အခန်း (၈၈) ကျွန်တော့်နာမည်က လုချန်ပါ
ရေခဲမီးလျှံရေပူစမ်း။
တူကူပိုသည် လက်တစ်ဖက်က လုချန်ကို ကိုင်ကာ နောက်လက်တစ်ဖက်က တူကူရန်ကို ကိုင်ပြီး ရေခဲမီးလျှံရေပူစမ်း ရှိရာ တောင်ကြားသို့ ပြန်လာခဲ့၏။
သူ အိမ်ပြန်ရောက်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အမူအရာ ပေါ်လာခဲ့သည်။
ဒီတစ်ကြိမ်မှာ သူတို့က ပြဿနာ အကြီးကြီး ရှာခဲ့တာလေ။ ဂန္ဓမာတိုလော နဲ့ သရဲတိုလောကို ဒဏ်ရာရစေခဲ့ရုံသာမက ဝိညာဉ်နန်းတော်က ဘုန်းတော်ကြီး တစ်အုပ်ကိုပါ သတ်ပစ်ခဲ့ကြတာ။
ဝိညာဉ်နန်းတော်က သေချာပေါက် အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။ လူသူကင်းမဲ့တဲ့ ရေခဲမီးလျှံရေပူစမ်းထဲမှာမှ သူတို့ တကယ် လုံခြုံတယ်လို့ ခံစားရမှာ။
မြေပြင်သို့ ဆင်းသက်ပြီးနောက် တူကူရန်က သူမ၏ သွယ်လျသော ခါးလေးကို လက်ထောက်ကာ မျက်မှောင်ကြုတ်ထားပြီး သူမ၏ မျက်နှာလေးမှာ ဒေါသများဖြင့် ပြည့်နှက်နေခဲ့၏။
“အဲဒီ ဝိညာဉ်နန်းတော်က တကယ်ကို ယုတ်မာတာပဲ။ သူတို့က ဘာမေးခွန်းမှတောင် မမေးဘဲ လန်ချန်ကို ဖမ်းဖို့ ကြိုးစားခဲ့ကြတယ်”
“ငါတို့က ရေခဲမီးလျှံရေပူစမ်းမှာ ကျင့်ကြံနေတာ တစ်နှစ်နီးပါး ရှိနေပြီ။ အဲဒါကို အခွင့်ကောင်းယူပြီး ကောင်းကင်အင်ပါယာ မြို့တော်ကို ပြန်ပြီး အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ဝယ်ချင်ခဲ့တာကို”
“အခုတော့ အစီအစဉ်တစ်ခုလုံး ပျက်စီးသွားပြီ။ အဲဒီ ကျိန်ဆဲချင်စရာကောင်းတဲ့ ကောင်တွေ... သေနာကျကောင်တွေ... သေနာကျ... သေနာကျ...”
တူကူရန်က အဆက်မပြတ် ဆဲဆိုနေခဲ့၏။
သူမက အသက် ၁၇ နှစ်ကျော်လေးပဲ ရှိသေးပြီး တက်ကြွ၊ လှုပ်ရှား၊ ဆော့ကစားချင်တဲ့ အရွယ်လေးလေ။ တူကူပို နဲ့ လုချန်တို့ သူမဘေးမှာ ရှိနေရင်တောင် ရေခဲမီးလျှံရေပူစမ်းမှာ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ နေရတာက ပျင်းစရာကောင်းမှာ သေချာတယ်။
တူကူရန်ကို အချစ်ဆုံးဖြစ်သည့် တူကူပိုက ဤအချိန်တွင် ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
“ယန်ယန်... အရမ်းကြီး ဒေါသမထွက်ပါနဲ့တော့။ လန်ချန်က အခုလေးတင် လူသတ်ထားတာဆိုတော့ အခြေအနေတွေက တင်းမာနေသေးတယ်။ ဝိညာဉ်နန်းတော်က ငါတို့ကို မရှာတွေ့နိုင်တော့ရင် သူတို့ရဲ့ သတိထားမှုကို သေချာပေါက် လျှော့ချလိုက်လိမ့်မယ်။ အဲဒီအချိန်ကျရင် အဘိုး မင်းတို့ကို အပြင်ခေါ်သွားပြီး ပျော်အောင် ထားပေးပါ့မယ်”
“ကောင်းကင်အင်ပါယာမြို့တော်က ကောင်းကင်အင်ပါယာရဲ့ မြို့တော်လေ။ ငါတို့ အဲဒီကို သေချာပေါက် ပြန်သွားလို့ မရဘူး။ ဝိညာဉ်နန်းတော်က ငါတို့အတွက် သေချာပေါက် ထောင်ချောက် ဆင်ထားမှာ”
