အခန်း (၉၅) ချမ်းသာကြွယ်ဝစွာ အိမ်ပြန်လာခြင်း
သူတော်စင်ဝိညာဉ်ရွာ၊ လုချန်၏ အိမ်။
လုချန်၏ တိုက်တွန်းမှုကြောင့် လုအန်း နှင့် ရို့စ် တို့သည် သူတို့၏ အဝတ်အစားသစ်များနှင့် လက်ဝတ်ရတနာများကို ပျော်ရွှင်စွာ ဝတ်ဆင်ကြည့်နေခဲ့ကြသည်။
လုချန်က သူတို့ကို ပေးသည်ဟူသော အတွေးက သူတို့ကို ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားစေလေသည်။
ထိုအချိန်တွင် သတင်းကို ကြားပြီးနောက် ဂျက်အိုကြီး သည် သူတို့၏ ခြံဝင်းထဲသို့ အလျင်စလို ဝင်လာခဲ့သည်။ သူ၏ အသံမှာ အံ့သြမှုနှင့် ပျော်ရွှင်မှုတို့ ရောနှောနေပြီး လွင့်ပျံလာခဲ့၏။
“ရှောင်ချန်... အဲဒါ မင်းလား။ ရွာထဲကို အရပ်ရှည်ရှည်၊ သန်သန်မာမာ လူငယ် တစ်ယောက် ဝင်လာပြီး လုအန်း နဲ့ ရို့စ်တို့ အိမ်ကို သွားတယ်လို့ ရွာသားတွေ ပြောတာ အခုလေးတင် ငါ ကြားလိုက်တာ”
“ငါ စဉ်းစားကြည့်တော့ အဲဒါ မင်း ပြန်လာတာ ဖြစ်ရမယ် လို့ ထင်လို့”
ဂျက်အိုကြီး၏ အသံကို ကြားသောအခါ လုချန်သည် မိဘများကို နှုတ်ဆက်ပြီးနောက် လှည့်ကာ ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။
လွန်ခဲ့သော သုံးနှစ်ကနှင့် နှိုင်းယှဉ်လျှင် ဂျက်အိုကြီး ၏ ခန္ဓာကိုယ်မှာ ပို၍ပင် ကိုင်းညွတ်သွားသည်ကို မြင်သောအခါ လုချန်က ရှေ့သို့ တိုးသွားပြီး သူ့ကို ထူပေးရင်း ညင်သာစွာ ပြောလိုက်၏။
“ရွာသူကြီး အဘိုး... ကျွန်တော် ပြန်လာပါပြီ။ ကျွန်တော် ပျောက်နေတာ သုံးနှစ်တောင် ရှိပြီဆိုတော့ အဘိုး ကျွန်တော့်ကို စိတ်ပူနေခဲ့မှာ သေချာပါတယ်”
ဂျက်အိုကြီးသည် အရပ်ရှည်ပြီး သန်မာသော လုချန် ကို ကြည့်လိုက်ပြီး သူ၏ ခြေလက် အင်္ဂါများ ချို့ယွင်းနေခြင်း မရှိသည်ကို မြင်သောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ မျက်လုံးများက စူးစမ်းလိုစိတ်များဖြင့် တောက်ပလာပြီး မေးလိုက်လေသည်။
“ရှောင်ချန်... မင်း သေချာပေါက် ဝိညာဉ်သခင် တစ်ယောက် ဖြစ်လာမယ်လို့ ထင်ပြီး အရင်တုန်းက မင်းအပေါ် ငါ မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တာ။ မင်း ဝိညာဉ်သားရဲကို အမဲလိုက်ဖို့ အချိန်အကြာကြီး ထွက်သွားခဲ့တယ်နော်”
“အခု မင်း တကယ့် ဝိညာဉ်သခင်တစ်ယောက် ဖြစ်နေပြီလား။ မင်း ဝိညာဉ်သခင်အဆင့်က ဘယ်အထိ ရောက်သွားပြီလဲ”
ဂျက်အိုကြီး၏ တစ်သက်တာ ဆန္ဒမှာ ရွာမှ နောက်ထပ် ဝိညာဉ်သခင်တစ်ဦး ပေါ်ထွက်လာရန်ပင်။
သူတို့ ရွာကို သူတော်စင်ဝိညာဉ်ရွာလို့ ခေါ်ရတဲ့ အကြောင်းရင်းက ဒီရွာကနေ ဝိညာဉ်သူတော်စင်တစ်ယောက် ပေါ်ထွက်ခဲ့ဖူးလို့ပင်။
ဒီကိစ္စက ဂျက်အိုကြီးရဲ့ ဂုဏ်ယူစရာဖြစ်၏။
အကယ်၍ သူတို့ရွာမှ နောက်ထပ် ဝိညာဉ်သူတော်စင် တစ်ဦး ပေါ်ထွက်လာနိုင်ပါက ဂျက်အိုကြီးသည် သေပျော်ပြီဟု ခံစားရမည် ဖြစ်သည်။
