အခန်း (၈၄) သတ်ဖြတ်ခြင်း
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်အပြင် အနီရောင်ဝတ် ဘုန်းတော်ကြီးလေးဦးနှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီး ရှစ်ဦးတို့၏ ဝိုင်းရံမှုကို ခံထားရသည်။
တူကူရန်သည် သူမ ယှဉ်နိုင်မည် မဟုတ်ကြောင်း သိသော်လည်း လုချန်၏ ရှေ့တွင် ရဲရင့်စွာ မတ်တပ်ရပ်ကာ ဝိညာဉ်ပူးကပ်ခြင်းကို ချက်ချင်း အသုံးပြုလ်ုက်သည်။ သူမ၏ ခြေဖဝါးအောက်မှ အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း နှင့် အနက်ရောင် ဝိညာဉ်ကွင်းဆက် ငါးကွင်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သူမ၏ မျက်လုံးများက ခိုင်မာနေပြီး ပြတ်သားစွာ အော်ဟစ်လိုက်၏။
“ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်... ရှင် လန်ချန်ကို ခေါ်သွားချင်ရင် ကျွန်မကို အရင် ကျော်သွားရမယ်။ ကျွန်မ အသက်ရှင်နေသရွေ့ လန်ချန်ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခွင့်မပေးနိုင်ဘူး”
ဤအချိန်တွင် ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်သည် တူကူရန် ပြောနေသည်ကို လုံးဝ နားမထောင်နေပေ။ သူ၏ အာရုံများ အားလုံးက ထိုဝိညာဉ်ကွင်း ငါးကွင်းဆီသို့သာ လုံးဝ ရောက်ရှိနေခဲ့သည်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ် အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။
‘ဝိညာဉ်ကွင်းငါးကွင်းပါတဲ့ ဝိညာဉ်ဘုရင်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!’
‘ဒီ တူကူရန်က အသက် နှစ်ဆယ်တောင် မပြည့်သေးဘူးလေ... အသက် နှစ်ဆယ် မပြည့်သေးတဲ့ ဝိညာဉ်ကွင်းငါးကွင်းပါ ဝိညာဉ်ဘုရင်ဆိုတာ တစ်တိုက်ကြီးလုံးမှာ ယှဉ်နိုင်တဲ့သူ လက်ချိုးရေလို့ ရတယ်’
‘သူမ ဘာတွေဖြစ်ခဲ့တာလဲ။ ကြည့်ရတာ... လန်ချန် နဲ့ ပတ်သက်နေပုံပဲ။ ဒီတစ်ခါတော့ သူ့ကို ဝိညာဉ်နန်းတော်ဆီ အရှင်လတ်လတ် ပြန်ခေါ်သွားရတော့မယ် ထင်တယ်..’
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ် လုံးဝ အံ့အားသင့်နေစဉ်မှာပင် လုချန်က လက်လှမ်းကာ တူကူရန်၏ ပခုံးပေါ်သို့ တင်လိုက်ပြီး ခိုင်မာပြတ်သားသော အသံဖြင့် ပြောလိုက်၏။
“ယန်ယန်... ငါ့ကိုသာ လွှဲထားလိုက်ပါ။ ဝိညာဉ်တိုလောတစ်ယောက်၊ ဝိညာဉ်သူတော်စင် လေးယောက် နဲ့ ဝိညာဉ်ဧကရာဇ် လေးယောက်။ အကယ်လို့ သူတို့အားလုံး ဒီနေရာမှာ သေသွားရင် အစွမ်းထက်တဲ့ အဖွဲ့ဝင်တွေ အများကြီးရှိတဲ့ ဝိညာဉ်နန်းတော်တောင်မှ အတော်လေး နာကျင်သွားရလိမ့်မယ်”
“မင်းတို့က ငါ့ကို ဖမ်းချင်နေမှတော့ ငါလည်း အလျှော့ပေးနေမှာ မဟုတ်ဘူး။ ငါက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာကို မင်းတို့ရဲ့ သွေးတွေနဲ့ မင်းတို့ရဲ့ ပုပ်ရဟန်းမင်းကြီးကို ပြောပြလိုက်မယ်”
“ငွေပြာနယ်ပယ်... အလုံးစုံ လွှမ်းခြုံ တောအုပ်”
ချက်ချင်းဆိုသလိုပင် လုချန်၏ ခန္ဓာကိုယ်မှ အပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏ ပတ်လည် မီတာ ၃၀၀ အကွာအဝေးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