“ဒါပေမဲ့ ကောင်းကင်အင်ပါယာရဲ့ တခြားမြို့တွေမှာတော့ ဝိညာဉ်နန်းတော်ရဲ့ စောင့်ကြည့်မှုက အဲဒီလောက် တင်းကျပ်မှာ မဟုတ်ဘူး။ နောက်တစ်ခါ တခြားမြို့တွေကို သွားတဲ့အခါ မင်း သေချာပေါက် ပျော်ရွှင်ရအောင် အဘိုး လုပ်ပေးမယ်”
တူကူပိုက တူကူရန် ကို နှစ်သိမ့်ပေးနေစဉ်မှာပင်။
လုချန်သည်လည်း သူ၏ အသွင်ပြောင်းခြင်း စွမ်းရည်ကို ပိတ်လိုက်ပြီး သူ၏ မူလအသွင်အပြင်ကို ပြန်လည် ပြောင်းလဲလိုက်သည်။ သူ၏ ရှည်လျားသော အပြာရောင်ဆံပင်များကို နောက်ဘက်သို့ ပေါ့ပေါ့ပါးပါး ချထားပြီး သူ၏ ငယ်ရွယ်သော်လည်း မယုံနိုင်လောက်အောင် ချောမောလှပသော မျက်နှာပေါ်တွင် ရတနာများကဲ့သို့ တောက်ပနေသော အပြာရောင် မျက်လုံးတစ်စုံ ရှိနေခဲ့သည်။
သူ၏ မူလအသွင်အပြင်ကို ပြန်လည် ရရှိပြီးနောက် လုချန်က တူကူပို နှင့် တူကူရန်တို့ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်၏။
“ညီအစ်ကို တူကူ၊ ယန်ယန်... ဒီကိစ္စ ပြီးသွားပြီဆိုတော့ ကျွန်တော် ညီအစ်ကိုတို့အပေါ် ပိုပြီး ရိုးသားသင့်တယ်လို့ ထင်တယ်”
“ကျွန်တော်က ငွေပြာအင်ပါယာ လူအသွင်ပြောင်း ဝိညာဉ်သားရဲလို့ သူတို့ ပြောနေတာက ဝိညာဉ်နန်းတော်က ကျွန်တော့်ကို အသရေဖျက်နေတာပါ။ ကျွန်တော်က အမြဲတမ်း လူသား တစ်ယောက်ပါ... ဂုဏ်ယူဝင့်ကြွားပြီး ဖြောင့်မတ်တဲ့ လူသား ဝိညာဉ်သခင်တစ်ယောက်ပါ”
“ကျွန်တော့်ရဲ့ အတိတ်ကို ဖုံးကွယ်ထားရတာက ရှောင်လွှဲလို့မရတဲ့ အခက်အခဲတွေ ရှိနေလို့ပါ”
“ကြည့်လိုက်ပါ... ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါ...”
လုချန်၏ စကားများကို ကြားသောအခါ တူကူပို နှင့် တူကူရန် တို့၏ အာရုံများ ချက်ချင်း ရောက်ရှိသွားကြသည်။
အဘိုးနှင့် မြေး နှစ်ဦးစလုံးမှာ တူညီသော အမူအရာများ ရှိနေခဲ့ကြသည်။
သူတို့ နှစ်ဦးစလုံး၏ မျက်နှာများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့လေသည်။
သူတို့က တိုက်ရိုက် မမေးခဲ့ကြသော်လည်း လုချန်၏ အတိတ်ကို စိတ်မဝင်စားဘူးဟု အဓိပ္ပာယ် မသက်ရောက်ပေ။
တူကူပို နှင့် တူကူရန်တို့ ကြည့်လာပြီးနောက် လုချန် က သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်ကို ဆင့်ခေါ်လိုက်၏။
သူ၏ ခြေဖဝါးအောက်မှ ဝိညာဉ်ကွင်း ရှစ်ခု တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဤတစ်ကြိမ်တွင် မည်သည့် အသွင်ဖျောက်မှုမျှ မပါဝင်ပေ။
ခရမ်း၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနက်၊ အနီ...