ဂျက်အိုကြီး၏ ပူပြင်းသော အကြည့်များကို ခံစားရပြီး လုချန်သည် ကြိုတင် စီစဉ်ထားသည့်အတိုင်း အစစ်အမှန် အချက်အလက်များကို မထုတ်ဖော်ခဲ့ပေ။
“ကျွန်တော် ဝိညာဉ်သခင်တစ်ယောက် ဖြစ်နေပါပြီ။ ကျွန်တော့် အဆင့်က လောလောဆယ် ဝိညာဉ်အကြီးအကဲပါ”
လုချန်သည် ဝိညာဉ်အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ကြားသောအခါ ဂျက်အိုကြီး သည် ပျော်ရွှင်စွာဖြင့် ပေါင်ကို ရိုက်လိုက်ပြီး လုချန်ကို ပြုံးကာ ချီးကျူးလိုက်၏။
“ဝိညာဉ်အကြီးအကဲ အဆင့်ဆိုတာ နိမ့်တာ မဟုတ်ဘူး ရှောင်ချန်။ မင်း လုပ်နိုင်မယ်ဆိုတာ ငါ သိတယ်။ ထန်ဟောက် မိသားစုက ကောင်လေးက ဝိညာဉ်ဂရမ်းမာစတာပဲ ရှိသေးတယ်လို့ ငါ ကြားတယ်။ မင်းက သူ့ထက်တောင် ပိုသာသေးတယ်”
“ကောင်းလိုက်တာ... ငါ အရမ်း ဝမ်းသာတယ်။ ထန်ဟောက် ပျောက်သွားပြီးတဲ့နောက် ထန်စန်းက ရွာကိုတောင် ပြန်မလာချင်တော့ဘူး။ မင်းက ရွာမှာ မျှော်လင့်ချက် အရှိဆုံး လူပဲလို့ ငါ ထင်တယ်”
ဂျက်အိုကြီး စကားပြောနေစဉ် လုချန်က သူ့ကို အိမ်ထဲသို့ တွဲခေါ်သွားခဲ့သည်။
ထို့နောက် သူက သူ၏ သိုလှောင်ဝိညာဉ်ကိရိယာထဲမှ လက်ဖက်ခြောက် အထုပ်ကြီး တစ်ထုပ်ကို ထုတ်ကာ ဂျက်အိုကြီးကို ပေးရင်း ရှင်းပြလိုက်၏။
“ရွာသူကြီး အဘိုး... ဒါက တိမ်မြူ လက်ဖက်ခြောက် ပါ။ မြို့ကြီးတွေက မှူးမတ်တွေ သောက်ရတာ ကြိုက်တဲ့ လက်ဖက်ခြောက် တစ်မျိုးပေါ့။ အဲဒါက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး ခွန်အား ပြန်လည် ပြည့်ဝစေတယ်”
“ဒါက ဝိညာဉ်သားရဲ တောအုပ်ထဲမှာ ကျွန်တော် ကိုယ်တိုင် ခူးထားတဲ့ လက်ဖက်ရွက်တွေပါ။ ကံမကောင်းစွာနဲ့ ကျွန်တော်က လက်ဖက်ရည် ဖျော်တဲ့ ကျွမ်းကျင်သူ မဟုတ်တော့ ပြုပြင်မှုက သိပ်မကောင်းလို့ လက်ဖက်ခြောက်ရဲ့ အရည်အသွေးကို ကျဆင်းသွားစေတယ်”
“ဒါတွေက အရင်က ကျွန်တော် ခူးထားတာတွေပါ။ ဒီတစ်ခါ ပြန်လာတာ နည်းနည်း အလျင်လိုသွားလို့။ နောက်တစ်ခါ ပြန်လာတဲ့အခါ အကောင်းဆုံး အရည်အသွေးရှိတဲ့ တိမ်မြူ လက်ဖက်ခြောက် တွေကို သေချာပေါက် ဝယ်လာခဲ့ပါ့မယ်”
ဂျက်အိုကြီးသည် လက်ဖက်ခြောက် ထုပ်ကို လက်ထဲတွင် ကိုင်ထားပြီး သူ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် တောက်ပနေခဲ့ရသည်။ လုချန်ကို ကြည့်လေ သူ ပို၍ ကျေနပ်လေပင်။
လုချန် က မသင့်လျော်သော ပြုပြင်မှုကြောင့် ဤ တိမ်မြူ လက်ဖက်ခြောက်၏ အရည်အသွေး ကျဆင်းသွားသည်ဟု ပြောသော်လည်း။
သူသည် ရွာလေးတစ်ရွာမှ ရွာသူကြီးလေး တစ်ဦးသာ ဖြစ်သဖြင့် မှူးမတ်များ နှစ်သက်သော အချိုရည်ဖြစ်သည့် တိမ်မြူလက်ဖက်ခြောက်ကို သောက်ခွင့်ရခြင်းအတွက် သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။
