အခန်း (၉၈) အားယင်း ပြန်လည်ရှင်သန်ခြင်း (၂)
တိမ်တိုက်များကဲ့သို့သော အပြာရောင် စွမ်းအင်များက ဂူထဲတွင် ပြည့်နှက်နေပြီး ပိုးသားကဲ့သို့ ချောမွေ့ကာ ပြင်းထန်သော သက်စောင့်စွမ်းအား များကို ထုတ်လွှတ်နေခဲ့၏။
အဝေးမှ ကြည့်လျှင် အိပ်မက်တစ်ခုကဲ့သို့ ခံစားရစေပြီး အေးစက်ကာ စိုစွတ်နေသော ဂူသည် သုခဘုံ တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့လေသည်။
လုချန်သည် ဂူထဲတွင် ရပ်နေပြီး သူ၏ မျက်လုံးများမှာ မှေးမှိန်သော အလင်းတန်း တစ်ခုဖြင့် တောက်ပနေခဲ့၏။ တိမ်များနှင့် မြူခိုးများက သူ၏ အမြင်အာရုံကို မဖုံးကွယ်နိုင်ဘဲ အားယင်းရှိရာ နေရာတွင် အပြာရောင်အလင်းတစ်ခု ဖန်တီးပြီးဖြစ်ကြောင်း မြင်နေခဲ့ရသည်။
သူသည် ဆောင်းဦးရာသီ ရေကဲ့သို့ ကြည်လင်သော အမြင်အာရုံကို ပေးစွမ်းနိုင်သည့် ဆေးပင်ကို စားသုံးထားသဖြင့် ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော အရာအားလုံးကို ထိုးဖောက် မြင်နိုင်စွမ်း ရှိပေသည်။ အပြာရောင်အလင်းထဲတွင် အားယင်းသည် အသွင်ပြောင်းလဲမှုကို ဖြတ်သန်းနေပြီး လူသား ပုံစံသို့ ပြန်လည် ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။
ပြန်လည် ပုံဖော်ထားသော ခန္ဓာကိုယ်က အသက်မဲ့နေသော အရာတစ်ခုကဲ့သို့ နှလုံးခုန်သံ မရှိ၊ သွေးခုန်နှုန်း မရှိဘဲ မည်သည့် အသက်ရှင်ခြင်း လက္ခဏာမျှ မရှိခဲ့ပေ။
သို့သော် အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားသည်နှင့်အမျှ။
တစ်ခဏအတွင်း အားယင်း၏ ဝိညာဉ် နှင့် သူမ၏ ခန္ဓာကိုယ်အသစ်က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့၏။
ဒုတ်...
နက်ရှိုင်းသော ဗုံသံကဲ့သို့ အားကောင်းသော နှလုံးခုန်သံတစ်ခုက အပြာရောင်အလင်းထဲမှ ထွက်ပေါ်လာခဲ့၏။
အားယင်းသည် တကယ်ပင် ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်သည်။
ဒုတ်..ဒုတ်... ဒုတ်..
အားယင်း ပြန်လည် ရှင်သန်လာကတည်းက သူမ၏ နှလုံးခုန်သံမှာ အဆက်မပြတ် မြည်ဟီးနေခဲ့သည်။ နှလုံးတစ်ချက် ခုန်လိုက်တိုင်း အပြာရောင်အလင်းသည် ပြင်းထန်စွာ တုန်ယင်သွားပြီး သက်စောင့်စွမ်းအား အများအပြားကို ဝါးမျိုလေတော့သည်။
တစ်ချိန်က ဂူထဲတွင် ပြည့်နှက်နေခဲ့သော ထူထပ်သည့် အပြာရောင် သက်စောင့်စွမ်းအားများမှာ ယခုအခါ သိသိသာသာ ပါးလွှာလာခဲ့လေသည်။
လျော့နည်းသွားသော သက်စောင့်စွမ်းအားများကို အပြာရောင်အလင်းက စုပ်ယူသွားခြင်း ဖြစ်သည်။
လုချန်က အပြာရောင်အလင်းကို မျှော်လင့်ချက် ပြည့်ဝသော အကြည့်များဖြင့် ကြည့်လိုက်၏။
“ငွေပြာအင်ပါယာရဲ့ ညာဘက် ခြေထောက်အရိုးကို မင်းဆီ ပြန်ပေးလိုက်တာ တန်ပါတယ်။ ဒါက ငါတို့ကို ရက်အနည်းငယ် သက်သာစေပြီး မင်းကို ပြန်လည်ရှင်သန်ခြင်းရဲ့ နောက်ဆုံး အဆင့်ကို တိုက်ရိုက် ဝင်ရောက်နိုင်စေခဲ့တယ်”
လုချန်၏ မျှော်လင့်ချက် ပြည့်ဝသော အကြည့်များအောက်တွင် အပြာရောင်အလင်းပိုးအိမ်က ဂူထဲရှိ နောက်ဆုံး ကျန်ရစ်နေသော သက်စောင့်စွမ်းအား များကို လျင်မြန်စွာ စုပ်ယူလိုက်၏။
ဂျွတ်.. ဂျွတ်...
