အခန်း (၉၀) မွေးရာပါ ဝိညာဉ်ကွင်း
ချင်ရှီ မြို့နယ်....
ဤသည်မှာ နေဝင်ချိန်တောအုပ်၏ အပြင်ဘက်ရှိ မြို့များစွာထဲမှ တစ်မြို့ ဖြစ်သည်။
တောင်နဲ့ နီးတဲ့သူတွေက တောင်ကို အားကိုးပြီး အသက်မွေးကြသလို ရေနဲ့ နီးတဲ့သူတွေက ရေကို အားကိုးပြီး အသက်မွေးကြလေသည်။
နေဝင်ချိန်တောအုပ်အနီးတွင် တည်ရှိသော ဤမြို့သည် ဝိညာဉ်များကို အမဲလိုက်ရန် နေဝင်ချိန် တောအုပ်သို့ လာရောက်ကြသော ဝိညာဉ်သခင်များအပေါ်တွင် မှီခို အသက်မွေးကြ၏။
မြို့လေးမှာ ဝိညာဉ်သခင်များဖြင့် ပြည့်နှက်နေပြီး အတော်လေး စည်ကားနေခဲ့သည်။ ဝိညာဉ်သခင် များသည် ချမ်းသာသော အုပ်စုတစ်စုဖြစ်ပြီး ဝိညာဉ်သခင်များနှင့် အရောင်းအဝယ်လုပ်ခြင်းက အလွန် အကျိုးအမြတ်များသော စီးပွားရေး လုပ်ငန်းတစ်ခုပင်။
ဤအချိန်တွင် မြို့ငယ်လေးရှိ စားသောက်ဆိုင် တစ်ဆိုင်တွင်။
လုချန်သည် သရေစာ အနည်းငယ်နှင့် လက်ဖက်ရည် တစ်အိုး မှာထားခဲ့သည်။ သူသည် သရေစာ တစ်ကိုက်စားလိုက်၊ လက်ဖက်ရည် တစ်ငုံသောက်လိုက်ဖြင့် စားသောက်ဆိုင်ရှိ အခြား ဧည့်သည်များ၏ စကားပြောသံများကို နားထောင်နေခဲ့၏။
သူသည် ရေခဲမီးလျှံရေပူစမ်းတွင် တစ်နှစ်ခန့် သီးသန့် ကျင့်ကြံနေခဲ့ပြီး အပြင်ဘက်ရှိ လက်ရှိ အခြေအနေများကို မသိရှိခဲ့ပေ။ ထို့ကြောင့် ဤမြို့ကို ဖြတ်သန်းသွားသောအခါ အနားယူရန်နှင့် သတင်းအချက်အလက်တချို့ကို စုံစမ်းရန် ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် လုချန်သည် သတင်းအချက်အလက် အများအပြားကို ကြားခဲ့ရလေသည်။
သူဟာ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
‘အဲဒီ ပီပီတုန်... တကယ်ကို လည်တဲ့ လှည့်ကွက်ပဲ... သူက ငါ့ကို ငွေပြာအင်ပါယာ လူအသွင်ပြောင်း ဝိညာဉ်သားရဲလို့ အသရေဖျက်ပြီး ဒီသတင်းကို နေရာအနှံ့ ပျံ့နှံ့အောင် လုပ်လိုက်တာပဲ’
‘အခုတော့ ပြီးသွားပြီ... ဝိညာဉ်နန်းတော်ရဲ့ သတင်းဖြန့်မှုနဲ့ တိုက်ကြီးပေါ်က ဝိညာဉ်သခင်တိုင်းက ငါ့ကို ငွေပြာအင်ပါယာ လူအသွင်ပြောင်း ဝိညာဉ်သားရဲ လို့ ယုံနေကြပြီ’
‘တစ်ကိုယ်တော် ကျင့်ကြံသူ ဝိညာဉ်သခင်တွေပဲဖြစ်ဖြစ်၊ ဂိုဏ်းကြီးတွေက ဝိညာဉ်သခင်တွေပဲဖြစ်ဖြစ် ငါ့ကို တစ်နှစ်လုံးလုံး လိုက်ရှာနေကြတာပဲ’
“ကံကောင်းလို့ ငါတို့က အဘိုး တူကူ နဲ့ ယန်ယန်တို့နဲ့ အတူတူ အပြင်မထွက်လာတာ... မဟုတ်ရင် ငါတို့ မျက်နှာပြလိုက်တာနဲ့ ပြဿနာ အကြီးကြီး တက်မှာပဲ”
‘ငါ ဒီ အသရေဖျက်ခံရတဲ့ နာမည်ဆိုးကြီးကို ဆက်ပြီး သယ်မထားနိုင်တော့ဘူး။ လူတစ်ယောက်ချင်းစီကို လိုက်ရှင်းပြနေဖို့က အရမ်း ဒုက္ခများတယ်။ နောက်ပိုင်းကျရင် ငါ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သက်သေပြဖို့ ဩဇာလွှမ်းမိုးမှု ရှိတဲ့သူ တချို့ကို သက်သေအဖြစ် ထားဖို့ အခွင့်အရေး တစ်ခု ရှာရမယ် ထင်တယ်’
‘အခုလောလောဆယ်တော့ နဝမ ဝိညာဉ်ကွင်း အတွက် လိုအပ်တဲ့ ဝိညာဉ်သားရဲကို ရှာဖို့က ပိုအရေးကြီးတယ်။ သက်တမ်း တစ်သိန်းရှိတဲ့ ဝိညာဉ်သားရဲကို ဘယ်မှာ သွားရှာရမလဲ...’