ဂျက်အိုကြီးက လုချန်ကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်၏။
“အဆင်ပြေပါတယ်... ဒီလောက်ဆိုရင်ပဲ အရမ်း ကောင်းနေပါပြီ။ မင်း ကိုယ်တိုင် ခူးထားတဲ့ လက်ဖက်ရွက်တွေက မင်းရဲ့ ရိုးသားမှုကို ပိုတောင် ပြသနေသေးတယ်”
“ဘေးရွာက ရွာသူကြီးတွေသာ ငါ ဒီလို လက်ဖက်ရည်မျိုး သောက်ခွင့်ရတယ်ဆိုတာ ကြားရင် သူတို့ မနာလိုဖြစ်ပြီး မျက်နှာစိမ်းသွားကြမှာပဲ”
ဤအိမ်ပြန်ခရီးမှာ တကယ်ကို အလျင်လိုခဲ့သည်။ မဟုတ်ပါက လုချန်၏ ဘွဲ့ခံတိုလောစွမ်းအားဖြင့် ကောင်းကင်အင်ပါယာ တော်ဝင်မိသားစုသာလျှင် ခံစားခွင့်ရှိသော အဖိုးတန် လက်ဆောင်များကိုပင် သူ ရရှိနိုင်ပေသည်။
သို့သော် သူ့တွင် ဂျက်အိုကြီးကို ပေးရန် ကောင်းသော အရာတစ်ခု ရှိနေသေး၏။
လုချန် ထပ်ပြောလိုက်၏။
“ရွာသူကြီး အဘိုး... ကျွန်တော်က အထောက်အကူပြု ဝိညာဉ်သခင်ပါ။ လူတွေရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်အောင်၊ ဒဏ်ရာတွေကို ကုသပေးအောင်၊ ရောဂါတွေကို ပျောက်ကင်းအောင် ကူညီပေးနိုင်တယ်။ ပြီးတော့ လူတွေ ဒဏ်ရာမရ၊ ဖျားနာမနေရင်တောင် ခန္ဓာကိုယ် သန်မာလာအောင် ကူညီပေးနိုင်သေးတယ်”
“ဒီတိုင်းလေးပဲ ငြိမ်ငြိမ်လေး ရပ်နေနော်။ နောက်မှ တွေ့ရမယ့် အရာတွေအတွက် မအံ့သြနဲ့ဦး”
စကားပြောပြီးသည်နှင့် လုချန်သည် သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်ကို ဆင့်ခေါ်လိုက်ခေသည်။
ထို့နောက် သူ အသွင်ဖျောက်ထားသော ဝိညာဉ်ကွင်းသုံးခုက သူ၏ ခြေဖဝါးအောက်မှ ထွက်ပေါ်လာခဲ့သည်။ အဝါ၊ အဝါ၊ ခရမ်း — အဝါ နှစ်ကွင်းနှင့် ခရမ်း တစ်ကွင်း၊ ဝိညာဉ်ကွင်းဆက် သုံးပါ ဝိညာဉ်အကြီးအကဲ၏ ဖွဲ့စည်းပုံ အတိအကျပင်။
လုချန်သည် အသက် ၁၂ နှစ်အရွယ် ဘွဲ့ခံတိုလော တစ်ဦးဖြစ်ပြီး အလွန် ငယ်ရွယ်လွန်းလှသည်။ သူ၏ မိဘများနှင့် ဂျက်အိုကြီးကို ထိတ်လန့်သွားစေမည်ကို စိုးရိမ်သဖြင့် လောလောဆယ်တွင် သူ့ကိုယ်သူ သိုသိုသိပ်သိပ်နေခြင်းဖြစ်သည်။
လုချန်သည် ဤမျှလောက် သိုသိုသိပ်သိပ် နေခဲ့သော်လည်း ဂျက်အိုကြီးသည် သူ၏ ဝိညာဉ်ကွင်းသုံးခုကို မြင်သောအခါ အံ့သြမသွားဘဲ မနေနိုင်ခဲ့ချေ။
လုချန်၏ ထိန်းချုပ်မှုအောက်တွင် ငွေပြာနွယ်ပင် တစ်ပင်က ဂျက်အိုကြီးကို ရစ်ပတ်သွားပြီး သူ၏ စတုတ္ထ ဝိညာဉ်စွမ်းရည်ဖြစ်သည့် ငွေပြာသန့်စင်ခြင်းကို ချက်ချင်း အသုံးပြုလိုက်၏။
နောက်တစ်ခဏတွင် ငွေပြာနွယ်ပင်များမှ အပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး မြင့်မြတ်ကာ တောက်ပပြီး သက်စောင့်စွမ်းအား များဖြင့် ပြည့်နှက်နေခဲ့သည်။