၎င်းသည် ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ် အပြင် အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးနှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီး လေးဦးတို့ကိုပါ လွှမ်းခြုံသွားခဲ့ခြင်းပင်။
ဤမြို့တံခါးအနီးတွင် ငွေပြာမြက်ပင် များများစားစား မရှိသဖြင့် လုချန်၏ ငွေပြာနယ်ပယ်သည် ငွေပြာမြက်ပင်၏ စွမ်းအားကို အားကိုး၍ မရနိုင်ပေ။ သို့သော်လည်း ၎င်းသည် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခြင်းနှင့် ဖိနှိပ်ခြင်း အကျိုးသက်ရောက်မှုကို ရရှိနိုင်သေး၏။
၂၀ ရာခိုင်နှုန်း ဖိနှိပ်ခြင်း အကျိုးသက်ရောက်မှုသည် ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ် နှင့် အနီရောင်ဝတ်၊ အနက်ရောင်ဝတ် ဘုန်းတော်ကြီးများ အပေါ်သို့ ကျရောက်သွားရာ သူတို့ကို ချက်ချင်း လေးလံသွားစေပြီး လှုပ်ရှားမှုများကို နှေးကွေးသွားစေကာ ဝိညာဉ်စွမ်းအားများကို တန့်သွားစေခဲ့သည်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ မျက်နှာ မည်းမှောင်သွားပြီး လက်ဝှေ့ယမ်းကာ ချက်ချင်း အမိန့်ပေးလိုက်၏။
“ဘွဲ့ခံတိုလောအဆင့်ကို မထိုးဖောက်ရသေးဘဲ နယ်ပယ်စွမ်းအားကို နိုးထ အသုံးပြုနိုင်တယ်ဆိုတော့ ဒီ လန်ချန်က လူအသွင်ပြောင်း ဝိညာဉ်သားရဲဆိုတာ သေချာသွားပြီ”
“လန်ချန် နဲ့ တူကူရန်ကို အမြန်ဆုံး ဖမ်းဆီးဖို့ အတူတကွ လုပ်ဆောင်ကြ။ သူ့ကို ထွက်ပြေးခွင့် မပေးနဲ့”
စကားဆုံးသည်နှင့် အနီရောင်ဝတ် ဘုန်းတော်ကြီးများနှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီးများက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
“အမိန့်အတိုင်းပါ..”
ချက်ချင်းပင် အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးနှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီး လေးဦးတို့သည် ငွေပြာနယ်ပယ်၏ ၂၀ ရာခိုင်နှုန်း ဖိနှိပ်မှုအောက်တွင်ပင် ဝိညာဉ်များကို အတူတကွ ဆင့်ခေါ်လိုက်ကြလေသည်။
အစွမ်းထက်သော ဝိညာဉ်သူတော်စင်များဖြစ်ကြသည့် အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦး၏ ခြေဖဝါးအောက်မှ အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်ရောင် ဝိညာဉ်ကွင်းခုနစ်ကွင်းစီ ထွက်ပေါ်လာခဲ့သည်။ သေချာပေါက် အကောင်းဆုံး ဝိညာဉ်ကွင်းပေါင်းစပ်မှုပင်။
ဝိညာဉ်ဧကရာဇ် များဖြစ်ကြသည့် အနက်ရောင်ဝတ် ဘုန်းတော်ကြီး လေးဦး၏ ခြေဖဝါးအောက်မှ အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်ရောင် ဝိညာဉ်ကွင်း ခြောက်ကွင်းစီ ထွက်ပေါ်လာခဲ့ကြသည်။ ၎င်းမှာလည်း ပြီးပြည့်စုံသော ဝိညာဉ်ကွင်းပေါင်းစပ်မှုပင်။
သူတို့ ရှစ်ဦးသည် အချိတ်အဆက်မိမိ အတူတကွ လုပ်ဆောင်ကာ လုချန် ရှောင်တိမ်းရန် နေရာမရှိစေမည့် ရှောင်လွှဲ၍မရသော တိုက်ခိုက်မှု ကွန်ရက်ကြီး တစ်ခုကို ဖန်တီးလိုက်ကြ၏။ သို့သော် လုချန်သည် ရှောင်တိမ်းရန် မလိုအပ်ပေ။
“ချုပ်နှောင်ခြင်း..”