ယင်းကို တွေးမိသောအခါ လုချန် ခေါင်းကိုက်လာရပြန်သည်။
သူသည် လက်ဖက်ရည်နှင့် သရေစာများကို စားချင်စိတ် ပျောက်သွားပြီး ထွက်ခွာရန် မတ်တပ်ရပ်လိုက်၏။
“စားပွဲထိုး... ပိုက်ဆံ ရှင်းမယ်”
စကားပြောပြီးသည်နှင့် လုချန်သည် ရွှေဒင်္ဂါး တစ်ပြားကို ထုတ်ကာ သူ၏ ရှေ့ရှိ စားပွဲပေါ်သို့ တင်လိုက်ခေသည်။
“အကြွေ ပြန်မအမ်းနဲ့တော့”
ပိုက်ဆံ ရှင်းပြီးနောက် လုချန် သည် လျှောက်ထွက်သွားခဲ့သည်။
သူ မြို့ထဲတွင် ထပ်မနေတော့ပေ။ သူသည် မြင်းကောင်း တစ်ကောင်ကို ဝယ်ကာ တောင်ဘက်သို့ ဦးတည်ချက်မရှိဘဲ စီးနှင်သွားခဲ့သည်။
ခွပ်... ခွပ်...
မြင်းခွာသံများနှင့်အတူ လုချန်သည် အဓိက လမ်းမကြီးကို ဖြတ်၍ မြင်းကို စီးနှင်လာခဲ့သည်။
သူသည် ဝိညာဉ်စွမ်းအား အဆင့် ၉၀ ရှိသော ဘွဲ့ခံတိုလောတစ်ဦး ဖြစ်သော်လည်း သူတွင် ပျံသန်းနိုင်စွမ်း မရှိသေးပေ။
ဤအချက်တွင် သူသည် အခြား သာမန်လူများနှင့် အတူတူပင်။
အကယ်၍ သင် လျင်မြန်စွာ ခရီးသွားလိုပါက မြင်းစီးရမည် သို့မဟုတ် မြင်းလှည်း စီးရပေမည်။
လုချန်သည် ဝိညာဉ်စွမ်းအား အဆင့် ၉၀ ရှိသော ဘွဲ့ခံတိုလော ဖြစ်လုနီးပါး တစ်ဦးက မြင်းစီးနေရခြင်းမှာ အစွမ်းထက်သူ တစ်ဦး၏ အရှိန်အဝါ လုံးဝ မပြသနိုင်ဘဲ ဝိညာဉ်ကုန်းမြေတိုက်ကြီးကဲ့သို့သော အဆင့်နိမ့် သိုင်းကမ္ဘာတွင် အတော်လေး ရှက်စရာကောင်းကြောင်း တစ်ခါတစ်ရံ ညည်းတွားမိ၏။
ခရီးသွားနေစဉ် လုချန်သည် ဝိညာဉ်ကွင်း ပြဿနာကိုလည်း အဆက်မပြတ် တွေးတောနေခဲ့သည်။
‘ငါ့ရဲ့ ဝိညာဉ်က ငွေပြာအင်ပါယာဆိုတော့ အကောင်းဆုံး နဝမ ဝိညာဉ်ကွင်းကလည်း သေချာပေါက် ငွေပြာအင်ပါယာပဲ’
‘ငွေပြာအင်ပါယာ အကြောင်း ပြောရရင် အားယင်း ကို ထန်ဟောက်က အမှောင်ထုနဲ့ စိုစွတ်နေတဲ့ ဂူတစ်ခုထဲမှာ လျှို့ဝှက် သိမ်းဆည်းထားခဲ့တယ်။ သူ့ရဲ့ ကျင့်ကြံခြင်းက အခု နှစ်သုံးထောင်တောင် မပြည့်သေးလို့ ငါ့ရဲ့ နဝမ ဝိညာဉ်ကွင်းအဖြစ် သုံးဖို့ လုံးဝ မသင့်တော်ဘူး’
‘တခြား တိုက်ကြီး ဖြစ်တဲ့ နေလတိုက်ကြီးမှာလည်း ငွေပြာအင်ပါယာတစ်ပင် ရှိတယ်.. ဒါပေမဲ့ ငါ့မှာ ပျံသန်းနိုင်စွမ်း မရှိဘူး။ ညီအစ်ကို တူကူက ငါ့ကို သယ်သွားပေးမယ် ဆိုရင်တောင် ဘယ်ဘက်ကို သွားရမလဲဆိုတာ မသိဘူး’