အပြာရောင် အလင်းတန်းသည် ဂျက်အိုကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ခြေလက်များ၊ အရိုးများနှင့် အတွင်းကလီစာများကို ချက်ချင်း လွှမ်းခြုံသွားကာ တစ်ကိုယ်လုံးကို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်သွားစေသဖြင့် သူ တစ်ရေးလောက် အိပ်ချင်လာသည်အထိပင်။
ငွေပြာ သန့်စင်ခြင်းသည် ပုံမှန်မဟုတ်သော အခြေအနေများကို ဖယ်ရှားပေးနိုင်လေသည်။ အသက်အရွယ် ကြီးရင့်မှု၊ အလုပ်ဒဏ် ပိမှုနှင့် နှစ်များတစ်လျှောက် ဖျားနာမှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာသော ဂျက်အိုကြီး၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုများကို လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာစေခဲ့သည်။
ခဏအကြာတွင် ဂျက်အိုကြီးသည် ဆယ်နှစ်ကျော်လောက် ပိုငယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက လုချန် ကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး လက်မထောင်ကာ အကြိမ်ကြိမ် ချီးကျူးလိုက်လေသည်။
‘ဝိညာဉ်သခင်ဆိုတာ ဝိညာဉ်သခင်ပါပဲ။ ဒီနည်းလမ်းက တကယ်ကို အံ့သြစရာကောင်းတာပဲ..’
လုချန်က အနည်းငယ် ပြုံးလိုက်ပြီး သက်စောင့် မျိုးစေ့၏ စွမ်းအားကို အသုံးပြု၍ သက်စောင့်စွမ်းအားများကို ဂျက်အိုကြီး၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးကာ သူ့ကို တကယ်ပင် လူငယ်ဘဝသို့ ပြန်လည် ရောက်ရှိစေရန် ကြိုးစားလိုက်ခေသည်။
ထို့နောက် ဂျက်အိုကြီးသည် သူ၏ လူငယ်ဘဝကို သိသိသာသာ ပြန်လည် ရရှိသွားလေသည်။ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပျောက်ကွယ်သွားပြီး ဖြူနေသော ဆံပင်များက လျင်မြန်စွာ အနက်ရောင် ပြောင်းသွားကာ ကိုင်းနေသော ကျောက မတ်သွားခဲ့သည်။ သူ ယခုအခါ ဆယ်စုနှစ်များစွာ ပိုငယ်သွားသကဲ့သို့ ဖြစ်နေပြီး သူ၏ အကောင်းဆုံး အချိန်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ငါးမိနစ်ခန့် အကြာတွင် လုချန်သည် ငွေပြာနွယ်ပင် များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဂျက်အိုကြီးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။
“ရွာသူကြီး အဘိုး... အရင်ကနဲ့စာရင် အခု ဘယ်လို ခံစားရလဲ ဆိုတာ ပြောပြလို့ ရမလား”
ဂျက်အိုကြီးက မယုံနိုင်စွာ ကြည့်နေခဲ့သည်။ သူ၏ ကျောနှင့် ခါးတို့ နာကျင်မနေတော့ပေ။ သူက တုတ်ကောက်ကို လွှင့်ပစ်လိုက်ပြီး လက်လှမ်းကာ ပါးကို စမ်းကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပျောက်ကွယ်သွားပြီး အရေပြားများမှာ အများကြီး ချောမွေ့လာခဲ့သည်။
သူ ပါးစပ်ဟသွားပြီး သူ၏ အသံမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဝိညာဉ်သခင်... ဒါက ဝိညာဉ်သခင်တစ်ယောက်ရဲ့ စွမ်းအားလား... ငါ့ရဲ့ လူငယ်ဘဝကို ပြန်ရသွားပြီ... ပြီးတော့ ငါ့မှာ ခွန်အားတွေ အပြည့်အဝ ရှိနေတယ်လို့ ခံစားရတယ်”