လုချန်၏ အမိန့်နှင့်အတူ သူ၏ ငွေပြာအင်ပါယာ ဝိညာဉ်သည် အရိုင်းအစိုင်းကဲ့သို့ ကြီးထွားလာပြီး လက်မောင်းတစ်လုံးစာခန့် တုတ်ခိုင်ကာ မြွေများနှင့် စပါးအုံးမြွေများကဲ့သို့သော ငွေပြာနွယ်ပင် များ ဖြာထွက်လာခဲ့သည်။
ထို့နောက် ရာနှင့်ချီသော ငွေပြာနွယ်ပင်များသည် ထို အနီရောင်ဝတ် ဘုန်းတော်ကြီးများနှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီးများထံသို့ ဦးတည်သွားကြသည်။ လူတစ်ဦးစီကို ချုပ်နှောင်ရန် အနည်းဆုံး ငွေပြာနွယ်ပင် ဆယ်ခုစီဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် အနီရောင်ဝတ် ဘုန်းတော်ကြီးများနှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီးများ ကစဉ့်ကလျား ဖြစ်သွားကြလေသည်။ များပြားလှသော ငွေပြာနွယ်ပင်များကို ရင်ဆိုင်ရချိန်တွင် သူတို့သည် တစ်ဦးချင်းစီသာ တိုက်ခိုက်နိုင်တော့သည်။
‘ဘယ်လောက်တောင် ကောင်းတဲ့ အခွင့်အရေးလဲ’ လုချန် က စိတ်ထဲမှ တွေးလိုက်၏။
သူ၏ ညာဘက်ခြေထောက်က မြေပြင်ကို ဝုန်းကနဲ ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ မြေကြီးထဲတွင် ချိုင့်ခွက် တစ်ခု ဖြစ်သွားခဲ့သည်။ ထို တွန်းကန်အားကို အသုံးပြု၍ လုချန်သည် လျင်မြန်စွာ ပြေးထွက်သွားပြီး ကမောက်ကမ ဖြစ်နေသော အနီရောင်ဝတ်နှင့် အနက်ရောင်ဝတ် ဘုန်းတော်ကြီးများ၏ လူအုပ်ကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ငွေပြာ အရှင်သခင်လှံ”
လုချန် ညာလက်ကို မြှောက်လိုက်ရာ ညာဘက်လက်မောင်းမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆုံးမဲ့သော အပြာရောင် အလင်းတန်းများက သူ၏ လက်ဖဝါးထဲတွင် စုစည်းသွားပြီး သုံးမီတာရှည်သော အပြာရောင် လှံတစ်ချောင်း အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
ငွေပြာ အရှင်သခင်လှံကို ကိုင်ဆောင်လျက် လုချန် သည် လူအုပ်ထဲသို့ တိုးဝင်သွားပြီး သွေးထွက်သံယို သတ်ဖြတ်ကာ အနက်ရောင်ဝတ် ဘုန်းတော်ကြီးများကို တစ်ချက်ထိုးတိုင်း တစ်ယောက်ကျ အလဲထိုးလေတော့သည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် အနက်ရောင်ဝတ် ဘုန်းတော်ကြီး လေးဦးသည် လုချန် ၏ လှံချက်အောက်တွင် သားကောင်များ ဖြစ်သွားခဲ့ကြ၏။ သူတို့၏ ရုပ်အလောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး တချို့က လည်ပင်းတွင် အပေါက်ကြီးများ ဖြစ်နေကာ တချို့က နှလုံးကို အဖောက်ခံထားရလေသည်။
