းချင်း ယှက်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
သူက လက်ကို အသာအယာ မြှောက်ကာ သူမမျက်နှာရှေ့သို့ ပို့လိုက်ပြီး -
"အစ်မယွဲ့ဟွာ ရဲ့ လက်ကလေးတွေက တကယ့်ကို လှတာပဲ။ ငါ့လက်တွေလိုပဲ။ ငါ့အထင်တော့ အစ်မယွဲ့ဟွာ က ဒီနှစ်မှ အသက် ၁၈ နှစ်ပဲ ရှိသေးတာ မဟုတ်လား"
ဖူယဲ့ရဲ့ လှုပ်ရှားမှုတွေက သဘာဝကျလွန်းလို့ ထန်ယွဲ့ဟွာမှာ ရုန်းကန်ဖို့ပင် အခွင့်အရေး မရလိုက်ချေ။
သူ့ရဲ့ နှုတ်ခမ်းတွေက ပျားရည်လို ချိုမြိန်လှသည်။ သူလုပ်ရပ်က အနည်းငယ် စည်းကျော်သလို ရှိပေမဲ့ ထန်ယွဲ့ဟွာရဲ့ စိတ်ထဲမှာ ဖူယဲ့အပေါ် ခံစားချက်အချို့ ရှိနေနှင့်ပြီးသား ဖြစ်သည်။
ဖူယဲ့က စနစ်မျက်နှာပြင်ပေါ်က အချက်အလက်ကို တစ်ချက် ကြည့်လိုက်သည်။
[ထန်ယွဲ့ဟွာ - ရင်းနှီးမှုအဆင့် ၅၅% (သူငယ်ချင်းကောင်း)]
အကယ်၍ သူမစိတ်ထဲမှာ သူ့အပေါ် အကောင်းမြင်စိတ် မရှိရင် ဖူယဲ့ကို လမင်းမျှော်စင်ထဲ ဝင်ခွင့်ပြုမှာ မဟုတ်ပေ။ သူ့ရဲ့ ထူးခြားတဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုက အလကားမှ မဟုတ်ဘဲ။
ထန်ယွဲ့ဟွာ စကားမပြောနိုင်ခင်မှာပဲ ဖူယဲ့က သူမလက်ကို လွှတ်ပေးလိုက်ပြီး လက်ဖဝါးကို ဖြန့်ခိုင်းလိုက်သည်။
"အစ်မယွဲ့ဟွာသိလား... ဒါက မင်းရဲ့ ကံဇာတာ လမ်းကြောင်းပဲ။ အောက်ခြေကနေ အထက်ကို တဖြည်းဖြည်း တက်လှမ်းသွားတာ။ အခု လမင်းမျှော်စင်လို ကျောင်းတော်ကြီးကို တည်ထောင်နိုင်ခဲ့သလိုပေါ့"
ဖူယဲ့က မိန်းကလေးတွေရဲ့ စိတ်ကို အသေအချာ မသိပေမဲ့ စကားစမြည် ပြောဆိုရမယ့် အကွက်ကိုတော့ ကောင်းကောင်းသိသည်။ ထန်ယွဲ့ဟွာက အရပ် ၁.၇၃ မီတာ ရှိပြီး သူကတော့ ၁.၈၅ မီတာ ရှိတာကြောင့် သူ့မျက်လုံးထဲမှာ ထန်ယွဲ့ဟွာက ညီမလေးတစ်ယောက်လိုပင်။
"ဟင်... ဒါကရော ဘာလမ်းကြောင်းလဲ။ တော်တော် ရှည်တာပဲ"
"ဒါကတော့ အစ်မယွဲ့ဟွာ ရဲ့ အသက်လမ်းကြောင်းပေါ့။ အသက်ရာကျော်အထိ နေရမှာ သေချာတယ်"
ထန်ယွဲ့ဟွာနဲ့ စကားပြောရင်း ဖူယဲ့က သူမ သတိမထားမိဘဲ ညာဘက်လက်ကို သူမရဲ့ ပုခုံးပေါ်သို့ အသာအယာ တင်လိုက်သည်။ မိန်းကလေးတစ်ယောက်ကို လိုက်တဲ့အခါ အချိန်အခါကို ကောင်းကောင်း အသုံးချရသည်။ ရင်းနှီးမှုကို မတည်ဆောက်ဘဲ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ အာဏာသုံးတာ ဒါမှမဟုတ် ပိုက်ဆံနဲ့ ပေါက်တာတွေက အောက်တန်းကျလွန်းသည်။