ခရမ်း သုံးကွင်း၊ အနက် လေးကွင်း၊ အနီ တစ်ကွင်း။
ဝိညာဉ်ကွင်းဖော်မြူလာက လုံးဝကို အံ့မခန်းပင်။
ဒါက ဝိညာဉ်ကုန်းမြေတိုက်ကြီး ရဲ့ သာမန် အသိတရားကို လုံးဝ ဆန့်ကျင်နေခဲ့သည်။
တူကူပို နှင့် တူကူရန်တို့ နှစ်ဦးစလုံး အသက်ရှူမှားသွားကြပြီး အံ့သြမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
လုချန်၏ ဝိညာဉ်ကွင်းများသည် ပထမဆုံး ဝိညာဉ်ကွင်းမှစ၍ အကန့်အသတ် သက်တမ်းကို ကျော်လွန်ကာ စွမ်းအင်ကို စုပ်ယူနိုင်စွမ်း ရှိနေခဲ့သည်။
တူကူပိုက မယုံကြည်နိုင်စွာဖြင့် မေးလိုက်ရာ သူ၏ အသံမှာ တုန်ယင်နေခဲ့သည်။
“နှစ်တစ်ထောင် သက်တမ်း ဝိညာဉ်ကွင်းလား... ပြီးတော့ နှစ်တစ်သောင်း သက်တမ်း ဝိညာဉ်ကွင်းလား.... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... ဘယ်သူကများ ဒီလို ဝိညာဉ်ကွင်း ဖွဲ့စည်းပုံမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ။ မင်း ဘယ်လို လုပ်လိုက်တာလဲ”
လူ့နှလုံးသားဆိုတာ အသွေးအသားနဲ့ ဖွဲ့စည်းထားတာလေ။ ဒီတစ်ကြိမ်မှာ တူကူပို နဲ့ တူကူရန်တို့က လုချန် အတွက် ဝိညာဉ်နန်းတော် နဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်ခဲ့ကြ၏။
အကယ်၍ လုချန်က အမှန်တရားကို ဆက်လက် ဖုံးကွယ်ထားမည်ဆိုပါက သူက တူကူပို နှင့် တူကူရန် တို့ကို သူတို့လူအဖြစ် မသတ်မှတ်ထားကြောင်း ပြသနေမည် ဖြစ်သည်။
ယခု ဝိညာဉ်ကွင်းအချိုးအစားကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ရာ လုချန်က ပြောနိုင်သမျှ အရာအားလုံးကို ပြောပြလိုက်ခြင်းက ပိုကောင်းပေမည်။
ကူးပြောင်းလာခြင်း နှင့် အသက်ရှူခြင်းဖြင့် ပိုသန်မာလာသော ပါရမီမှလွဲ၍ လုချန် တွင် ပြောမပြနိုင်စရာ ဘာမှမရှိပေ။
အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် သူက အသေးစိတ် စတင် ပြောပြလိုက်သည်။
“လန်ချန်ဆိုတာက ကျွန်တော် ဖန်တီးထားတဲ့ နာမည်ပါ။ ကျွန်တော့်ရဲ့ နာမည်ရင်းက လုချန်ပါ”
“ကျွန်တော့်မှာ ထင်ရှားတဲ့ မိသားစု နောက်ခံ မရှိပါဘူး။ ကျွန်တော်က ဖာစိနောပြည်နယ်ထဲက နော့တင်း မြို့ပြင်က ရွာတစ်ရွာက သာမန် လူတစ်ယောက်ပါ”
“ကျွန်တော် ကံကောင်းခဲ့တယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲက မျိုးဗီဇပြောင်းလဲမှုတစ်ခုခုကြောင့် ကျွန်တော့်မှာ ငယ်ငယ်ကတည်းက မွေးရာပါ နတ်ဘုရားခွန်အား ပါလာခဲ့တယ်။ ပြီးတော့ ဝိညာဉ် နိုးထတဲ့အခါ အသုံးမဝင်တဲ့ ငွေပြာမြက်ပင် နဲ့ အနက်ရောင်သံမဏိတံစဉ် ဝိညာဉ်နှစ်ခုပဲ ရှိခဲ့ပေမဲ့ ကျွန်တော့်မှာ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ပါရမီ ပါလာခဲ့တယ်”