ငွေပြာ အရှင်သခင်လှံ၏ ထက်မြက်မှုမှာ ယခုကတည်းက အလွန် ကြမ်းတမ်းပြီး ခုခံရန် ခက်ခဲနေပြီ ဖြစ်သည်။
ထို့အပြင် လုချန်တွင် သန်မာသော ခန္ဓာကိုယ် ရှိသည်။ သူသည် ငယ်စဉ်ကတည်းက မွေးရာပါ နတ်ဘုရားခွန်အားပါရှိပြီး သူ၏ အကန့်အသတ်ထက် ကျော်လွန်သော ဝိညာဉ်ကွင်း ရှစ်ခုကို စုပ်ယူထားခဲ့သည်။ ထို့အပြင် ရေခဲနက် ရှစ်ထောင့်မြက် နှင့် မီးနဂါးပန်းဟူသော အင်မော်တယ်ဆေးပင် နှစ်ပင်ကိုလည်း စုပ်ယူထားသေးလေသည်။
ယခု သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက နှစ်ငါးသောင်းကျော် သက်တမ်းရှိ မည်သည့် ဝိညာဉ်သားရဲ နှင့်မဆို နှိုင်းယှဉ်နိုင်ပေသည်။ ဤသည်မှာ တားဆီး၍မရသော ငွေပြာအရှင်သခင်လှံကို ကိုင်ဆောင်ထားသည့် လူသားပုံစံ ဝိညာဉ်သားရဲ တစ်ကောင်နှင့် တူနေခဲ့သည်။
သဘာဝကျကျပင် နတ်ဘုရားများကိုပါ သတ်ဖြတ်နိုင်ပြီး ထို အနက်ရောင်ဝတ် ဘုန်းတော်ကြီးများကို ဝက်များ၊ ခွေးများ သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်ပစ်နိုင်ခြင်း ဖြစ်သည်။
အနက်ရောင်ဝတ် ဘုန်းတော်ကြီး လေးဦးကို သတ်ဖြတ်ပြီးနောက် လုချန်သည် သူ၏ အာရုံကို အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးဆီသို့ လှည့်လိုက်၏။ အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးစလုံး ကြောက်လန့်သွားကြပြီး သူတို့၏ ဝိညာဉ်ကိုယ်ပွား များကို ချက်ချင်း အသုံးပြုလိုက်ကြသည်။
နှစ်ဦးမှာ သားရဲဝိညာဉ်များဖြစ်ကြသော ကျောက်တုံး ဝက်ဝံ နှင့် ကြက်သွေးရောင်ကျား ဖြစ်သည်။
နောက်နှစ်ဦးမှာ လက်နက်ဝိညာဉ်များဖြစ်ကြသော ကြယ်ခုနစ်ပွင့်ဓား နှင့် ကွင်းကြီး ဓားမတို့ ဖြစ်ကြ၏။
ဝိညာဉ်ကိုယ်ပွားကို အသုံးပြုထားသော ဝိညာဉ်သူတော်စင် တစ်ဦးသည် သူတို့၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ထို ဝိညာဉ်ဧကရာဇ် များနှင့် သေချာပေါက် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။
