အခန်း (၉၉) ပါလတ်ဘုရင့်နိုင်ငံသို့ ထွက်ခွာခြင်း
လုချန်သည် အားယင်း နှင့်အတူ သူတော်စင်ဝိညာဉ် ရွာသို့ ပြန်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်၏။
သူ ထွက်ခွာသွားစဉ်က ရို့စ်က သူ့ကို ညစာ စားရန် စောစော ပြန်လာခဲ့ပါဟု မှာကြားထားသည်ကို သတိရလိုက်သဖြင့် အားယင်း နှင့်အတူ အိမ်သို့ အမြန် လျှောက်လှမ်းလာခဲ့ကြသည်။ အိမ်မရောက်မီပင် သူတို့၏ ခြံဝင်းထဲတွင် ရွာသားများ ပြည့်နှက်နေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရလေသည်။
ရွာသားများ လက်ထဲတွင် ဆားငါး၊ အသားခြောက်၊ ကြက်၊ ကြက်ဥ၊ ဆန်၊ ခေါက်ဆွဲ နှင့် သစ်သီးများ စသည့် ဒေသထွက် ပစ္စည်းအမျိုးမျိုးကို ကိုင်ဆောင်ထားခဲ့ကြသည်။ သူတို့က လက်ဆောင်လာပေးကြသူများဖြစ်ပြီး လုချန်မှာ ဝိညာဉ်အကြီးအကဲတစ်ယောက် ဖြစ်သည်ဟူသော သတင်းမှာ ရွာတစ်ရွာလုံး ပျံ့နှံ့နေပြီဖြစ်သည်။
ထိုအချိန်တွင် မျက်စိရှင်သူ တစ်ယောက်က လုချန် ပြန်လာသည်ကို မြင်လိုက်ရပြီး “ကြည့်စမ်း... ရှောင်ချန် ပြန်ရောက်လာပြီ” ဟု အော်လိုက်လေသည်။
ထိုစကား တစ်ခွန်းကြောင့် ခြံဝင်းထဲရှိ ရွာသားများ အားလုံးသည် လုချန်ဆီသို့ လှည့်ကြည့်လာကြပြီး သူတို့၏ မျက်လုံးများတွင် တပ်မက်မှုများဖြင့် ပြည့်နှက်နေကာ လုချန်ကိုပင် အရည်ပျော်သွားစေမည့်အလား စိုက်ကြည့်လိုက်ကြသည်။ ရွာသားများက ခြံဝင်းထဲမှ ပြေးထွက်လာကာ လုချန်ကို ဝိုင်းရံပြီး နှုတ်ဆက်ကြသည်။ လူအုပ်ကြီးက များပြားပြီး ဆူညံနေသဖြင့် အခြေအနေမှာ အတော်လေး ရှုပ်ထွေးနေလေသည်။
လုချန်သည် အသံဗလံများကြောင့် ခေါင်းကိုက်လာသဖြင့် အခြား ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို လည်ချောင်းဆီသို့ ပို့လွှတ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“ဦးလေးတို့၊ အဒေါ်တို့... အလျင်စလို လုပ်စရာ မလိုပါဘူး။ ကျွန်တော် အခုလေးတင် ပြန်ရောက်တာပါ၊ ချက်ချင်း ထွက်သွားမှာ မဟုတ်ပါဘူး။ တစ်ခုခု ရှိရင် ဖြည်းဖြည်းချင်း တိုင်ပင်ကြတာပေါ့။ ကျွန်တော် မိဘတွေဆီ သွားပြောနိုင်အောင် လမ်းဖယ်ပေးကြပါဦး”
ဝိညာဉ်စွမ်းအား၏ ပံ့ပိုးမှုကြောင့် လုချန်၏ အသံမှာ အလွန် ကျယ်လောင်နေပြီး ထိုနေရာတွင် ရှိနေသူ အားလုံး၏ အသံများကို ဖုံးလွှမ်းသွားခဲ့သည်။ လုချန် စကားပြောပြီးသည်နှင့် အားလုံး တိတ်ဆိတ်သွားကြရသည်။
သူတို့၏ အကြည့်များတွင် လေးစားမှုများ ပါဝင်လာခေသည်။ လူအုပ်ကြီးမှာလည်း လမ်းချက်ချင်း ဖယ်ပေးလိုက်ကြ၏။
အခွင့်ကောင်းယူ၍ လုချန်သည် အားယင်းကို ခေါ်ကာ သူ၏ ခြံဝင်းထဲသို့ ဝင်သွားလိုက်လေသည်။