သူတို့နှစ်ယောက် တော်တော်ကြာကြာ စကားပြောဖြစ်ခဲ့ကြပြီး အလွန်ပင် ရင်းနှီးသွားခဲ့သည်။ ဖူယဲ့က စိတ်ဝင်စားစရာ အကြောင်းအရာများစွာကို ပြောပြခဲ့ပြီး ထန်ယွဲ့ဟွာကလည်း သူမရဲ့ စိတ်ထဲက နာကျင်မှုအချို့ကို ဖူယဲ့အား ရင်ဖွင့်ခဲ့သည်။
မသိလိုက်ဘာသာဖြင့် စကားပြောလာခဲ့သည်မှာ တစ်နာရီခန့် ရှိသွားခဲ့ပြီ။ ဒီအတောအတွင်း ဖူယဲ့က အလွန်အကျွံ စည်းမကျော်ခဲ့ပေ။ အချစ်ဆိုတာ ခံစားချက်အပေါ် မူတည်တာကြောင့် မိန်းကလေးတစ်ဦးရဲ့ နှလုံးသားကို ရရှိဖို့ သင့်တော်တဲ့ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားရမည်။
ဖူယဲ့က တစ်ခါတရံ ထန်ယွဲ့ဟွာရဲ့ ပုခုံးပေါ်သို့ ခေါင်းမှီလိုက်ရာ သူမရဲ့ ပါးပြင်လေးများ ရဲခနဲ ဖြစ်သွားတတ်သည်။ သို့သော် ဖူယဲ့က စည်းကျော်တာမျိုး မလုပ်ဘဲ သူမရဲ့ စိတ်ကိုသာ တဖြည်းဖြည်းချင်း စမ်းသပ်နေခဲ့သည်။
ပါးပြင်လေးကို အသာအယာ ဆွဲဆိတ်လိုက်တာ၊ နားနားကပ်ပြီး တီးတိုး စကားပြောလိုက်တာ စတဲ့ လှုပ်ရှားမှုလေးတွေက ဆက်ဆံရေးကို မြန်မြန်ဆန်ဆန် တိုးတက်စေသည်။
သေချာတာပေါ့... အကယ်၍ ရုပ်ဆိုးပြီး ဝတုတ်နေသူတစ်ယောက်သာ ဆိုရင်တော့ ပိုက်ဆံပဲ သုံးဖို့ ဖူယဲ့ အကြံပြုချေလိမ့်မည်။ သူ ဒီလို ရဲရဲဝံ့ဝံ့ လုပ်ရဲတာက စနစ်ကြောင့် သူ့ရဲ့ ရုပ်ရည်နဲ့ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိနေလို့ပင်။
အကယ်၍ စောင်းတီးတာပဲ တတ်တဲ့ တခြားကျောင်းသားတစ်ယောက်သာ ထန်ယွဲ့ဟွာကို ဒီလို လာရှုပ်ရင် အစောင့်တွေရဲ့ လက်ထဲက လှံတွေ၊ တုတ်တွေနဲ့ အဆော်ခံရမှာ သေချာသည်။ ထန်ယွဲ့ဟွာက ဝိညာဉ်စွမ်းအား နည်းပေမဲ့ သူမက ကောင်းကင်ဒိုအင်ပါယာရဲ့ အထူးဧည့်သည်တော် ဖြစ်သလို ကမ္ဘာ့နံပါတ်တစ် ဂိုဏ်းကြီးရဲ့ သမီးလည်း ဖြစ်သည်။
နေဝင်ရိုးရီ အချိန်သို့ ရောက်လာသောအခါ ဖူယဲ့ ပြန်ဖို့ အချိန်တန်ပြီဟု ခံစားလိုက်ရသည်။ သို့သော် မပြန်ခင်မှာ သူ့ရဲ့ ဆရာမချောလေး ထန်ယွဲ့ဟွာကို စနောက်ရန် ဆုံးဖြတ်လိုက်သည်။
"ဖူယဲ့... ဒါနဲ့ မင်းရဲ့ အစစ်အမှန် စွမ်းအားက ဘယ်လောက်လဲ"
ထန်ယွဲ့ဟွာရဲ့ ပါးပြင်လေးတွေ နီရဲနေသည်။ သူမ တစ်ခါမှ ယောက်ျားလေးတစ်ယောက်နဲ့ ဒီလို ထူးဆန်းတဲ့ ခံစားချက်မျိုး မရှိခဲ့ဖူးဘဲ မသိလိုက်ခင်မှာပဲ သူနဲ့အတူ ဒီလောက်အကြာကြီး စကားပြောဖြစ်ခဲ့သည်။