လုချန် လည်း အနည်းငယ် ပို၍ လေးနက်လာခဲ့ရသည်။
“ပဉ္စမ ဝိညာဉ်စွမ်းရည်... ငွေပြာ ကောင်းချီးပေးခြင်း”
လုချန်က သူ့ကိုယ်သူ ပဉ္စမ ဝိညာဉ်စွမ်းရည်ကို အသုံးပြုလိုက်ရာ သက်စောင့်စွမ်းအားများကို ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်ပေးပြီး သူ၏ အခြေခံ အရည်အသွေး အားလုံးကို ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်သည်။
တိုက်ခိုက်မှု၊ ကာကွယ်မှု၊ ခွန်အား၊ အမြန်နှုန်း... အားလုံးက ၁၀၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး လုချန် သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး စွမ်းအားများဖြင့် ပြည့်လျှံနေသည်ကို ခံစားလိုက်ရ၏။ သူက ငွေပြာ အရှင်သခင်လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးကြားထဲသို့ တိုးဝင်သွားကာ လူ့ပြည်ဆင်းလာသော သေမင်း တစ်ပါးကဲ့သို့ လျင်မြန်စွာ သတ်ဖြတ်လေတော့သည်။
လှံတစ်ချက် ထိုးလိုက်ခြင်းဖြင့် ကျောက်တုံး ဝက်ဝံ ဝိညာဉ်သခင်၏ ခေါင်းကို ဖြတ်တောက်လိုက်ပြီး နောက်တစ်ချက် ထိုးလိုက်ခြင်းဖြင့် ကြက်သွေးရောင် ကျား ဝိညာဉ်သခင်၏ နှလုံးကို ဖောက်ထွင်းပစ်လိုက်သည်။
လှံတစ်ချက်တည်းဖြင့် ကြယ်ခုနစ်ပွင့် ဓားကို ရိုက်ချိုးလိုက်ပြီးနောက် ကြယ်ခုနစ်ပွင့်ဓား ဝိညာဉ်သခင်၏ ခေါင်းကို ဖရဲသီး တစ်လုံးကဲ့သို့ ရိုက်ခွဲကာ လွင့်စင်သွားစေခဲ့သည်။ နောက်တစ်ချက်ဖြင့် ကွင်းကြီး ဓားမ ကို ရိုက်ထုတ်လိုက်ပြီး ကွင်းကြီး ဓားမ ဝိညာဉ်သခင် ၏ ဝမ်းဗိုက်ကို တစ်ဖက်မှ တစ်ဖက်သို့ ဖောက်ထွက်သွားအောင် ထိုးချလိုက်ပေသည်။
အနက်ရောင်ဝတ် ဘုန်းတော်ကြီး လေးဦး သေဆုံးသွားလေပြီ။
အနီရောင်ဝတ် ဘုန်းတော်ကြီး လေးဦးလုံး သေဆုံးသွားလေပြီ။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်မှာ စကားပင် မပြောနိုင်အောင် ဆွံ့အသွားရသည်။
ဒီကောင်က အထောက်အကူပြု ဝိညာဉ်သခင်ကော ဟုတ်ရဲ့လား...
ဝိညာဉ်နန်းတော်က ဂရုတစိုက် ပြုစုပျိုးထောင်ထားတဲ့ ဝိညာဉ်သူတော်စင် လေးယောက်နဲ့ ဝိညာဉ်ဧကရာဇ်လေးယောက်ကို တစ်မိနစ်တောင် မကြာခင်မှာ သတ်ပစ်နိုင်တဲ့ အထောက်အကူပြု ဝိညာဉ်သခင်ဆိုတာ ဘယ်မှာ ရှိလို့လဲ။
တောက်... တောက်...