‘အာ... ငွေပြာအင်ပါယာ အကြောင်းပြောရရင် ထန်စန်းတောင်မှ ငွေပြာအင်ပါယာ မျိုးဆက်သွေးကို နိုးထတဲ့ အချိန်မှာ မွေးရာပါ ဝိညာဉ်ကွင်းတစ်ခုကို ရခဲ့သေးတာပဲ။ ငါ့ရဲ့ ဝိညာဉ်ကလည်း ငွေပြာအင်ပါယာ အဖြစ် ဆင့်ကဲပြောင်းလဲလာတာဆိုတော့ ငါက ဘာလို့ မွေးရာပါ ဝိညာဉ်ကွင်းကို မရနိုင်ရမှာလဲ’
‘မွေးရာပါ ဝိညာဉ်ကွင်းဆိုတာ ပိုင်ရှင်ရဲ့ ခွန်အား တိုးလာတာနဲ့အမျှ သူ့ရဲ့ သက်တမ်းကို တိုးမြှင့်နိုင်တယ်။ ငါသာ လုံလောက်အောင် သန်မာရင် သက်တမ်း တစ်သိန်း ဝိညာဉ်ကွင်းကို ရဖို့ဆိုတာ လုံလောက်တာထက် ပိုလိမ့်မယ်’
‘ငွေပြာအင်ပါယာ ဖြစ်လာကတည်းက ငါ့ရဲ့ လက်အောက်ခံတွေဆီကနေ ဘာမှ မတောင်းဆိုခဲ့ဖူးဘူး။ အခု ငါ့အတွက် မွေးရာပါ ဝိညာဉ်ကွင်းတစ်ခု ရဖို့အတွက် အခွန် နည်းနည်းလောက် တောင်းတာပဲလေ။ အဲဒါက အရမ်း တောင်းဆိုရာ ကျလွန်းနေလို့လား’
ယင်းကို တွေးမိသောအခါ လုချန် ၏ မျက်လုံးများ ပိုပိုပြီး တောက်ပလာခဲ့ရသည်။
သူ ဘယ်ကို သွားရမည်ကို သိသွားပေပြီ။
ငွေပြာတောအုပ်။
အဲဒီနေရာက ဝိညာဉ်ကုန်းမြေတိုက်ကြီးပေါ်မှာ ငွေပြာမြက်ပင်တွေ အများဆုံးနဲ့ အရည်အသွေး အမြင့်ဆုံး ရှိတဲ့ နေရာပင်။
ရည်မှန်းချက်တစ်ခု ရှိလာသဖြင့် လုချန်သည် သူ၏ အရှိန်ကို မြှင့်တင်လိုက်ပြီး လဝက်ခန့် ကြာမြင့်မည့် ခရီးရှည်ကြီးကို စတင်လေတော့သည်။
လုချန် နောက်ဆုံးတွင် ငွေပြာ တောအုပ်သို့ ပြန်ရောက်လာခဲ့၏။
သူ တောအုပ်ထဲတွင် လမ်းလျှောက်သွားရာ သူ၏ ခြေဖဝါးအောက်ရှိ ငွေပြာမြက်ပင်တိုင်းသည် လုချန် ရောက်ရှိလာခြင်းကို ကြိုဆိုနေသကဲ့သို့ ညင်သာစွာ ယိမ်းနွဲ့နေကြသည်။
လုချန် ရှေ့သို့ တိုးသွားသည်နှင့်အမျှ သူ့လမ်းကို ပိတ်ဆို့နေသော ငွေပြာနွယ်ပင်များသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူ့အတွက် ကျယ်ဝန်းသော လမ်းတစ်လမ်းကို ရှင်းလင်းပေးကြခေသည်။
ငွေပြာမြက်ပင် အဖွဲ့ဝင်များက သူ့အပေါ် ပြသသော လေးစားမှုကို ခံစားရသဖြင့် လုချန် ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး ပျော်ရွှင်သွားခဲ့ရသည်။
မကြာမီ လုချန်သည် တောအုပ်၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ငွေပြာဘုရင်၏ အကြွင်းအကျန်များကို တွေ့လိုက်ရလေသည်။ သဘာဝဘေးဒဏ်များကို နှစ်နှစ်တိုင်တိုင် ရင်ဆိုင်ပြီးနောက် ငွေပြာဘုရင်၏ အကြွင်းအကျန်များသည် တဖြည်းဖြည်း ဆွေးမြည့်သွားပြီး အခြား ငွေပြာမြက်ပင်များအတွက် အာဟာရ အဖြစ် ပြောင်းလဲသွားခဲ့၏။