“ကျွန်တော် နော့တင်း မူလတန်း ဝိညာဉ်သခင် အကယ်ဒမီမှာ သုံးနှစ် ပညာသင်ခဲ့ပြီးနောက် ကြယ်တာရာ တောအုပ်ကြီးထဲမှာ ဝိညာဉ်သားရဲတွေကို သွားအမဲလိုက်ခဲ့တယ်။ ကျွန်တော့်ရဲ့ မွေးရာပါ နတ်ဘုရားခွန်အားကို အားကိုးပြီး သက်တမ်း တစ်ထောင်ရှိတဲ့ ဝိညာဉ်သားရဲတွေကိုတောင် တိုက်ခိုက်နိုင်ခဲ့တယ်”
“အဲဒီအချိန်က ကျွန်တော့် စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ သာမန်လက်နဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို သတ်နိုင်တယ်ဆိုရင် ငါ သူ့ရဲ့ ဝိညာဉ်ကွင်းကို သေချာပေါက် စုပ်ယူနိုင်မှာပဲလို့လေ”
“ဒါကြောင့် ကျွန်တော့်ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းအနေနဲ့ သက်တမ်း တစ်ထောင်ရှိတဲ့ ဝိညာဉ်ကွင်းကို စုပ်ယူခဲ့တယ်။ နောက်ပိုင်းမှာ တားဆီးလို့ မရတော့ဘဲ စုပ်ယူတဲ့ ဝိညာဉ်ကွင်းတွေရဲ့ သက်တမ်းက ပိုပိုမြင့်လာပြီး ဝိညာဉ်ကိုပါ ဆင့်ကဲပြောင်းလဲသွားစေခဲ့တယ်။ အဲဒီလိုနဲ့ ငွေပြာမြက်ပင်ကနေ ငွေပြာအင်ပါယာအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့တာပါ”
“ကျွန်တော့်ရဲ့ ငွေပြာအင်ပါယာဝိညာဉ်က နိုးထလာတာ မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲလာတာပါ။ ကျွန်တော်က လူသား တစ်ယောက်ပါ... လူအသွင်ပြောင်း ဝိညာဉ်သားရဲ လုံးဝ မဟုတ်ပါဘူး”
လုချန် ပြောသည်ကို ကြားသောအခါ တူကူပို နှင့် တူကူရန် တို့သည် လုံးဝ စိတ်ကူးယဉ်ပုံပြင် တစ်ပုဒ်ဟုပင် ထင်မှတ်သွားခဲ့ကြသည်။
၎င်းမှာ မယုံနိုင်စရာ ကောင်းသော်လည်း မျိုးဗီဇ ပြောင်းလဲမှုဆိုသည်မှာ ယုတ္တိမရှိသော အရာတစ်ခုမဟုတ်ချေ။
လူတစ်ဦးသည် ဝိညာဉ် မျိုးဗီဇ ပြောင်းလဲမှု ဖြစ်နိုင်သကဲ့သို့ လုချန်လည်း ရုပ်ပိုင်းဆိုင်ရာ မျိုးဗီဇ ပြောင်းလဲမှု ဖြစ်နိုင်ပေသည်။
တူကူပို နှင့် တူကူရန်တို့သည် နောက်ဆုံးတွင် အံ့သြနေသော အမူအရာဖြင့် ၎င်းကို လက်ခံလိုက်ကြသည်။
တူကူပိုမှာ စကားပင် မပြောနိုင်သေးပေ။
“ဒါဆို မင်းက ရုပ်ပိုင်းဆိုင်ရာ မျိုးဗီဇ ပြောင်းလဲမှု ရှိပြီး မွေးရာပါ နတ်ဘုရားခွန်အား ပါလာရုံသာမက အမွှာ ဝိညာဉ်ကိုပါ နိုးထနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ အမွှာ ဝိညာဉ်က အသုံးမဝင်တဲ့ ဝိညာဉ်တွေ ဖြစ်နေတာပဲ”
လုချန်က ခေါင်းညိတ်လိုက်ပြီး ငွေပြာအင်ပါယာ ဝိညာဉ်ကို ပြန်သိမ်းလိုက်ရာ သူ၏ ခြေဖဝါးအောက်ရှိ အားကျလေးစားဖွယ်ကောင်းသော ဝိညာဉ်ကွင်း ရှစ်ခုမှာ လေဟာနယ်ထဲသို့ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ကြသည်။