တိုးညင်းသော အက်ကွဲသံများနှင့်အတူ အပြာရောင် အလင်းပိုးအိမ်ပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့ခေသည်။ အက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ ယှက်နွှယ်နေခဲ့သည်။
ထို့နောက် နက်ရှိုင်းသော အပြာရောင် အလင်းတန်းတစ်ခုက အက်ကွဲကြောင်းမှတစ်ဆင့် ထွက်ပေါ်လာပြီး မူလက မှောင်မိုက်နေသော ဂူကို လုံးဝ လင်းထိန်သွားစေခဲ့၏။
ဝုန်း..
နောက်ဆုံး ပေါက်ကွဲသံနှင့်အတူ အပြာရောင်ပိုးအိမ်သည် လုံးဝ ကြေမွသွားပြီး ပိုးအိမ်ကျိုးပဲ့သွားသော နေရာမှ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
သူမ၏ ရှည်လျားပြီး နက်မှောင်သော အပြာရောင် ဆံပင်များက ရေတံခွန်ကဲ့သို့ ကျဆင်းနေပြီး ဆံပင်မျှင်များက ပိုးသားကဲ့သို့ ချောမွေ့ကာ တောက်ပနေခဲ့သည်။
ထို ရှည်လျားသော အပြာရောင် ဆံပင်များအောက်တွင် သိမ်မွေ့ပြီး လှပသော ဘဲဥပုံ မျက်နှာလေး ရှိနေလေသည်။ တောက်ပသော ဖီးနစ် မျက်လုံးများ၊ မိုးမခရွက်ကဲ့သို့ မျက်ခုံးများနှင့် ကွေးညွတ်နေသော မျက်ခုံးများက နူးညံ့သိမ်မွေ့ပြီး နုနယ်ကာ သနားစရာကောင်းသော အရည်အသွေးကို ထုတ်လွှတ်နေခဲ့သည်။
ဤ အားယင်းသည် ကာကွယ်ချင်စိတ်ကို ဖြစ်ပေါ်စေသော အရှိန်အဝါမျိုး ရှိနေလေသည်။
ထန်ရှောင် နှင့် ထန်ဟောက် ညီအစ်ကိုတို့ လုံးဝ စွဲလမ်းသွားသည်မှာ အံ့သြစရာ မဟုတ်ချေ။ တူကြီးများကို ကိုင်ဆောင်ထားသော ဤ ရိုင်းစိုင်းကြမ်းတမ်းသည့် လူကြမ်းကြီးများက သူမကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်ခဲ့မည်မှာ သေချာလေသည်။
အားယင်း၏ သေးသွယ်ပြီး လှပသော နှာခေါင်းအောက်တွင် စကားလုံးများကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေသည့် ချယ်ရီသီးကဲ့သို့ သေးငယ်သော ပါးစပ်လေး ရှိသည်။ ဤအချိန်တွင် သူမသည် နှုတ်ခမ်းကို အနည်းငယ် ဟကာ ပြောလိုက်၏။
“သခင်..”
နွေဦးလေကဲ့သို့ နူးညံ့သိမ်မွေ့သော ထိုအသံသည် လန်းဆန်းပြီး ကြည်နူးစရာ ကောင်းလှ၏။
အဓိက အချက်မှာ အားယင်းသည် ယခုအခါ လုံးဝ ကိုယ်လုံးတီး ဖြစ်နေခြင်းပင်။
ဒါက တကယ့် မြင်ကွင်းကောင်lပဲ....