ငွေပြာဘုရင်၏ အကြွင်းအကျန်များ အနီးတွင် ငွေပြာမြက်ပင် အစုအဝေးများက ထူးထူးခြားခြား ရှည်လျားစွာ ပေါက်ရောက်နေကြသည်။
လုချန် လျှောက်သွားကာ အနီးနားရှိ သန့်ရှင်းသော နေရာတစ်ခုကို ရှာပြီး ထိုင်လိုက်၏။ ထို့နောက် ငွေပြာနယ်ပယ် ကို ဖွင့်လိုက်လေသည်။
“ငါ့ရဲ့ လူတွေ... မင်းတို့ရဲ့ ငွေပြာအင်ပါယာက မင်းတို့ရဲ့ စွမ်းအား နည်းနည်းလေးကို ငှားချင်ပါတယ်...”
အပြာရောင် အလင်းတန်းတစ်ခုက လုချန် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အရပ်မျက်နှာ အားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
တစ်မိနစ်ပင် မကြာလိုက်ဘဲ ငွေပြာနယ်ပယ်သည် ငွေပြာ တောအုပ်ကို လွှမ်းခြုံသွားခဲ့လေသည်။
ငွေပြာနယ်ပယ်အောက်တွင် ငွေပြာမြက်ပင်များ အားလုံးသည် ပျော်ရွှင်နေကြပြီး ငွေပြာနယ်ပယ် ၏ သက်စောင့်စွမ်းအား အနှစ်သာရများကို လောဘတကြီး စုပ်ယူနေကြရာ ၎င်းက သူတို့၏ နောက်ထပ် ဆင့်ကဲပြောင်းလဲမှု အတွက် အထောက်အကူ ဖြစ်စေပေသည်။
လုချန်ထံမှ အကျိုးကျေးဇူးများ ရရှိထားပြီး လုချန် က သူတို့၏ စွမ်းအားကို ငှားရမ်းလိုကြောင်း ကြားသောအခါ ငွေပြာမြက်ပင်များက သူတို့၏ သက်ဆိုင်ရာ စွမ်းအားများကို မတုံ့ဆိုင်းဘဲ ထည့်ဝင်လိုက်ကြသည်။
ငွေပြာနယ်ပယ်၏ ဧရာမ ကွန်ရက်ကြီးမှတစ်ဆင့် ငွေပြာမြက်ပင်များ ထည့်ဝင်သော စွမ်းအား အားလုံးသည် တောအုပ်၏ အလယ်ဗဟိုဆီသို့ စုစည်းလာကြသည်။
အပြာရောင် အလင်းတန်းလေးများက နွေရာသီရှိ ပိုးစုန်းကြူးလေးများကဲ့သို့ မှေးမှိန်နေသော်လည်း အရေအတွက်အားဖြင့် မရေမတွက်နိုင်အောင် များပြားလှပြီး ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကျယ်ပြောလှသော သမုဒ္ဒရာ တစ်ခုကဲ့သို့ လှိုင်းလုံးများ မြင့်တက်လာလိုက်၊ ကျဆင်းသွားလိုက် ဖြစ်နေလေသည်။
စီးဆင်းနေသော အပြာရောင် အလင်းတန်း သမုဒ္ဒရာ ထဲတွင် အဆုံးမဲ့ သက်စောင့်စွမ်းအား များ ရှိနေခဲ့သည်။
ဤသည်မှာ လုချန် လိုချင်သော အရာပင်။
လုချန် ချက်ချင်း မျက်လုံးကို မှိတ်လိုက်ပြီး တရားထိုင်ခြင်း နည်းစနစ်ကို အသက်သွင်းကာ အဆုံးမဲ့ အပြာရောင် အလင်းတန်းများကို ဝိညာဉ်ကွင်း စုပ်ယူသကဲ့သို့ စတင် စုပ်ယူလေတော့သည်။
ဝှစ်... ဝှစ်...