“ရှောင်ချန်... ဒါ တကယ်ကို မယုံနိုင်စရာပဲ”
အလွန် ဝမ်းသာသွားသော ဂျက်အိုကြီးသည် လုချန် ပေးခဲ့သော တိမ်မြူ လက်ဖက်ခြောက်ကို ယူကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့ခေသည်။ သူ ပြန်သွားပြီး သူ အခု ဘယ်လို ပုံစံ ဖြစ်နေလဲ ဆိုတာကို မှန်ထဲမှာ သွားကြည့်ချင်နေခဲ့သည်။
ဂျက်အိုကြီး ထွက်သွားသည်ကို ကြည့်ပြီးနောက် လုချန် လှည့်ကြည့်လိုက်ရာ သူ၏ မိဘများကို တွေ့လိုက်ရ၏။
လုအန်း နှင့် ရို့စ် တို့သည် ဂျက်အိုကြီး လူငယ်ဘဝသို့ ပြန်လည် ရောက်ရှိသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
လုချန်က ပြုံးပြီး သူ၏ မိဘများကို ပြောလိုက်သည်။
“အဖေ၊ အမေ... အဖေတို့ အမေတို့ကို လူငယ်ဘဝ ပြန်ရအောင် သား ကူညီပေးမယ်။ သုံးနှစ်ပဲ ရှိသေးပေမဲ့ အဖေတို့ အမေတို့ အများကြီး အိုမင်းသွားကြပြီ။ သားကြောင့် အဖေတို့ အမေတို့ စိတ်ပူခဲ့ရတာပါ”
စကားပြောပြီးသည်နှင့် လုချန် ၏ ထိန်းချုပ်မှုအောက်တွင် နောက်ထပ် ငွေပြာနွယ်ပင်နှစ်ခု ထွက်ပေါ်လာပြီး လုအန်း နှင့် ရို့စ်တို့ကို ဘယ်ညာ အသီးသီး ရစ်ပတ်သွားခဲ့သည်။
ယခင်ကကဲ့သို့ပင် လုချန်သည် ငွေပြာ သန့်စင်ခြင်း ကို အသုံးပြုလိုက်ရာ မြင့်မြတ်မှု၊ အလင်းနှင့် သက်စောင့်စွမ်းအား အရိပ်အယောင်များ ပြည့်နှက်နေသော အပြာရောင် အလင်းတန်းတစ်ခုက လုအန်း နှင့် ရို့စ် တို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူတို့ကို ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် လုချန်သည် သက်စောင့် မျိုးစေ့ ၏ စွမ်းအားကို လှုံ့ဆော်လိုက်ပြီး သက်စောင့်စွမ်းအား များကို လုအန်း နှင့် ရို့စ်တို့၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးကာ သူတို့ကို တကယ်ပင် လူငယ်ဘဝသို့ ပြန်လည် ရောက်ရှိစေပြီး သူတို့၏ အသက် နှစ်ဆယ်ကျော် အရွယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ကူညီပေးခဲ့လေသည်။
ဆယ်မိနစ်ပင် မကြာလိုက်ဘဲ လုအန်း နှင့် ရို့စ် တို့သည် သူတို့၏ လူငယ်ဘဝ အခြေအနေသို့ တကယ်ပင် ပြန်လည် ရောက်ရှိသွားကြောင်း တွေ့ရှိလိုက်ရသောအခါ အံ့သြမှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြရသည်။
လူတစ်ယောက် တာအိုကို ရရှိတဲ့အခါ သူတို့ရဲ့ ကြက်တွေ၊ ခွေးတွေ တောင် ကောင်းကင်ဘုံ ကို ရောက်သွားကြတယ်....
လုချန် ချမ်းသာကြွယ်ဝစွာ မွေးရပ်မြေသို့ ပြန်လည် ရောက်ရှိလာခြင်းကို သူ၏ မိဘများနှင့် သူ့ကို အများကြီး ကူညီပေးခဲ့သော ဂျက်အိုကြီးတို့နှင့် မျှဝေသင့်ပေသည်။