လုချန် အသက်ရှူမှားသွားပြီးနောက် လျင်မြန်စွာ အကြည့်လွှဲလိုက်၏။ ဆက်ကြည့်နေပါက သူ့ကိုယ်သူ ထိန်းချုပ်နိုင်မည် မဟုတ်သောကြောင့်ပင်။
လုချန်သည် သူ၏ လက်ကောက်ဝတ်ရှိ ငွေလက်ကောက် သိုလှောင် ဝိညာဉ်ကိရိယာထဲမှ အမျိုးသမီး ဝတ်စုံတစ်စုံကို ထုတ်ကာ အားယင်း ဆီသို့ ပစ်ပေးလိုက်၏။
“အခု အဝတ်အစား ဝတ်လိုက်.. ခဏနေရင် ငါ မင်းကို အပြင်ခေါ်သွားမယ်။ မင်းကို ပြန်လည် ရှင်သန်စေခဲ့တာက ငါ့အတွက် အရေးကြီးတဲ့ တာဝန် တစ်ခုကို ထမ်းဆောင်ပေးဖို့ပဲ”
“မင်းကို သူတော်စင်ဝိညာဉ်ရွာကို ခေါ်သွားမယ်။ မင်းက ငွေပြာနယ်ပယ်ရဲ့ အသွင်ဖျောက်နိုင်စွမ်းကို သုံးပြီး မင်းရဲ့ အသွင်အပြင်ကို ပြောင်းလဲပြီး ရွာသူလေး တစ်ယောက်လို ဟန်ဆောင်ရမယ်။ အခုကစပြီး မင်းက ငါ့အိမ်မှာ နေပြီး ငါ့ မိဘတွေကို ပြုစုစောင့်ရှောက်ပေးရမယ်”
“အကယ်လို့ ဝိညာဉ်သခင်တွေက ပြဿနာ လာရှာရင် မင်း ဖြေရှင်းနိုင်ရင် ဖြေရှင်းလိုက်... မဖြေရှင်းနိုင်ရင် ငါ့ မိဘတွေနဲ့ ဂျက်အိုကြီးကို ခေါ်ပြီး သူတော်စင် ဝိညာဉ်ရွာကနေ ချက်ချင်း ထွက်သွား။ သူတို့ ထိခိုက်ဒဏ်ရာရတာကို လုံးဝ အဖြစ်ခံလို့ မရဘူး”
စကားပြောရင်း လုချန်က သူ၏ လက်ဖဝါးကို မြှောက်လိုက်ရာ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးအထက်တွင် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
ပုံရိပ်များ စုစည်းသွားကာ လူသုံးဦး၏ ပုံရိပ်များကို ဖန်တီးလိုက်၏။ သူ၏ ဖခင်၊ မိခင် နှင့် ရွာမှ ဂျက်အိုကြီး တို့၏ ပုံရိပ်များပင်။
အဝတ်အစား ဝတ်နေသော အားယင်းသည် မော့ကြည့်ကာ လူသုံးဦး၏ ပုံရိပ်များကို မှတ်သားလိုက်၏။ ထို့နောက် သူမက နူးညံ့သော်လည်း ပြတ်သားသော အသံဖြင့် ပြောလိုက်ခေသည်။
“စိတ်ချပါ သခင်.. အားယင်း နားလည်ပါပြီ”
ယင်းကို ကြားသောအခါ လုချန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပတ်ပတ်လည်ကို ကြည့်ကာ ဂူထဲရှိ သူနှင့် အားယင်း အကြောင်း သတင်းအချက်အလက် အားလုံးကို ဖျက်ဆီးရန် ငွေပြာနယ်ပယ်ကို အသုံးပြုလိုက်လေသည်။ သို့မှသာ ထန်ဟောက် ပြန်လာသောအခါ မည်သည့် မှားယွင်းမှုမျှ မတွေ့ရှိနိုင်မည် ဖြစ်သည်။
သူက စိတ်ထဲမှ တွေးလိုက်၏။
‘ထန်ဟောက်က အပြင်ကနေ ပြန်လာပြီး အားယင်း ပျောက်နေတာကို တွေ့ရင် သူ အရူးတစ်ယောက်လို လိုက်ရှာတော့မှာပဲ။ သူ့ကို ရည်ရွယ်ချက် မရှိဘဲ လျှောက်သွားနေခွင့် ပေးမယ့်အစား သူ့အတွက် ရန်သူ တစ်ယောက် ဖန်တီးပေးလိုက်တာက ပိုကောင်းမယ်’