အပြာရောင် အလင်းတန်းများက လည်ပတ်ကာ လိမ့်တက်သွားပြီး ဧရာမ ရေဝဲကြီးတစ်ခု သို့မဟုတ် ပါးစပ်ပေါက်က အောက်ဘက် လုချန်ဆီသို့ တည့်တည့် မျက်နှာမူထားသော ကတော့ကြီး တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။
အပြာရောင် အလင်းတန်းများ စုစည်းသွားကာ အပြာရောင် အလင်းတိုင်ကြီးတစ်ခု အဖြစ် ပေါ်လာပြီး လုချန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ သူ၏ ခြေလက်များ၊ အရိုးများနှင့် အတွင်းကလီစာများကို လွှမ်းခြုံသွားခဲ့၏။
လုချန်၏ လမ်းညွှန်မှုအောက်တွင် သက်စောင့်စွမ်းအားအားလုံးသည် သူ၏ သွေးကြောလမ်းကြောင်းများ မှတစ်ဆင့် ဒန်ထျန်းထဲသို့ စီးဝင်သွားလေသည်။
သူ၏ ငွေပြာအင်ပါယာဝိညာဉ်က သက်စောင့်စွမ်းအားများဖြင့် ဖုံးလွှမ်းခံရပြီး တုန်ယင်သွားကာ သူ့ကိုယ်သူ အာဟာရ ဖြည့်တင်းရန် သက်စောင့်စွမ်းအား များကို စတင် ဆွဲယူလိုက်သည်။
မွေးရာပါ ဝိညာဉ်ကွင်းဆိုသည်မှာ ဝိညာဉ်၏ အခြေခံအကျဆုံး စွမ်းအား ဖြစ်သည်။ ၎င်းကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသလေ့ မရှိသော်လည်း လုံလောက်သော စွမ်းအင် ရရှိသရွေ့ ၎င်း၏ လျှို့ဝှက် စွမ်းအားကို အောင်မြင်စွာ အသက်သွင်းနိုင်၏။
လုချန်သည် သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်ကို အာဟာရ ဖြည့်တင်းရန် ငွေပြာမြက်ပင်များထံမှ ဧရာမ သက်စောင့်စွမ်းအားကို အသုံးပြုခဲ့၏။ အကယ်၍ အောင်မြင်ပါက သူသည် မွေးရာပါ ဝိညာဉ်ကွင်းကို ရရှိပေမည်။ အကယ်၍ ကျရှုံးပါကလည်း သူ၏ ငွေပြာအင်ပါယာကို နောက်ထပ် ဆင့်ကဲပြောင်းလဲစေနိုင်မည် ဖြစ်သည်။
ခြုံငုံကြည့်လျှင် လုချန်အတွက် အရှုံးမရှိပေ။
ထို့နောက် လုချန်သည် အတွေ့အကြုံထဲတွင် နစ်မြုပ်သွားပြီး သူ၏ ငွေပြာအင်ပါယာဝိညာဉ် နှင့် ကြီးမားလှသော သက်စောင့်စွမ်းအားကို အာရုံခံလိုက်ရာ သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။