ထို့နောက် သူက ညာလက်ကို မြှောက်ကာ အနက်ရောင် သံမဏိတံစဉ်ကို ဆင့်ခေါ်လိုက်၏။ သူ၏ လက်ဖဝါးမှ အနက်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ၎င်းအထဲတွင် အနက်ရောင်တံစဉ် တစ်လက် ပုံပေါ်လာခဲ့သည်။
လုချန်က အကူအညီမဲ့စွာ ပြုံးကာ ပြောလိုက်၏။
“ကျွန်တော့်ရဲ့ ဝိညာဉ်နှစ်ခုထဲက ငွေပြာမြက်ပင်က အကန့်အသတ်ထက် ကျော်လွန်ပြီး ဝိညာဉ်ကွင်းတွေကို စုပ်ယူပြီး ငွေပြာအင်ပါယာအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ပေမဲ့ သံမဏိ တံစဉ်ကတော့ ဝိညာဉ်ကွင်းတစ်ခုမှ မစုပ်ယူရသေးလို့ သာမန် လယ်ယာသုံး ကိရိယာတစ်ခုအဖြစ်ပဲ ရှိနေပါသေးတယ်”
လုချန်၏ လက်ထဲရှိ ထူးခြားမှု မရှိသော အနက်ရောင် တံစဉ်ကို ကြည့်ကာ တူကူပိုက အံ့သြတကြီးဖြင့် လျှာသပ်ကာ ပြောလိုက်၏။
“အမွှာဝိညာဉ်က မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ထက်တောင် ပိုပြီး ရှားပါးသေးတယ်။ မင်းက အမွှာ ဝိညာဉ် ဖြစ်ဖြစ်၊ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် ပဲဖြစ်ဖြစ်၊ အသုံးမဝင်တဲ့ ဝိညာဉ်နှစ်ခု ဖြစ်နေရင်တောင် မင်းရဲ့ ပါရမီက လူတစ်သန်းမှာ တစ်ယောက် ဒါမှမဟုတ် လူဆယ်သန်းမှာ တစ်ယောက်မှ ရှိနိုင်တဲ့ ပါရမီပဲ”
“ငွေပြာမြက်ပင်က ဝိညာဉ်ကွင်း စုပ်ယူပြီး ဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုတော့ ဒီ သံမဏိတံစဉ်ကလည်း ဝိညာဉ်ကွင်း စုပ်ယူပြီး သေချာပေါက် ဆင့်ကဲပြောင်းလဲနိုင်မှာပဲ”
“ကျွတ် ကျွတ်... မင်းရဲ့ ပထမ ဝိညာဉ်က နဝမ ဝိညာဉ်ကွင်းအထိ ရောက်သွားတာနဲ့ မင်းရဲ့ ဒုတိယ ဝိညာဉ် ကို ချက်ချင်း ဝိညာဉ်ကွင်း ပေါင်းထည့်လို့ ရပြီ။ အကယ်လို့ မင်းက နှစ်တစ်သောင်း သက်တမ်းရှိ ဝိညာဉ်ကွင်းကိုးခုကို စုပ်ယူမယ်ဆိုရင် မင်းရဲ့ သံမဏိတံစဉ်က တိုက်ကြီးပေါ်မှာ နံပါတ်တစ် လက်နက် ဝိညာဉ်ဖြစ်လာမှာ သေချာတယ်”
လုချန်၏ ရိုးသားမှုကြောင့် တူကူပိုသည် ယခုအခါ သူ့ကို ပို၍ပို၍ ကြင်နာစွာဖြင့် ကြည့်နေပြီး သူ၏ ကိုယ်ပိုင် ပါရမီရှင် မျိုးဆက်သစ် တစ်ဦးကို ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
တူကူပို၏ ဘေးတွင် ရပ်နေသော တူကူရန်သည် လုချန် ကို စိုက်ကြည့်နေခဲ့လေသည်။
တူကူရန်သည်လည်း လုချန်၏ ပါရမီကြောင့် အံ့သြနေခဲ့သော်လည်း ယခုအခါ သူမက အခြား ကိစ္စတစ်ခုကို သိရန် ပို၍ စိတ်ဝင်စားနေခဲ့သည်။
“လန်... အာ မဟုတ်ဘူး... လုချန်... အခု မင်း အားလုံးကို ပြောပြပြီးပြီဆိုတော့ ငါ မင်းကို မေးခွန်း တစ်ခုလောက် ထပ်မေးချင်တယ်။ မင်း အသက် ဘယ်လောက်ရှိပြီလဲ”
တူကူရန်၏ မေးခွန်းကို ကြားသောအခါ လုချန်တွင် ဖုံးကွယ်ထားစရာ မရှိသဖြင့် ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
“အသက် ၁၁ နှစ်ဝန်းကျင်လောက်ပါ..”