လုချန် ပြန်ရောက်လာသည်ကို မြင်သောအခါ လုအန်း နှင့် ရို့စ်တို့သည် ပျော်ရွှင်နေခဲ့ကြသည်။ သူတို့၏ သားမှာ အားလုံးက လေးစားရသော ဝိညာဉ်သခင်ဖြစ်လာသည့်အတွက် အလွန် ဂုဏ်ယူနေလေကြသည်။
လုအန်းက လက်ကို ပွတ်သပ်ကာ လုချန် ကို မေးလိုက်၏။
“ရှောင်ချန်... မင်းအမေနဲ့ ရွာသူကြီး... ပြီးတော့ ငါတို့အားလုံး မင်းကြောင့် လူငယ်ဘဝကို ပြန်ရသွားပြီဆိုတာ သိလိုက်ရတယ်။ ဒီမှာ ရှိတဲ့သူတွေအားလုံးက မင်းနဲ့ ရင်းနှီးတဲ့သူတွေချည်းပဲ... အားလုံးက လက်ဆောင်တွေ ယူလာကြတယ်။ ကြည့်စမ်း... အိမ်နဲ့ ခြံထဲမှာ အစားအသောက်တွေ ပုံနေတာပဲ။ ဒါတွေကို လက်ခံရမလား... ဘယ်လို လုပ်ရမလဲ”
လုချန် ပြုံးကာ ခေါင်းညိတ်လိုက်၏။
“အဖေ... သား သဘောတူပါတယ်။ ရွာက လူကြီးတွေကို ပြင်ဆင်ထားခိုင်းလိုက်ပါ။ ကျွန်တော် သူတို့ကို ဝိညာဉ်စွမ်းရည် သုံးပေးမယ်”
တူညီသော ရွာကလူတွေ ဖြစ်သဖြင့် ငြင်းပယ်လိုက်လျှင် မိဘများ အရှက်ကွဲမည်ကို သူ မလိုလားချေ။ လုချန်သည် ရွာသား တစ်ဦးစီတိုင်းကို ငွေပြာ သန့်စင်ခြင်း တစ်ကြိမ်စီ ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်၏။ သက်စောင့် မျိုးစေ့၏ စွမ်းအားကိုမူ သူ၏ မိဘများနှင့် ဂျက်အိုကြီးအတွက်သာ ချန်ထားရန် စီစဉ်ထားလေသည်။
ထိုအချိန်တွင် ရို့စ်က လုချန်၏ နောက်တွင် ရှိနေသော အားယင်းကို ကြည့်ကာ အံ့သြစွာ မေးလိုက်၏။
“ရှောင်ချန်... ဒီကောင်မလေးက ဘယ်သူလဲ။ မင်း ပြန်လာတုန်းက မတွေ့ပါလား။ ခဏလောက်ပဲ ကြာသေးတယ်... ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ”
လုချန် ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။
“အဖေ၊ အမေ... သူမ နာမည်က လန်... လန်ပါ။ ဒီနေ့ နေ့လယ်က မြို့ထဲသွားပြီး ရှာလာတာပါ။ သူလည်း ဝိညာဉ်သခင်မို့လို့ အဖေတို့ အမေတို့ကို ပြုစုစောင့်ရှောက်ဖို့၊ ကျန်းမာရေး ဂရုစိုက်ပေးဖို့ နဲ့ နေ့စဉ် ဘဝကို တာဝန်ယူပေးဖို့ ခေါ်လာတာပါ”
“သား အိမ်နဲ့ ဝေးနေတာ သုံးနှစ်ရှိပြီ... ပြန်ရောက်လာတော့ အဖေတို့ အမေတို့ ဆယ်နှစ်လောက် အိုမင်းသွားသလိုပဲ။ အဲဒီလို ထပ်ဖြစ်တာကို သား မမြင်ချင်ဘူး။ လန်က အိမ်မှာရှိနေရင် သား အပြင်မှာ စွန့်စားရတာ ပိုစိတ်ချရမှာ”
လုချန်၏ စကားကို ကြားသောအခါ လုအန်း နှင့် ရို့စ် တို့မှာ မယုံနိုင်စရာ ဖြစ်သွားကြရသည်။ သာမန် ရွာသားများ ဖြစ်ကြသော သူတို့အနေဖြင့် ဝိညာဉ်သခင်တစ်ဦးက သူတို့ကို ပြုစုစောင့်ရှောက်ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ကြပေ။