‘ပီပီတုန်က ငါ့ကို လူအသွင်ပြောင်း ဝိညာဉ်သားရဲလို့ အသရေဖျက်နေပြီး ဝိညာဉ်နန်းတော်ကလည်း ငါ့ကို နေရာအနှံ့ အမဲလိုက်နေတုန်းပဲ။ ပီပီတုန် နဲ့ ထန်ဟောက်နှစ်ယောက်စလုံးက ငါ့ရဲ့ ရန်သူတွေပဲ ဆိုတော့ သူတို့ကို ခွေးတွေလို အချင်းချင်း ကိုက်ခိုင်းလိုက်တာပေါ့’
ထန်ဟောက်က ပီပီတုန်ကို ဒဏ်ရာရအောင် လုပ်သည်ဖြစ်စေ၊ ပီပီတုန်က ထန်ဟောက်ကို ဒဏ်ရာရအောင် လုပ်သည်ဖြစ်စေ သူကတော့ ဒီဟာသကို ကြည့်ပြီး ပျော်နေမှာပင်။
ယင်းကို တွေးမိသောအခါ လုချန်သည် ဂူထဲရှိ ကျောက်နံရံဆီသို့ လျှောက်သွားကာ ညာလက်ကို မြှောက်ပြီး လက်ညှိုးကို ဆန့်ထုတ်လိုက်၏။ သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ၎င်းကို စိန်ကဲ့သို့ မာကျောသွားစေရန် ပြုလုပ်လိုက်ခေသည်။
ထို့နောက် သူသည် လက်ညှိုးကို စုတ်တံအဖြစ် အသုံးပြု၍ ကျောက်နံရံပေါ်တွင် စာရေးလိုက်ရာ ကလစ်ခနဲ အသံများနှင့်အတူ ကျောက်စအစအနများ လွင့်စင်လာပြီး မြေပြင်ပေါ်သို့ အမှုန့်များ ကျဆင်းလာခဲ့သည်။
မင်းတို့ ငါ့ဆရာကို သတ်ခဲ့တုန်းက ဒီနေ့မျိုး ရောက်လာမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးရဲ့လား။
အချိန်တိုအတွင်း လုချန်သည် စာလုံးကြီး ဆယ့်နှစ်လုံးကို ရေးလိုက်ခေသည်။ စာလုံးတိုင်းမှာ အပြစ်အနာအဆာကင်းစွာ ဖြောင့်တန်းနေပြီး စုတ်ချက်များ မပါဝင်ပေ။ လက်ရေးကို ကြည့်ရုံဖြင့် မည်သူရေးသည်ကို သိနိုင်ရန် မဖြစ်နိုင်ပေ။
ဤ စာလုံးကြီး ဆယ့်နှစ်လုံးက မည်သူ့ကိုမျှ အတိအလင်း ရည်ညွှန်းခြင်း မရှိသော်လည်း အဓိက အချက်မှာ ဆရာဟူသော စကားလုံးတွင် ရှိနေခဲ့သည်။
ထန်ဟောက်သည် သူ၏ တစ်သက်တာတွင် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သော်လည်း တစ်စုံတစ်ယောက်၏ ဆရာကို အမည်တပ်ခိုင်းပါက သူဟာ အဖြေကို ချက်ချင်း သိလိမ့်မည်။
ထို့နောက် သူက ပီပီတုန်ကို ပြဿနာရှာရန် ဝိညာဉ်နန်းတော်သို့ သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထန်ဟောက်ကိုယ်တိုင်ပင် ပီပီတုန်၏ ဆရာဖြစ်သူ ချန်းရွှင်ကျီသည် သူ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားသည်ဟု ယုံကြည်နေသောကြောင့် ဖြစ်သည်။
လုချန်သည် သူ၏ လက်ရာကို ကျေနပ်စွာ ကြည့်လိုက်၏။
ဤအချိန်တွင် အားယင်းသည်လည်း အဝတ်အစား ဝတ်ဆင်ပြီးစီးသွားပြီး လုချန်၏ နောက်တွင် ခြေဗလာဖြင့် တိတ်တဆိတ် လျှောက်လာခဲ့သည်။
သူမက လုချန်၏ ကျောပြင်ကို မော့ကြည့်လိုက်၏။
အလွန် လှပလွန်းလှသော ထိုမျက်နှာလေးပေါ်တွင် မျက်စိမှိတ် အညံ့ခံမှုနှင့် နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ရှိနေခဲ့သည်။ အားယင်းက ညင်သာစွာ ပြောလိုက်၏။
“သခင်... ကျွန်မ အဝတ်အစား ဝတ်ပြီးပါပြီ..”