ယင်းကို ကြားသောအခါ တူကူရန် မှင်သက်သွားခဲ့သည်။ သူမက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အော်ဟစ်လိုက်၏။
“အာ...”
“မင်းက အသက် ၁၁ နှစ်ပဲ ရှိသေးတာကို ဒီလောက် အရပ်ရှည်နေပြီလား။ မင်းက ငါ့ထက် အများဆုံးမှ တစ်နှစ် နှစ်နှစ်လောက်ပဲ ငယ်မယ် ထင်နေတာ... ဒါပေမဲ့ မင်းက ငါ့ထက် ခြောက်နှစ်တောင် ငယ်နေတာပဲ”
တူကူရန် လက်မခံနိုင်ခဲ့ပေ။ ဒါက... အသက်ကြီးတဲ့ မိန်းမ တစ်ယောက်က ကောင်လေးငယ်ငယ်လေးနဲ့ ဒိတ်နေသလို ဖြစ်မနေဘူးလား...
သူမက တက်ကြွပြီး ချစ်စရာကောင်းတဲ့ ၁၇ နှစ်အရွယ် ကောင်မလေးလေ...
သူမက တကယ်ပဲ နွားမအိုကြီး ဖြစ်သွားတာပေါ့။
ရုတ်တရက် တူကူရန်က လက်ကို ချလိုက်ရာ သူမ၏ မျက်နှာမှာ တင်းမာနေခဲ့သည်။ သူမက ရန်လိုသော အရှိန်အဝါ ဖြင့် လုချန်ဆီသို့ လျှောက်သွားကာ သူမ၏ နှုတ်ခမ်းနီနီလေးများကို ဟပြီး သူ့ကို စွပ်စွဲရန် အသင့်ဖြစ်နေခဲ့သည်။
“လုချန်... ရှင်က ကျွန်မထက် ခြောက်နှစ်တောင် ငယ်တာ သေချာနေတာကို... ရှင်က အသက် ၃၀ အရွယ် ဦးလေးကြီး တစ်ယောက်လို ဟန်ဆောင်ပြီး ကျွန်မအဘိုးကို ညီအစ်ကိုလို့ ခေါ်ခဲ့တယ်.. ပြီးတော့ ကျွန်မကိုတောင် အဘိုးလို့ ခေါ်အောင် လှည့်စားခဲ့သေးတယ်...”
“ကျွန်မ ရှင့်ကို ပြောမယ်.. အခု ကျွန်မ အရမ်း ပျော်နေတယ်။ ကျွန်မ ရှင့်ကို အရင်က အဘိုးလို့ ခေါ်ခဲ့ဖူးပေမဲ့ အခုကစပြီး ရှင် ကျွန်မကို အစ်မလို့ ခေါ်ရမယ်”
လုချန်က ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ သူက နောက်ပြောင်သလို ပြုံးကာ ပြောလိုက်၏။
“ငြင်းတယ်... ”
တူကူရန်က လုချန် အပေါ်သို့ ချက်ချင်း ခုန်အုပ်လိုက်လေသည်။
“ရှင် ခေါ်မှာလား မခေါ်ဘူးလား..”
လုချန် က ထပ်ငြင်းလိုက်ပြန်သည်။
“မခေါ်ဘူး”
သူတို့ နှစ်ဦးစလုံး အတူတကွ နောက်ပြောင် ဆော့ကစားနေကြပြီး ယခင်ကထက် များစွာ ပိုမို ရင်းနှီးလာခဲ့ကြသည်။
သူတို့ နှစ်ဦး အချင်းများနေသည်ကို ကြည့်ကာ တူကူပိုက မုတ်ဆိတ်ကို ပွတ်သပ်ရင်း အကူအညီမဲ့စွာ ပြုံးလိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။
သူ ဒီမှာ ဆက်မနေချင်တော့ပေ။ ၎င်းက သူ့ကို မသက်မသာ ဖြစ်စေရုံသာ ရှိပေမည်။
ယခု လုချန်က သူ၏ အခြေအနေကို ပြောပြပြီးပြီဖြစ်ရာ တူကူပိုက စိတ်ချလက်ချဖြင့် တူကူရန်ကို လုချန် လက်ထဲ အပ်ထားနိုင်ပြီ ဖြစ်သည်။