"အစ်မယွဲ့ဟွာ... ယောက်ျားတစ်ယောက်ကို ဝိညာဉ်စွမ်းအားအကြောင်း မေးတာ ဒီလိုမျိုးလား"
ဖူယဲ့ရဲ့ စကားကြောင့် ထန်ယွဲ့ဟွာက စိတ်ကောက်သွားဟန်ဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ သို့သော် ဖူယဲ့က ဘယ်သူလဲ။ သူက သူမကို ပွေ့ဖက်ထားပြီးသား ဖြစ်ရာ သူမမျက်နှာကို အလွတ်ပေးမည် မဟုတ်ချေ။
သူမပုခုံးပေါ် တင်ထားတဲ့ ဘယ်ဘက်လက်ဖြင့် သူမရဲ့ မေးစေ့လေးကို အသာဆွဲကာ နီရဲနေတဲ့ မျက်နှာလေးကို သူ့ဘက်သို့ လှည့်လိုက်သည်။
ဖူယဲ့ရဲ့ မျက်နှာက တဖြည်းဖြည်း နီးကပ်လာတာကို မြင်တော့ ထန်ယွဲ့ဟွာရဲ့ ရင်တွေ တဒိန်းဒိန်း ခုန်လာခဲ့သည်။ သူမရဲ့ စိတ်ထဲမှာ လူသားလေးနှစ်ယောက် အပြင်းအထန် တိုက်ပွဲဖြစ်နေသလို ခံစားလိုက်ရသည်။
လူဖြူလေးက "မဖြစ်ဘူး... မင်းက သူ့ထက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်ကြီးတာလေ။ ဒါက မသင့်တော်ဘူး"
လူမည်းလေးက "ဘာလို့ မဖြစ်ရမှာလဲ။ ရှစ်နှစ်ငယ်တော့ ဘာဖြစ်လဲ။ မောင်လေးတွေနဲ့လည်း အချစ်ခရီး လျှောက်လို့ရတာပဲ"
လူဖြူလေးက "ဒါပေမဲ့..."
လူမည်းလေးက "ဒါပေမဲ့ ဘာဖြစ်လဲ။ ငါက အချစ်ကို လိုချင်တာ။ ဘာတွေ လာဟန်ဆောင်နေတာလဲ... သွား... အပြင်ကနေ တံခါးပိတ်ထားလိုက်"
ထန်ယွဲ့ဟွာရဲ့ လှပတဲ့ မျက်နှာလေးက နီမြန်းနေပြီး မျက်လုံးအစုံကို တင်းတင်းကြပ်ကြပ် မှိတ်ထားမိသည်။ သူမက ငယ်စဉ်ကတည်းက တင်းကြပ်တဲ့ ဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့ရတာကြောင့် တစ်စုံတစ်ယောက်ကို ချစ်ရတဲ့ ခံစားချက်ကို မသိခဲ့ပေ။
သူမ အလေးစားရဆုံးလူက သူမရဲ့ အစ်ကို ထန်ဟောက် ဖြစ်ပြီး သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းထဲမှာ အသန်မာဆုံး ဝိညာဉ်ဆရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူမက တခြား ယောက်ျားလေးတွေကို စိတ်မဝင်စားခဲ့ချေ။
လမင်းမျှော်စင်ကို ဖွင့်လှစ်ပြီးနောက်ပိုင်း သူမက မိမိကိုယ်ကိုယ် ပိုမိုတင်းကြပ်ခဲ့သည်။ အားကိုးရမယ့်သူကို ရှာဖွေချင်ပေမဲ့ သူမ သဘောကျတဲ့သူနဲ့ တစ်ခါမှ မဆုံခဲ့ဖူးချေ။
"အစ်မယွဲ့ဟွာ... ဘာလို့ မျက်လုံးတွေ မှိတ်ထားတာလဲ။ ငါက မင်းပါးပေါ်က ဆံပင်လေးကို ဖယ်ပေးမလို့ဟာကို"
[ထန်ယွဲ့ဟွာ - ရင်းနှီးမှုအဆင့် ၆၉%]