လုချန်၏ ငွေပြာ အရှင်သခင်လှံမှ သွေးများ တစ်တောက်တောက် ကျဆင်းနေပြီး သူ၏ ဂရုမစိုက်သည့် အေးစက်စက် အကြည့်များက ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ် ဆီသို့ ကျရောက်သွားခဲ့သည်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်သည် ကျောချမ်းသွားသည်ကို ခံစားလိုက်ရ၏။ သူက လုချန်ကို လက်ညှိုးထိုးကာ ဟန်ကိုယ့်ဖို့လုပ်ထားသော်လည်း အကြောက်တရားများ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်၏။
“လန်ချန်... မင်းက ရက်စက်တဲ့ လူသတ်ကောင်ပဲ.. မင်းက လူအသွင်ပြောင်း ဝိညာဉ်သားရဲ မဟုတ်ဘူးလို့ ပြောရဲသေးတာလား။ ငါတို့က မင်းကို ဝိညာဉ်နန်းတော်ကို ခေါ်သွားပြီး စုံစမ်းစစ်ဆေးရုံလေး လုပ်ချင်တာကို မင်းက ဒီလောက် ရွံစရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ရက်တယ်”
“ဒီ နတ်ဆိုး... လူသတ်ကောင်... မင်း ငရဲကျဖို့ ထိုက်တန်တယ်။ ကောင်းကင်တမန် နတ်ဘုရားက မင်းကို တရားစီရင်လိမ့်မယ်”
“သတ္တမ ဝိညာဉ်စွမ်းရည်... အလင်းတန်း ကိုယ်ပွား”
“ဆဋ္ဌမ ဝိညာဉ်စွမ်းရည်... သန့်စင်သော အလင်း တရားစီရင်ခြင်း”
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်က သူ၏ အလင်းတန်း ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။ သူ၏ ခြေဖဝါးအောက်မှ အဝါ၊ အဝါ၊ ခရမ်း၊ ခရမ်း၊ အနက်၊ အနက်၊ အနက်၊ အနက်ရောင် ဝိညာဉ်ကွင်း ရှစ်ခု တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရာ အကောင်းဆုံး ဝိညာဉ်ကွင်းအချိုးအစား ဖြစ်သည်။
ဤ အလင်းတန်းသည် သက်စောင့်စွမ်းအားနှင့် အလင်းစွမ်းအား နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသဖြင့် ထိပ်တန်းဝိညာဉ်တစ်ခုအဖြစ် သတ်မှတ်ခံရပေသည်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ ဝိညာဉ် တိုးတက်မှုက သူ့ကို အထောက်အကူပြု ဝိညာဉ်သခင် တစ်ဦး ဖြစ်လာစေခဲ့ပြီး သူ၏ ဆဋ္ဌမ ဝိညာဉ်စွမ်းရည် သန့်စင်သော အလင်း တရားစီရင်ခြင်းက သူ၏ လက်ချိုးရေတွက်၍ရသော တိုက်ခိုက်ရေး ဝိညာဉ်စွမ်းရည် အနည်းငယ်ထဲမှ တစ်ခုပင်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ သတ္တမ ဝိညာဉ်ကွင်း တောက်ပလာသည်နှင့် သူ၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော အလင်းတန်းများ ဖြာထွက်လာပြီး အဝေးမှကြည့်လျှင် နေမင်း တစ်စင်းကဲ့သို့ ဖြစ်နေခဲ့လေသည်။
နောက်တစ်ခဏတွင် ထိုနေမင်းမှ အဆုံးမဲ့သော အလင်းနှင့် အပူများကို သယ်ဆောင်လာသည့် စူးရှသော အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး လုချန် ရှိရာသို့ ထိုးဆင်းလာခဲ့သည်။
လုချန် သည် အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်၏။
“တတိယ ဝိညာဉ်စွမ်းရည်... ငွေပြာ ကာကွယ်ခြင်း”
လုချန်သည် သူ၏ ပတ်လည်တွင် အပြာရောင် ဒိုင်းလွှား တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်၏။
သို့သော် အပြာရောင် ဒိုင်းလွှား မှာ အသုံးမဝင်ခဲ့ချေ။ အလင်းတန်းက အပြာရောင် ဒိုင်းလွှားပေါ်သို့ ကျရောက်လာပြီး ဒိုင်းလွှားကို ဖောက်ထွင်းကာ လုချန် အပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