အားယင်းကမူ လုချန်၏ အမိန့်ကိုသာ လိုက်နာနေသူ ဖြစ်သဖြင့် တစ်စုံတစ်ရာ မငြင်းဆန်ချေ။ သူမ ရှေ့တိုးလာကာ လုချန်၏ မိဘများကို ရိုသေစွာ ဦးညွှတ်လိုက်၏။
“သခင်၊ သခင်မ”
အားယဉ်၏ အခေါ်အဝေါ်ကြောင့် လုအန်း နှင့် ရို့စ်တို့မှာ အိပ်မက် မက်နေသကဲ့သို့ ခံစားလိုက်ကြရသည်။
ထို့နောက် ရို့စ်က အားယင်း၏ ခြေဗလာကို မြင်လိုက်ရလေသည်။
“အလန်... အမေ့နောက်ကို အမြန်လိုက်ခဲ့... အမေ ဖိနပ် ရှာပေးမယ်” ဟု ပြောကာ အားယင်းကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
လုချန်သည် အားယင်း ကို အိမ်တွင် ထားခဲ့နိုင်ပြီ ဖြစ်သဖြင့် အပြင်လောကသို့ စိတ်ချလက်ချ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။ ထို့နောက် သူသည် ရွာသားများ ဆီသို့ လှည့်ပြီး ပြောလိုက်၏။
“ဦးလေးတို့... ကျွန်တော် ဝိညာဉ်စွမ်းရည် သုံးတော့မယ်။ ဘာဖြစ်ဖြစ် မကြောက်ပါနဲ့”
သူသည် ဝိညာဉ်ကို ဆင့်ခေါ်ကာ အသွင်ဖျောက်ထားသော ဝိညာဉ်ကွင်းသုံးခုဖြင့် ငွေပြာနွယ်ပင် ရာနှင့်ချီကို ဖြန့်ကျက်လိုက်ပြီး ရွာသားတိုင်းကို ချည်နှောင်ကာ ငွေပြာ သန့်စင်ခြင်း ကို ပြုလုပ်ပေးလိုက်၏။
အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရွာသားများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူတို့၏ အိုမင်းရင့်ရော်မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် ရောဂါများကို ဖယ်ရှားပေးလိုက်လေသည်။ ရွာသားများ အားလုံးမှာ ဆယ်နှစ်ကျော် ပိုငယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ နာကျင်မှုများ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက လုချန် အပေါ် ပိုမို လေးစားသမှု ဖြစ်စေခဲ့သည်။
ရွာသားများ ပြန်သွားကြပြီးနောက် လုချန်သည် မိဘများနှင့်အတူ သုံးရက်ကြာ နေထိုင်ကာ အနားယူခဲ့သည်။ သုံးရက်မြောက်နေ့တွင် လုချန်သည် ထပ်မံ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
သူ၏ ခရီးစဉ်မှာ ပါလတ်ဘုရင့်နိုင်ငံသို့ပင်။ ပါလတ် ဘုရင့်နိုင်ငံသည် ကောင်းကင် အင်ပါယာ လက်အောက်ခံနိုင်ငံ လေးခုထဲမှ တစ်ခုဖြစ်ပြီး ထိုနေရာတွင် စိုတိုမြို့တည်ရှိခေသည်။ စိုတိုမြို့၏ ကျေးလက်ဒေသတွင် ရှီလိုင်ခဲ့ အကယ်ဒမီတည်ရှိသည်။
လုချန်သည် ထိုနေရာသို့ သွားရန် စီစဉ်ထားခဲ့သည်။ ထန်စန်း နှင့် ရှောင်ဝူတို့ ထိုနေရာတွင် ရှိနေရမည် ဖြစ်သည်။ သူသည် ခြောက်နှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထန်စန်းတို့ ငြိမ်းချမ်းစွာ ပညာသင်နေနိုင်ပါက သူ၏ ကြိုးစားအားထုတ်မှုများ အလဟဿ ဖြစ်သွားပေမည်။