လုချန် လှည့်ကာ အားယင်းကို အပေါ်အောက် ကြည့်လိုက်ပြီးနောက် အားယင်းတွင် ဖိနပ် မပါသည်ကို သတိပြုမိသွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“လောလောဆယ် မင်းနဲ့ တော်မယ့် ဖိနပ် ငါ့ဆီမှာ မရှိဘူး။ အရင်ဆုံး မင်းရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ အသွင်အပြင်ကို အသွင်ဖျောက်လိုက်ပါ။ အခု ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ်... ပြီးရင် မင်းနဲ့ တော်မယ့် ဖိနပ် တချို့ ရှာပေးမယ်”
အားယင်းသည် ကိုယ်ပိုင် ဆန္ဒ မရှိတော့သည့်အလား နာခံစွာဖြင့် ခေါင်းညိတ်လိုက်၏။
လုချန် ပြောသမျှကို သူမ လုပ်ဆောင်ခဲ့လေသည်။
လုချန်က သူမ၏ ခန္ဓာကိုယ် ပုံစံနှင့် အသွင်အပြင်ကို အသွင်ဖျောက်ရန် ပြောသဖြင့် သူမသည် ငွေပြာနယ်ပယ်ကို အသက်သွင်းပြီး သူမကိုယ်သူမ အသွင်ဖျောက်ရန် ၎င်း၏ အသွင်ဖျောက်နိုင်စွမ်း ကို အသုံးပြုလိုက်သည်။
မြူခိုးများ ဖုံးလွှမ်းသွားပြီးနောက် သူမ၏ ရှည်လျားသော အပြာရောင်ဆံပင်များက အမြစ်မှ အဖျားအထိ အညိုရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
သူမ၏ တစ်ချိန်က အလွန် လှပလွန်းလှသော မျက်နှာလေးကလည်း ဖြူဝင်းနေရာမှ ဂျုံရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ ပါးပြင်ပေါ်တွင် တင်းတိပ်များ ပေါ်လာခဲ့၏။ သူမ၏ တစ်ချိန်က ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူမ၏ ရင်သားများနှင့် တင်ပါးများမှာ သေးငယ်သွားခဲ့လေသည်။
အားယင်း၏ အသွင်ဖျောက်ထားသော ပုံစံက အရင်ကနှင့် လုံးဝ ကွာခြားသွားခဲ့သည်။ သူမကို ချောမောသည်ဟု ဖော်ပြနိုင်သော်လည်း လူများ၏ အာရုံစိုက်မှုကို အများကြီး ဆွဲဆောင်နိုင်မည် မဟုတ်တော့ပေ။
လုချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
သူက အားယင်းကို သူ၏ မိဘများအား ကာကွယ်ပေးစေလိုသော်လည်း အားယင်း၏ အသွင်အပြင်ကြောင့် မလိုအပ်သော ပြဿနာများ ဖြစ်လာမည်ကို မလိုလားချေ။
“ကောင်းပြီ... ငါ့နောက် လိုက်ခဲ့”
စကားပြောပြီးသည်နှင့် လုချန်သည် အားယင်းကို ဖမ်းဆွဲကာ ဂူထဲမှ ပျံသန်းထွက်ခွာသွားပြီး တောင်ကြားထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။