လုချန် လန့်သွားသော်လည်း အလင်းတန်းက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပူလောင်သော နာကျင်မှုကို ခံစားရစေသော်လည်း သူ့ကို အစစ်အမှန် အန္တရာယ် မပေးနိုင်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။
‘ဒီ ဝိညာဉ်စွမ်းရည်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ငါထင်ထားတာထက် အများကြီး နည်းနေပါလား။’
ဤသည်မှာ လုချန်တွင် မကောင်းဆိုးဝါး စွမ်းအား၊ အမှောင် စွမ်းအား၊ သေမင်း ချီ၊ အငြိုးအတေး ချီ၊ မိစ္ဆာ ချီ၊ သွေးချီ စသည်တို့ ကင်းမဲ့နေသောကြောင့်ပင်။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ ဝိညာဉ်စွမ်းရည်သည် အဓိကအားဖြင့် လမ်းလွဲနေသော ဝိညာဉ်သခင်များကို တန်ပြန်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ သဘာဝကျကျပင် လုချန်ကဲ့သို့သော ပုံမှန် ဝိညာဉ်သခင်တစ်ဦးအပေါ်တွင် ၎င်း၏ အပြည့်အဝ စွမ်းအားကို ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ သန့်စင်သော အလင်း တရားစီရင်ခြင်းက သူ့ကို အန္တရာယ် မပေးနိုင်ကြောင်း လုချန် သဘောပေါက်သွားသဖြင့် အလင်းတိုင်ကြီးကို ဖြတ်ကျော်ကာ ငွေပြာ အရှင်သခင် လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်ဆီသို့ ပြေးဝင်သွားလိုက်သည်။
အဝေးတွင် ရပ်နေသော ရွှယ်ချင်းဟယ်သည်လည်း မှင်သက်သွားပြီး ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရသည်။ လုချန်၏ လုပ်ရပ်များကို မြင်သောအခါ သူ အလွန် အံ့အားသင့်သွားပြီး အလျင်အမြန် အော်ပြောလိုက်လေသည်။
“လန်ချန်... သူ့ကို မသတ်နဲ့နော်”
“ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်က ကောင်းကင်အင်ပါယာမြို့တော် ဝိညာဉ်ဝတ်ကျောင်းတော်ရဲ့ ပလက်တီနမ် ဘုန်းတော်ကြီး အနေနဲ့ အရမ်း မြင့်မားတဲ့ ရာထူးကို ရထားတာ။ အကယ်လို့ မင်း သူ့ကို သတ်လိုက်ရင် ဝိညာဉ်နန်းတော် နဲ့ သေကျေပျက်စီးတဲ့အထိ တိုက်ပွဲဝင်ရတော့မယ်”
ယင်းကို ကြားသောအခါ လုချန် ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များက ပိုမို ပြင်းထန်လာခဲ့လေသည်။
‘ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ အရာမျိုးလဲ’
‘ငါက သူများတွေ သတ်တာကို ခံရမယ်.. ငါကတော့ သူများကို ပြန်သတ်ခွင့်မရှိဘူးပေါ့လေ’
အခြား ဘာကိုမှ ဂရုမစိုက်တော့ဘဲ လုချန်သည် ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ ရှေ့သို့ ပြေးသွားပြီး သူ၏ လည်ပင်းကို လှံဖြင့် ထိုးဖောက်လိုက်သည်။ အားပြင်းပြင်း တစ်ချက် ခါရမ်းလိုက်ရာ ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ ခေါင်းမှာ ယခုအခါ သူ၏ ငွေပြာအရှင်သခင်လှံ ထိပ်ဖျားတွင် ချိတ်ဆွဲလျက်သား ဖြစ်နေခဲ့ပြီ။
ရွှမ်း...
ပလက်တီနမ် ဘုန်းတော်ကြီး ဆာလပ်စ်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ အနောက်ဘက်သို့ ခွေယိုင်ကျသွားခဲ့သည်။
သူ၏ မျက်လုံးများ ပြူးကျယ်နေပြီး သေဆုံးသွားသည်ကိုပင် မှင်သက်စွာ စိုက်ကြည့်နေဆဲ ဖြစ်ကာ သူ အသတ်ခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားပေသည်။
လုချန် က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
‘တကယ်ကို မိုက်တာပဲ...’